← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

စုန့်အာ့နန်နဲ့ သူ့တူစုန့်လင်းချွမ်တို့ရဲ့ အတူဆုံးနေရာကတော့ သူတို့ရဲ့ မျက်လုံးတွေပင်။

စုန့်အာ့နန်က အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့အသွင်အပြင်ကို ပေးစွမ်းနိုင်တဲ့ ကြီးမားပြီး တောက်ပတဲ့ မျက်လုံးတွေရှိသည်။ စုန့်လင်းချွမ်ရဲ့ မျက်လုံးတွေကတော့ အယ်လမွန်စေ့နဲ့ ဝိုင်းစက်တဲ့ပုံစံကြားမှာရှိသည်။

သူတို့ရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် သူတို့ရဲ့ တူညီမှုတွေက ပုံမှန်အားဖြင့် သိပ်မသိသာပါချေ။ သို့ပမယ့် ဒီအခိုက်အတန့်မှာတော့ သူတို့နှစ်ယောက်ရဲ့ အပြစ်ကင်းစင်ပြီး မျှော်လင့်စောင့်စားနေတဲ့ တူညီတဲ့ အကြည့်တွေကို ထုတ်ပြလာတဲ့အခါမှာတော့ တူညီမှုမှာ သိသိသာသာ ထင်ရှားလာသည်။

သူတို့တူဝရီးရဲ့ တုံ့ပြန်မှုကို ကြည့်ရင်း ဖေးခွမ်တစ်ယောက် မတတ်နိုင်ဘဲ ရယ်လိုက်သည်။ အထူးသဖြင့် စုန့်အာ့နန်တစ်ယောက် စားချင်စိတ်ပြင်းပြစွာနဲ့ တံတွေးမြိုချလိုက်သည်။

သူကစားသောက်ရတာကို အရမ်းကြိုက်တယ်ဆိုတာ သိသာလှသည်။

သူက ခပ်တိုးတိုးရယ်လိုက်သည်။ "ကောင်းပြီ ဒါဆို ဖက်ထုပ်လုပ်ကြတာပေါ့"

[ဟားဟား၊ ဒီတူဝရီးနှစ်ယောက်က အရမ်းရယ်ရတယ်၊ သူတို့ ဖက်ထုပ်စားတာ ဘယ်လောက်တောင် သဘောကျလဲဆိုတာ တွေ့နေရတယ်]

[ရယ်မိတဲ့အတွက် တောင်းပန်တယ် ငါ့ကောကော အရင်က ဘာအစာသွပ်ထားတဲ့ ဖက်ထုပ်ဖြစ်ဖြစ် စားရတာကြိုက်တယ်လို့ပြောဖူးတယ်]

[ဝါး၊ ငါ့အန်တီလေးလည်း ဖက်ထုပ်စားရတာ ကြိုက်မယ်လို့ မမျှော်လင့်ထားဘူး။ မျှော်လင့်ထားတဲ့အတိုင်း အန်တီလေးရော၊ သူ့တူရော တူတူဘဲ]

[ဟဲဟဲ၊ ငါလည်း ဒီတလော ဖက်ထုပ်စားရတာ ကြိုက်နေတယ်၊ ဒါက ငါ့ကောကောက ငါ့ဆီ လာလက်ထပ်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?]

[အပေါ်ထပ်က ကောင်မလေးရေ၊ မင်းဘယ်လောက်တောင်သောက်ထားလို့ ဒီလိုပြောနေရတာလဲ?]

[ရယ်သေပြီ၊ ဖေးခွမ်ရဲ့ကူကယ်ရာမဲ့ပြီး ရယ်ချင်နေတဲ့ပုံကို ငါမြင်‌နေရတယ် ၊ ဒါပေမယ့် "ဖက်ထုပ်လုပ်ကြတာပေါ့" ဆိုပြီး ပြောလိုက်တာက ဘာလို့ နည်းနည်းလေး အလိုလိုက်နေတဲ့ပုံပေါ်နေတာပါလိမ့်?]

[စောစာကတည်းက ငါနားမလည်ဖြစ်နေတာ မေးဖို့မေ့သွားတယ်၊ ဖေးခွမ်က ဘာလို့ ခရီးဆောင်အိတ်နဲ့ ရုတ်တရက် ပေါ်လာတာလဲ၊ သူဒီမှာနေမလို့လား?]

