← Chapters

အခန်း (၄၃)

Vol. 4 Ch. 43

အခန်း (၄၃)

Vol. 4 Ch. 43

စုန့်အာ့နန်တစ်ယောက် ရင်ထဲမှာ မီးလောင်နေသလို ခံစားနေရပြီး လုံးဝ မတည်ငြိမ်နိုင်တော့ပေ။ "ဆရာ၊ ကျွန်မတို့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ? ပိုပြီးမြန်မြန်လေး မောင်းပေးလို့ရမလား?"

ကားပေါ်က လေထုကြောင့် ဒရိုင်ဘာဟာလည်း စိတ်လှုပ်ရှားသွားရသည်။ "လေဆိပ်က C Cityရဲ့ အရှေ့ဘက်မှာရှိတာ။ တို့က C Cityရဲ့ အနောက်ဘက်ကိုသွားချင်တာ။ ယာဉ်ကြောမပိတ်ရင်တော့ တစ်နာရီကျော်လောက်ကြာမယ် ဒါပေမဲ့ လမ်းပိတ်ရင်တော့ မပြောတတ်ဘူး"

C Cityရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို C Cityတစ်ခွင်လုံးနဲ့ ပိုင်းခြားထားတာကြောင့် အကွာအဝေးမှာ တော်တော်လေးဝေးသည်။

အချိန်ကြာလိမ့်မယ်လို့ ပြောတာကြားတော့ စုန့်အာ့နန်မှာ ပိုလို့တောင် စိုးရိမ်လာသည်။ ဒါပေမယ့် အခုချိန်မှာ စိတ်မရှည်လည်း အလုပ်မဖြစ်ဘူဆိုတာ သူမ သိသည်။ သူမအနေနဲ့ ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းတွေကို စိတ်လှုပ်ရှားစွာနဲ့ဘဲ ကြည့်‌နေနိုင်ပြီး သူမမှာ အတောင်ပေါက်ပြီး ချက်ချင်းပျံလို့နိုင်ပါစေလို့ ဆုတောင်းနေရသည်။

အဲ့ဒီအချိန် သူမဖုန်းက ရုတ်တရက် မြည်လာသည်။

စုန့်အာ့နန်မှာ ခေါ်ဆိုတဲ့သူရဲ့ ID ကို မစစ်ဆေးအားဘဲ ချက်ချင်း ဖုန်းပြန်ဖြေလိုက်သည်။

"ကျန်းဟန် အခြေအနေ ဘယ်လိုလဲ?" သူမက စိုးရိမ်တကြီး မေးလိုက်သည်။

အခြားတစ်ဖက်မှာ ခဏလောက် ရပ်သွားပြီး ပြန်ဖြေလာတဲ့ အသံက ကျန်းဟန်ရဲ့ အသံမဟုတ်ပေ။

"အန်တီလေးအာ့နန်၊ ကျွန်တော်ပါ"

စုန့်အာ့နန်မှာ အေးခဲသွားပြီး နားရွက်နားကနေ ဖုန်းကိုခွါလိုက်ကာ ကြည့်လိုက်သည်။

ချီမူရှစ်ပင်။

"အန်တီလေးအာ့နန်၊ အစ်ကို လင်းချွမ် အဆင်ပြေရဲ့လား? သူရှိုးရိုက်ကူးရင်း မတော်တဆမှုတစ်ခုဖြစ်လို့ ဆေးရုံကို ခေါ်သွားတာကို အွန်လိုင်းမှာ တွေ့လိုက်ရတယ်။ သူအ‌ဆင်ပြေတယ် မဟုတ်လားဟင်?"

စုန့်အာ့နန်ရဲ့စိတ်ထဲတွင် ဗလာသက်သက်ဖြစ်သွားကာ နားထဲ တဝီဝီမြည်နေသည်။

သူမအနေနဲ့ ပြန်တုံ့ပြန်ဖို့ စက္ကန့်တော်တော်ကြာသွားရသည်။ သူမ နောက်ဆုံးတုံ့ပြန်လာတဲ့အချိန် သူမရဲ့အသံမှာ အက်ကွဲနေသည် - "ဆေး...ရုံ?"

