← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

စုန့်လင်းချွမ်ကတော့ အပြင်မှာရိုက်ရတဲ့ ဒီခရီးစဉ်မှာ အပျော်ဆုံးပင်၊ သေချာပေါက်ကို အစီအစဉ်အဖွဲ့လည်း ပါသည်။

အဲ့ဒီနေ့မွန်းလွဲပိုင်းမှာ၊ hot search တွေက မရပ်မနားဆက်ဖြစ်နေပြီး သူတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာလည်း ကြည့်ရှုသူအရေအတွက်က မြင့်လာသည်။

ဒါရိုက်တာက ပွင့်လန်းတော့မယ့်မျက်နှာနဲ့ ဗီဒီယိုအသုံးအဆောင်တွေရှေ့တွင် ထိုင်နေသည်။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ ရွာကို ပြန်ရောက်တဲ့အခါ ညစာစားဖို့ အချိန်ကျနေပြီဖြစ်သည်။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က ခဏလောက် သန့်ရှင်းရေးလုပ်လိုက်ကြပြီး အစီအစဉ်အဖွဲ့သားတွေနဲ့အတူ ညစာစားမယ့်နေရာဆီ လိုက်သွားလိုက်သည်။

ကျန်းခိုင်နဲ့ ကျန်းယောင်ကလွဲပြီး ကျန် guest သုံးဖွဲ့က ရောက်နေပြီဖြစ်သည်။

စုန့်အာ့နန် ခြံထဲသို့ လှမ်းဝင်လိုက်သည်နဲ့ တပြိုင်နက် ချီမူရှစ်က တဟုန်ထိုး ပြေးထွက်လာသည်။

"အန်တီလေး၊ နောက်ဆုံးတော့ ပြန်လာပြီ" သူက စုန့်အာ့နန်ဘေးနားမှာ ခုန်ဆွခုန်ဆွလုပ်‌နေပြီး မျက်လုံး ပိတ်မတတ်ပြုံးလိုက်ကာ "ကျွန်တော် အရမ်းလွမ်းနေတာ!"

ရှစ်ချင်က 'ဒီကြောင်တောင်တောင်ကောင်လေးကို ငါမသိဘူး' ဆိုတဲ့ အမူအရာနဲ့ ခေါင်းလှည့်ပစ်လိုက်သည်။

ဒီလိုအမှုမထားတာက အရမ်းကို သိသာလှသည်။

အခြား guest တွေကလည်း ရယ်ကြသည်။

အထူးသဖြင့် စုန့်လင်းချွမ် ဝင်လာတဲ့အခါ လူတိုင်းက သူ့ကို စနောက်ချင်တဲ့ အမူအရာနဲ့ ကြည့်နေကြတာကို တွေ့လိုက်ရပြီး သူကြောင်သွားရသည်။

လီယုက စုန့်လင်းချွမ် ပခုံးကို ပုတ်ကာ လေးလေးနက်နက်ဟန်ဆောင်လိုက်ပြီး "မင်းအန်တီလေး စကားကို နားထောင်ရမယ်"

စုန့်လင်းချွမ်က နားမလည်ပေ။

အဲဒါက ဘာကို ဆိုလိုတာလဲ?

လီယုက ပြုံးချင်တာကို ထိန်းဖို့ ကြိုးစားလိုက်ပြီး "မင်းရဲ့ ယောက်ျားပီသမှုကို ထိန်းသိမ်းရမယ်!"

စုန့်လင်းချွမ် - "..."

