← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

စုန့်လင်းချွမ် သေချာပေါက် နောက်နေတာမဟုတ်ပေ။ သူဒါကို သေသေချာချာ အတော်ကြာ တွေးခဲ့ရတာဖြစ်သည်။

ကျန်းဟန်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့နဲ့ အစောပိုင်းတုန်းက ရိုက်ကူးရေး ရပ်ဆိုင်းဖို့ ဆက်သွယ်လိုက်တဲ့အခါ ဒါရိုက်တာက ဖေးခွမ်ကို စုန့်အာ့နန်နဲ့ အတူ ရှိုး ဆက်ရိုက်ကူးဖို့ အကြံပြုခဲ့သည်။

ပထမအချက်မှာ သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဖြစ်ပြီး သူတို့ရဲ့ ကျော်ကြားမှုအဆင့်ကို ယှဉ်နိုင်သည်။ ဒဏ်ရာရပြီး ရိုက်ကူရေး ဆက်မလုပ်နိုင်တဲ့ စုန့်လင်းချွမ် နေရာမှာ ဖေးခွမ်ဝင်တာက အဓိပ္ပာယ်ရှိပေလိမ့်မည်။

ဒုတိယအနေနဲ့ ဖေးခွမ်က ရှိုးရဲ့အရှေ့က အပိုင်းတွေမှာ ပါဝင်ခဲ့ပြီး စုန့်အာ့နန်နဲ့လည်း ဆက်ဆံရေးကောင်းသည်။ ပရိသတ်တွေ အနေနဲ့ သူတို့နှစ်ယောက်ကို အတူတူတွေ့ရပါက အရမ်းစိတ်လှုပ်ရှားသွားလိမ့်မည်။

သေချာပေါက်ကို အဲဒါတွေက ထုတ်လုပ်ရေးအဖွဲ့ရဲ့ စိတ်ကူးတွေသက်သက်ပင်။

စုန့်လင်းချွမ် အစိုးရိမ်ဆုံးကတော့ သူ့အန်တီလေးရဲ့ခံစားချက်ကိုပင်။

အစပိုင်းမှာတော့ စုန့်အာ့နန်က ကျောင်းမှာဖိအားတွေ အရမ်းများနေတာကြောင့် ရှိုးမှာပါချင်ပြီး နွေရာသီပိတ်ရက်မှာ မတူညီတဲ့ အပန်းဖြေမှု လိုချင်တယ်လို့ ဆိုခဲ့သည်။

ပထမတော့ စုန့်လင်းချွမ်က သံသယရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စုန့်အာ့နန် ရှိုးမှာပျော်နေတာကို သူမြင်တော့ သူမကို ယုံကြည်လိုက်သည်။

ဒါကြောင့် ထုတ်လုပ်ရေးအဖွဲ့က ဒီအကြံပြုချက်ကို ထုတ်ပြောလာတဲ့အခါ သူ တုံ့ဆိုင်းသွားခဲ့တာဖြစ်သည်။

ဇာတ်လမ်းတစ်ခုလုံးကိုကြားပြီးတဲ့နောက် ဖေးခွမ် တစ်ခဏလောက် ရပ်သွားသည်။

အန်တီလေးကလည်း သဘောကျတယ်

သူခဏလောက်စဉ်းစားလိုက်ပြီး ပြုံးကာပြန်ဖြေလိုက်သည်။ "မင်းအဆင်ပြေသရွေ့ ငါ့မှာကန့်ကွက်စရာမရှိဘူး"

စုန့်လင်းချွမ် သူ့ကိုကြည့်လိုက်ပြီး လုံးဝကိုခေါင်းခြောက်သွားရသည်။

သူ ဘာကို စိတ်ပူနေရတာလဲ?

ဖေးခွမ်က စေ့စပ်သေချာပြီး ထောက်ထားညာတာတတ်သူဖြစ်သည်။ ရှိုးကို သူ စုန့်အာ့နန်နဲ့အတူတူ သွားမှာက ပြည့်စုံသည်။

ဒါ့အပြင် ဖေးခွမ်ကို သူမယုံရင် ကမ္ဘာပေါ်မှာ သူယုံကြည်ရမယ့်သူ မရှိလောက်တော့ပေ။

ဖေးခွမ်ရဲ့ မျက်လုံးများသည် နည်းနည်း တောက်ပလာပြီး သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။ "မင်းရဲ့ အန်တီလေးက ငါနဲ့အတူတူ အချိန်ဖြုန်းပြီးရင် ငါ့ကိုပိုသဘောကျလာမှာကို ငါလည်း မလိုလားဘူး၊ အထူးသဖြင့် မင်းထက် ငါကအကြီးတွေဆီကနေ အမြဲတမ်း အချစ်ခံရတာဆို‌တော့"

အန်တီလေးက အကြီးဖြစ်ရတာကို သဘောကျတယ်၊ ဘာဖြစ်လာနိုင်မလဲ ဘယ်သူသိမှာလဲ?