"ဟုတ်တယ်။ အခုအွန်လိုင်းပေါ်မှာ အခုနာမည်ကြီးနေတယ်။ အစ်ကို လင်းချွမ်ဆီ WeChat ကနေ မက်ဆေ့ခ်ျပို့လိုက်ပေမယ့် အကြောင်းမပြန်လို့ အန်တီလေးကို ဖုန်းဆက်လိုက်တာ"

နာမည်ကြီးနေတယ်၊ စုန့်အာ့နန်က အဲ့ဒီတစ်ချက်တည်းကိုဘဲ ဖမ်းမိလိုက်သည်။

သူမက တုန်ယင်နေတဲ့ လက်နဲ့ Weibo ကိုဖွင့်လိုက်သည်။ သေချာပေါက်ကိုဘဲ၊ နာမည်ကြီးနေတဲ့ အကြောင်းအရာတွေထဲတွင် "ပေါက်ကွဲ" ဆိုတဲ့ စာလုံး ရှင်းရှင်းလင်းလင်း ပါတဲ့ အနီရောင် tagတစ်ခု ဖြစ်သည်။

#စုန့်လင်းချွမ်တစ်ယောက် ရှိုးရိုက်ကူးနေတုန်း မတော်တဆမှုဖြစ်ခဲ့၊ အသက်ရှင်လား မရှင်လား မသိရသေး#

အဲ့ဒါကိုနှိပ်လိုက်တာနဲ့ ဆေးရုံအ၀င်ဝမှာ ရိုက်ထားတဲ့ဗီဒီယိုတစ်ခု ပေါ်လာသည်။ ဆရာဝန်တစ်ယောက်က လူနာတင်ယာဉ်ပေါ်ရှိ တစ်ယောက်ယောက်ကို ကုတင်ပေါ်တင်လိုက်သည်။ အဲ့ဒီလူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် ဝတ်ထားတဲ့အဝတ်အစားကိုတော့ စုန့်အာ့နန် မှတ်မိနေသည်— လွန်ခဲ့သော ရက်အနည်းငယ်က စုန့်လင်းချွမ်ဝတ်ခဲ့တဲ့အဝတ်အစားတွေဖြစ်သည်။

အဲဒီနောက်မှာတော့ ကျန်းဟန်လည်း လူနာတင်ယာဉ်ပေါ်ကနေ ဆင်းလာတာကို ဗီဒီယိုမှာ တွေ့လိုက်ရသည်။

ဒီအခိုက်အတန့်မှာ စုန့်အာ့နန် အနေနဲ့ သူမရဲ့နှလုံးကို တစ်ခုခုက ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ သူမ အသက်ရှူကျပ်လာပြီး ကူကယ်ရာမဲ့သွားသည်။

သူမ ဖေးခွမ်ကို လှည့်ကြည့်လိုက်ပြီး လုံးဝကို ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

"ဘာ... ကျွန်မတို့ ဘာလုပ်ကြမလဲ? လင်းချွမ်၊ သူ..."

သူမရဲ့အသံက သိသိသာသာကိုဘဲ ငိုသံပါလာသည်။ သူမက ပြောပြီစတာနဲ့ ရှိုက်ကြီးတငင် ငိုချလိုက်သည်။

ဖေးခွမ်က နှစ်သိမ့်ပေးဖို့ စုန့်အာ့နန်ရဲ့တုန်နေတဲ့လက်တွေကို အမြန်ဆုပ်ကိုင်လိုက်သည်။ "စိတ်မပူပါနဲ့ လင်းချွမ် ဘာမှဖြစ် လောက်မှာမဟုတ်ဘူး။ စိတ်အေးအေးထား"