[ဖေးခွမ်က "ဧည့်သည်" လို့ပြောလိုက်တော့ ဒါက ရှိုးအတွက် ခဏတဖြုတ် ဖိတ်ထားတဲ့ဧည့်သည်များလား?]

[ဟင်? တကယ်လို့ သူသာ ခဏတဖြုတ်လာတဲ့ဧည့်သည်ဆိုရင် အဖွဲ့တိုင်းမှာ တစ်ယောက်စီ လာသင့်တယ်မဟုတ်ဘူးလား? တခြားတိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ငါကြည့်ပြီးသွားပြီ တခြားအဖွဲ့တွေမှာ ဘာလို့ ဘာဧည့်သည်မှမရှိတာလဲ?]

[ဒါက ပုံမှန်ပါပဲ၊ ဒါက ရှိုးရဲ့ အစဉ်အလာဟောင်းလေ အရင်season တွေမှာလည်း "ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ" က လာကူညီပေးလို့ရတယ် ဒါပေမယ့် ခွဲထားတယ်။ တခြားအဖွဲ့တွေဆီလည်း နောက်ပိုင်းမှာ သေချာပေါက် လာလိမ့်မယ်]

[အားး၊ အစောပိုင်းတုန်းကတော့ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ ဘယ်သူ့ကို သူငယ်ချင်းအဖြစ် ဖိတ်မလဲဆိုတာ ငါသိချင်ခဲ့တာ။ လူတော်တော်များများက ဖေးခွမ်လို့ ခန့်မှန်းကြတယ်၊ ဒါပေမယ့် သူ့တကယ်ကြီး ရောက်လာမယ်လို့ မထင်ထားဘူး]

...

ချက်ပြုတ်ဖို့ သဘောတူပြီးတဲ့နောက်မှာ ဖေးခွမ်က မီးဖိုချောင်ဘက် မသွားခင် ခရီးဆောင်အိတ်ကိုတောင် မချရသေးပေ။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က ကူညီပြင်ဆင်ပေးဖို့ အသင့်ဖြစ်နေကြသည်။

စုန့်လင်းချွမ်က ခဏလောက် တုံ့ဆိုင်းသွားသည်။ "ဒါဆို ငါဂျုံနှယ်လိုက်မယ်"

ဂျုံနဲ့ရေထည့်ရုံဘဲလေ၊ တကယ်လို့အဆင်မပြေရင်လည်း ဂျုံထပ်ထည့်လိုက်မှာပေါ့။

အကြိမ်အနည်းငယ်ကြိုးစားပြီးကြည့်ပြီးရင်တော့ အဆင်ပြေလာမှာပေါ့

အများကြီးမစဉ်းစားနေဘဲ ဖေးခွမ်က စုန့်လင်းချွမ်ကို ဆက်လုပ်ဖို့ ဂျုံကိုကမ်းပေးလိုက်သည်။

"ကျွန်မရဲ့ဓားကိုင်တဲ့အရည်အချင်းက လက်ခံနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို လှီးပေးမယ်လေ" စုန့်အာ့နန်က စေတနာနဲ့ ပြောလိုက်သည်။

ယုံကြည်ကိုးစားမှု တိုးလာစေရန် သူမက ခဏလောက် စဉ်းစားလိုက်ပြီး စိတ်အားထက်သန်စွာနဲ့ ထပ်ပြောလိုက်သည်။ "အရင်က လေ့ကျင့်ခဲ့ဖူးတယ်"

ဖေးခွမ်ဘာမှပြန်မပြောခင် သူ့ဘေးက စုန့်လင်းချွမ် က အံ့အားသင့်စွာနဲ့ တုံ့ပြန်လာသည်။ "အန်တီလေး၊နင် ဓားကိုင်တဲ့စကေးကို ဘယ်တုန်းက လေ့ကျင့်ခဲ့တာလဲ?"