"အဲ့လိုဆိုရင်" စုန့်လင်းချွမ်က မထီမဲ့မြင်နဲ့ လှောင်ပြောင်လိုက်သည်။ "အိပ်မက်မက်နေလိုက်လေ"

အခြားအရာတွေကို ဘေးဖယ်လိုက်ရင်၊ သူ့အန်တီလေးရင်ထဲက အချစ်ဆုံးတူလေး သူ့ကိုတော့ ဘယ်သူမှမကျော်နိုင်ဘူး။

ရိုးရိုးသားသားပြောရရင် အန်တီ ကျောက်နဲ့ သူ့အဖေမှာ နောက်ထပ်သားတစ်ယောက်ရှိခဲ့ရင်တောင် အဲဒီကလေးက ဒုတိယနေရာမှာ ရှိနေမှာဘဲ။

စုန့်လင်းချွမ်က ဒီအချက်နဲ့ ပတ်သက်ပြီး အရမ်းယုံကြည်မှုရှိသည်။

အဲဒါနဲ့ဘဲ ဒီကိစ္စက ပြေလည်သွားပြီး နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောကြသည်။

စုန့်လင်းချွမ်က တစ်ခုခုကို သတိရသွားပုံရပြီး သူ့အမူအရာက ရုတ်တရက် မည်းမှောင်သွားသည်။ "ဟုတ်သား၊ ကျန်းခိုင်လည်း ဒီရှိုးကို လာပြန်ရိုက်မှာ။ သူ့ကို စောင့်ကြည့်ထား၊ အဲ့ဒီမကောင်းတဲ့အကောင် အန်တီလေးနဲ့ ဝေးဝေးမှာရှိနေဖို့ သေချာအောင်လုပ်ထားရမယ်"

ကျန်းယောင်ရဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အရင်တစ်ခေါက် ရုတ်ရုတ်သဲသဲဖြစ်ခဲ့တာက ကျန်းခိုင်ကိုလည်း ထိခိုက်စေခဲ့ပြီး မောင်နှမနှစ်ယောက်ရဲ့ ရိုက်ကူးရေးကို ယာယီရပ်ဆိုင်းခဲ့သည်။

ကျန်းခိုင်က အညစ်အကြေးအားလုံးကို ဆေးကြောခဲ့ပေမယ့် ဒါတွေကို သူ့အတွက် အခြားတစ်ယောက်ယောက်က ‌ဆေးကြောပေးခဲ့တာကြောင့်ပင်။

စုန့်လင်းချွမ် တခြားဘာကိုမှ စိတ်မပူပါ‌‌ချေ။ စုန့်အာ့နန်ကို ဒုက္ခဖြစ်စေတဲ့ ကျန်းခိုင်ကိုတော့ သူ မလိုလားဘူး။

ဖေးခွမ်က စုန့်လင်းချွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်း ကျန်းခိုင်ကို အခုထိ မဖြေရှင်းရသေးဘူးလား?"

စုန့်လင်းချွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပင်။

ကျန်းဟန်က မကြာသေးမီက ကျန်းခိုင်ရဲ့ အညစ်အကြေးတွေကို တူးဖော်ခဲ့ပြီး ကျန်းယောင်ရဲ့ ဆန့်ကျင်မှုတွေနဲ့ ပတ်သက်ပြီး ရုတ်ရုတ်သဲသဲဖြစ်ခြင်းကနေ အခွင့်ကောင်းယူခဲ့သည်။ ဒါပေမယ့် ကျန်းခိုင်ကို ပံ့ပိုးပေးနေတဲ့ ချမ်းသာတဲ့ အသက်ကြီးကြီး အမျိုးသမီးကြီးကတော့ သူ့အတွက် ကိစ္စရပ်တွေကို ချောချောမွေ့မွေ့ ဖြစ်အောင် လုပ်ပေးလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပါချေ။

