အခန်း (၃၈)
Vol. 3 Ch. 38
အခန်းထဲ အမြန်ပြန်ဝင်ရင်း စုန့်အာ့နန်ရဲ့ မျက်နှာက နီမြန်းလာသည်။
သူမတံခါးကိုပိတ်လိုက်တာနဲ့ ခြံဝင်းထဲကနေ အထိန်းအကွပ်မရှိတဲ့ ရယ်သံက ထွက်ပေါ်လာသည်။
သူမရဲ့ ခြေလက်တွေက အမြဲတမ်း စည်းဝါးမကိုက်ပေ။ ငယ်ငယ်တုန်းက သူမမိသားစုက သူမကို အကသင်ဖို့ လွှတ်ခဲ့ပေမယ့် ဆရာမက နှုတ်ထွက်ဖို့ ယဉ်ကျေးစွာနဲ့ တောင်းဆိုလာသည်။
ပုံမှန်ဆို သူမအာရုံစိုက်ထားရင် ကိုယ်လက်လှုပ်ရှားတာက ပြဿနာမရှိပေမယ့် သူမစိတ်ထဲမှာ ဖရိုဖရဲဖြစ်နေရင် အလွယ်တကူ မှားသွားနိုင်သည်။
ခုနကမြင်ကွင်းကို ပြန်တွေးကြည့်တော့ စုန့်အာ့နန်တစ်ယောက် မတတ်နိုင်ဘဲ သူ့မျက်နှာကို စောင်ထဲမြှုပ်ထားလိုက်သည်။
ရှက်စရာကောင်းလိုက်တာ!
သူမ မြေထဲမှာဝပ်ဖို့ အပေါက်ရှာတစ်ယောက်သာရှာလိုက်ချင်သည်။
မနက်စာမစားခင် စုန့်အာ့နန်က သူမရဲ့ မနက်စောစော လူမှုကွန်ရက်ပေါ်က သေဆုံးမှုဖြစ်စဉ်ကြောင့် တစ်မနက်လုံး သူမအခန်းထဲမှာဘဲ ပုန်းနေခဲ့သည်။
စုန့်လင်းချွမ် နိုးလာပြီး စုန့်အာ့နန်ကို မတွေ့တော့ နည်းနည်း အံ့သြသွားသည်။
"အန်တီလေး မထသေးဘူးလား?" သူက စုန့်အာ့နန်ရဲ့ အခန်းကို ညွှန်ပြပြီး ဖေးခွမ်ကို မေးလိုက်သည်။
ဖေးခွမ်က ပန်းကန်လုံးနဲ့ တူတွေကို ကိုင်ထားပြီး မီးဖိုချောင်ထဲကနေ ထွက်လာကာ "သူထပြီ"
"မနက်စာ အဆင်သင့်ဖြစ်နေပြီ၊ သွားစားဖို့ သူ့ကို ခေါ်လိုက်လေ" သူ ပြောလိုက်သည်။
စုန့်လင်းချွမ်က "အိုး" လို့ ပြန်ဖြေပြီး စုန့်အာ့နန် ရဲ့ အခန်းဘက်ကို လှည့်သွားလိုက်သည်။
[Omg၊ သူတို့သုံးယောက်ရဲ့ ဒီမြင်ကွင်းက မိသားစုတစ်ခုလိုဘဲ၊ အမေက ချက်ပြုတ်နေပြီး အဖေက ကလေးကို ထစားဖို့ ခေါ်သွားရတာ!]
[ဟီးဟီး၊ အပေါ်က ညီအစ်မက CPတွေ ဘယ်လို shipရမလဲ သိတာဘဲ]
[အားးး ငါသူတို့ကို မship ချင်ပေမယ့် ငါ့ပါးစပ်ထဲသကြားတွေ တိုးနေတယ်!]
[အားးးး ဒါက အရမ်းshipဖို့ကောင်းတယ်!!!]