သူသိသလောက်တော့ သူ့အန်တီလေးက ဟင်းချက်ဖို့ အရည်အချင်း တကယ်မရှိတာကို ဝန်ခံပြီး ရုန်းကန်နေရတာကို လုံးဝ စွန့်လွှတ်လိုက်ရသည်။

သူမ ဓားကိုင်တာကို ဘယ်လိုလုပ် လေ့ကျင့်ခဲ့တာလဲ?

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီး နည်းနည်း ချီတုံချတုံ ဖြစ်နေသည်။ "...ဓာတ်ခွဲခန်းထဲက အတန်းမှာလေ"

သူမ တကယ်ပြောချင်တာကတော့ ခွဲစိတ်ခန်းထဲမှာလို့ပင်။

ဒါလည်း ဓားကိုင်တဲ့ ကျွမ်းကျင်မှုလို့ မှတ်ယူလို့ရတယ်လေ။

အနည်းဆုံးတော့ အဲဒီအမဲသားကို ကိုင်တွယ်တဲ့အခါ စုန့်အာ့နန်ကတော့ သူမ ကောင်းကောင်းဖြတ်နိုင်မယ်လို့ ယုံကြည်သည်။

"မင်းရဲ့ ဆေးကျောင်း ဓာတ်ခွဲခန်းထဲမှာ လေ့ကျင့်..."

စုန့်လင်းချွမ် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး စကားပြောနေရင်း လမ်းတစ်ဝက်မှာရပ်လိုက်ကာ သူ့ပါးစပ်ကို ကိုးရိုးကားရားနဲ့ ပိတ်လိုက်သည်။

[Holy crap! ငါထင်တာမှန်နေတာပဲ၊ အံ့သြ‌နေတဲ့jpg]

[သေစမ်း အန်တီလေးပြောတဲ့ ဓာတ်ခွဲခန်းဆိုတာက၊ အဲ့ဒါက.....]

[လက်တွေဆေးပညာကျောင်းသားတွေက ခွဲစိတ်ရတဲ့အတန်းမှာဆို တိရိစ္ဆာန်အသေးလေးတွေကို စမ်းသပ်ရတယ်လို့ ကြားဖူးတယ်]

[အိုး...ဒီတိုင်း သိချင်တာပါ၊ အဲ့ဒါက တကယ့်အကောင်သေးသေးလေးတွေကိုပဲလား?]

[တိရိစ္ဆာန်သေးသေးလေးတွေဘဲ ဖြစ်လိမ့်မယ်၊ ဘာဘဲဖြစ်ဖြစ် အန်တီလေးက အခုမှ ဒုတိယနှစ်ဘဲပြီးသေးတာလေ]

[ နှိမ့်နှိမ့်ချချနဲ့ မေးပါမယ်၊ စုန့်အာ့နန်က အဲ့လိုမျက်နှာတည်နဲ့ဘဲ တစ်ချိန်လုံး စမ်းသပ်တာလား?]

ဖေးခွမ်က ချောင်းနည်းနည်း ဟမ့်လိုက်သည်။ "အလျင်စလိုမလုပ်နဲ့၊ အသားကြိတ်စက်ရှိမရှိ ကြည့်ဦးမယ်၊ ဒါဆို ငါတို့လှီးစရာ မလိုတော့ဘူး"

စုန့်အာ့နန်က "အိုး" လို့ပြန်ဖြေပြီး ဘာမှ ထပ်မတောင်းဆိုတော့ပေ။

ဖေးခွမ်က မီးဖိုချောင်ထဲ လိုက်ရှာပေမယ့် အသားကြိတ်စက်ကို မတွေ့ပေ။ ဒါရိုက်တာအဖွဲ့ကို သွားမေးပေမယ့် သူတို့မှာလည်း တစ်ခုမှမရှိပေ။ ဒီတော့မှဘဲ သူလက်လျှော့လိုက်ရတော့သည်။

ဒါပေမယ့်လည်း နောက်ဆုံးမှာ‌တော့ စုန့်အာ့နန်တစ်ယောက် သူမရဲ့ ဓားကိုင်စွမ်းရည်ကို ပြဖို့ အခွင့်အရေးမရလိုက်ပါချေ။

ဘာလို့လဲဆိုတော့ ဖက်ထုပ်အဆာတွေကို ပါးပါးလေးလှီးရမှာမို့လို့ပင်။

ဖေးခွမ်က ဓားကိုကိုင်ကာ စဉ်းတီတုံးပေါ်တွင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသားတွေကို စင်းလိုက်သည်။

တစ်ဖက်မှာ‌တော့ စုန့်လင်းချွမ်မှာ ဂျုံကို ဘယ်လိုစနှယ်ရမလဲမသိပေ။

ရေအရင်ထည့်ရမှာလား ဒါမှမဟုတ် ဂျုံမှုန့်အရင်ထည့်ရမှာလား?

