← Chapters

အခန်း (၄၂)

Vol. 4 Ch. 42

အခန်း (၄၂)

Vol. 4 Ch. 42

ငယ်ငယ်တုန်းက သူ မသိနားမလည်ဘဲ စုန့်အာ့နန်ကို မကြာခဏ ငိုအောင်လုပ်မိပြီးရင် သူ့မိဘတွေဆီကနေ ရိုက်နှက်ဆုံးမမှုတွေ အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။

ဖေးခွမ် နည်းနည်း အံ့သြသွားသည်။ အန်တီလေးက ငယ်ငယ်တုန်းက အငိုသန်တာလား?

သူတကယ်ကို လုံးဝကို မပြောနိုင်ဘူး။

စုန့်လင်းချွမ်က ဘဝင်ခိုက်နေတဲ့အမူအရာနဲ့ ကြွားလုံးထုတ်သည်။ "မင်းဘယ်လိုထင်လဲ၊ ငါ့အန်တီလေးက ချစ်စရာမကောင်းဘူးလား?"

ဖေးခွမ် ပြုံးလိုက်သည်။ "ဟုတ်တယ် ချစ်စရာကောင်းတယ်"

သူက ဟန်ဆောင်မှုမရှိဘဲ ရိုးရိုးသားသားဆိုလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် စုန့်လင်းချွမ်ရဲ့ လေသံက ရုတ်တရက် ပြောင်းသွားသည်။ "အရင်က မင်းသိချင်နေမှာပေါ့၊ ငါ့အန်တီလေးက ငယ်ငယ်လေးနဲ့ ဘာလို့ ဒီလောက် ပိုက်ဆံအများကြီး ရှိနေလဲဆိုပြီးတော့လေ ဟုတ်တယ်ဟုတ်?"

"အဲဒါက ငါ့အဘိုးအဘွားတွေ အန်တီလေးအတွက် ထားခဲ့တဲ့ အမွေတွေပဲ"

ဖေးခွမ် လန့်သွားသည်။ အမွေ?

ဒါကမဖြစ်နိုင်ဘူး...

စုန့်လင်းချွမ်က ဖေးခွမ်ရဲ့ အမူအရာကိုကြည့်ပြီး သူဘာတွေ တွေးနေလဲဆိုတာ ခန့်မှန်းမိလိုက်သည်။

သူပြောတာအမှန်ပင်။ သူ့အဖိုးအဖွားတွေဖြစ်တဲ့ စုန့်အာ့နန်ရဲ့ အဖေနဲ့အမေတို့ဟာ ဒီကမ္ဘာမှာ မရှိတော့ပေ။

စုန့်လင်းချွမ် ငယ်စဉ်ကတည်းက သူ့အဘိုးအဘွားတွေက ငြိမ်သက်တိတ်ဆိတ်တာကို သဘောကျတာကြောင့် စုန့်အာ့နန်က သူမရဲ့ မိဘများနဲ့အတူ မွေရပ်မြေတွင်အမြဲနေထိုင်ခဲ့ရသည်။

အဲ့ဒီအချိန်တုန်းက၊ စုန့်လင်းချွမ် အဖေက သူ့ရဲ့လုပ်ငန်းတွင် အထွတ်အထိပ် ရောက်နေတာကြောင့် သူတို့မိသားစုက S city တွင် နေထိုင်ကြသည်။

သူတို့မွေးရပ်မြေက S cityနဲ့ သိပ်မဝေးပေ။ နှစ်နာရီသုံးနာရီလောက်ဘဲ ကားမောင်းရသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် တွေ့ရဖို့ မကြာခဏ လည်ပတ်ကြသည်။

လွန်ခဲ့တဲ့ ကိုးနှစ်ခန့် စုန့်အာ့နန် အသက်ရှစ်နှစ်အရွယ်တွင် သူ့ရဲ့အဘိုးအဘွားတွေနဲ့ စုန့်အာ့နန်တို့က သူတို့ဆီလာလည်ဖို့ S city ဆီ ကားမောင်းလာကြသည်။ လမ်းတွင် သူတို့ ကားမတော်တဆ ဖြစ်သွားသည်။ လာနေတဲ့ ကုန်တင်ကားတစ်စီးကို ရှောင်ဖို့၊ စုန့်လင်းချွမ်ရဲ့အဘိုးက လမ်းဘေးအကာအရံတစ်ခုဆီ မောင်းဝင်လိုက်သည်။