[ရှူး ထားပါတော့၊ နင်တို့တွေ ငါ့မျက်လုံးတွေကို နာစေတယ်]
[XXX ထွက်သွားတော့ ငါ့ ဖေးခွမ်ကို ငါဖက်ထားတယ်]
[ကျွန်တော်က အစ်ကို့ကို ပွေ့ဖက်နေတယ်၊ စုန့်လင်းချွမ်က ကျွန်တော့်အတွက်ပါ။
[ဒါကဘာလဲ၊ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းကြတဲ့ ညီအကိုနှစ်ယောက်ပဲ၊ ဒါက ညီအစ်ကိုရင်းလို ချစ်ကြတာ သိရဲ့လား?]
[နားလည်တယ်၊ ငါနားလည်တယ်၊ ဆိုရှယ်လစ် ညီရင်းအစ်ကို ချစ်ခြင်းဘဲ]
သူ တံခါးနား ရောက်တဲ့အခါ စုန့်လင်းချွမ် က တံခါးကိုနှစ်ကြိမ်ခေါက်လိုက်ပြီး "အန်တီလေး နိုးနေပြီလား?"
စုန့်အာ့နန်ရဲ့ ဝိုးတိုးဝါးတိုးအသံ မထွက်လာခင် အခန်းထဲမှာ စက္ကန့်နည်းနည်းလောက် တိတ်ဆိတ်နေသည်။
စုန့်လင်းချွမ်ရဲ့ မျက်ခုံးတွေက နည်းနည်းတွန့်ချိုးသွားသည်။ သူ့အန်တီလေးလေသံက အကြောင်းပြချက်တစ်ခုခုကြောင့် မပျော်မရွှင်ဖြစ်နေပုံရသည်။
"ဖေးခွမ်က မနက်စာပြင်ထားပေးတယ်၊ မအေးခင် မြန်မြန်ထွက်လာခဲ့"
စုန့်အာ့နန်က သာမာန်ကာလျှံကာ 'အင်း' လို့ပြန်ဖြေလိုက်ပြီး ပြောလိုက်သည်။ "နင်တို့အရင်စားနှင့်၊ ငါခဏနေကျရင်လာခဲ့မယ်"
စုန့်လင်းချွမ်က စုန့်အာ့နန်ရဲ့ တင်းတင်းပိတ်ထားတဲ့ တံခါးကို တစ်ချက်ကြည့်လိုက်ပြီး သူထွက်သွားတဲ့အချိန် နည်းနည်း နားမလည်ဖြစ်သွားရသည်။
ဧည့်ခန်းဆီရောက်တဲ့အခါ သူဖေးခွမ်ကိုမြင်တော့ စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။ "ဒီမနက် တစ်ခုခုဖြစ်ခဲ့လို့လား?"
လွန်ခဲ့တဲ့ ရက်အနည်းငယ်က အန်တီလေးရဲ့ အလေ့အထကို အခြေခံရရင် နံနက်အိပ်ရာထပြီးတဲ့နောက် ခြံထဲတွင် စာအုပ်ထိုင်ဖတ်လေ့ရှိသည်။
သူ့အခန်းထဲမှာ ဘာလို့ဒီလိုပိတ်ပြီးနေနေတာလဲ? မူမမှန်ဘူး
ဖေးခွမ်က ခပ်တိုးတိုးလေး ရယ်လိုက်ပြီး စုန့်အာ့နန် ရဲ့ အခန်းဆီ လှမ်းကြည့်လိုက်သည်။
သူ့ကို စဖို့ စုန့်လင်းချွမ်နဲ့ သူမပေါင်းလိုက်တဲ့အချိန်ကို ရုတ်တရက် သတိရသွားသည်။
စိတ်မရှိပါဘူး သူ့အန်တီလေးက ရန်ညှိုးကို ထိန်းထားနိုင်တာဘဲ။ သူမရဲ့ ရှက်စရာကောင်းတဲ့ အခိုက်အတန့်တွေကို အများသူငှာဆီ ထုတ်မပြတာ ပိုကောင်းတယ်။
“မင်းကိုယ်တိုင် အွန်လိုင်းမှာ ရှာကြည့်သင့်တယ်” သူက ဆိုသည်။
စုန့်လင်းချွမ် မျက်ခုံးတွေ တွန့်ချိုးသွားပြန်သည်။ လျှို့ဝှက်ချက်က ဘာလဲ?
စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု နည်းနည်းလုပ်ပြီးတဲ့နောက် စုန့်အာ့နန်က သူမရဲ့အခန်းထဲကနေ ထွက်လာလိုက်သည်။
လီစစ်ရွေ့ ပြောတဲ့အတိုင်း သူမကိုယ်တိုင် မရှက်နေသရွေ့ တစ်ဖက်လူက ရှက်သင့်တာဖြစ်သည်။
ဘာမှမဖြစ်ခဲ့သလို သူမ ဟန်ဆောင်လိုက်ရုံပင်။
ဒါပေမယ့် စုန့်အာ့နန် လုံးဝကို ပြင်ဆင်မထားခဲ့ရတဲ့အရာက သူမ ဧည့်ခန်းထဲကို ဝင်လိုက်တာနဲ့ ရှက်ရွံ့ရပြီး အေးခဲသွားရသည်။
"ခုနစ် နှစ် သုံး လေး၊ ငါး ခြောက် ခုနစ် ရှစ်..."
အဲဒါ သူမအသံပဲ!
ဒါပေမယ့် စုန့်လင်းချွမ် ရဲ့ ဖုန်းကနေ ထွက်လာတာ
စုန့်အာ့နန်သူမပါးကို ပွတ်လိုက်သည်။ သူဘာတွေကြည့်နေလဲဆိုတာ သိဖို့ သူမ ခန့်မှန်းစရာတောင်မလိုဘူး။
ဖေးခွမ် စုန့်လင်းချွမ်ကို တံတောင်နဲ့ တွတ်လိုက်တဲ့အချိန်မှာ သူက အဲ့ဒါကိုကြည့်နေတဲ့အထဲ ဈာန်ဝင်နေတာဖြစ်ပြီး သူ့အရှေ့က စုန့်အာ့နန်ကို သတိထားမိသွားသည်။
"မြန်မြန်စားလိုက်၊ ခေါက်ဆွဲတွေ မကြာခင် ပွလာလိမ့်မယ်" ဖေးခွမ်က ပြုံးပြီး အရာရာကို ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားရင်း ပြောလိုက်သည်။
စုန့်လင်းချွမ်တစ်ယောက် မနေ့က ခေါက်ဆွဲတွေအများကြီးလုပ်ခဲ့မိတဲ့အတွက် ဖြုန်းတီးတာမဖြစ်ရအောင် ကျန်တဲ့ခေါက်ဆွဲတွေနဲ့ ဒီနေ့မနက်စာအဖြစ်လုပ်လိုက်တာဖြစ်သည်။
စုန့်အာ့နန်က ခေါင်းဖြည်းဖြည်းညိတ်ပြလိုက်ပြီး မျက်နှာနီရဲရဲနဲ့ စားပွဲမှာဝင်ထိုင်လိုက်သည်။
ဒီအချိန်မှာ သူမတစ်မျက်နှာလုံးကို ခေါက်ဆွဲပန်းကန်ထဲမှာ မြှုပ်ထားလိုက်ချင်မိသည်။
ဒါပေမယ့် စုန့်လင်းချွမ်က လှမ်းပြောလိုက်သည်။ "အန်တီလေး၊ နှစ်တွေတော်တော်ကြာနေပေမယ့် မင်းရဲ့ အလယ်တန်းကျောင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို အခုထိ မှတ်မိနေသေးတာဘဲ"
စုန့်အာ့နန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဒါက တော်တော်ပြင်းပြင်းထန်ထန်ပင်။