နောက်ဆုံး သူက ကင်မရာမင်းဘက်ကို ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားနဲ့ ဂျုံမှုန့်ထုပ်ကို ဆွဲကာနယ်မယ့် ဇလုံနဲ့အတူ အပြင်ကို ထွက်သွားလိုက်သည်။

[ဟင်? မီးဖိုချောင်မှာ နေရာလွတ်နေတာကို၊ စုန့်လင်းချွမ် က ဘာလို့ အပြင်ထွက်သွားတာလဲ?]

[အသံကျယ်လို့ဖြစ်မှာပေါ့]

သိပ်မကြာခင်မှာပဲ စုန့်လင်းချွမ်က အတော်လေးကို အဆင်မပြေတဲ့ပုံစံနဲ့ ပြန်ဝင်လာသည်။

"ငါ ဂျုံနှယ်ထားတယ် အဆင်ပြေလား ကြည့်ကြည့်"

ဖေးခွမ်က သူလုပ်နေတာတွေကို ရပ်လိုက်သည်။ စုန့်အာ့နန်လည်း သူနဲ့အတူကြည့်လိုက်သည်။

နောက်ဆုံးတော့ သူတို့နောက်ကလိုက်လာတဲ့ ကင်မရာမင်းက စုန့်လင်းချွမ်လက်ထဲက ဇလုံဆီ ကင်မရာလှည့်ပြလိုက်သည်။

ဖေးခွမ် - "..."

စုန့်အာ့နန် - "..."

အရမ်းများတယ်!

[ဟားဟားဟား၊ စုန့်လင်းချွမ် ဘာလုပ်နေတာလဲ? သူဘာလို့ အများကြီး လုပ်ထားတာလဲ? ဂျုံတစ်ထုပ်လုံးထည့်လိုက်တာလား?]

[သေစမ်း! တစ်ပန်းကန်အပြည့်ဘဲ။ ဂျုံမှုန့်နဲ့ ရေကို ဘယ်လောက်တောင် ထည့်ခဲ့တာလဲ?]

[ဟာဟားဟား၊ စုန့်လင်းချွမ်ရဲ့ ဂျုံနှယ်နေတဲ့ ဖြစ်စဉ်ကို ငါအကြမ်းဖျင်း တွေးကြည့်လို့တောင် ရတယ်၊ ဂျုံမှုန့်တွေ အများကြီးထည့်၊ ရေနည်းနည်းထည့်၊ ရေအရမ်းများနေသလိုပဲ၊ ကိစ္စမရှိဘူး၊ ဂျုံမှုန့်ထပ်ထည့်တာ‌ပေါ့၊ ထပ်ထည့်ထပ်ထည့်...]

[ငါသေပြီ၊ အပေါ်ထပ်က ဖော်ပြချက်ကလုံးဝကို ကွက်ကွက်ကွင်းကွင်းဘဲ၊ ငါဖြစ်ပျက်နေတာကို လုံးဝမြင်နေရတယ်]

[အိုး... နောက်ဆုံးတော့ စုန့်လင်းချွမ် စောစောက အပြင်ထွက်သွားတာကို သဘောပေါက်သွားပြီ]

စုန့်လင်းချွမ်လည်း အရမ်းရှက်သွားသည်။

ဘာကြောင့်မှန်းမသိ၊ ဂျုံမှုန့်ညက်က ပိုပိုကြီးလာသည်။

ဒီတူဝရီးနှစ်ယောက်ရဲ့ ချက်ပြုတ်တဲ့နေရာမှာ စိတ်မချရမှန်း သက်သေပြပြီးတဲ့နောက်မှာတော့ ဖေးခွမ်လည်း နောက်လုပ်ရမယ့်ဟာ‌တွေကို ကိုယ်တိုင်ဘဲလုပ်လိုက်ပြီး နောက်ဆုံးတော့ နောက်ထပ်အမှားအယွင်းတွေကို ရှောင်ရှားလိုက်တော့သည်။