စုန့်လင်းချွမ်ကို နောက်ပြောင်ပြီးတဲ့နောက် လူတိုင်းရဲ့အာရုံက စုန့်အာ့နန်ဘက်ကို ပြန်လှည့်လာသည်။

အန်တီလေးက စုန့်လင်းချွမ်ဘေးမှာ လိမ်လိမ်မာမာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရပ်နေသည်။ "မင်းရဲ့ ယောက်ျားပီသမှုကို ထိန်းသိမ်းရမယ်" ဆိုတဲ့ လီယုရဲ့ ဟာသကြောင့် သူမမျက်နှာ နီမြန်းသွားရသည်။

အရမ်းချစ်ဖို့ကောင်းပြီး နာခံတတ်တဲ့ပုံပင်။

ဒါပေမယ့် ရှုစန်းရဲ့ "Fashion Awards" ကာဗာရိုက်ဖို့ ဖိတ်ကြားချက်ကို သူမငြင်းခဲ့တဲ့သတင်းက အင်တာနက်တစ်ခွင်မှာ ပျံ့နှံ့သွားခဲ့ပြီး လူကြိုက်များမှုဟာလည်း တစ်ချိန်တည်းမှာပင် ရှာဖွေမှု ထိပ်ဆုံးကို ရောက်ရှိလာသည်။

ရိုးရိုးသားသားပြောရရင် စုန့်အာ့နန်က သူမ အနာဂတ်မှာ ဆရာဝန်ဖြစ်ချင်တယ်လို့ ပြောထားတဲ့ ဗွီဒီယိုကလစ်ကို အွန်လိုင်းပေါ်မှာ မြင်ဖူးကြတဲ့အတွက် စုန့်အာ့နန်က ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကောက်ချက်ချမိသည်။

ဒါပေမယ့် ဆေးကျောင်းသားတွေရဲ့အတန်းတွေက အစကတည်းက အရမ်းတင်းကျပ်တယ်လို့ လူတော်တော်များများက ပြောကြသည်။ ဖျော်ဖြေရေးလောကထဲကို ဝင်ဖို့ မရည်ရွယ်ထားရင် ဒီ variety show မှာ ဘာလို့ ပါခဲ့တာလဲ?

ဒါက ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်နေတာ မဟုတ်ဘူးလား?

ဒါကြောင့် ဒီနေ့မတိုင်ခင်အထိ စုန့်အာ့နန်က ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်မလား၊ မဝင်ဘူးလားဆိုပြီး အဆုံးမရှိ အငြင်းအခုန်ဖြစ်ခဲ့ရသည်။

အင်တာနက်ပေါ်ရှိ black fan တွေဟာလည်း စုန့်အာ့နန်ကို တိုက်ခိုက်ဖို့ အဲ့ဒါကို ဝင်ခွင့်အမှတ်အဖြစ် အသုံးပြုခဲ့ကြသည်။

ရှုစန်းနဲ့ "Fashion Awards" အကြောင်း သိပြီးတဲ့နောက်မှာတောင် စုန့်အာ့နန်က အခုအချိန်အထိ တစ်ဖက်လူရဲ့ ဖိတ်ကြားချက်ကို ငြင်းဆိုနေဆဲဖြစ်သည်။

ဒါက ဘာကိုကိုယ်စားပြုတာလဲ?

သူမက ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်ဖို့ တကယ်ဘဲ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ကိုယ်စားပြုသည်။

ဒီလိုမှမဟုတ်ရင်၊ ဒီလိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုက ကိုယ့်ရှေ့မှာရှိနေတာ၊ ဒီစိတ်ကူးလေး နည်းနည်းရှိတဲ့သူတိုင်းက လွယ်လွယ်နဲ့ လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။

ချီမူရှစ်ကလွဲပြီး ကျန်တဲ့ guest တွေဟာဒီနယ်ပယ်ထဲက လူ‌တွေဖြစ်ပြီး သူတို့က အင်တာနက်အသုံးပြုသူ တွေထက် ပိုပြီး ခံစားမိလိမ့်မည်ပင်။

ဖျော်ဖြေရေးနယ်ပယ်ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုရှိကာ ကျော်ကြားမှု နဲ့ ကံကြမ္မာရဲ့ သွေးဆောင်မှုအပြင် လူများစွာဟာ အဲ့ဒီလိုမျိုး အနတ္တတရားတွေထဲတွင် နှစ်မြုပ်သွားလိမ့်မည်ဟု ဆိုကြသည်။