အဲ့ဒီအမျိုးသမီးက ငွေကြေးနဲ့အားထုတ်မှု နှစ်ခုစလုံးကို သုံးနိုင်လောက်အောင် အရည်အချင်း ရှိပုံရသည်။ ကြည့်ရတာတော့ သူမက သူ့ကို တကယ် စွဲလန်းနေတဲ့ပုံရဘဲ။

နောက်ဆုံးတော့ သူတို့ရဲ့ နယ်ပယ်ထဲမှာ အရင်းအနှီးက လူတွေကို အတိုင်းအတာတစ်ခုအထိ ဘယ်အရာကနေမဆို လွတ်မြောက်အောင် လုပ်ပေးနိုင်သည်။

စုန့်လင်းချွမ် - "နည်းနည်းလောက် စောင့်ကြတာ‌ပေါ့။ သူ့ရဲ့နောက်ခံကလူ သူ့ကိုစွန့်ပစ်တဲ့အထိ စောင့်ကြဖို့ ကျန်းဟန်ပြောထားတယ်၊ နောက်တော့မှနောက်ထပ်အခွင့်အရေးကို စောင့်ကြည့်ကြတာပေါ့"

ကြုံလာရင်တော့ သူ့အဖေဆီ အမြဲတမ်း အကူအညီတောင်းလို့ရသည်။

အနည်းဆုံးတော့ စီးပွားရေးနဲ့ ငွေကြေးနယ်ပယ်မှာ စုန့်ကျန်းဟွေ့က သြဇာလွှမ်းမိုးမှု အများကြီးရှိနေတုန်းပင်။ အချိန်တန်လို့ သူတို့တကယ် ခေါင်းချင်းဆိုင်ရရင် ကြောက်စရာမရှိပါချေ။

ကျန်းခိုင် အကြောင်း ကြားလိုက်ရတဲ့အခါ ဖေးခွမ်ရဲ့ မျက်လုံးတွေထဲမှာ အေးစက်တဲ့ အကြည့်တစ်ခု ပေါ်လာသည်။ "အဲ့ဒါကို ဂရုစိုက်ဖို့ မခက်ဘူး။ ငါ့နဲ့ထားထားပြီး ငါ့မက်ဆေ့ခ်ျကို စောင့်နေ"

စုန့်လင်းချွမ် အံ့သြသွားသည်။ "မင်းဘာလုပ်မလို့လဲ?"

ဖေးခွမ်က အမှုမထားသလို ပြန်ဖြေလာသည်။ "ဘေးမှာ ဒီတိုင်းစောင့်ကြည့်နေရတာက ပျင်းစရာကြီး။ ငါတို့ဘက်က လက်ဦးမှုယူပြီး သူ့နောက်ခံကလူ သူ့ကို ငြီးငွေ့သွားအောင် တစ်ခုခုလုပ်ရမယ်"

စုန့်လင်းချွမ်က စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။ "ဘယ်လို လက်ဦးမှုယူမှာလဲ?"

ဖေးခွမ် - "ဥပမာပြောရရင် သူတခြားအမျိုးသမီးတွေနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကို ဖော်ထုတ်လိုက်ရင် သူ့နောက်ခံကလူက ဘယ်လိုခံစားရမယ်ထင်လဲ?"

စုန့်လင်းချွမ်က မျက်မှောင်နည်းနည်းကြုတ်လိုက်ပြီး "သူ့ရဲ့သတိထားတတ်တဲ့ အကျင့်စရိုက်ကြောင့်၊ သူ ဒီလောက်ထိ မိုက်မဲလောက်မှာလား?"

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "သက်သေအတုတွေကို လုပ်မှာပေါ့၊ နားလည်လား?"

စုန့်လင်းချွမ် - "..."