နေ့တစ်ဝက်လောက် ပင်ပန်းနွမ်းနယ်ပြီးသွားတဲ့နောက်မှာတော့ သုံးယောက်သား ဖက်ထုပ်ပူပူပူပူလေး စားဖို့ထိုင်လိုက်ကြသည်။

ပြောရမယ်ဆိုရင်၊ ဖေးခွမ်လုပ်ထားတဲ့ အမဲသားနဲ့ကြက်သွန်နီအစာသွပ် ဖက်ထုပ်က အရမ်းကိုဘဲ အရည်အချင်းပြည့်မီလှသည်။

စုန့်အာ့နန် တစ်ကိုက် ကိုက်လိုက်တာနဲ့ မျက်လုံးတွေ တောက်ပလာသည်။

ဖက်ထုပ်တွေက အမှန်တကယ်ကို အရသာရှိပြီး ချောချောမွေ့မွေ့နဲ့ ဝါးလိုက်တာနဲ့ အရည်တွေပေါက်ထွက်လာသည်။

ရှိသမျှအားစိုက်ထုတ်ပြီးတဲ့နောက်မှာ သုံးယောက်လုံး ဗိုက်ဆာလာသည်။

အချိန်အတော်ကြာ စားပွဲမှာ တစ်ယောက်မှ စကားမပြောကြဘဲ အားလုံးက အစားအသောက်တွေကိုဘဲစားကြသည်။

စားသောက်ပြီးတဲ့နောက်မှာ စုန့်လင်းချွမ် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ "သေချာပေါက် အရသာရှိပေမယ့် လုပ်ရတာတော့ လက်ဝင်တယ်"

စုန့်အာ့နန်ကလည်း လေးလေးနက်နက်နဲ့ သဘောတူကြောင်း ခေါင်းညိတ်သည်။

တကယ်ကိုဘဲ တော်တော်ကရိကထများတယ်။

[ဟားဟား၊ ဖေးခွမ်ကဘဲ အခြေခံကအစ အကုန်လုပ်ခဲ့တာမဟုတ်ဘူးလား၊ ဒါကိုသူတို့က ဒုက္ခရောက်ရတယ်ပေါ့လေ?]

[အရမ်းရယ်ရတာဘဲ၊ ကိစ္စက သူတို့က တစ်ချိန်လုံး ပြဿနာရှိတဲ့လမ်းကြောင်းပေါ်ရောက်နေတာဘဲ]

[ဖေးခွမ် - မင်းတို့နှစ်ယောက်မရှိရင် ငါပြီးတာကြာပြီ]

ညစာစားပြီးတော့ နေ့အလင်းရောင် ကျန်နေသေးတဲ့အတွက် သုံးယောက်သား ဧည့်ခန်းထဲမှာ အေးအေးလူလူ စကားစမြည်ပြောကြသည်။

သေချာပေါက်ကို၊ အဓိကကတော့ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ဘဲ ပြောနေကြတာပင်။

စုန့်အာ့နန်က အနီးနားက ဆိုဖာပေါ်မှာ လှဲလျောင်းရင်း သူတို့စကားပြောတာကို နားထောင်နေသည်။

ဖေးခွမ်ဘာလို့ ဒီနေရာမှာ ရုတ်တရက် ပေါ်လာတာလဲဆိုတာ သူတို့ စကားပြောနေတာကနေ သူမသ‌ဘောပေါက်လိုက်သည်။

သူက ရှိုးအတွက် ခဏတစ်ဖြုတ်လာတဲဧည့်သည်တစ်ဦးဖြစ်ပြီး သူမနဲ့ စုန့်လင်းချွမ်တို့ရဲ့ "ဆွေမျိုးသူငယ်ချင်းအဖွဲ့" ဖြစ်သည်။

ဒီခြံထဲမှာ အခန်းသုံးခန်းရှိသည်။ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က တစ်ခန်းစီ တည်းခိုကြပြီး စုန့်အာ့နန်ရဲ့ အခန်း ဘေးမှာတော့ တစ်ခန်းလွတ်နေသည်။