အဲ့ဒီလမ်းက အနည်းငယ်ဝေးတာကြောင့် လူနာတင်ယာဉ်နဲ့ ရဲတွေရောက်လာတဲ့အချိန် သူ့အဘိုးအဘွားတွေက ဆုံးပါးသွားပြီဖြစ်သည်။ စုန့်အာ့နန်တစ်ယောက်ထဲသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

စုန့်လင်းချွမ် သူ့မိဘတွေနဲ့အတူ အပြေးအလွှားရောက်သွားတဲ့အချိန် စုန့်အာ့နန်က မျက်ရည်တွေ တိတ်တဆိတ်ကျနေပြီး မလှုပ်မယှက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမက အသက်မရှိတဲ့ အ၀တ်ရုပ်လေးလိုပင်။

"တကယ်တော့ ငါငယ်ငယ်တုန်းက ဒီလို အဒေါ်တစ်ယောက်ရှိလို့ မပျော်ခဲ့ဘူး။ သူ့ကို ငါ့ညီမလေးတစ်ယောက်လိုဘဲ အမြဲခံစားခဲ့ရပေမယ့် ရှက်စရာကောင်းအောက် 'အန်တီလေး' လို့ဘဲ ခေါ်ရတယ်"

ဒါ့အပြင်၊ စုန့်အာ့နန်က သူမက သူ့ထက်အသက်ကြီးပြီး သူ့ကိုဂရုစိုက်သင့်တယ်လို့ အခိုင်အမာဆိုကာ အရွယ်ရောက်တဲ့ လူကြီးလေးတစ်ယောက်လို အမြဲတစေ ပြုမူသည်။

အဲ့ဒီအချိန်တုန်းက၊ စုန့်လင်းချွမ်ဟာ ခပ်ဆိုဆိုးကလေးတစ်ယောက်ဖြစ်ပြီး သူလက်မခံနိုင်တာ သဘာဝကျသည်။ နောက်ဆုံးတော့ သူက သူမထက် ခုနစ်နှစ်တောင်ကြီးတာလေ။ ဘာလို့ သူမစကားကို နားထောင်ရမှာလဲ?

အဲဒါကြောင့် သူဟာ စုန့်အာ့နန်ကို အမြဲဆွဖို့ကြိုးစားပြီး သူမကို ငိုအောင် လုပ်နိုင်တဲ့အခါဆို သူအရမ်းပျော်သည်။

ဒါက ကြည့် မင်းလို အငိုသန်တဲ့ကလေးက လူကြီးမဟုတ်ဘူး ဆိုပြီး သူသက်သေပြတဲ့နည်းလမ်းပင်။

“အဘိုးအဘွားတွေ ဆုံးပါးသွားတော့ အန်တီလေး ငါတို့နဲ့ အတူနေလာနေဖို့ ငါ့မိဘတွေက တညလုံး ငါ့နဲ့စကားလာပြောရတယ်။ အဲဒီ့နောက်တော့ ငါသူ့ကိုစတာတွေ ရပ်လိုက်ပြီး လူကြီးဖြစ်ချင်တဲ့သူ့ကို ဖြစ်ခွင့်ပေးလိုက်တော့တယ်....."

ဖေးခွမ် ရင်ထဲမှာ လေးလံသလို ခံစားလိုက်ရပြီး အကြည့်ကို အောက်ပို့လိုက်သည်။

စုန့်အာ့နန်မှာ ဒီလောက်ထိ ကြေကွဲစရာကောင်းတဲ့ အတိတ်ရှိမှန်း သူစိတ်တောင် မကူးမိခဲ့ပေ။

ရှစ်နှစ်အရွယ် ကလေးမလေးအနေနဲ့ သူမ ချစ်ရတဲ့မိဘတွေ သူမရဲ့ မျက်စိရှေ့မှာတင် သေဆုံးသွားတာကို မြင်လိုက်ရတာက အရမ်းရက်စက်လွန်းသည်။

ဒါဟာ သူမ ဆေးပညာကို လေ့လာစေချင်ဖို့ နှိုးဆော်မှုများလား?

