← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

သူမ မက်မွန်သီးတွေကို အမှတ်အသားလုပ်နေတာကို မြင်တော့ သူမဘာလုပ်နေလဲဆိုတာ လီယုက နားမလည်ပါချေ။ သူမက အံ့ဩတဲ့အကြည့်နဲ့ မေးလိုက်သည်။ "အာ့နန်၊ ဘာလုပ်နေတာလဲ? ဒီမက်မွန်သီးတွေက မတူဘူးလား?"

သူမမှတ်မိတာ မှန်မယ်ဆိုရင် ဒီမက်မွန်သီးခြံရှိ မက်မွန်ပင်‌တွေ အားလုံးဟာ အမျိုးအစားအတူတူပင် ဖြစ်သည်။

စုန့်အာ့နန်က ခေါင်းခါပြလိုက်ပေမယ့် ခေါင်းခါနေတုန်း လမ်းတစ်ဝက်မှာ ခေါင်းညိတ်ပြလိုက်ပြန်သည်။ "ဒါကိုခူးတဲ့သူက မတူဘူးလေ"

လူတိုင်း အံသြသွားကြသည်။

စုန့်အာ့နန်က ဘာမှ ဖုံးကွယ်မထားဘဲ မက်မွန်သီး ပို့ပေးမယ့်အကြောင်း ရှင်းပြလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေကတော့ အားကျရလွန်းလို့ မျက်ရည် တွေတောင်ကျရသည်။

[မယုံနိုင်ဘူး! အန်တီလေးရဲ့ အခန်းဖော်တွေကို အရမ်းအားကျတာဘဲ!]

[ဝမ်းနည်းလိုက်တာ၊ ငါဘာလို့ အန်တီလေးရဲ့အခန်းဖော်မဖြစ်ရတာလဲ?]

[ငါလည်း အန်တီလေးရဲ့ အခန်းဖော် ဖြစ်ချင်တယ် ဒါပေမယ့် B တက္ကသိုလ်ကိုတော့ မတက်နိုင်လို့ မဖြစ်နိုင်ဘူးဆိုတာ ငါသိတယ်!]

[ဝူးဝူးဝူး~ ငါ့ကောကောရဲ့ မက်မွန်သီးကို လိုချင်တယ်။ ငိုချင်လာသလို ခံစားရတယ်]

စုန့်အာ့နန်က ဒီနေ့မှာ မစ်ရှင်တစ်ခုနဲ့ ဥယျာဉ်ခြံဆီ လာခဲ့သည်။ အခန်းဖော်တွေဆီ မက်မွန်သီးတွေကို ပေးပို့ရမယ့်အပြင် သူမရဲ့အကိုကြီးနဲ့ ယောင်းမဆီကိုလည်း ပို့ပေးရမည်။ သူမရဲ့အစ်ကိုနဲ့ ယောင်းမတို့အတွက် ဝေစုကိုတော့ စုန့်အာ့နန်က သူမ ခူးထားတဲ့အထဲက ရွေးလိုက်သည်။

အချိန်အတော်ကြာ ခူးပြီးတဲ့နောက်မှာ မက်မွန်သီးတွေကို ဥယျာဉ်ခြံပေါက်ဝဆီ သယ်လာပြီး ချိန်တွယ်ကာ ငွေပေးချေပြီးတော့ ချက်ချင်း ပို့လိုက်သည်။

သူတို့ မက်မွန်ခြံထဲ တစ်ဖန်ပြန်ဝင်လာတဲ့အခါ၊ စုန့်အာ့နန်က ဘာမှလုပ်စရာမရှိတော့တဲ့အတွက် စိတ်သက်သာရာရသွားသည်။ မက်မွန်ခြံရဲ့ ရှုခင်းက တကယ်ကောင်းပြီး လူတိုင်းက လည်ပတ်ရင်းနဲ့ မက်မွန်သီးတွေခူးကြသည်။

ချီမူရှစ်က မက်မွန်သီးခူးတာပြိုင်ဖို့ လူတွေကို ဆွဲခေါ်ကာ ဘယ်သူက ပိုမြန်လဲဆိုတာကို ကြည့်ရဖို့တောင်းဆိုနေသည်။ လူတိုင်းက သူနဲ့ ပြိုင်ဖို့ ပျင်းနေကြပေမယ့် စုန့်လင်းချွမ်ကတော့ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ပြိုင်ချင်သွားပြီး တကယ်ပဲ သူနဲ့ ပြိုင်တော့သည်။