ပိုက်ဆံမြန်မြန်ရှာနိုင်ပြီး၊ တောက်ပလှပတဲ့ ကိုယ်ပိုင်အခြေအနေတွေကို ပိုင်ဆိုင်ရမှာဖြစ်လို့ လူတော်တော်များများက ဒါကို မငြင်းနိုင်ကြပါချေ။

ဒါကြောင့် လူအများစုက နေ့ချင်းညချင်း ကျော်ကြားမှုနောက်ကို လိုက်နေကြတာပင်။

သို့ပေမယ့် အသက်ဆယ့်ခုနစ်နှစ်သာရှိသေးတဲ့ အန်တီလေး စုန့်အာ့နန်ကတော့ ဒီအရာတွေကို လျစ်လျူရှုကာ သူမရဲ့မူလရည်ရွယ်ချက်အတိုင်း လိုက်သည်။

ဒီစိတ်ဓာတ်ကို တကယ်လက်လှမ်းမမီနိုင်ပေ။

ကျန်းခိုင်နဲ့ သူ့ညီမ ကျန်းယောင်တို့ ရောက်လာသောအချိန် လူတိုင်းက စိတ်ပါလက်ပါနဲ့ စကားစမြည်ပြောနေကြသည်။

ကျန်းခိုင်က တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် ညီမလေးက အဆင်မပြေဖြစ်နေလို့ နည်းနည်းနောက်ကျသွားတယ်၊ အားလုံး အကြာကြီး စောင့်နေရပြီ"

ကျန်းယောင်က သူ့မလက်ကို အမြန်ယမ်းလိုက်ပြီး "အခု‌တော့ အဆင်‌ပြေသွားပါပြီ၊ ဒီတိုင်းအအေးမိသွားတာ၊ ကျွန်မဆေးသောက်ပြီးပါပြီ"

ပြောပြီးတဲ့နောက်မှာ ဘယ်သူမှ အာရုံမရှိနေတုန်း သူမက ကင်မရာအနောက်ကနေ စုန့်အာ့နန်ကို စိုက်ကြည့်လိုက်သည်။

သူမဖျားနေတာ လုံးဝမဟုတ်ဘူး၊ ဒေါသထွက်နေရုံဘဲ။

မနက် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက အဖြစ်အပျက်ကြောင့် အင်တာနက်သုံးစွဲသူတွေဟာ သူမကို ဟန်ဆောင်ပြနေတယ်လို့ ကြိမ်းမောင်းခဲ့ကြသည်။ အချို့က သူမ စုန့်အာ့နန်ကို လေ့လာနေပြီး သူမကို အတုခိုးနေတယ်လို့ ပြောပြသည်။

ဒါကြောင့် သူမက ဒေါသတကြီးနဲ့ အခန်းထဲမှာ ပုန်းနေခဲ့ပြီး သူ့အစ်ကိုက သူမ နေမကောင်းဖြစ်နေတယ်လို့ဘဲ အပြင်လူတွေကို ပြောလိုက်ရသည်။

ကျန်းယောင်က သူမကိုယ်သူမ မသိသာဘူးလို့ ထင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ သူမ စုန့်အာ့နန်ကို စိုက်ကြည့်နေတာကို ချီမူရှစ်တွေ့လိုက်ရသည်။

လီယုက ခေါင်းနည်းနည်းညိတ်ပြလိုက်ကာ ထပ်ပြီးအတင်းအကြပ် ပြောတော့ဘဲ နေရာမှာထိုင်ဖို့ အားလုံးကိုပြောလိုက်သည်။

"လာ၊ အားလုံး မြန်မြန်လာထိုင်ကြ ငါတို့အတွက် အစီအစဉ်အဖွဲ့က ပြင်ဆင်ထားပေးတဲ့ အစားအသောက်ကောင်းတွေကို ကြည့်လိုက်ပါဦး"