အကြောင်းအရာက နည်းနည်းလေးနက်သည်။ စုန့်လင်းချွမ်က ဒီအခိုက်အတန့်မှာ စိတ်လွှင့်စွာနဲ့ ပြောနေခဲ့တာဖြစ်သည်။ သူ့အာရုံတွေ ပြန်ရောက်လာတော့ အကြောင်းအရာကို ပြောင်းလိုက်သည်။

“အန်တီလေးအကြောင်း လျှို့ဝှက်ချက်တစ်ခုပြောပြမယ်” သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "သူက သရဲတွေကို ကြောက်ပေမယ့် သရဲကားတွေကြည့်ရတာတော့ ကြိုက်တယ်"

ဖေးခွမ်မှာ အံ့သြသွားပြီး မတတ်နိုင်ဘဲ ရယ်လိုက်သည်။

သရဲကြောက်ပေမယ့် သရဲကားကျ ကြည့်ရတာကြိုက်တယ်လား?

သူမက ထိတ်လန့်စရာတွေကို သဘောကျတဲ့ သတ္တိမရှိတဲ့သူဘဲ။

စုန့်လင်းချွမ် - "ငါတို့ ငယ်ငယ်တုန်းကတော့ သူနဲ့ အတူကြည့်ဖို့ မကြာခဏ ငါ့ကို တောင်းဆိုဖူးပေမယ့် သူက သူသရဲကြောက််ဆိုတာ ငါ့ကိုပေးသိရမှာတော့ ရှက်တယ်လေ။ ဒါကြောင့် သူကအမြဲတမ်း မကြောက်တတ်သလို ဟန်ဆောင်တယ်။ ငါလည်း သူ့ကိုမ‌ဖော်ထုတ်ခဲ့ပါဘူး။ အမြဲတမ်း ငါ့ဘာသာ ငါပဲ ကြောက်ဟန်ဆောင်ခဲ့တာ။ သူကြီးလာမှဘဲ သဘောပေါက်သွားတော့တယ်"

ဖေးခွမ်က မနေနိုင်ဘဲ ရယ်လိုက်သည်။

သူမဟာ ငယ်ငယ်ကတည်းက ချစ်စရာကောင်းတဲ့ အန်တီလေး တစ်ယောက်ဖြစ်ပြီးတော့ အမြဲလိုလို လိုက်လျောညီထွေ ပြုမူတတ်သူလည်းဖြစ်သည်။

စုန့်အာ့နန်ရဲ့ "အနက်ရောင်သမိုင်း" အကြောင်းကို နှစ်ယောက်သား နောက်ကျတဲ့အထိ ပြောခဲ့ကြသည်။

သူတို့အခန်းကို ပြန်ခါနီးမှာ စုန့်လင်းချွမ်က ကျန်းဟန် သူ့ကို ပြောခဲ့တာကို ရုတ်တရက် သတိရသွားသည်။

"အိုး ဟုတ်သား၊ ငါမနက်ဖြန် မနက် ၄နာရီလောက် သွားရမှာ။ မနက်ဖြန်မနက်ကျရင် ငါ့အန်တီလေးကို မင်းပြောပေးလို့ရမလား?"

"Our Dearest us" ရဲ့ ဒုတိယ season ကတော့ ဒီနေ့မှာ ရိုက်ကူးရေး ပြီးသွားပြီဖြစ်သည်။ အစက သူတို့တွေ B city ကို တိုက်ရိုက်ပြန်ဖို့ စီစဉ်ထားပေမယ့် ပရိုမိုးရှင်းပွဲက နောက်ဆုံးမိနစ်မှာပဲ ရွှေ့သွားခဲ့သည်။ ဒါကြောင့် သူ စောစောသွားရမှာဖြစ်သည်။

ဖေးခွမ် - "စိတ်မပူပါနဲ့ ငါ သူ့ကို အိမ်အထိ လုံလုံခြုံခြုံနဲ့ သေချာပြန်ပို့ပေးမယ်"

--

နောက်တစ်နေ့ နံနက် ၇ နာရီတွင် စုန့်အာ့နန်က အချိန်မှန် နိုးလာသည်။

သူတို့လေယာဉ်က မနက် ၁၁ နာရီဆိုတော့ အချိန်အများကြီးရသေးသည်။

စုန့်အာ့နန် တစ်ယောက် မနက်စောစော အိပ်ရာကနိုးလာလာချင်း အိမ်ပြန်ဖို့အကြောင်း တွေးရင်း စိတ်တွေ အရမ်းတက်ကြွနေသည်။