ဒါလည်း အလုပ်ဖြစ်နိုင်တာပဲ။

ကျန်းခိုင်က ဘယ်လိုလူလဲဆိုတာ သူတို့အသိပဲ။ သူ့မှာ အရောင်အသွေးစုံတဲ့ သမိုင်းကြောင်းရှိပြီး သူ့လူမှုဘဝကလည်း အရမ်းရှုတ်ထွေးသည်။

သူတို့အဖွဲ့တစ်ဖွဲ့ထဲမှာ ရှိတုန်းကဆို ကျန်းခိုင်က ပရိသတ်တွေနဲ့ တိတ်တဆိတ် တွေ့ဆုံဖူးသည်။ သူက မကောင်းတဲ့ကောင်ပင်။

ဒါကြောင့် ဒါက သူ့ကို လိမ်လည်စွပ်စွဲတာ မဟုတ်ဘူး။

*

အင်တာနက်သုံးစွဲသူတွေရဲ့ ကြီးမာစလှတဲ့မျှော်လင့်ချက်တွေကြားကနေ၊ နောက်ဆုံးတော့နာမည်ကြီးရှိုး "Our Dearest us" Season 3 ရဲ့တတိယအပိုင်းကို စတင်ရိုက်ကူးတော့မည်ဖြစ်သည်။

ဒီတစ်ခေါက် ရိုက်ကူးမယ့်နေရာကတော့ သာယာလှပတဲ့ ရှုခင်းတွေရှိတဲ့ အပန်းဖြေကျွန်းတစ်ကျွန်းမှာပင်။

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့က ကျွန်းဆီ ဦးတည်နေတဲ့ လှေပေါ်မှာ လိုက်ပါလာကြသည်။

နှစ်ယောက်သား လှေပေါ်မှာ ဘေးချင်းကပ်ထိုင်နေကြတုန်းမှာ ပင်လယ်လေက သူတို့ဆီ ဦးတည်တိုက်ခတ်လာသည်။

နည်းနည် စိုရိမ်နေတဲ့ပုံနဲ့ စုန့်အာ့နန်က ဖေးခွမ်ကို တိတ်တိတ်လေး ကြည့်လိုက်သည်။

တကယ်တော့ ဒီတစ်ခေါက်ရိုက်ကူးမယ့် အပိုင်းအတွက် ဖေးခွမ်က သူမနဲ့ အတူတူရိုက်မယ်ဆိုတာကြိ သူမ သိလိုက်ကတည်းက အတော်လေးကို စိတ်ပူခဲ့ရတာဖြစ်သည်။

ပြန်စဉ်းစားကြည့်ရင် စုန့်လင်းချွမ် ဒဏ်ရာရသွားတဲ့နေ့တုန်းက သူမရဲ့အပြုအမူမှာ ဟာပေါက်တွေ အများကြီးရှိနေသည်။

စုန့်လင်းချွမ် အဲ့ဒီ variety show ကို ရိုက်ကူးမယ်လို့ သူမကြားလိုက်ရတုန်းက ဘာလို့စိတ်တည်ငြိမ်မှုတွေ ပျက်ပြားခဲ့ရလဲဆိုတာကို သူ မရှင်းပြနိုင်သလို၊ သူရိုက်ကူးရေးကို ဘာလို့ မငြင်းရလဲဆိုတာကိုလည်း သူမ မသိပေ။

အစတုန်းက စုန့်အာ့နန်တစ်ယောက် ဖေးခွမ်မေးလာမယ့် မေစခွန်းအတွက် ပြင်ဆင်ထားခဲ့တာဖြစ်သည်။

ဒါပေမယ့် ဒီနေ့မနက် တွေ့ကြတဲ့အချိန်မှာတော့ အခုချိန်အထိ ဖေးခွမ်က သာမာန်မဟုတ်တာ ဘာမှ သတိမထားမိသလိုမျိုး သူမကို ဘာမှမမေးလာပါချေ။

ဒါပေမယ့် သာမာန်ဖြစ်တဲ့ ဘယ်သူမဆို သူမရဲ့ ထူးထူးခြားခြားအပြုအမူကို သံသယဝင်မိမှာပင်။

ဒီအတွက် ရှင်းပြချက်တစ်ခုပဲ ရှိတော့သည် - သူက သူမအကြောင်း ဘာမှမမေးချင်တာ။

ဝန်ခံရရင်၊ ဒီဟာက စုန့်အာ့နန်ကို ချက်ချင်းဘဲ ပိုပြီး သက်တောင့်သက်သာဖြစ်စေသည်။

အမှန်တော့၊ အဲ့ဒီနေ့က သူမရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူအတွက် ကျိုးကြောင်းဆီလျော်စွာ ရှင်းပြခြင်းမရှိသေးပါချေ။

နာရီဝက်လောက်ကြာတော့ သူတို့နှစ်ယောက် ကျွန်းပေါ်ရောက်လာသည်။

ရှိုးရှိ ထုတ်လုပ်ရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက် အတိုင်း မနီးမဝေးက လေဟာပြင် စားသောက်ဆိုင် တစ်ခုဆီ သူတို့သွားလိုက်ကြသည်။

ကင်မရာအဖွဲ့သားတွေက သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို တပ်ဆင်ထားပြီးပြီဖြစ်သည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ ကင်မရာထဲမှာ ပေါ်လာတာနဲ့ တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ပေါက်ကွဲသွားသည်။

[ဝါးးး နောက်ဆုံးတော့ အန်တီလေး ရောက်လာပြီ! သူမရိုက်ကူးနိုင်မှာကို ငါအရမ်းစိုးရိမ်နေတာ!]