ဒါကြောင့် သူတို့နှစ်ယောက်က မက်မွန်တောထဲ အမြန် ဖြတ်ပြေးသွားကြပြီး လူတိုင်းကို ကူကယ်ရာမဲ့စွာ ရယ်မောမိစေသည်။

စုန့်အာ့နန် နည်းနည်း မောလာတဲ့အတွက် အနီးနားမှာ အနားယူဖို့ နေရာတစ်ခု ရှာလိုက်သည်။ ဖြစ်ချင်တော့ သူမဘေးမှာ မြက်တစ်ကွက်ရှိနေတဲ့အတွက် အပင်နည်းနည်းနှုတ်လိုက်ကာ စရက်တော့သည်။

ခဏအကြာစုန့်လင်းချွမ် ပြန်ရောက်လာသည်။

"အန်တီလေး ဘာလုပ်နေတာလဲ?"

စုန့်အာ့နန်က နှံကောင်ပုံစံလေးကို လက်စသတ်လိုက်ပြီး စုန့်လင်းချွမ် ကို ပြုံးပြကာ ကမ်းပေးလိုက်သည်။ "လိုချင်လား?"

စုန့်လင်းချွမ် အဲဒါကို လိုချင်သည်။ သူ့အန်တီလေးက အဲ့ဒါကိုလုပ်ထားတာ ဘယ်လိုလုပ် မလိုချင်ရမှာလဲ? သူက နှံကောင်ပုံလေးကို ပျော်ရွှင်စွာနဲ့ ယူသွားပြီး မနီးမဝေးက ဖေးခွမ်ဆီ သွားလိုက်သည်။

“ကြည့် ငါ့အန်တီလေးက ငါ့အတွက် အထူးတလည်လုပ်ထားပေးတာ” သူက ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။

ဖေးခွမ်က စုန့်လင်းချွမ် လက်ထဲက နှံကောင်ရုပ်လေးကို ကြည့်လိုက်ပြီး ရွှင်မြူးစွာနဲ့ မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှ မပြန်ပြောပေ။

စုန့်လင်းချွမ်က သူရဲ့တုံ့ပြန်မှုကို လုံးဝ ဂရုမစိုက်ဘဲ ဖေးခွမ်ရဲ့ ဘေးမှာ ထိုင်ချလိုက်သည်။

မြက်ပင်နဲ့လုပ်ထားတဲ့ နှံကောင်ရုပ်လေးကို သူ့လက်ထဲမှာ ကိုင်ထားပြီး အပြန်ပြန်အလှန်လှန် လှုပ်ယမ်းနေသည်။

အရမ်းချစ်ဖို့ကောင်းတယ်!

အဲ့ဒီအခိုက်အတန့်မှာ၊ ချီမူရှစ်ရဲ့အသံက မက်မွန်တောတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

"ဝိုး! နှံကောင်လေးပဲ၊ အန်တီလေးက အရမ်းတော်တာဘဲ။ ဒါကို ကျွန်တော့်အတွက် လုပ်ပေးထားတာလား? ကျွန်တော်တကယ်ကြိုက်တယ်!"

စုန့်လင်းချွမ်ရဲ့လက်မှာ ခဏလောက်ရပ်သွားပြီး သူရဲ့အမူအရာမှာလည်း စက္ကန့်ပိုင်းလောက် အက်ကွဲသွားသည်။ ဖြစ်ပျက်သွားတာကို ခန့်မှန်းဖို့မခက်ပါချေ။ လေထုက ရုတ်တရက် ငြိမ်သက်သွားသည်။ စုန့်အာ့နန်က လည်ချောင်းရှင်းလိုက်ပြီး သူ့မျက်နှာကို ကယ်တင်ဖို့ ကြိုးစားလိုက်သည်။ "အင်း၊ ငါက ဒါပထမဆုံးလုပ်တာပဲ"

တစ်ခုတည်းမဟုတ်ဘူး၊ အနည်းဆုံး ပထမတစ်ခုဘဲ။

ဖေးခွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လုံးဝကို တစ်ပုံစံထဲတူတဲ့ မြက်ပင်နဲ့လုပ်ထားတဲ့ နှံကောင်ကို သူ့နောက်ကနေ ဖြည်းဖြည်းချင်ဆွဲထုတ်လိုက်သည်။ သူ့ကို ဘယ်သူ ပေးလဲဆိုတာ သိသာလှသည်။

စုန့်လင်းချွမ် - "..."