ဒါပေမယ့် အခန်းကို အတွင်း‌ရောအပြင်ရော ကြည့်ရင်း သူမ ထွက်သွားဖို့ တွန့်ဆုတ်နေတဲ့ အရိပ်အယောင်ကို ခံစားလိုက်ရသည်။

သူမရဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ ခံစားချက်တွေကို သဘောပေါက်သွားပြီး စုန့်အာ့နန်က ကူကယ်ရာမဲ့စွာနဲ့ ခေါင်းကို ခါကာ ခြံဝင်းထဲဆင်းလာပြီး ဖေးခွမ်ဆီသွားလိုက်သည်။

"ဂွတ်ဒ်မောနင်း"

ဖေးခွမ်လည်း ပြုံးလိုက်သည်။ "မောနင်း"

စုန့်အာ့နန်က အပျင်းကြောဆန့်လိုက်ပြီး ခြံပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် စုန့်လင်းချွမ်ကို ဘယ်နေရာမှာမှ မတွေ့ရပေ။

"လင်းချွမ် မထသေးဘူးလား?" သူမ မေးလိုက်သည်။

"သူ့မှာ ပရိုမိုးရှင်းပွဲရှိလို့ မနက် ၄ နာရီလောက်က ထွက်သွားတယ်။ မင်းကို အသိပေးဖို့ ပြောခဲ့သေးတယ်" ဖေးခွမ် က ရှင်းပြသည်။

စုန့်လင်းချွမ်က အလုပ်ကြောင့် ထွက်သွားတယ်လို့ သိလိုက်ရတော့ စုန့်အာ့နန်က "အိုး" လို့ ပြောလိုက်သည်။ သူမက သိပ်အများကြီး မတွေးနေပေ။

"ဒီနေ့ မင်းနဲ့အတူ B cityကို လိုက်ပေးဖို့ သူငါ့ကို ပြောထားတယ်" ဖေးခွမ်က ဆက်ပြောလာသည်။

အဲ့ဒီအချိန်မှာ စုန့်အာ့နန်တစ်‌ယောက် နည်းနည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူမ ကလေးမဟုတ်တော့ဘူး၊ သူမဘာသာလည်း ကောင်းကောင်းပြန်တတ်တာကို။

"မလိုပါဘူး၊ ကျွန်မဘာသာ ပြန်လို့ရတယ် ကျွန်မကိုလိုက်ပို့ပေးဖို့မလိုပါဘူး"

သူ မနေ့က S cityမှာ ဒါရိုက်တာ ဒါမှမဟုတ် တစ်ခုခုရှိလို့ သွားရမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား?

ဖေးခွမ်က ပြုံးကာခေါင်းခါလိုက်ပြီး စုန့်လင်းချွမ်ကို ပေးထားတဲ့ကတိကို တည်ရမယ်လို့ သူက အခိုင်အမာ မှတ်ယူထားသည်။

"ဒါက ကိစ္စမရှိပါဘူး၊ သူတို့နဲ့ မနက်ဖြန်ကျမှ သွားတွေ့ရမှာ၊ မင်းကို အိမ်ပြန်ပို့ဖို့ အချိန်ရှိတယ်၊ B city ကနေဆို ညနေလေယာဉ်ကို မှီတယ်"

သူအခိုင်အမာ ပြောနေတာမြင်တော့ စုန့်အာ့နန်လည်း ဘာမှပြန်မပြောတော့ပေ။

သူမက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "သူက ဘာအလုပ်လဲလို့ ပြောခဲ့သေးလား?"

ဖေးခွမ်က ပြန်ဖြေလိုက်သည်။ "သာလွန် variety show ရဲ့ဝေဟင်ရိုက်ကူးရေးအတွက် ဧည့်သည်အဖြစ်နဲ့‌လေ။ သူက ထုတ်လုပ်သူဆီမှာ ကျေးဇူးကြွေးတင်နေတယ်လို့ပြောတယ်"

သာလွန် variety show ?!

စုန့်အာ့နန်ရဲ့ မျက်နှာက တစ်ခုခုကို တွေးမိလိုက်သလိုမျိုး ရုတ်တရက် ဖြူဖျော့သွားသည်။ သူမခံစားချက်တွေ မကောင်းတော့ပေ။

သူမက တုန်တုန်ယင်ယင်အသံနဲ့ မေးလိုက်သည်။ “အဲ့ဒီ ရှိုးကို ဘယ်လိုခေါ်တာလဲ?"