[ငါသိတာ ဟုတ်တယ်မလား? စုန့်လင်းချွမ် ဆေးရုံတက်ရတာကို ငါကြား‌တော့ အန်တီလေးရှိုးကနေ ထွက်သွားမှာကို ငါလည်းစိုးရိမ်နေတာ]

[Holy crap! ဖေးခွမ်က အန်တီလေးနဲ့အတူ လိုက်လာလိမ့်မယ်လို့ ငါမျှော်လင့်ထားမိဘူး။ ဒါက နည်းနည်းတော့ အံ့သြစရာကောင်းပေမယ့် တစ်နည်းနည်းနဲ့လည်း မှန်တယ်လို့ ခံစားရတယ်]

[အားးး၊ ဖေးခွမ်နဲ့ အန်တီလေး နှစ်ယောက်လုံးရဲ့ အဝတ်အစားတွေက အရမ်းလိုက်ဖက်တာဘဲ၊ ရှပ်အဖြူနဲ့ ပေါ့ပေါ့ပါးပါး ဘောင်းဘီဝတ်ထားကြတာ။ အတူတူ လမ်းလျှောက်လာရင် သူတို့က တော်တော်ကိုလိုက်ဖက်တယ်]

[ဝါးး ဒီအတွဲကို စပြီးshipချင်ရင် ဘာလုပ်ရမလဲ?]

[အပေါ်ထပ်ကရေ၊ နင့်ဦးနှောက်ကို စစ်ဆေးကြည့်ဦး! အတူတူဆိုကြမယ် - အန်တီလေးက အသက်မပြည့်သေးဘူး၊ အန်တီလေးက အသက်မပြည့်သေးပါဘူး!]

စားသောက်ဆိုင်ထဲ သူတို့ဝင်လာ‌တော့ အခြားအဖွဲ့တွေလည်း ရောက်နေကြပြီဖြစ်သည်။

guest လေးဖွဲ့လုံး ထပ်ဆုံကြသည်။

"အန်တီလေး၊ နောက်ဆုံးတော့ ရောက်လာပြီ၊ အစ်ကို လင်းချွမ် အဆင်ပြေရဲ့လား?" ချီမူရှစ်က စုန့်အာ့နန်ကို ဆွဲကာ စိုးရိမ်တကြီး မေးလိုက်သည်။

စုန့်အာ့နန်က ပြန်ဖြေလိုက်သည်။ "စိတ်မပူပါနဲ့ လင်းချွမ် ရဲ့ ခွဲစိတ်မှုက လုံးဝအောင်မြင်တယ်။ ဆရာဝန်က ခဏလောက် အနားယူပြီးရင် ပြန်ကောင်းလာမယ်လို့ပြောတယ်"

ဒါကိုကြားတော့ တခြားသူတွေလည်း စိတ်သက်သာရာရသွားကြသည်။

အရင်ကတည်းက သူတို့အားလုံးက အဆင်ပြေခဲ့ကြတာဖြစ်သည်။ စုန့်လင်းချွမ် တစ်ခုခု ဖြစ်သွားတာကို ကြားလိုက်ရတော့ သူတို့ အတော်လေး စိတ်ပူသွားခဲ့ရသည်။

အခု စုန့်အာ့နန်က စုန့်လင်းချွမ် အဆင်ပြေနေတယ်ဆိုတာကို အတည်ပြုလိုက်တဲ့အတွက် သူတို့မနေနိုင်ဘဲ သက်ပြင်းချလိုက်မိကြသည်။

ဒါပေမယ့် နောက်တော့ လူတိုင်းရဲ့အကြည့်က ဖေးခွမ်ဆီရောက်သွားသည်။

ထုတ်လုပ်ရေးအဖွဲ့က ကြည့်ရှုသူတွေကို အမှောင်ထဲတွင် ထားထားရုံသာမက guestတွေကိုလည်း အပြည့်အဝ မျက်နှာသာမပေးပါချေ။