စူးစူးဝါးဝါးကြည့်ခံရပြီးတဲ့နောက်မှာ စုန့်လင်းချွမ်ရဲ့ ရုတ်တရက် အိမ်ကနေထွက်ပြေးတာကို နောက်ဆုံးမှာ ပြန်အမှတ်ရလိုက်သည်။
သူက လိပ်ပြာမလုံသလို နှာခေါင်းကို ကုတ်လိုက်ပြီး စုန့်အာ့နန်ကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။
[ဟားဟားဟား ငါသေတော့မယ်၊ စုန့်အာ့နန် စုန့်လင်းချွမ်ကို စိုက်ကြည့်နေတာက သူတို့မိသားစုရဲ့ ရာထူးအဆင့်ကို သိသာစေတယ်]
[ဒါက စီနီယာကျတာရဲ့ ဖိအားဘဲ]
စားပွဲက သုံးယောက်သားမှာ အချိန်အတော်ကြာတိတ်ဆိတ်သွားပြီး သူတို့ရဲ့ခေါက်ဆွဲကိုပဲ တိတ်တဆိတ် စားလိုက်ကြသည်။
အချိန်နည်းနည်းကြာတော့ စုန့်အာ့နန်က ရုတ်တရက်ပြောလာသည်။ "ဒီခေါက်ဆွဲတွေက တော်တော်အရသာရှိတယ်"
စုန့်အာ့နန်က အကြောင်းအရာကို ပြောင်းဖို့ကြိုးစားနေတယ်လို့ ထင်လိုက်ပြီး စုန့်လင်းချွမ်က အမြန် ခေါင်းညိတ်သဘောတူလိုက်သည်။ "ဟုတ်တယ်၊ တော်တော်စားကောင်းတာပဲ"
အဲ့ဒီလိုပြောပြီးတဲ့နောက်မှာ ဖေးခွမ်ကို လက်မထောင်ပြလိုက်သည်။
ဖေးခွမ်က ပြုံးပြလိုက်ပေမယ့် ဘာမှပြန်မပြောပေ။ အဲ့ဒီအစား သူက စုန့်အာ့နန်ကို မသိစိတ်ကနေ ကြည့်လိုက်သည်။
[အမှန်အတိုင်းပြောရရင် ဖေးခွမ်က ငါမျှော်လင့်ထားတာထက်ကို တကယ်ကိုကျော်တယ်။ သူချက်ပြုတ်တတ်တာကို ငါမအံ့သြပေမယ့် သူက ဖက်ထုပ်နဲ့ လက်လုပ် ခေါက်ဆွဲကိုတောင် လုပ်တတ်တယ်]
[ငါသိတယ်၊ ဒါက အိမ်လိုမျိုး ခံစားချက်ကို ပေးတယ်၊ အကြောင်းတစ်ခုခုကြောင့် လူတွေ သက်တောင့်သက်သာဖြစ်သလို ခံစားရစေတယ်]
[ဟင်းချက်တတ်တဲ့ ကြည့်ကောင်းတဲ့ကောင်လေးတွေက အရမ်းချစ်စရာကောင်းတယ်]
[အားးး ငါလည်း ဒီလိုပဲ တွေးနေတာ၊ ဖေးခွမ်က apron နဲ့ အရမ်းဟော့တာဘဲ]
စက္ကန့်နည်းနည်းကြာပြီးတဲ့နောက်မှာ စုန့်အာ့နန်က စုန့်လင်းချွမ်ကို တစ်ဖန်ပြန်ကြည့်ကာ ဓားမြှောင်ကို တိတ်တဆိတ် ပြန်ထည့်လိုက်သည်။ "ခေါက်ဆွဲကို တစ်ညလုံးထားထားတဲ့ မုန့်ညှက်နဲ့လုပ်ရင် ပိုကောင်းလိမ့်မယ်"
စုန့်လင်းချွမ် - "..."