အားလုံးထိုင်ပြီးတဲ့နောက်မှာ အစီအစဉ်အဖွဲ့က နောက်ဆုံးတော့ ညစာအတွက် မီနူးကို ကြေညာလိုက်သည်။

အနောက်တိုင်းအစားအစာပင်။

လူတိုင်း နည်းနည်း အံ့အားသင့်သွားကြသည်။ အစီအစဉ်အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ဒေသန္တရ အစားအသောက်တွေကိုသာ ပြင်ဆင်ပေးခဲ့သည်။

သူတို့က ဘယ်လိုလုပ် ရုတ်တရက်ကြီး အနောက်တိုင်းအစားအစာကိုလုပ်လိုက်တာလဲ?

စုန့်အာ့နန်ကတော့ သိပ်အများကြီး မတွေးပေ၊ သူမဟာ အစားမရွေးသလို တရုတ် ဒါမှမဟုတ် အနောက်တိုင်းအစားအစာတွေဆိုလည်း အဆင်ပြေသည်။

ဒါပေမယ့် အနောက်တိုင်း အစားအစာတွေနဲ့ ယှဉ်ရင် သူမကတော့ တရုတ်အစားအစာတွေကို ပိုသဘောကျသည်။

ပရိုဂရမ်အဖွဲ့က အနောက်တိုင်းစားဖိုမှူးတစ်‌ယောက်ကို တစ်နေရာကနေ ခေါ်လာကာ သူ့ရဲ့ ဟင်းချက်ကျွမ်းကျင်မှုမှာလည်း မဆိုးလှပေ။ အထူးသဖြင့် အဓိကဟင်းပွဲဖြစ်တဲ့ steakပင်။

စုန့်အာ့နန်က လတ်ဆတ်သောရှားပါးတဲ့ steak ကို သဘောကျသည်၊ အပြင်ဘက်မှာ ကြွပ်ကြွပ်ရွရွနဲ့အတွင်းထဲမှာ‌တော့ နူးညံ့ကာ ဝါးလို့ကောင်းလှပြီး အနံ့ကောင်းလှသည်။

သူမရှေ့က caviar ငါးဥပန်းကန်ပြားလေးကို မြင်လိုက်ရတဲ့အခါ စုန့်အာ့နန်ရဲ့ မျက်ခုံး‌တွေက မသိစိတ်ကနေ တွန့်ချိုးသွားသည်။

သူမရဲ့ ယောင်းမက caviar ငါးဥကို ကြိုက်ပြီး မိသားစု စားဖိုမှူးကလည်း အရသာကို ထိန်းထားပေမယ့် သူမကတော့ အဲ့ဒီအရသာကို မခံနိုင်တဲ့အတွက် ဝေဝေးရှောင်သည်။

ဒါပေမယ့် အစားအသောက်တွေကို ဖြုန်းတာက မကောင်းဘူး။

အဲဒါကို စက္ကန့်နည်းနည်းလောက် စဉ်းစားပြီးတဲ့နောက်မှာ စုန့်အာ့နန်က အကြာကြီးနာရမှာထက် မြန်မြန်အနာခံဖို့ ဆုံးဖြတ်လိုက်ပြီး တစ်ကိုက်ထဲနဲ့ မြိုချလိုက်သည်။

စုန့်လင်းချွမ်က ကောရှို့နဲ့ တစ်ချိန်လုံး စကားစမြည်ပြောနေတာဖြစ်သည်။ သူ့လှည့်ကြည့်လိုက်တော့ သူ့ရှေ့မှာ caviar ငါးဥပန်းကန်ပြားလေးကို ရုတ်တရက် တွေ့လိုက်ရသည်။ သူမသိစိတ်ကနေ စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။