ပြောပြီးသွားတော့ သူက အားနေတဲ့ လက်တစ်ဖက်နဲ့ ကျန်းဟန်ဆီ ဖုန်းခေါ်လိုက်ပေမယ့် တစ်ဖက်က မကိုင်လာသေးပေ။

အခုတော့ ဖေးခွမ်လည်း ထိတ်လန့်သွားသည်။ သူ့တစ်ကိုယ်လုံး တုန်ခါလာပြီး စုန့်အာ့နန်လောက်တော့ မသိသာပေ။

ကျန်းဟန်ဆီ ဖုန်းခေါ်လို့မရရင် သူတို့ စုန့်လင်းချွမ်ကို ဘယ်မှာသွားရှာရမှာလဲ?

အတွေးတစ်ခုကြောင့် ရုတ်တရတ် သူ့ဖုန်းထဲမှာရှာလိုက်သည် ။

မိနစ်ဝက်လောက်ကြာတော့ ရှေ့က ကားသမားကို သူလှမ်းပြောလိုက်သည်။ "C Cityက မြို့တော်ဆေးရုံကို ကိုသွားပေးပါ"

စုန့်အာ့နန် သူ့ကို လှည့်ကြည့်လိုက်သည်။

ဖေးခွမ် - “ဒါက ရိုက်ကူးရေးလုပ်နေတဲ့နေရာနဲ့ အနီးဆုံးဆေးရုံဘဲ"

ယျေဘုယျသဘောအရ ဒီလို အရေးပေါ် အခြေအနေမျိုး ကြုံလာတဲ့အခါ သာမန်လူတွေအနေနဲ့ အနီးဆုံးဆေးရုံကို ရွေးချယ်တတ်ကြသည်။

စုန့်အာ့နန် တစ်စက္ကန့်လောက် အေးခဲသွားပြီး နောက်တော့ သူဘာကိုဆိုလိုလဲဆိုတာကို နားလည်လိုက်သည်။

ဒါရိုင်ဘာက ဘာမှပြန်မပြောဘဲ C Cityက မြို့တော်ဆေးရုံကို လမ်းကြောင်းပြောင်းလိုက်သည်။

ကားက အဝေးပြေးလမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ထိုးထွက်သွားသည်။

ဆေးရုံရောက်ခါနီးမှာ နောက်ဆုံးတော့ ကျန်းဟန်ဆီကနေ ဖေးခွမ် ဖုန်းကိုခေါ်လာသည်။

"ဟယ်လို ဖေးခွမ်၊ ခုနတုန်းက ငါ့ဖုန်းအားကုန်သွားလို့ မင်းနဲ့ အန်တီလေး ဘယ်ရောက်နေပြီလဲ? လင်းချွမ်က က C Cityက မြို့တော် ဆေးရုံမှာ"

ဖေးခွမ် - "ကျွန်တော်တို့ ရောက်ခါနီးပြီ။ ဆေးရုံဝင်ပေါက်မှာ ကျွန်တော့်တို့ကို လာစောင့်ပေးပါလား၊ ကျွန်တော်တို့...."

သူက ရှေ့က ကားသမားကို လှမ်းကြည့်လိုက်သည်။

ဒရိုင်ဘာက အမြန်တုံ့ပြန်လိုက်သည်။ “သုံးမိနစ်”

"သုံးမိနစ်လောက်ဘဲ၊ ကျွန်တော်တို့ ဆေးရုံအဝင်ပေါက်ကို ရောက်တော့မယ်"

သုံးမိနစ်အကြာ ကျန်းဟန်က စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ ဆေးရုံဝင်ပေါက်ဆီ ရောက်လာတာကို အမှန်တကယ်တွေ့လိုက်ရသည်။

"လင်းချွမ်က ခွဲစိတ်နေရတယ်။ မင်းတို့ကို ခွဲခန်းအပြင်မှာ စောင့်နေဖို့ ခေါ်သွားပေးမယ်" ကျန်းဟန်က ပြောလိုက်သည်။