ဖေးခွမ်က အကြည့်အောက်ပို့လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က ကွေးသွားကာ အပြုံးခပ်ပါးပါးပေါ်လာသည်။
ဟက်၊ သူမကို သူလျှော့မတွက်လိုက်တာ မှန်တဲ့ပုံဘဲ။
အန်တီလေးက အပြင်ဘက်မှာ နူးညံ့သိမ်မွေ့တဲ့ပုံပေါက်ပေမယ့် သူမက တကယ်ဘဲ ရန်ညှိုးလည်း ထားတတ်သည်။
[သေစမ်း၊ ငါတော့ စုန့်အာ့နန်ကြောင့် ရယ်ရတာသေတော့မယ်၊ သူက ဒီမှာစုန့်လင်းချွမ်ကို စောင့်နေတာဘဲ]
[ငါတို့အန်တီလေးက ဒေါသအရမ်းကြီးတယ်၊ ဘယ်လိုလုပ် ပိုပိုပြီး ချစ်ဖို့ ကောင်းလာရတာလဲ?]
[ဟားဟား အန်တီလေးက နှလုံးကို ဓားနဲ့ဘယ်လိုထိုးရမလဲဆိုတာ သေချာသိတာဘဲ]
[အန်တီလေး - ငါက နေရာမှာဘဲ အမြဲတမ်း ချက်ချင်းလက်စားချေတယ်]
အန်တီလေးနဲ့ ငြိမ်းချမ်းရေးယူတာကို စုန့်လင်းချွမ် တစ်ယောက် ငယ်ငယ်ကတည်းက ကျွမ်းကျင်တာဖြစ်သည်။
နည်းနည်း တောင်းပန်ပြီး နာခံတတ်တဲ့ အငယ်တစ်ယောက်လို ဟန်ဆောင်နေသရွေ့ စုန့်အာ့နန်က အကြီးတစ်ယောက်ရဲ့ အခန်းကဏ္ဍထဲ အလိုအလျောက် ဝင်လာပြီး သူ့ကို ခွင့်လွှတ်ကြောင်း အရမ်း ကြင်နာစွာနဲ့ ပြလိမ့်မည်။
အဲ့ဒါက နှစ်တွေတစ်လျှောက်လုံး ထိရောက်ကြောင်း သက်သေပြနေတာပင်။
ဒီလိုနဲ့ဘဲ ဒီဖြစ်ရပ်က မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့နဲ့ပြီးသွားသည်။
တူဝရီးနှစ်ယောက်က သူတို့ရဲ့ 'ချစ်လှစွာသော အန်တီလေးနဲ့တူလေး' အခန်းကဏ္ဍကိုအမြန်ပြန်စလိုက်သည်။
ဖေးခွမ်က သူတို့နှစ်ယောက် နွေးထွေးစွာ ဆက်ဆံနေတာကို ကြည့်ပြီး သူ့ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။
ဒါပေမယ့် သူ့ရဲ့နူးညံ့တဲ့အကြည့်ထဲမှာ... တောင့်တမှု အရိပ်အယောင်တွေ ပေါ်လာသည်။
[ဒီလိုနွေးထွေးတဲ့ မိသားစုအငွေ့အသက်မျိုးကို ငါ အရမ်းသဘောကျတယ်။ အန်တီလေးနဲ့ စုန့်လင်းချွမ် တို့ရဲ့ ဆက်ဆံရေးကို မြင်တိုင်း ကြည်နူးရတယ်လို့ ခံစားရတယ်]
[ပြောရရင်၊ ဖေးခွမ်က ငါ့ရဲ့ ဇာတ်ကောင်ဘဲမဟုတ်လား? သူ့အပြုံးက တစ်မနက်လုံး မလျော့သွားဘူး]