စုန့်အာ့နန်ဒါကို စားရတာမကြိုက်မှန်း သူသိတဲ့အတွက် သူမအစား သူစားပေးမယ်လို့ ပြောမလို့ပြင်လိုက်သည်။

ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။

စုန့်လင်းချွမ် မပြောရသေးခင်မှာဘဲ စုန့်အာ့နန်က caviar အပိုင်းကြီးကို သူမပါးစပ်ထဲထည့်ကာ စားလိုက်ပြီဖြစ်သည်။

သူမ မျက်မှောင်ကြုတ်ကာ မထူးခြားနားစွာနဲ့ မြိုချလိုက်သည်။

နည်းနည်းငန်တယ်

စုန့်လင်းချွမ်က သူမဆီ ရေတစ်ခွက် အမြန်ကမ်းပေးလိုက်သည်။

ကျန်းယောင်ရဲ့ မျက်လုံး‌တွေက သရော်လှောင်ပြောင်မှုတွေနဲ့ တောက်ပလာပြီး သူတော်ကောင်းယောင်ဆောင်ကာ ပြောလာသည်။ "အိုး အာ့နန်၊ caviar ကို အဲ့လိုစားရတာမဟုတ်ဘူးလေ"

နောက်တော့ သူမက အဲ့ဒါစားနည်းကို သရုပ်ပြဖို့ အစပြုလာသည် - "ဒီအထူးပြုလုပ်ထားတဲ့ ဘီစကစ်နဲ့ တွဲစားရမယ်၊ ပြီးတော့ အရသာရှိအောင် ဒီဆော့စ်ကို ထည့်ရမှာ"

"မဟုတ်လို့ မင်းခုနက စားသလိုမျိုးဆိုရင် အရသာခံနိုင်မှာမဟုတ်ဘူး"

သူမဟာ ငယ်ရွယ်ပြီး ဟန်ဆောင်နည်းကို မသိတာကြောင့် ဖြစ်နိုင်သည်၊ အဲ့ဒီစကားတွေကို သူမပြောတဲ့အချိန် ကျန်းယောင်ရဲ့လေသံနဲ့ လှောင်ပြောင်တဲ့အမူအရာမှာ သိသာလွန်းလှသည်။

[F*k! သေစမ်း! ကျန်းယောင်ရဲ့ အမူအရာက ဘာလဲဟ? သူက ဘယ်သူ့ကို အထင်လာသေးနေတာလဲ?]

[ငါတော့ ဆွံ့အသွားပြီ၊ ကျန်းယောင်က ဘယ်လိုမြင့်မြတ်နေလို့လဲ? လူတွေက သူတို့ကြိုက်သလိုစားလို့ရတာဘဲလေ။ သူ့ရဲ့ တော်တတ်နေတာကို ဒီမှာဘာလို့ လာကြွားဝါနေတာလဲ?]

[ငါတော့ အခိုင်အမာဘဲ၊ ပိုပိုပြီး စိတ်ပျက်ဖို့ကောင်းလာပြီ၊ ငါကျန်းယောင်ကိုမုန်းလိုက်တာ]

စုန့်အာ့နန်ရဲ့ အာရုံ တစ်ခုလုံးက သူမ ပါးစပ်ဆီကိုဘဲ ရောက်နေသည်။

ကျန်းယောင်ရဲ့ မလိုလားအပ်တဲ့ ရည်ရွယ်ချက်တွေအကြောင်း သိဖို့နေနေသာသာ၊ သူမ ပြောတာကိုတောင် သတိမထားမိလိုက်ပေ။

ရေတွေအများကြီး သောက်ထားပေမယ့် caviarရဲ့ အရသာမှာ ကျန်နေသေးပြီး ဒီအရသာကို သူမတကယ်မကြိုက်ပါချေ။

စုန့်အာ့နန်က သူမကို လျစ်လျူရှုတာကို ကျန်းယောင် မြင်ပြီး တစ်ဖက်လူက ရှက်သွားလို့ စကားမပြောနိုင်ဖြစ်နေတယ်လို့ ထင်လိုက်သည်။

စုန့်အာ့နန်က ချမ်းသာတဲ့ နောက်ခံရှိတဲ့ထင်ရှားတဲ့ မိသားစုကလို့ အွန်လိုင်းပေါ်မှာ ကြွားဝါပြောနေခဲ့တာမဟုတ်ဘူးလား?