အခုအချိန်မှာ စုန့်အာ့နန်တစ်ယောက် လုံးဝကိုစိတ်ရှုပ်ထွေးနေပြီး သူမ စိတ်တွေ ဗလာဖြစ်နေသည်။ ဖေးခွမ်ကဘဲ လမ်းတစ်လျောက်လုံး သူမကို ဦးဆောင်လာခဲ့တာဖြစ်သည်။

ဝင်ပေါက်က‌နေ ခွဲခန်းကိုသွားတဲ့ လမ်းမှာ ကျန်းဟန်ဆီကနေ အဖြစ်အပျက်တွေကို ပြည့်ပြည့်စုံစုံ သိလိုက်ရသည်။

စုန့်အာ့နန်ရဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးတဲ့နောက် ကျန်းဟန်က ရိုက်ကူးရေးနေရာကို ချက်ချင်းအလျင်စလို သွားလိုက်ပြီး ရိုက်ကူးရေး ခဏနားဖို့ဆိုတာက အသေးအမွှား ကိစ္စရပ်မဟုတ်တဲ့အတွက် လူကိုယ်တိုင် ဒါရိုက်တာနဲ့ ဆွေးနွေးဖို့ အစက သူ စီစဉ်ထားတာဖြစ်သည်။

ဒါပေမယ့် ဒါရိုက်တာနဲ့တွေ့ပြီး စကားမပြောရသေးခင်မှာဘဲ စုန့်လင်းချွမ် ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့သည်။

ရိုက်ကူးရေးလုပ်နေတုန်း ပစ္စည်းတွေ ပြုတ်ကျတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

"စက်ပစ္စည်းနဲ့တွေနဲ့ တိုက်မိသွားလို့လာ?" စုန့်အာ့နန်က ကျန်းဟန်ကို ရုတ်တရက် ကြည့်လိုက်သည်။

အနက်ရောင် ၀တ်စုံနဲ့ လူတွေဆီကနေ လိုက်ဖမ်းခံနေရတုန်းမှာ အနီရောင် ၀တ်စုံနဲ့ အမျိုးသမီး တစ်ယောက် ရုတ်တရက် ပေါ်လာလို့ နှလုံးရပ်သွားတာမဟုတ်ဘူးလား?

ကျန်းဟန် လန့်သွားသည်။ စုန့်အာ့နန်ရဲ့ အမူအရာက ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာ သူ နားမလည်ပါချေ။ ဒါပေမယ့် သူက အမှန်အတိုင်းပြန်ဖြေလိုက်သည်။

"ဝန်ထမ်းတွေ ပြောပုံအရဆို လင်းချွမ်က အမျိုးသမီး ဧည့်သည်တစ်ယောက်ကို ကယ်ဖို့ ကြိုးစားနေတုန်း တိုက်ခံလိုက်ရတာတဲ့။ ကံကောင်းလို့ သူ တုံ့ပြန်တာမြန်သွားပြီး နည်းနည်းရှောင်လိုက်လို့ ခေါင်းမထိဘဲ ခြေထောက်ဘဲ ဒဏ်ရာရသွားတယ်လို့တော့ပြောတယ်"

ခွဲစိတ်နေတုန်းဖြစ်လို့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါ‌ချေ။ ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ သွေးစွန်းနေတဲ့ ခြေထောက်ကို မြင်လိုက်ရတုန်းက ကျန်းဟန်တစ်ယောက် ထိတ်လန့်သွားရသည်။

ဒီလိုအခြေအနေမျိုးဆို ဒဏ်ရာက ပေါ့သေးသေးမဟုတ်လောက်ပေ။

ဒါပေမယ့် ကျန်းဟန်က စုန့်အာ့နန် စိတ်ပူမှာစိုးတဲ့အတွက် အဲဒီအပိုင်းကိုတော့ မပြောပြခဲ့လိုက်ပေ။