[ဟမ်...ဘာကြောင့်မှန်းမသိ ဖေးခွမ်က ပြုံးနေပေမယ့် သူ့ဆီကနေ ဝမ်းနည်းရိပ် နည်းနည်းသန်းနေသလို ခံစားရတယ်]
*
guest တွေက မနေ့က လယ်အလုပ်တွေ ကြိုးစားလုပ်ခဲ့ရလို့ ပင်ပန်းနေကြသည်။
ထုတ်လုပ်ရေးအဖွဲ့သည် အသိစိတ် ရှိနေဆဲဖြစ်ပြီး လူတိုင်းသူတို့ရဲ့ အချိန်တွေကို လွတ်လွတ်လပ်လပ် စီစဉ်နိုင်ဖို့ တစ်ရက်လောက် အနားပေးလိုက်သည်။
နံနက်စာစားပြီးတဲ့နောက်မှာ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်က ဖေးခွမ်ကိုခေါ်ကာ ဘေးက ချီမိသားစုအိမ် သွားလည်ကြသည်။
တိုက်တိုက်ဆိုင်ဆိုင် အခြားအဖွဲ့နှစ်ဖွဲ့က guest တွေလည်း ခြံဝင်းထဲမှာ စကားစမြည်ပြောနေကြသည်။
"အန်တီလေး၊ လာတယ်!"ချီမူရှစ်က ခုန်ပေါက်ပြီး ရောက်လာသည်။ "ကျွန်တော် အန်တီလေးတို့နေရာမှာ သွားရှာချင်ပေမယ့် မားက ခွင့်မပြုဘူး၊ အန်တီလေးတို့ဆီမှာ ဧည့်သည် ရောက်နေတယ်လို့ပြောတယ်"
ပြောပြီးသွားတော့ သူက ဖေးခွမ်ကို လှည့်ကြည့်လိုက်သည်။
ဖေးခွမ် က ပြုံးလိုက်ပြီး ချီမူရှစ်ကို နှုတ်ဆက်လိုက်သည်။ "ဟယ်လို၊ အစ်ကိုက လင်းချွမ်ရဲ့ သူငယ်ချင်း ဖေးခွမ်ပါ"
ချီမူရှစ်ကလည်း သူ့အတိုင်းပြောလိုက်သည်။ "ဟယ်လို၊ ကျွန်တော်က အန်တီလေးရဲ့သူငယ်ချင်း ချီမူရှစ်ပါ"
အစက ဒီလိုမိတ်ဆက်တာရဲ့နောက်ကွယ်မှာ အထူးတလည် အဓိပ္ပါယ်မရှိပေမယ့် ဖြတ်သွားတဲ့ဟာသသရုပ်ဆောက်နဲ့ တိုးသည်။
"အို မူရှစ်၊ မင်းက သူငယ်ချင်းဘယ်လိုလုပ်ရမလဲဆိုတာ သေချာ သိတာဘဲ!" ကောရှို့က အပြုံးနဲ့ပြောလိုက်သည်။
တခြားသူတွေက မတုံ့ပြန်လာသေးဘဲ မနေနိုင်ဘဲ သူ့ကိုလှည့်ကြည့်လာလိုက်သည်။
သူဘာကို ဆိုလိုတာလဲ?
ကောရှို့က ရှင်းပြလိုက်သည်။ "အန်တီလေးရဲ့သူငယ်ချင်းက အန်တီလေးနဲ့ မျိုးဆက်အတူတူဘဲလေ။ တူလေးရဲ့သူငယ်ချင်းက တူလေးနဲ့ မျိုးဆက်အတူတူပဲ၊ ကိုယ်သူငယ်ချင်းလုပ်တဲ့လူက အရမ်းအရေးကြီးတာမဟုတ်ဘူးလား?"