အခုကျတော့ caviar ကို ဘယ်လိုစားရမှန်းတောင် မသိဘူး၊ ဒီလို ဟာသလုပ်လိုက်တာက သူမရဲ့အရင်က ပုံရိပ်ကို ပြိုကျသွားစေလိမ့်မယ်။

ကျန်းယောင်က စုန့်အာ့နန်ပုံရိပ် ပြိုလဲသွားမယ့်အကြောင်း တွေးကြည့်လိုက်ပြီး သူမရင်ထဲမှာ ရုတ်တရက် ပန်းပွင့်လာသည်။

မြင်ကွင်းက တိတ်ဆိတ်သွားသည်။

ကျန်းယောင်ရဲ့ သေးငယ်တဲ့ အတွေးတွေက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်တွေဆီ မရောက်သေးဘဲ လက်ရှိမှာဘဲရှိနေသည်။

စုန့်လင်းချွမ်က မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။

ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ချီမူရှစ်တောင်မှ ဒါကိုမြင်လိုက်ရသည်။

"အစ်မကျန်းယောင်၊ အစ်မကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားတာ မဟုတ်လား?" ချီမူရှစ်က အပြစ်ကင်းသလိုကြည့်လိုက်သည်။ "အစ်မ ဘယ်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့တာလဲ?"

သူက အန်တီလေးကို အနိုင်ကျင့်ရဲရင် သူသဘောတူလား မတူဘူးလားဆိုတာ ကြည့်ရမယ်။

မနေ့ညက သူ့အမေက သူ့ကို ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း ကျန်းယောင်ကို မမေးဖို့ အတိအကျပြောခဲ့သည်။

ချီမူရှစ်က မတုံးပါချေ။ သူ့အမေက ရှင်းရှင်းလင်းလင်း မပြောပေမယ့် ကျန်းယောင်က ဝင်ခွင့် စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်ဘဲ ရှိုးမှာ ဒီအကြောင်းပြောလိုက်ရင် သူမမျက်နှာပျက်ရမှာ ဖြစ်နိုင်လိမ့်မည်။

ဒါပေမယ့် အခုတော့ သူအဲဒါကို ဂရုမစိုက်တော့ဘူး။ အဆိုးဆုံးကတော့ နောက်ပိုင်းမှာ သူ့အမေဆီကနေ ဆူပူကြိမ်းမောင်းခံရမှာဖြစ်ပေမယ့် သူကတော့ အန်တီလေးအတွက် ရပ်တည်ပေးနေမည်ပင်။

ကျန်းယောင်မှာ နှစ်ထောင်းအားရဲဖြစ်နေဆဲဖြစ်ပြီး ရုတ်တရက် ဒီလိုနာမည်တပ်ပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။

ကောလိပ်နဲ့စာမေးပွဲတွေအကြောင်း မေးလာသည်။

ဒီဟာက သူမ မပြောချင်ဆုံးအကြောင်းအရာပင်။

သူမမျက်နှာမှာ အေးခဲသွားသည်။ "မသိသေးဘူး၊ တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာက မကျလာသေးဘူးလေ"

[တက္ကသိုလ်ဝင်ခွင့်တွေက အခုထိမကျသေးဘူး? မဟုတ်တာ၊ ငါ့အိမ်ဘေးက ကောင်မလေးတောင် လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကျလာပြီ]

[ဝင်ခွင့်သတိပေးစာတွေကို ခွဲထားတယ်။ ကျလာတာ အစုလိုက်အပြုံလိုက်ဘဲ။ ဒီအချိန်က ဘွဲ့ကြိုအသုတ်အတွက် ဝင်ခွင့်တွေ ချပေးတာ]