ဖေးခွမ်နေဖို့အတွက် ကွက်တိပင်။

အိပ်ရာမဝင်ခင် ဖေးခွမ်က သူ့ခရီးဆောင်အိတ်ကို ဖွင့်ကာ ပစ္စည်းတွေစီလိုက်သည်။

ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးတဲ့နောက်မှာ လဲဖို့အဝတ်အစားယူပြီး ရေချိုးဖို့သွားလိုက်သည်။

စုန့်အာ့နန် ရွေးခဲ့တဲ့ ခြံရဲ့ အကောင်းဆုံးအရာကတော့ အခန်းတိုင်းမှာ ကိုယ်ပိုင်ရေချိုးခန်းပါတာပင်။

ခေါင်းလျှော်ပြီး ဆံပင်ကို အခြောက်ခံပြီးတဲ့နောက် ဖေးခွမ်က ရေချိုးခန်းထဲကနေ ထွက်လာ‌တော့ ကုတင်ပေါ်က သရေစာအိတ်ကို တွေ့လိုက်ရတော့ အံ့သြသွားသည်။

သူ ရေမချိုးခင်တုန်းက သူ့ခရီးဆောင်အိတ်ထဲက အဲ့ဒါကို ထုတ်ခဲ့တာဖြစ်သည်။

မနေ့ည ထုပ်ပိုးတုန်းက သူ ညဉ့်နက်မှ သူတို့ရဲ့ နေတဲ့နေရာ အပြင်ဘက်က 24 နာရီ စတိုးဆိုင်ကို သွားပြီး ဒီမုန့် အိတ်ကို သတိရလို့ သက်သက် ဝယ်ခဲ့တာဖြစ်သည်။

အဲ့ဒါတွေအားလုံးက ဟိုနေ့က စုန့်အာ့နန်စားခဲ့တဲ့ဟာတွေပင်။

ဖေးခွမ်က သူ့ဘာသာသူ တိတ်တိတ်လေးရယ်လိုက်သည်။ အပြစ်ရှိစိတ်ကြောင့် ဖြစ်မည်။

နောက်ဆုံးတော့ အဲဒီနေ့က အန်တီလေးရဲ့ အကြိုက်ဆုံး အာလူးကြော်ကို သူလုသွားခဲ့မိတာဘဲလေ။

အခုတော့ ဒါတွေကို သူယူလာပြီး ပေးဖို့က အကြောင်းပြချက်မရှိနေပေ။

သရေစာအိတ်ကိုသယ်ရင်း ဖေးခွမ် အခန်းထဲကနေထွက်လာလိုက်သည်။

အပြင်ရောက်တာနဲ့ နောက်ကျနေမို့ အန်တီလေးရဲ့ တံခါးကို ခေါက်ဖို့ မသင့်တော်ဘူးဆိုတာ သူသိလိုက်ရသည်

ဒါကြောင့် ဧည့်ခန်းထဲမှာဘဲ မုန့်တွေကိုအရင်ထားခဲ့ပြီး မနက်ဖြန်မှ ထပ်လာယူဖို့ စီစဉ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် သူဧည့်ခန်းထဲဝင်လိုက်တာနဲ့ စုန့်အာ့နန်ကလည်း ရေခွက်ကိုကိုင်ရင်း ရေစက်ကနေ လျှောက်လာသည်။

နှစ်ယောက်သား ချင်းချင်း ပက်ပင်းတိုးသွားသည်။

"ရေလာယူတာလား?" ဖေးခွမ်က မေးလိုက်သည်။

"နွားနို့ လာနွှေးတာ" စုန့်အာ့နန်က သူမလက်ထဲရှိ ခွက်ကို ကိုမြှောက်ပြလိုက်သည်။ "နည်းနည်းလောက်လိုချင်လား?"