ခဏလောက် အံ့အားသင့်သွားပြီးတဲ့နောက်မှာ အားလုံးက ရယ်မောလိုက်ကြသည်။
နောက်တော့ လက်ရှိ ရှိနေကြတဲ့သူတွေကလည်း သူတိုက စုန့်အာ့နန်ရဲ့သူငယ်ချင်းတွေလို့ ပြောလာကြသည်။
အဲ့လိုပြောပြီးတဲ့နောက်မှာ သူတို့က စုန့်လင်းချွမ်နဲ့ ဖေးခွမ်ကို စနောက်သလိုကြည့်လာကြသည်။
တိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်နေကြတဲ့သူတွေကလည်း သူတို့တွေက တကယ့်အခွင့်အရေးသမားတွေလို့ အရွှန်းဖောက်လာကြသည်။
ဒီလို ရယ်မောရင်းနဲ့ ရယ်မောသံတွေ ထွက်လာတဲ့အခါ လေထုက သဘာဝအတိုင်း ပိုပြီး သက်ဝင်လှုပ်ရှားလာသည်။
အားလုံးက ခြံထဲမှာ စကားစမြည်ပြောနေကြသည်။
စုန့်အာ့နန်က အစက ဖေးခွမ်တစ်ယောက် စိတ်မသက်မသာဖြစ်မှာကို နည်းနည်းစိုးရိမ်နေသည်။
ဖေးခွမ် ကို နည်းနည်းဂရုစိုက်ဖို့ နောက်အခွင့်အရေးရရင် စုန့်လင်းချွမ်ကို ပြောဖို့ သူမစီစဉ်ထားသည်။
အကယ်၍ သူမသာ မရင်းနှီးတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုထဲ ရုတ်တရက် ပစ်ချခံရပါက သူမကို အဆင်မပြေဖြစ်စေမည်မှာ သေချာသလောက်ပင်။
ဒါပေမယ့် အခုကြည့်ရတာ တစ်ချို့လူတွေက ဒီစွမ်းရည်ကို သဘာဝအတိုင်း ပိုင်ဆိုင်ထားကြတဲ့ပုံပင် - သူတို့လိုချင်သလောက် လူမှုရေးအခြေအနေအားလုံးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။
ဒီခြံထဲကိုဝင်လာကတည်းက သူဟာ ဘယ်နယ်ပယ်ကိုမဆို ပေါင်းစည်းဖို့ အပြင်းအထန် ကြိုးစားနေပုံမပေါ်ဘဲ သဘာဝကျကျ ချောချော မွေ့မွေ့နဲ့ ပေါင်းစပ်သွားသည်။
သူက စုန့်လင်းချွမ် ထက်တောင် ပိုသက်တောင့်သက်သာရှိနေတဲ့ပုံပင်။
ဘယ်အကြောင်းအရာကို ဆွေးနွေးနေပါစေ၊ သူက စကားတစ်ခွန်း နှစ်ခွန်းလောက်နဲ့ ဟန်ချက်ညီညီ ဆုပ်ကိုင်ထားနိုင်ပုံရသည် တခြားသူတွေရဲ့ စိတ်ခံစားချက်ကို မပျက်စေဘဲ လူတိုင်းကို အရမ်းသက်တောင့်သက်သာဖြစ်စေသည်။
စုန့်အာ့နန် ကိုယ်တိုင် ဒီလို မလုပ်နိုင်ပေမယ့် ဒီလိုလူမျိုးကို သူမအရမ်း လေးစားသည်။
စကားဝိုင်းက ဒီကို ဘယ်လိုလုပ်ရောက်လာမှန်း သူမမသိပေ။
လင်းယုက ဖေးခွမ်ကိုကြည့်လိုက်ပြီးနောက်တော့ စုန့်လင်းချွမ်ကို ရုတ်တရက် မေးလာသည်။ "မင်းတို့နှစ်ယောက် ပင်ကိုယ်စရိုက်လည်း လုံးဝကို မတူတာ၊ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်သွားတာလဲ?"