သုံးယောက်သား ခွဲစိတ်ခန်းအပြင်ဘက်ကို အမြန်ရောက်လာကြသည်။

ကျန်းဟန်က စာရွက်စာတမ်းအချို့ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ဆီကနေ ဆွဲခေါ်ခံလိုက်ရပြီး ဆေးရုံအ၀င်ဝတွင် သတင်းကြားပြီးတော့ အမြန်အပြေးရောက်လာကြတဲ့ သတင်းထောက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိုးဝန်ထမ်းတွေကို တာဝန်ပေးထားလိုက်သည်။

နောက်ဆုံးတော့ ခွဲစိတ်ခန်းအပြင်ဘက်မှာ စောင့်နေတဲ့သူက ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ နှစ်ယောက်ပဲ ရှိတော့သည်။

စုန့်အာ့နန်က ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ ဖိနပ်ကို စိုက်ကြည့်နေသလိုမျိုး ခေါင်းကို ငုံ့ထားသည်။ သူမရဲ့ဖုန်းကိုတော့ တင်းတင်းဆုပ်ထားရင်း အတွေးတွေပျောက်နေသည်။

စုန့်လင်းချွမ်က ရုတ်တရက် နှလုံးရပ်သွားရမယ့်အစား စက်ပစ္စည်းနဲ့ အတိုက်ခံလိုက်ရကြောင်း ကြားလိုက်ရတော့ သူမရဲ့ဆုံးရှုံးသွားတဲ့ ဝိညာဉ်က နောက်ဆုံးတော့ သူမရဲ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည်။

တစ်ချိန်တည်းမှာဘဲ စုန့်အာ့နန်က လွန်ခဲ့တဲ့ နှစ်ရက်က သူမရဲ့ ပေါ့လျော့မှုကို နောင်တရလာသည်။

စုန့်လင်းချွမ်နဲ့ ကျီချိုးပိုင်တို့ အကြား အဖြစ်အပျက်တွေက အဆင်ပြေသွားပုံရပြီး ကျန်းခိုင်ကလည်း ရှိုးက‌နေ ထွက်ပြီးဆို‌တော့ လုံခြုံသွားပြီဆိုပြီး မနေ့တုန်းကတောင် သူမ တိတ်တိတ်လေး ဝမ်းသာမိခဲ့သေးသည်။

ဒါပေမဲ့ မူရင်းစာအုပ်ထဲက စုန့်လင်းချွမ် ရုတ်တရက်သေဆုံးတဲ့အချိန်က မပြီးသေးတဲ့အတွက် တစ်ခုခုဖြစ်မလာသေးတာကို သူမ လျစ်လျူရှုခဲ့မိသည်။

ဒါတွေအားလုံးက သူမ အပြစ်ပင်။ သူမသာ နည်းနည်းလေးသတိထားခဲ့ရင် စုန့်လင်းချွမ် အခုခွဲစိတ်ခန်းထဲမှာ လှဲနေရလောက်မှာ မဟုတ်ဘူးမလား?

အဲ့ဒီအကြောင်းကို ပိုတွေးလေ သူမကိုယ်သူမ ပိုပြီးအပြစ်တင်မိလေလေပင်။ တခဏအတွင်းမှာဘဲ သူမဟာ နက်ရှိုင်းတဲ့ အပြစ်တရားထဲ လုံး၀ နစ်မြုပ်သွားသည်။

ခွဲစိတ်ခန်းအပြင်ဘက်ရှိ စင်္ကြံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ဖေးခွမ်က စုန့်အာ့နန်ဘေးမှာ ထိုင်နေရင်း ရုတ်တရက် 'ရေစက်'ကျသံကိုကြားလိုက်ရသည်။

သူလှည့်ကြည့်လိုက်တော့ စုန့်အာ့နန်ရဲ့ လက်ဖမိုးအပေါ်ကိုမျက်ရည်တစ်စက်ကျလာတာကို တွေ့လိုက်ရသည်။