သူတို့ဘေးက ကင်မရာမင်းမှာ ရယ်ချင်တာကို ဖိနှိပ်ထားရပြီး ကင်မရာက ပြင်းပြင်းထန်ထန်နဲ့ တုန်ခါသွားသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက မှတ်ချက်ဧရိယာဟာလည်း "ဟားဟား" ‌တွေနဲ့ပြည့်လျှံသွားသည်။

[ဘုရားရေ၊ စုန့်လင်းချွမ်ကို ရယ်ရတာ သေတော့မယ်။ ဒါက ဘယ်လို ကလေးဆန်တဲ့ အပြုအမူလဲ?]

[အဲဒါက သူ့အကြိုက်ဆုံး အရုပ်လေးကို ကြွားပြနေတဲ့ ကလေးနဲ့တူတယ်]

[ဟားဟားဟား ငါတကယ်သေအောင် ရယ်မိတော့မယ်။ စုန့်လင်းချွမ်က ဟာသသရုပ်ဆောင်လုပ်ဖို့ စီစဉ်နေတာလား?]

[ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ရယ်ရင်းနဲ့ ငါမြန်မြန်သေတော့မယ်။ စုန့် မိသားစုက ငါ့သေဆုံးမှုအတွက် တာဝန်ရှိတယ်]

[မိနစ်အနည်းငယ်အတွင်းမှာပဲ စုန့်လင်းချွမ်ရဲ့ သရုပ်ဆောင်မှုတွေက ဂုဏ်ယူကြွားဝါနေတယ်၊ ‌နောက်တော့ မယုံကြည်နိုင်မှုတွေကနေ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျလာပြီး ဘဝရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်လာသလိုဘဲ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုက အထင်ကြီးစရာဘဲ]

[အပေါ်ထပ်ကလူတော့ ငါ့ကိုရယ်သေအောင် လုပ်နေတာဘဲ။ သရုပ်ဆောင်နေတာမဟုတ်ဘူး အဲဒါအားလုံးက တကယ့်ခံစားချက်တွေပဲ]

[စုန့်လင်းချွမ် - အန်တီလေး၊ ပြောင်းလဲသွားပြီ။ မင်းမှာ တူလေးတွေ အများကြီးရှိနေတာဘဲ]

[အန်တီ‌လေး - သူတို့အားလုံးက ငါ့တူတွေပဲ၊ မျှမျှတတနဲ့ လူတိုင်းကို အခွင့်အရေးပေးရမယ်]

...

စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကြားက အဖြစ်အပျက်ကို စုန့်အာ့နန်က မသိလိုက်ပေ။ သူမက အသစ်လုပ်ထားတဲ့ နှံကောင်ကို ချီမူရှစ်ဆီ ပေးလိုက်ပြီး သူမက မြက်အချို့ကို ဆက်ဆွဲနှုတ်လိုက်ကာ အခြားတစ်ခုလုပ်ဖို့ အသင့်ဖြစ်နေသည်။

အဲ့ဒီအချိန် ကျီချိုးပိုင်က စုန့်အာ့နန်ဆီ ရုတ်တရက် လျှောက်သွားသည်။

စုန့်အာ့နန် မော့ကြည့်လိုက်တဲ့အခါ သူ့ကိုတွေ့တော့ အံ့သြသွားသည်။

ကျီချိုးပိုင်က သူမကိုမေးလိုက်သည်။ "ဒါက လုပ်ရခက်လား?"

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဟင့်အင်း လုပ်ရတာ လွယ်ပါတယ်"

ကျီချိုးပိုင်က ခေါင်းဖြည်းဖြည်းညိတ်လိုက်ပြီး "လုပ်နည်း သင်ပေးလို့ရမလား?"