ဖေးခွမ်က မျက်မှောင်ကြုတ်လိုက်ပြီး " Challenge Yourself လို့ ခေါ်တာထင်တယ်။ ဘာဖြစ်လို့လဲ?"

Challenge Yourself!

သူမ ချာချာလည်သွားသည်။ နောက်ဆုံးတော့ စုန့်လင်းချွမ် အဲ့ဒီရှိုးမှာ ပါတာနဲ့ အဆုံးသတ်သွားသည်။

စုန့်အာ့နန်ရဲ့ အမြင်အာရုံက ရုတ်တရက် မည်းမှောင်သွားပြီး ခြေလှမ်းတွေ ဒယီးဒယိုင် ဖြစ်သွားကာ ချော်လဲကျလုမတတ်ပင်။ ကံကောင်းထောက်မစွာနဲ့ ဖေးခွမ်က သူမကို အမြန်လှမ်းထိန်းလိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက် သူမက ဖေးခွမ်ရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဆိုးဆိုးရွားရွားတုန်ခါနေတဲ့ အသံနဲ့ ပြောလာသည်။ "မြန်မြန်....သူ့ကိုရှာဖို့ ခေါ်သွားပေးပါ...."

Challenge Yourself သည် အားကစားစိန်ခေါ်မှုတွေ ပါဝင်သည့် reality show တစ်ခုဖြစ်သည်။

အပိုင်းတစ်ခုစီတွင် မတူညီတဲ့ အပြင်အဆင်တွေ ပါဝင်ပေမယ့် စိန်ခေါ်မှုများမှာ အခြေခံအားဖြင့် ရိုက်ကူးရမယ့် တည်နေရာ‌တွေက လေဟာပြင်ပြင်ပ လှုပ်ရှားမှုတွေဖြစ်သည်။ ဥပမာအားဖြင့်ဆို ဒီအပိုင်းတွင် horror theme တစ်ခုရှိပြီး C Cityအပြင်ဘက်ရှိ စွန့်ပစ်ထားတဲ့စက်ရုံကြီးတွင် ရိုက်ကူးထားသည်။

လေယာဉ်ပေါ်မှဆင်းကာ ကားထဲဝင်ပြီးတဲ့နောက် စုန့်အာ့နန်မှာ တချိန်လုံး ခေါင်းငုံ့ထားပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာ မလှုပ်မယှက်နဲ့ ထိုင်နေသည်။

သူမရဲ့ လက်ဆစ်ဖြူဖြူတွေ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာက သူမ ဘယ်လောက်ထိ စိုးရိမ်ပြီး စိတ်မသက်မသာ ဖြစ်နေလဲဆိုတာကို ပြနေသည်။

စုန့်အာ့နန်ဟာ သူမရဲ့ကိုယ်ပိုင်အတွေးထဲမှာ လုံးဝပျောက်ဆုံးနေပြီး လွတ်မြောက်ဖို့ မဖြစ်နိုင်ပေ။

စာအုပ်ထဲရှိ စုန့်လင်းချွမ် ရဲ့အဆုံးသတ်က သူမစိတ်ထဲမှာ ပြည့်နှက်နေသည်။ မူရင်းဝတ္ထုထဲတွင် သူရုတ်တရက် သေဆုံးသွားပုံကို အသေးစိတ် မဖော်ပြထားပေမယ့် အဓိကအချက်အလက်နည်းနည်းကျန်ရှိသေးသည်။

သူသေဆုံးသွားသည့်နေရာဟာ C City တွင်ဖြစ်သည်။ အဲ့ဒီအပိုင်းဟာလည်း horror theme တစ်ခုဖြစ်နေသေးသည်။ ဖျော်ဖြေရေး အဖွဲ့သားတွေ စီစဉ်ပေးသည့် အနက်ရောင် ၀တ်စုံ ၀တ်ဆင်ထားတဲ့ လူတွေက လိုက်ဖမ်းနေချိန် ဘယ်နေရာကနေ ပေါ်လာမှန်းမသိတဲ့ အနီရောင် ၀တ်စုံ ၀တ်ထားတဲ့ အမျိုးသမီး တစ်ဦးကြောင့် သူ ထိတ်လန့်သွားကာ ရုတ်တရက် နှလုံးရပ်ပြီးသေဆုံး သွားခဲ့ရတာဖြစ်သည်။

ဒါပေမယ့် စုန့်လင်းချွမ်က အရမ်းသတ္တိရှိပြီး သရဲတွေကိုလည်း မကြောက်မှန်း စုန့်အာ့နန် သိသည်။ သူဟာ “အနီ ရောင်ဝတ်စုံ ဝတ်ထားတဲ့မိန်းမ” ကြောင့် ဘယ်လိုလုပ် သေတဲ့အထိ ထိတ်လန့်သွားရမှာလဲ?