ဖေးခွမ်က ပြုံးကာ ခေါင်းခါလိုက်သည်။ "ကျေးဇူးဘဲ၊ ရပါတယ်"

နောက်တော့ သူက မုန့်အိတ်ကို သူမဆီပေးလိုက်သည်။ " အလျင်စလို လာခဲ့ရတော့ မင်းတို့ အတွက် ဘာမှ မယူလာခဲ့ရဘူး၊ ဒါက မင်းအတွက်"

အဲ့ဒီအချိန် စုန့်အာ့နန်ကလည်း တစ်ခုခုကို ကိုင်ထားမှန်း သူသတိထားမိလိုက်သည်။

အိတ်ထဲက ပစ္စည်းတွေကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေ ချက်ချင်း တောက်ပလာသည်။

"အရင်တစ်ခေါက်တုန်းက မင်းဒါတွေကိုစားရတာကြိုက်မှန်းတွေ့လို့ ဝယ်လာတာ" ဖေးခွမ်က ပြုံးလိုက်သည်။

အဲ့ဒီတော့မှ စုန့်အာ့နန်တစ်ယောက် အဲ့ဒီနေ့က မုန့်ခိုးစားတဲ့ အဖြစ်အပျက်ကို ချက်ချင်းပြန်သတိရသွားပြီး လုံးလုံးရှက်သွားရသည်။

သူမက မုန့်တွေကို လက်ခံလိုက်ပြီး ဘယ်လိုတုံ့ပြန်ရမှန်း မသိတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကာ အခန်းထဲအမြန်ပြန်ဝင်သွားလိုက်သည်။

မကောင်းတာကို မလုပ်သင့်တာ အမှန်ဘဲ။

ဒါက အိပ်မပျော်ခင် စုန့်အာ့နန်ရဲ့ အပြင်းထန်ဆုံး အတွေးပင်။

*

နောက်တစ်နေ့ နံနက် ၇:၃၀

စုန့်အာ့နန်တစ်ယောက် နှိုးစက်သံမြည်သံကြောင့် လန့်နိုးလာသည်။

သူမက အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ပြီး ဖုန်းကနှိုးစက်ကို ပိတ်လိုက်ကာ မရင်းနှီးတဲ့ အခန်းတစ်ဝိုက်ကို ကြည့်ပြီး နည်းနည်း စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

သူမ ရုတ်တရက် ဘယ်ရောက်နေမှန်း မသိဖြစ်သွားသည်။

မနေ့က တစ်နေကုန် လယ်လုပ်ရတာ အရမ်းပင်ပန်းခဲ့ရသည်။ တစ်ကြိမ်တည်းနဲ့ ဒီလောက်ကြာကြာ အိပ်ပျော်သွားမယ်မှန်း သူမ မမျှော်လင့်ထားပါချေ။

စုန့်အာ့နန် နည်းနည်းချင်းနိုးလာအောင် အိပ်ယာပေါ်မှာ စက္ကန့်နည်းနည်းလောက် ထိုင်လိုက်သည်။

သူမအိပ်ယာကနေထလိုက်ပြီး ညအိပ်ဝတ်စုံကိုအရင်လဲလိုက်ကာ လိုက်ကာကိုဖွင့်လိုက်ကာ ဧည့်ခန်းထဲမသွားခင် အိပ်ယာသိမ်းလိုက်သည်။

စုန့်လင်းချွမ်ရဲ့အခန်းတံခါးကို သူမဖြတ်သွားတော့ တင်းတင်းကြပ်ကြပ် ပိတ်ထားတာကို တွေ့လိုက်ရတဲ့အတွက် သူ မနိုး လောက်သေးဘူးလို့ ခန့်မှန်းလိုက်သည်။

သူ့ကိုနည်းနည်းကြာအောင် ပေးနားစေချင်တဲ့အတွက် သူ့အခန်းရှေ့ကနေ တိတ်တိတ်လေး ဖြတ်သွားလိုက်သည်။

စုန့်လင်းချွမ်တစ်ယောက် မနေ့ကတည်းက ပင်ပန်းနေခဲ့တာဖြစ်သည်။ အခြေခံအားဖြင့်ဆို သူက လေးလေးလံလံကိစ္စတွေကို လုပ်ခဲ့ရတာဖြစ်သည်။

နေ့ခင်းဘက်မှာ သစ်သားလှည်းကို တွန်းပြီး လယ်ကွင်းနဲ့ အဖွားအိမ်ကြား မရေမတွက်နိုင်အောင် သွားခဲ့ရသည်။