[ကျန်းယောင် ဝင်ခွင့်စာမေးပွဲအကြောင်း ဘာလို့မပြောလဲဆိုတာ မအံ့ဩတော့ဘူး။ သူဖြေတာဆိုးခဲ့လို့ပေါ့]

ချီမူရှစ်က "အို" ဆိုပြီး စပ်စုတဲ့ ကလေးလို ပြန်ဖြေလိုက်သည်။ "သိပြီ၊ ဒီတော့ အခုထိ မသိရသေးဘူးပေါ့"

"ဒါဆို စာမေးပွဲမှာ အမှတ်ဘယ်လောက်ရခဲ့လဲ? အန်တီလေးထက် ပိုများလား?"

ကျန်းယောင်ရဲ့အမူအရာက ပိုပြီးတော့တောင် ရုပ်ဆိုးလာသည်။ "အစ်မက အနုပညာကျောင်းသားလေ၊ သရုပ်ဆောင်တာကို လေ့လာရတာ၊ အာ့နန်နဲ့မတူဘူး‌လေ၊ ယှဉ်လို့မရပါဘူး"

ချီမူရှစ်က "အို" လို့ထပ်ပြောလိုက်ပြီး၊ သူနားလည်လား နားမလည်ဘူးလားဆိုတာ မသိရပေ။ "သရုပ်ဆောင်တာကိုလေ့လာနေတာလား? ဒါဆို B မြို့က Film Academy ကို ဘာလို့ မသွားတာလဲ?"

ပြောပြီးတဲ့နောက်မှာ သူက ကျီအန်ဘက်ကို လှည့်လိုက်ပြီး "အစ်ကိုကျီအန်လည်း အဲ့ဒီကျောင်းမှာ စာမေးပွဲဖြေခဲ့တာ၊ သူ့ဝင်ခွင့် အကြောင်းကြားစာက ကျတောင်ကျလာပြီးပြီ"

ကျန်းယောင်ရဲ့ မျက်နှာက ပိုလို့တောင် ရုပ်ဆိုးသွားသည်။ "အ...အစ်မက ရုပ်ရှင်တွေတင်မကဘူး ရွေးချယ်ခွင့်တွေကိုလည်း ဖွင့်ထားချင်လို့ပါ..." သူမက ကိုးရိုးကားရားနိုင်စွာနဲ့ နောက်ဆုတ်လိုက်သည်။

[ဟားဟားဟား၊ ရယ်ရလို့သေပြီ၊ သူက Bမြို့က Film Academy ကို မသွားချင်ဘူးပေါ့? သူစာမေးပွဲမအောင်ဘူးဆိုတာ သိသာလိုက်တာ]

[သေစမ်း! ဆင့် ၅၀ တန် အစပ်ချောင်းနဲ့ ငါလောင်းတယ်၊ ချီမူရှစ်ရဲ့ အပြုအမူက သေချာပေါက်ကို အန်တီလေးအတွက် ဒေါသထွက်နေတာဘဲ]

[ဒါကိုပိတ်ဖို့ဘာလိုသေးလဲ? နောက်ဆုံးမှာတော့ ဒါကအရမ်းသိသာနေတာကို]

[အရမ်းကောင်းတယ်၊ ကုပေါင်က သူ့အဖွဲ့မှာ အခြားအဖွဲ့ဝင်အသစ်ထည့်လိုက်တာဘဲ]

[ချီမူရှစ် - ငါ့ရဲ့အန်တီလေးကို အနိုင်ကျင့်ချင်ရင်တောင် လုပ်လို့ရမှာမဟုတ်ဘူး!]

[ဟားဟားဟား၊ ချီမူရှစ်က ဘယ်လိုဆွဲပြီး နင်းချေရမလဲဆိုတာ သိတာဘဲ]

All Chapters