ဒါကြောင့် သူရုတ်တရက် သေဆုံးရခြင်း အကြောင်းရင်းကို အဓိကအားဖြင့် သူ့ကိုယ်ခန္ဓာအခြေအနေကြောင့်လို့ သတ်မှတ်ခဲ့တာကြောင့် သူမက သူ့ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခိုင်းခဲ့ရခြင်းဖြစ်သည်။

ဒါပေမယ့် အခု စုန့်အာ့နန်မှာ ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုရှိလာသည်—ဒါက သူ့ဘာသာသူ ပြန်ပြင်ထားတဲ့ ဇာတ်ကွက်များဖြစ်နေမလား?

သူမဟာ ဒီလူ‌နေမှုဘဝရှိုးတွင် ပါဝင်ခြင်းဖြင့် မူလဇာတ်‌ေကြာင်းကို ရှောင်ဖို့ စုန့်လင်းချွမ်ကို ခေါ်လာခဲ့ပေမယ့် မူရင်းစာအုပ်မှ အမျိုးသားဇာတ်ဆောင်သည်လည်း ဒီရှိုးတွင် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခဲ့သည်။

အမျိုးသမီးဇာတ်ဆောင် မပေါ်လာသေးပေမယ့် အစက ရှိုးမှာ မပေါ်လာသင့်တဲ့ဇာတ်ပို့က ပေါ်လာသည်။

အခုဆို စုန့်လင်းချွမ်က ဒီသာလွန် variety show မှာဧည့်သည်အဖြစ်ပါဝင်လာရသည်။

စကားလုံးတစ်လုံးက စုန့်အာ့နန်စိတ်ထဲ ရုတ်တရက်ပေါ်လာသည်။

မူလစာအုပ်ထဲက ကံတရား!

ဇာတ်ကွက်လွဲသွားရင်တောင် စုန့်လင်းချွမ်က သူတွေ့ဆုံရမယ့်လူတွေနဲ့ ဆုံတွေ့နေရဆဲဖြစ်ပြီး သူတို့ဟာလည်း တစ်ချိန်တည်းမှာဘဲ ပေါ်လာကြသည်။

စုန့်လင်းချွမ်ရဲ့ ရုတ်တရက် သေဆုံးရတဲ့ အဆုံးသတ်ဟာ အဲ့ဒါကိုဖုံးကွယ်ထားရုံနဲ့ အလွယ်တကူ ရှောင်ရှားနိုင်တဲ့အရာမဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား?

ဒီဖြစ်နိုင်ခြေကိုတွေးရင်း စုန့်အာ့နန် ရုတ်တရက် အရိုးထဲကနေ စိမ့်သွားရကာ သူမတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားရသည်။

မဟုတ်ဘူး!

သေချာတာကတော့ ဒီလိုမျိုး မဟုတ်ဘူး။ သူမကိုယ်သူမ ခြောက်နေလို့မရဘူး။ ဇာတ်ကွက်ကို ပြောင်းနိုင်ရင် ဇာတ်သိမ်းကိုလည်း ပြောင်းနိုင်တယ်။

‌ဒီအရာတွေအားလုံးကို ရပ်တန့်ဖို့ သူမမှာအချိန်တွေရှိသေးသည်။ မူရင်းစာအုပ်ထဲက စုန့်လင်းချွမ်ရဲ့ ဒီကပ်ဆိုးကြီးကို ကျော်လွှားနိုင်အောင် ကူညီပေးနိုင်နေသရွေ့ နောက်ဆက်တွဲ ဇာတ်ကြောင်းက စာအုပ်နဲ့ ဘာမှ မဆိုင်လောက်တော့ဘူး။

အဲ့ဒါက စုန့်လင်းချွမ်ဟာ စာအုပ်ထဲက သူ့ကံကြမ္မာကို အမှန်တကယ် လွတ်မြောက်သွားပြီလို့ မဆိုလိုချေ။