နောက်တော့ နှစ်စက်၊ သုံးစက်... သူမက အသံမထွက်ဘဲ ငိုနေတာဖြစ်သည်။

ဖေးခွမ် ထရပ်ပြီး သူမရှေ့ကိုမသွားခင် ခဏ‌လောက် စဉ်းစားလိုက်သည်။ နောက်တော့ သူမကို နှစ်သိမ့်ပေးဖို့ ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

လှုပ်ရှားသံတွေကို ကြားတော့ စုန့်အာ့နန်က ဖြည်းဖြည်းချင်း ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေက စိုစွတ်နေပြီး မျက်ရည်တွေဝဲနေသည်။

သူမက လုံးဝကို စိတ်ထိခိုက်နေတဲ့ပုံပင်။

ဖေးခွမ် တစ်စက္ကန့်လောက် တုံ့ဆိုင်းသွားသည်။

နောက်အခိုက်အတန့်မှာ စုန့်အာ့နန်က ကျယ်လောင်စွာနဲ့ ငိုလာသည်။

နောက်တော့ သူမက သူ့ရင်ခွင်ထဲတိုးဝင်ကာ ပိုပိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ ငိုတော့သည်။

ဖေးခွမ်ရဲ့ကိုယ်မှာ တောင့်တင်းသွားသည်။ မနေ့ညက စုန့်လင်းချွမ်ရဲ့ စကားတွေက သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာသည်။

"အန်တီလေးက ငယ်ငယ်လေးကတည်းက အငိုသန်တာ။ သူစငိုလိုက်တာနဲ့ သူ့ကိုချော့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

ယူကျုံးမရစွာ ငိုနေတဲ့ သူ့ရင်ခွင်ထဲက အန်တီလေးကိုကြည့်ရင်း သူတိတ်တဆိတ် သက်ပြင်းချလိုက်သည်။

တကယ်ကိုဘဲ သူ့ကိုချော့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါ့အပြင် ဖေးခွမ်အနေနဲ့ တခြားသူတွေကို နှစ်သိမ့်ပေးတတ်တဲ့ အတွေ့အကြုံလည်း မရှိပေ။ သူ့အနေနဲ့ သူမကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးရင်း ဖွင့်ထုတ်ခွင့်ပေးလိုက်သည်။

စုန့်အာ့နန် တစ်ကိုယ်လုံး အထိတ်တလန့်ဖြစ်သွားတာကို သူ မျက်မြင်တွေ့ခဲ့ရသည်။

သူမ ဘယ်လောက်ကြာကြာ ငိုနေခဲ့လဲဆိုတာ မသိပေမယ့် နောက်ဆုံးမှာတော့ စုန့်အာ့နန် ရဲ့ ငိုသံက ပိုပျော့လာသည်။

ဒါပေမယ့် သူမကတော့ ရှိုက်နေရင်း ပခုံးတွေ တုန်ခါနေဆဲပင်။

ဖေးခွမ်က သူမကိုနှစ်သိမ့်ပေးဖို့ တစ်ခုခုပြောဖို့လုပ်နေချိန်မှာဘဲ အလျင်လိုနေတဲ့ ခြေသံတွေက စင်္ကြံရဲ့ အခြားတစ်ဖက်ကနေ ပဲ့တင်ထပ်လာသည်။

ကျန်းဟန်က အရှေ့ကနေ ဖြစ်ပြီး သူ့အနောက်မှာတော့ သတ်လတ်ပိုင်းအရွယ် စုံတွဲတစ်တွဲက ပါလာသည်။

အမျိုးသားက အထက်တန်းကျပြီး ဩဇာအာဏာရှိတဲ့ပုံပေါ်ကာ အမျိုးသမီးကတော့ ကျက်သရေရှိပြီး မြင့်မြတ်တဲ့ပုံပေါ်သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့တွေက သာမန်လူ‌တွေ မဟုတ်ကြောင်း ပြောနိုင်သည်။