စုန့်အာ့နန်က သူ့ကို အံ့ဩစွာနဲ့ ကြည့်လိုက်သည်။

ကျီချိုးပိုင်က ပြုံးကာရှင်းပြလာသည်။ "နောက်ရိုက်ရမယ့်ဇာတ်လမ်းမှာ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်လေ၊ အဲဒါကို ဒါကိုအရင်လေ့လာချင်တာ"

“ကောင်းပါပြီ” စုန့်အာ့နန်က ပြောလိုက်သည်။

တကယ်တော့၊ စာအုပ်ထဲက မူလအမျိုးသားဇာတ်ဆောင်အဖြစ် ကျီချိုးပိုင်ရဲ့ အထောက်အထားကြောင့် စုန့်အာ့နန်မှာ သူ့ကို အဝေးကနေ အမြဲလေးစားခဲ့ရပြီး ရှိုးမှာလည်း အပြန်အလှန်ဆက်ဆံမှု မရှိသလောက်ပင်။

ဒါပေမယ့် ဒီတလော သူမ ဘေးကနေစောင့်ကြည့်ခဲ့တဲ့ပုံအရ စုန့်လင်းချွမ်နဲ့ ကျီချိုးပိုင်တို့ အဆင်ပြေနေတဲ့ပုံပင်။ သူတို့က အရမ်းရင်းနှီးတာမဟုတ်ပေမယ့် ပဋိပက္ခလည်း မရှိပေ။

စုန့်အာ့နန်က ဒီအတွက် စိတ်သက်သာရာရသွားသည်။ ဒါ့အပြင် မူရင်းစာအုပ်၏ ဇာတ်ကွက်ကိုပြောင်းလဲနိုင်တဲ့ ကျန်းခိုင်လည်း မရှိတော့တဲ့အတွက် သူမအနေနဲ့ ပိုလို့ပင် သက်တောင့်သက်သာရှိသလို ခံစားရသည်။

စုန့်လင်းချွမ်က မူရင်းစာအုပ်ရဲ့ ဇာတ်ကြောင်းကနေ လွဲနေပြီလို့ သူမခံစားမိပေမယ့် အနည်းဆုံးတော့ သူဘေးကင်းသည်။

*

နံနက်ခင်းတွင် မက်မွန်သီးတွေကို ခူးပြီးတဲ့နောက် အနီးနားရှိ လယ်တောအိမ်တွင် နေ့လယ်စာ စားကြပြီး နေ့လည်ပိုင်းတွင် အနီးနားပတ်ဝန်းကျင်တစ်ဝိုက်ကို အေးအေးလူလူ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

မက်မွန်ဥယျာဉ်ဘေးတွင် ကြည်လင်နေတဲ့ရေနဲ့ အမည်မသိ တောရိုင်းပန်းမျိုးစုံရှိသည့် တောင်ကျချောင်းလေးတစ်စင်း ရှိပြီး အရမ်းချစ်စရာကောင်းလှသည်။

တောင်ပေါ်က ရေက ကြည်လင်နေပြီး အောက်ခြေကိုတောင် မြင်ရသည်။ ချီမူရှစ်က စမ်းချောင်းထဲတွင် ငါးတွေပို ခြေဗလာနဲ့ ဖမ်းနေပြီး အခြားလူတွေကလည်း သူတို့ဘာသာပျော်ရွှင်စွာနဲ့ စုဝေးနေကြသည်။

စုန့်အာ့နန်က ချောမွတ်တဲ့ ကျောက်တုံးတစ်တုံးကို တွေ့လိုက်ပြီး ချောင်းနံဘေးတွင် ရေကစားရင်း ထိုင်နေလိုက်သည်။

ဖေးခွမ်က လျှောက်လာပြီး တောရိုင်းပန်းတွေနဲ့ လုပ်ထားတဲ့ ပန်းသရဖူကို သူမဆီပေးလိုက်သည်။

စုန့်အာ့နန်က ပန်းသရဖူကို ယူလိုက်ပြီ နည်းနည်း အံ့သြစွာနဲ့ မေးလိုက်သည်။ "ဒါ ကျွန်မအတွက်လား?"