ကျေးလက်ဒေသရှိ လတ်ဆတ်တဲ့ မနက်ခင်းလေဟာ နံနက်ခင်းရဲ့နှင်းရနံ့ကို သယ်ဆောင်လာတဲ့ပုံပင်။

စုန့်အာ့နန်က တံစက်မြိတ်အောက်တွင် ရပ်ကာ အသက်ပြင်းပြင်းရှူကာ အကြောဆန့်လိုက်သည်။

နောက်တော့ သူမရဲ့ နေ့စဉ် နံနက်ခင်း အိပ်ယာထခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။

နေရောင်ခြည်အောက်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ကိုလုပ်သည်။

အဲ့ဒါက သူမကို လန်းဆန်းစေပြီး လေ့ကျင့်ခန်းတချို့လုပ်ဖြစ်စေကာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုပင်။

"တစ် နှစ် သုံး လေး၊ နှစ် နှစ် သုံး လေး ..."

သူမက အသံနေအသံထားနဲ့ဆိုကာ ခြေလက်လှုပ်ရှားမှုတွေက နည်းနည်းတောင့်တင်း‌နေသေးသည်။

ဒါပေမယ့် စုန့်အာ့နန် ကိုယ်တိုင်ကတော့ ဘာမှ မှားနေတယ်လို့ မခံစားရ‌ပေ။ သူမသည် ကိုယ်လက်လှုပ်ရှားမှုလုပ်စဉ်တစ်ခုလုံးကို သေသေချာချာ ပြီးအောင် လုပ်လိုက်သည်။

ဟူး~ နောက်ဆုံးတော့ နည်းနည်းပိုပြီး နိုးကြားလာသည်။

ဒါပေမယ့် သူမ လှည့်ကြည့်လိုက်တော့ မနီးမဝေးကလူကို မြင်လိုက်ရပြီး နေရာမှာဘဲ အေးခဲသွားသည်။

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားသည်။

စုန့်အာ့နန်ရဲ့ ခုနတုန်းက ပျင်းရိနှေးကွေးနေတဲ့စိတ်ကလည်း ချက်ခြင်းဘဲ ရှင်းရှင်းလင်းလင်း ဖြစ်လာသည်။

သူမနဲ့ စုန့်လင်းချွမ်တို့အပြင် အိမ်တွင် အခြားလူတစ်ယောက်ရှိနေသေးတာကို သူမ ရုတ်တရက် သတိရသွားသည်။

ဖေးခွမ်က ရယ်မောရင်း သူမကို နှုတ်ဆက်လိုက်သည်။ "ဂွတ်ဒ်မောနင်းပါ"

စုန့်အာ့နန်ရဲ့ မျက်နှာက ချက်ချင်းဘဲ နီရဲသွားသည်။ သူမ လည်း တောင့်တောင့်တင်းတင်းနဲ့ ပြန်နှုတ်ဆက်လိုက်သည်။ "...မောနင်း"

ဒါပေမယ့် သူမကို ပိုလို့တောင် စိတ်ပျက်သွားစေတာကတော့ ဖေးခွမ်အနောက်က ကင်မရာမင်းကို မြင်လိုက်ရတာကိုပင်။

[အိုး ငါ့အန်တီလေးက ချစ်စရာကောင်းတာဘဲ]

[အားးးး မနက်အစောကြီးမှာ အန်တီလေးရဲ့ ချစ်စရာကောင်းမှုတွေနဲ့ အသတ်ခံလိုက်ရပြီ၊ ဒါက အတိအကျကိုဘဲ ငါ့အိပ်မက်ထဲက ငန်းမလေး မဟုတ်လား?]

[ဟားဟားဟား၊ ပြောရရင်၊ အန်တီလေးရဲ့ ခြေလက်တွေ လုံးဝကို စီးဝါးမကိုက်နေဘူး]

[ဝါးးး ငါအရင်က စီးဝါးမကိုက်တဲ့ ခြေလက်တွေကို မြင်ဖူးပေမယ့် ဒီလောက်ချစ်စရာကောင်းတဲ့ ခြေလက်တွေကိုတော့ ဘယ်တုန်းကမှ မမြင်ဖူးဘူး!!]

All Chapters