အမျိုးသမီးက သူတို့ဆီ တည့်တည့်လျှောက်လာသည်။ "အာ့နန်၊ အရမ်းလန့်သွားမှာဘဲ။ စိတ်မပူနဲ့ အခုအဆင်ပြေသွားပါပြီ အစ်မရောက်လာပြီလေ"

စုန့်အာ့နန်က ဖေးခွမ် ရင်ခွင်ထဲကနေ ခေါင်းမော့လာသည်။ နောက်ထပ် ရောက်လာတဲ့သူတွေကိုတွေ့တော့ သူမ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလာပြန်သည်။ "အစ်မ လင်းချွမ် ဒဏ်ရာရထားတယ်"

နောက်ထပ်ရောက်လာတဲ့သူတွေက စုန့်လင်းချွမ်ရဲ့မိဘ‌တွေ၊ စုန့်အာ့နန်ရဲ့ အစ်ကိုနဲ့ ယောင်းမဖြစ်တဲ့ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ပင်။

သူတို့ရဲ့ အထောက်အထားတွေကို သိလိုက်ရတော့ ဖေးခွမ်က သူ့ရင်ခွင်ထဲရှိ ကောင်မလေးကို ကျောက်ယာဆီ လွှတ်ပေးလိုက်ပြီး ခြေလှမ်းနည်းနည်း နောက်ပြန်ဆုတ်လိုက်သည်။

နောက်တော့ သူ့ဘေးနားက စုန့်ကျန်းဟွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ "ဦးလေး"

စုန့်ကျန်းဟွေ့ကလည်း ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ "မင်းကို ကျေးဇူးတင်ပါတယ်"

ဖေးခွမ်က ခေါင်းခါလိုက်ပြီး ဘာမှတော့ ထပ်မပြောလိုက်ပေ။

သူမရဲ့မိသားစုကို မြင်လိုက်ရတာကြောင့် ဖြစ်မည် စုန့်အာ့နန်က ထပ်ပြီးငိုပြန်သည်။ "အစ်ကို၊ အစ်မ၊ ဒါက ကျွန်မအမှားပါ၊ ကျွန်မ လင်းချွမ်ကို ကောင်းကောင်း ဂရုမစိုက်မိခဲ့ဘူး"

စုန့်အာ့နန်က အရမ်းစိတ်မကောင်းဖြစ်နေတာကိုမြင်တော့ ကျောက်ယာ ရဲ့နှလုံးသားက နာကျင်သွားရသည်။ "ဘယ်လိုလုပ် မင်းအပြစ်ဖြစ်ရမှာလဲ? သူက လူကြီးတစ်ယောက်ဖြစ်နေပြီ..."

သူမက စုန့်လင်းချွမ် ကို ကြိမ်းမောင်းဖို့ ရည်ရွယ်လိုက်ပေမယ့် ခွဲစိတ်ကုသမှုခံယူနေသေးတဲ့ သားဖြစ်သူကို သတိရလိုက်ပြီး စကားလုံးတွေကို ပြန်မျိုချလိုက်သည်။

ဒါပေမယ့် သူမရဲ့ယောင်းမလေးကိုမြင်တော့ အရမ်းစိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေဝဲလာသည်။

အမှန်အတိုင်းပြောရရင် ဒီအဖြစ်အပျက်က စုန့်အာ့နန်နဲ့ ဘာမှမဆိုင်ပါချေ။ ဖြစ်ခဲ့ရင်တောင် ကျောက်ယာက သူမကို အပြစ်မတင်ရက်ပါချေ။

စုန့်အာ့နန်ဟာ စုန့်မားမား အသက် 48 နှစ်တွင် မမျှော်လင့်ဘဲ ရခဲ့တဲ့ ကိုယ်ဝန်ဖြစ်သည်။ အဲ့ဒီအချိန်တုန်းက စုန့်လင်းချွမ်က 7 နှစ်ရှိနေပြီဖြစ်သည်။