စုန့်လင်းချွမ် ဒီသာလွန် Variety ရှိုးကို ရိုက်ကူးဖို့ သွားခဲ့တာကို သိပြီးတဲ့နောက် စုန့်အာ့နန် ပထမဆုံးလုပ်ခဲ့တာက သူ့ကိုဖုန်းခေါ်ပြီး တားဖို့လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။

ဖေးခွမ်က ကျန်းဟန်ကို ဖုန်းဆက်မေးကြည့်တော့ စုန့်လင်းချွမ်က ရိုက်ကူးရေးထဲ ဝင်သွားနေပြီဆိုတာ သိလိုက်ရပြီး ရှိုးမှာလည်း ဧည့်သည်တွေကို ဖုန်းပိတ်ထားဖို့ တောင်းဆိုထားတာကြောင့် သူ့ကို ဆက်သွယ်လို့ မရတာဖြစ်သည်။

ဒီအချိန်မှာ စုန့်အာ့နန်ကတော့ ဒါတွေအားလုံးကို ဂရုမစိုက်နိုင်ပါ‌ချေ။ သူမက ကျန်းဟန်ကို ရှိုးကနေ ထွက်သွားဖို့ ချက်ချင်း ပြောခဲ့ပေမယ့် သူမကိုယ်တိုင်က ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကို ခိုင်ခိုင်မာမာ မပြနိုင်ခဲ့ပါချေ။

နောက်ဆုံးတော့ ဖေးခွမ်က ကိစ္စတွေကိုချောချောမွေ့မွေ့ဖြစ်စေဖို့ အိမ်မှာ အရေးပေါ် အခြေအနေဖြစ်နေလို့ စုန့်လင်းချွမ်ကို အရေးတကြီး ဆက်သွယ်ဖို့ လိုတယ်ဆိုပြီးပြောလိုက်သည်။

ဒီတော့မှ ကျန်းဟန်က သဘောတူလိုက်ပြီး ရိုက်ကူးရေးခဏရပ်ဖို့ ဒါရိုက်တာနဲ့ ဆွေးနွေးလိုက်မယ်လို့ ပြောလာသည်။

ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် သူတို့ C Cityမှာရှိနေပေမယ့် ကျန်းဟန်က သူတို့ဆီ အကြောင်းမပြန်လာသေးပေ။ သူ့ဆီကနေ ဖုန်းမခေါ်လာသေးတော့ စုန့်အာ့နန်မှာ ပိုပြီး စိုးရိမ်လာသည်။

"ကျန်းဟန်ဆီ ဖုန်းဆက်လို့မရသေးဘူးလား?" စုန့်အာ့နန်က ဖေးခွမ်ကို စိုးရိမ်တကြီး မေးလိုက်သည်။

ဖေးခွမ်က ဘာမှမပြောပေ။ သူက ဖုန်းကိုထုတ်ပြီး ကျန်းဟန်ရဲ့နံပါတ်ကို ထပ်ခေါ်လိုက်သည်။ တစ်ဖက်က ခေါ်လို့မရတဲ့အသံ နောက်တစ်ကြိမ် ပေးလာသည်။

စုန့်အာ့နန် ပိုလို့တောင် ဂနာမငြိမ်ဖြစ်လာရသည်။

ဖေးခွမ်က သူမကို စိတ်အေးအောင် အားပေးလိုက်သည်။ "စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ။ အစ်ကိုကျန်းက သူသတင်းရရင် ငါတို့ကို ဖုန်းပြန်ဆက်မယ်လို့ ပြောထားတယ်"

စုန့်လင်းချွမ် Challenge Yourself ရှိုးကိုသွားတယ်လို့ကြားတဲ့အခါ စုန့်အာ့နန်က ဘာကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်လာလဲဆိုတာ သူမသိပေ။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူမကိုသူ နားလည်ထားတဲ့ပုံအရ စုန့်အာ့နန်က ဘာကိုမှ မွှေတတ်တဲ့ ပုံစံမဟုတ်မှန်း သူသိခဲ့ရသည်။ သူမမှာ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်း ရှိလိမ့်မယ်၊ အဲ့ဒါကြောင့် သူမက ချက်ချင်းပဲ C City ကို အပြေးအလွှားသွားတာဖြစ်သည်။

ဘာအကြောင်းပြချက်ကြောင့်လဲ လို့ကို မေးရမယ်ဆိုရင် သူမ မပြောခဲ့တဲ့အတွက် ဖေးခွမ်လည်း မမေးခဲ့ပေ။

All Chapters