ဖေးခွမ်က ညင်သာစွာနဲ့ ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။ "ဒါဟာ အပြန်အလှန် တုံ့ပြန်တဲ့ ပုံစံဘဲလေ"

စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ စုန့်အာ့နန်က သူပြောတဲ့ "အပြန်အလှန် တုံ့ပြန်ခြင်းပုံစံ" ဆိုတာက မနက်အစောပိုင်းတုန်းက နှံကောင်လုပ်ပေးတာကို ရည်ညွှန်းကြောင်း နောက်ဆုံးတော့ သူမ နားလည်သွားသည်။

ဖေးခွမ်က အနီးနားမှာ ရပ်နေတဲ့ကင်မရာမင်းကို တစ်ချက် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တော့ ပန်းခင်းဆီ ဦးတည်ကာ လှည့်ထွက်သွားသည်။

ခဏအကြာမှာတော့ သူက အလားတူ ပန်းသရဖူနှစ်ခုနဲ့ အတူ ပြန်ရောက်လာပြီး ရှစ်ချင်နဲ့ လီယုဆီသွားလိုက်သည်။

နှစ်ယောက်လုံးက ပျော်ရွှင်စွာနဲ့ ပန်းသရဖူကို လက်ခံလိုက်သည်။ လီယုက တခစ်ခစ်ရယ်လိုက်ပြီး "အိုး၊ ဒါတွေပ အရမ်းလှတာပဲ။ ဖေးခွမ် မင်းရဲ့ အနာဂတ် ချစ်သူကတော့ အရမ်းကံကောင်းလိမ့်မှာဘဲ"

အရမ်း ရိုမန့်တစ်ဆန်တယ်၊ အတွေးအခေါ်လည်းရှိတယ်၊ အရမ်းလည်းကြည့်ကောင်းတယ်

ပြောပြီးတဲ့နောက်မှာ လီယုက ကောရှို့ဘက် လှည့်ကာပြောလိုက်သည်။ "သူတို့ကို ကြည့်စမ်းပါဦး၊ ရှင် သူတို့ဆီကနေ သင်ယူသင့်တယ်"

ကောရှို့က ဖေးခွမ်ကို အပြုံးနဲ့ ချက်ချင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ညီအစ်ကိုရေ ကျေးဇူးပြုပြီး ငါ့ကို ချန်ထားပေးပါ၊ ငါအိမ်ပြန်ချင်သေးတယ်လေ"

လူတိုင်းက ရယ်မောကြပြီး ဝင်ပြီးစနောက်လာကြသည်။

[မယုံနိုင်ဘူး! ငါပဲ အမြင်မှားတာလား? အစတုန်းက ဖေးခွမ်က ပန်းသရဖူကို အန်တီလေးကိုဘဲ ပေးဖို့ ရည်ရွယ်ထားတဲ့ပုံဘဲ။ နောက်တော့ သူကတစ်ခုခုကို တွေးမိပြီး ကျန်နှစ်ယောက်အတွက် နောက်ထပ် ပန်းသရဖူ နှစ်ခု ထပ်လုပ်လိုက်တာ]

[သူက အဆိုးမြင်တဲ့ မှတ်ချက်တွေကို ရှောင်ချင်လို့တယ်။ နောက်ဆုံးတော့ အန်တီလေးက ငယ်ငယ်လေးပဲ ရှိသေးတယ်လေ၊ ဖေးခွမ်က သူ့ကို ဒုက္ခမပေးချင်လို့]

[အင်း ငါဝန်ခံတယ်။ တကယ်တော့ ငါက ဖေးခွမ်နဲ့ အန်တီလေးကို ship နေတာ။ ရွှတ် ရွှတ် ငါလိပ်ပြာမလုံဘူး!]

....