စုန့်မိဘတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခဲ့ပြီး စုန့်မားမားဟာ သားအကြီးဆုံး စုန့်ကျန်းဟွေ့ကို အသက် ၁၉ နှစ်တွင်မွေးခဲ့သည်။

တိုက်ဆိုင်စွာပင် ကျောက်ယာနဲ့ စုန့်ကျန်းဟွေ့တို့ဟာလည်း ငယ်ချစ်တွေဖြစ်ကြပြီး လက်ထပ်ခဲ့ကာ ကလေးစောစောရခဲ့တာဖြစ်သည်။ ဒါကြောင့် စုန့်လင်းချွမ်ဟာ စုန့်အာ့နန်ထက် 7 နှစ်ပိုကြီးသည်။

ကျောက်ယာအတွက်တော့ စုန့်အာ့နန်က သူမရဲ့ယောင်းမဖြစ်ပေမယ့် စုန့်အာ့နန်ကို သူမရဲ့သမီးလိုမျိုး ပျိုးထောင်လာခဲ့တာဖြစ်ပြီး သူမကိုလည်း အရမ်းချစ်သည်။

တကယ်တော့၊ စုန့် မိသားစုတစ်ခုလုံးက စုန့်အာ့နန်အပေါ် အလိုလိုက်ချစ်ပေးကြသည်။

အဲ့ဒီအချိန် ခွဲစိတ်ခန်းမီးက မှိတ်သွားသည်။ ခဏကြာတော့ ခွဲစိတ်တဲ့ဆရာဝန်က ထွက်လာသည်။

"ခွဲစိတ်မှုက ချောချောမွေ့မွေ့နဲ့ ပြီးသွားပါပြီ။ လူနာကို မကြာခင် လူနာဆောင်ထဲ ပြောင်းပေးမှာပါ။ ကောင်းကောင်း အနားယူပြီး ပြန်ထူထူထောင်ထောင်ဖြစ်နိုင်မှ ကောင်းကောင်းမွန်မွန် ပြန်ကောင်းလာလိမ့်မယ်"

ဒါကိုကြားတော့ အားလုံးက သက်ပြင်းတစ်ချက် ချလိုက်ကြသည်။

သူအဆင်ပြေနေသရွေ့တော့ ဘာမှအရေးမကြီးပေ။

လူနာဆောင်ထဲမှာ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း လူနာ သတိပြန်ရလာဖို့ သူတို့စောင့်နေလိုက်ကြသည်။

သိပ်မကြာခင်မှာပဲ စုန့်လင်းချွမ်က သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာသည်။

မေ့ဆေးက ခုနတုန်းက ပြယ်သွားပြီး သူလည်းအားနည်းနည်း နည်းနေသည်။

သူ့အကြည့်က အခန်းကို စကင်န်ဖတ်လိုက်ပြီး စုန့်အာ့နန်ရဲ့ရောင်ရမ်းနေတဲ့ မျက်လုံးတွေဆီ ရောက်သွားသည်။ သူ့မျက်လုံးတွေက ဒေါသတကြီး တောက်လာသည်။

"ဖေးခွမ်! ငါ့အန်တီလေးကို ဘယ်လိုလုပ် ဒီလောက်ထိ ငိုခိုင်းထားတာလဲ? သူ့ကို ဂရုစိုက်ပေးဖို့ မင်းကို ငါယုံထားတာ!"

အခန်းထဲတွင် ကိုးရိုးကားရားနဲ့ တိတ်ဆိတ်သွားသည်။

ကျန်တဲ့လူတိုင်း - "..."

တစ်နည်းနည်းနဲ့ ဒီစကားတွေက အတော်လေးကို မသင့်လျော်နေဘူး။

All Chapters