ဒါကိုကြားတော့ တခြားလူတွေကလည်း သိချင်စိတ်နဲ့ လှည့်ကြည့်လာကြသည်။
သူတို့အားလုံးကလည်း ဒါကို သိချင်နေသည်။
စီးပွါးရေးသက်သက် ဟန်ပြလောကတွင် မိတ်ဆွေစစ်မရှိလို့ မကြာခဏပြောလေ့ရှိပြီး အဓိကအားဖြင့် အရင်းအမြစ်နဲ့ အကျိုးစီးပွား မကွဲလွဲတဲ့သူတွေကို ရည်ညွှန်းသည်။
ဥပမာ- လီယုနဲ့ ရှစ်ချင်တို့နှစ်ဦးက မတူညီတဲ့လမ်းကြောင်းကနေ ပေါ်လာကြပြီး ကွဲပြားတဲ့ကျော်ကြားမှု အဆင့်တွေရှိသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကြားမှာ အခြေခံအားဖြင့် အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့စရာ မရှိတာကြောင့် သူတို့အချင်းချင်း သူငယ်ချင်းဖြစ်တာက အဓိပ္ပါယ်ရှိပေသည်။
ဒါပေမယ့် စုန့်လင်းချွမ်နဲ့ဖေးခွမ် တို့ကျတော့ သူတို့အသိုင်းအဝိုင်းထဲမှာ ခြွင်းချက်ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက တူညီတဲ့ အလုပ်အကိုင်ကြောင်းလမ်းကြောင်းတွေ ရှိကြတဲ့ ထိပ်တန်းကြယ်ပွင့်တွေဖြစ်ကြပြီး သဘာဝအလျောက် တူညီတဲ့ အရင်းအမြစ်တွေ ရှိသည်။ ဒါပေမယ့် သူတို့က ကိုယ်ရေးကိုယ်တာ သူငယ်ချင်းကောင်းတွေလည်း ဖြစ်သည် - ဒါက မယုံနိုင်စရာပင်။
ဖေးခွမ်က ပြုံးကာ ပြန်ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်တို့လည်း အစတုန်းက အဆင်မပြေကြဘူး တစ်ယောက်နဲ့တစ်ယောက် စိတ်မသက်မသာဖြစ်ရတယ်"
Survival Show တွင် သူတို့က တစ်ခန်းတည်း နေခဲ့ရည်။ စုန့်လင်းချွမ်တစ်ယောက် သူ့ကို အထင်သေးမှန်း ဖေးခွမ် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
အမှန်ပင်၊ အဲ့ဒီအချိန်တုန်းက ဒေါသကြီးပြီး ချမ်းသာတဲ့သခင်ငယ်လေး စုန့်လင်းချွမ်ကို သူလည်းအထင်မကြီးပါချေ။
ကံကောင်းထောက်မစွာနဲ့ သူတို့နှစ်ယောက်လုံးက ရန်ဖြစ်တတ်တဲ့ ပုံစံမဟုတ်ပါချေ။ တစ်ယောက်နဲ့တစ်ယောက် သဘောမကျရင်တောင်မှ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းတွေထက် နည်းနည်း ကောင်းသေးသည်။
နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ တစ်အုပ်စုတည်း ပွဲဦးထွက်ခဲ့သည်။ အဲ့ဒီအချိန်တုန်းက သူနဲ့ စုန့်လင်းချွမ် တို့ဟာ အဖွဲ့ထဲတွင် ရေပန်းအစားဆုံး အဖွဲ့ဝင်တွေဖြစ်ကြပြီး ကျန်းခိုင်က သူတို့ နောက်မှာပင်။
ဒါကြောင့် ကျန်းခိုင်က သူတို့ကို သီးခြားခွဲထားဖို့ အခြားအဖွဲ့ဝင်နှစ်ယောက်ကို စည်းရုံးခဲ့သည်။
တခြားသူတွေနဲ့ ယှဉ်ရင် ဒါက သူတို့နှစ်ယောက်ကို ပိုရင်းနှီးလာစေသည်။
ဒါကြောင့် ဖေးခွမ်က အဲ့ဒီအချိန်တုန်းက စုန့်လင်းချွမ်ကို အကူအညီတောင်းဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိခဲ့ပေ။
စုန့်လင်းချွမ်က သူ့ကို ပိုက်ဆံတကယ်ချေးပေးမယ်လို့ သူ မမျှော်လင့်ထားပါချေ။
နောက်ခံသမိုင်းကြောင်းကို ကြားလိုက်ရတဲ့အခါ လူတိုင်းရဲ့ စူးစမ်းလိုစိတ်က လှုပ်ခတ်သွားသည်။ သူတို့အားလုံးက အတင်းအဖျင်း ပြောချင်ကြတဲ့ အမူအရာတွေကို ဆင်မြန်းထားသည်။