ညနေငါးနာရီကျော်လောက်မှာ အားလုံးခြံထဲပြန်လာကြသည်။

တစ်ရက်တာလုံး လည်ပတ်ပြီးတဲ့နောက်မှာ စုန့်အာ့နန်၊ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့လည်း မောပန်းနွမ်းနယ်နေပြီး ဆိုဖာပေါ်ပစ်လှဲချလိုက်ကြသည်။

သူတို့သုံးယောက်က အစတုန်းက မျက်လုံးမှိတ်ပြီး ခဏ‌လောက် တစ်ရေးအိပ်ဖို့ ရည်ရွယ်ထားပေမယ့် မထင်မှတ်ပဲ သူတို့အားလုံး အိပ်ပျော်သွားကြသည်။

တစ်နာရီခန့်အကြာ ဖေးခွမ်က ပထမဆုံးနိုးလာသည်။

အပြင်မှာ မှောင်နေပြီဆိုတာ မြင်လိုက်ရတော့ ကျန်တဲ့နှစ်ယောက်ကိုလည်း သူနှိုးလိုက်သည်။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က အိပ်ချင်မူးတူးနဲ့ ထလိုက်ကြပြီး အပြည့်အဝနိုးဖို့ အချိန်အတော်ယူလိုက်ရသည်။

ဖေးခွမ်က သူတို့ကို ကြည့်ပြီး မေးလိုက်သည်။ "ညစာ ဘာစားချင်ကြလဲ?"

စုန့်အာ့နန်လည်း ဘာပြောရမှန်းမသိဖြစ်သွားကြသည်။ သူတို့က အရသာရှိတဲ့ နေ့လယ်စာကို စားလာခဲ့တော့ အခု သူမ ဘာစားချင်နေလဲဆိုတာကို မစဉ်းစားနိုင်တော့ပေ။

"ငါဖက်ထုပ်တွေ ထပ်စားချင်သလို ခံစားရတယ်" စုန့်လင်းချွမ်က ရုတ်တရက် ပြောလာသည်။

ဖက်ထုပ်? စုန့်အာ့နန် အံ့အားသင့်သွားသည်။

စုန့်လင်းချွမ် ပြောလာတာကြောင့် သူမလည်း အဲ့ဒါကို တောင်းတစပြုလာသည်။

အထူးသဖြင့် ဖေးခွမ် အဲဒီနေ့လုပ်ခဲ့တဲ့ ဖက်ထုပ်က အရမ်းအရသာရှိသည်။

ရှိုးက မနက်ဖြန်မှာ ပြီးမှာဖြစ်ပြီး ဧည့်သည်အနေနဲ့ ဖေးခွမ် လည်း ပြန်ရမှာ ဖြစ်သည်။

နောင်ကျရင်လည်းအဲ့ဒါ‌တွေကို ထပ်စားဖို့ အခွင့်အရေးရှိဦးမလားလို့ သူမ တွေးမိသည်။

"ကိစ္စမရှိပါဘူး၊ ငါတို့ တစ်နေကုန် ပင်ပန်းထားတာ။ လွယ်တာ တစ်ခုခုလုပ်ကြရ‌အောင်" စုန့်အာ့နန်က ဆိုလာသည်။

ဖက်ထုပ်ကို ရှင်းရှင်းလင်းလင်း စားချင်နေပေမယ့် ငဲ့ညှာနေတဲ့ပုံပေါ်နေတဲ့ အန်တီလေးကို ဖေးခွမ် ကြည့်လိုက်သည်။ သူ မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ။

"ဒါဆိုလည်း ဖက်ထုပ်စားကြတာပေါ့" ဖေးခွမ်က ပြောလိုက်သည်။ "ငါလည်း စားချင်နေတာ"

ချက်ပြုတ်ရေး တာဝန်ခံက ပြောလာတော့ စားဖို့ စောင့်နေကြတဲ့ ကျန်တဲ့သူတွေကလည်း သဘာဝအတိုင်း ကန့်ကွက်စရာ မရှိတော့ပေ။

ဒါကြောင့် ဖက်ထုပ်ပဲထပ်လုပ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ထုတ်လုပ်ရေးအဖွဲ့ကနေ ပါဝင်ပစ္စည်းတွေကို ရပြီးတဲ့နောက် သုံးယောက်လုံးက ကိုယ့်တာဝန် ကိုယ်ယူကာစလုပ်ကြတော့သည်။

စုန့်လင်းချွမ်က မုန့်ညှက်နယ်ဖို့တာဝန်ကို စိတ်ချလက်ချယူခဲ့ပြီး ကျန်တာတွေကိုတော့ ဖေးခွမ်နဲ့ ထားခဲ့လိုက်သည်။

စုန့်အာ့နန် အတွက်တော့ အတိအကျတာဝန်မရှိပေ။ သူတို့ တစ်ခုခု လိုရင် သူမကို ခေါ်မယ်လို့ ပြောထားသည်။

ဖေးခွမ်က မီးဖိုချောင်ထဲမှာ အစာသွပ်မယ့် အစာတွေကို လှီးနေတုန်းမှာ သူမက ဘယ်အချိန်မဆို ကူညီဖို့ အသင့်ဖြစ်နေသလိုမျိုး သူ့ဘေးမှာရပ်နေတဲ့ စုန့်အာ့နန်ကို သူ တစ်ချက်ကြည့်လိုက်သည်။ အဲဒါက သူ့ကို ရယ်စေချင်သွားသည်။

"ဒီမှာ ဘာကူညီစရာမှ မရှိဘူး၊ အပြင်ထွက်ပြီး ပျော်ပျော်သွားနေ" ဖေးခွမ် ခေါင်းယမ်းရင်း သူမကိုပြောလိုက်သည်။

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။ "ရပါတယ်၊ ကျွန်မကြည့်ချင်လို့"

သူမကူညီနိုင်တာတစ်ခုခုရှိလာရင် ဘယ်လိုလုပ်မလဲ?

ဘယ်လိုဘဲဆိုဆို သူမက ဒီတိုင်း အစားအစာလာချမှာကို ထိုင်စောင့်နေရမှာ မသက်မသာဖြစ်လှသည်။

ကူကယ်ရာမဲ့စွာနဲ့ ဖေးခွမ်က ခေါင်းခါလိုက်ပြီး သူမကို နေခွင့်ပေးလိုက်သည်။

အဲ့ဒီအချိန် ဒီအန်တီလေးက အကျင့်စာရိတ္တလည်း ကောင်းမွန်ကြောင်း သူ သတိပြုမိလိုက်သည်။

စုန့်လင်းချွမ်ရဲ့ အပြုအမူကို ကြည့်ရရင် စုန့်မိသားစုကလည်း သူမအပေါ် အလိုလိုက်တဲ့ပုံပင်။

စုန့်လင်းချွမ်က သူမကို “အန်တီလေး” လို့ ခေါ်ပေမယ့် စုန့်အာ့နန်ကို ညီမလေးတစ်‌ယောက်လို ချစ်ခင်ကြင်နာစွာနဲ့ ဆက်ဆံတာကို မျက်လုံးရှိသူတိုင်း မြင်နိုင်သည်။

ဒါပေမယ့် စုန့်အာ့နန်အပေါ် အလိုလိုက်ဖျက်စီးတဲ့ အရိပ်အယောင်တော့ မတွေ့ရပါချေ။

သူ့မှာလည်း သူမလိုမျိုး ညီမလေးတစ်ယောက်သာရှိရင် သူတော့ စုန့်လင်းချွမ်ထက် ပိုလို့တောင် အလိုလိုက်ပေးမိလိမ့်မည်လို့ ဖေးခွမ်တွေးလိုက်သည်။

စုန့်လင်းချွမ်က မုန့်ညှက်ကို နယ်ပြီးသွားတော့ သူက တည်တည်ငြိမ်ငြိမ် စောင့်နေလိုက်သည်။

ဖေးခွမ် ဖက်ထုပ်အစာတွေကို လှီးပြီးခါနီးမှ စုန့်လင်းချွမ်လည်း မီးဖိုချောင်ထဲ အေးအေးလူလူ ဝင်လာလိုက်သည်။

စုန့်လင်းချွမ်က အရင်တစ်ခေါက်ကလိုဘဲ ဂျုံနဲ့ ဇလုံကို အပြင်ယူသွားကာအပြင်မှာ သွားလုပ်သည်။

ဒါပေမယ့် ကင်မရာမင်းက အခုတော့ အတွေ့အကြုံ ရှိလာပြီဖြစ်သည်။ စုန့်လင်းချွမ် ထွက်သွားတာကို မြင်တာနဲ့ ချက်ချင်းဘဲ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ဖို့ သူဆုံးဖြတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက ကြည့်ရှုသူတွေဟာလည်း ချက်ချင်းဘဲ စိတ်လှုပ်ရှားသွားကြသည်။ သူတို့က သူရေအလွန်အကျွံထည့်လိုက်မှာလား ဒါမှမဟုတ် ဂျုံမှုန့်တွေကို အများကြီး ထည့်မိပြီး မုန့်ညှက်တွေအများကြီး လုပ်မိသွားမှာလားဆိုတာ သိချင်နေကြသည်။

စုန့်လင်းချွမ်က ကင်မရာမင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။

သူက သာမာန်ကာလျှံကာ နှာမှုတ်လိုက်ပြီး တည်ငြိမ်တဲ့ အမူအရာကို ထိန်းထားသည်။

ဒါပေမယ့် အမှန်တကယ်တော့ သူတော်တော်လေး စိတ်လှုပ်ရှားနေမိသည်။ ရိုးရိုးသားသားပြောရရင် သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိပေ။

ကူကယ်ရာမဲ့စွာနဲ့ သူ့ရဲ့ယခင်ကအတွေ့အကြုံကိုအခြေခံပြီး တစ်ဆင့်ချင်းစီ ဂရုတစိုက်လုပ်လိုက်သည်။

သူ့ရဲ့ အပြုအမူကို မြင်တော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲက ပရိသတ်တွေက ရလဒ်ကို ခန့်မှန်းရင်း ရယ်မောနေကြသည်။

ဒါပေမယ့် အဆုံးမှာတော့ သူ့ရဲ့ပထမဆုံးကြိုးစားမှုမှာအောင်မြင်သွားလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါချေ။

အင်တာနက်သုံးစွဲသူတွေ - ဒါပဲလား? ငါတို့က လှောင်ဖို့ပြင်ထားတာကို

စုန့်လင်းချွမ် ကိုယ်တိုင်လည်း ခဏလောက် အံ့သြသွားသည်။ နောက်တော့ မီးဖိုခန်းဘက်လှည့်ကာ အော်ပြောလိုက်သည်။ "အန်တီလေး ဒီကို မြန်မြန်လာ!"

စုန့်အာ့နန်လည်း လန့်သွားပြီး တစ်ခုခုဖြစ်သွားတယ်လို့ ထင်လိုက်ကာ ချက်ခြင်းပြေးထွက်လာသည်။

စုန့်လင်းချွမ်က သမူဘက်လှည့်လာပြီး သူ့မျက်နှာပေါ်မှာ အပြုံးခပ်ကြီးကြီးနဲ့အတူ ပြောလာသည်။ "အန်တီလေး ကြည့် ငါပထမဆုံး စမ်းကြည့်တာ အောင်မြင်သွားပြီ။ ငါအရမ်း..."

သူ့စကားမဆုံးခင် နှာခေါင်းက ရုတ်တရက် ယားလာပြီး နှာချေလိုက်သည်။

"ဟက်ချိုး!"

သူက ဂျုံပန်းကန်ကို ကိုင်ထားတော့ ဂျုံမှုန့်တွေက ချက်ချင်းဘဲ လေထဲမှာ ပြန့်ကျဲသွားသည်။

စုန့်အာ့နန်ရဲ့ အမြင်အာရုံတွေလည်း ဖြူဖွေးသွားပြီး မသိစိတ်ကနေ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

သူမမျက်လုံးဖွင့်လိုက်တဲ့အခါ သူမရဲ့မျက်တောင်တွေပေါ်မှာ လေးလံတဲ့ အရာတစ်ခုခုကို ခံစားလိုက်ရသည်။ သူမရဲ့ နှာခေါင်းကလည်း ယားယံလာပြီး မျက်နှာတစ်ခုလုံး တစ်ခုခုဖုံးသွားသလို ခံစားလိုက်ရသည်။

စုန့်လင်းချွမ်က ဂျုံတွေဖုံးနေတဲ့ စုန့်အာ့နန်ရဲ့မျက်နှာကိုကြည့်ပြီး အံ့သြသွားသည်။

နောက်အခိုက်အတန့်မှာဘဲ ခြံဝင်းတစ်ခုလုံး သူ့ရယ်သံတွေနဲ့ပဲ့တင်ထပ်သွားသည်။

"အဟားဟားဟား....."

All Chapters