စုန့်အာ့နန်ဆက်ပြီး ရိုက်ကူးရေးလုပ်မှာကို သူတို့သိသလို တစ်ယောက်ယောက်က သူမနဲ့ အတူလိုက်လာမယ်ဆိုတာကိုလည်း သူတို့သိသည်။

ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ မပြောထားတာကြောင့် စုန့်အာ့နန်ရဲ့ မိသားစုဝင်ဖြစ်လိမ့်မယ်လို့ လူတိုင်းက ယူဆခဲ့ကြတာဖြစ်သည်။

ဖေးခွမ် ဖြစ်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားကြပေ။

ဒါပေမယ့် ပြန်တွေးကြည့်တော့လည်း ကျိုးကြောင်းဆီလျော်တဲ့ပုံပင်။

လင်းယုက စုန့်အာ့နန်ကို ကြည့်လိုက်ပြီး နောက်တော့ဖေးခွမ်ကို ကြည့်လိုက်သည်။ “ဒါဆို အခု မင်းတို့ကို ဘယ်လိုခေါ်ရမလဲ? မင်းကို တူဝရီးလို့ ခေါ်လို့ရသေးလား?”

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "ဒါပေါ့၊ နောက်ဆုံးတော့ ကျွန်တော် အနီရောင်စာအိတ်ကို လက်ခံခဲ့တာဘဲလေ"

လူတိုင်း အံ့သြသွားကြသည်။

ဘာအနီရောင်စာအိတ်လဲ?

စက္ကန့်နည်းနည်းလောက် ငြိမ်သက်သွားပြီးတဲ့နောက်၊ ချီမူရှစ်က ရုတ်တရက် လက်ခုပ်တီးပြီး ပြောလာသည်။ "ကျွန်တော်သိတယ် ! အရင်တစ်ခေါက် အန်တီလေးက ပထမဆုံးတွေ့တဲ့ အထိန်းအမှတ်အနေနဲ့ 666 ယွမ်ပါတဲ့ အနီရောင်စာအိတ်ကို အစ်ကိုဖေးခွမ်ကို ပေးခဲ့တယ်"

ရုတ်တရက် သူတို့ပြောနေကြတဲ့ အနီရောင်စာအိတ်ကို လူတိုင်း နားလည်သွားကြသည်။

[ဟုတ်တယ်၊ သူက အနီရောင်စာအိတ်ကို လက်ခံပြီးပြီ၊ ဒါကြောင့် ဖေးခွမ်နဲ့ တူဝရီးဆက်ဆံရေးက ကျောက်တုံးလို ခိုင်မြဲနေတာဘဲ!]

[ဟားဟား၊ ရယ်စရာကောင်းလိုက်တာ။ အရင်တစ်ခေါက် ဖေးခွမ် အန်တီလေးကို ရေမွှေးလက်ဆောင်ပေးတဲ့အချိန်ကို သတိရသွားတယ်။ ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက သူ့အစား ငါတောင်ရှက်မိတယ်]

[Tsk tsk၊ အတိအကျဘဲ! အန်တီလေးက အဲဒီရေမွှေးကို မလိုအပ်‌ပေမယ့် 666ယွမ်ပါတဲ့ အနီရောင်စာအိတ်ကို ပေးခဲ့တယ်။ ပြောရရင် ဒီတူဝရီးဆက်ဆံရေးက ဖေးခွမ် အတွက် တွက်ချေကိုက်လွန်းပုံမပေါ်ဘူး]

[ဘာအနီရောင်စာအိတ်လဲ? ဘာရေမွှေးလဲ? ငါ နောက်ကျသွားတော့ ဘာတွေလွတ်သွားတာလဲ?]

[အပေါ်ထပ်ရေ၊ အနီရောင်စာအိတ်နဲ့ ရေမွှေးအကြောင်း ဇာတ်လမ်းတစ်ခုလုံးကို ဒီဗီဒီယိုထဲမှာ တွေ့ရမယ်၊ click here →→]

[ပြောရရင် စုန့်လင်းချွမ်က ဖေးခွမ်ကို အန်တီလေးနဲ့အတူ ရှိုးကို ဘာလို့လိုက်ခွင့်ပေးခဲ့တာလဲ? သူ့ရဲ့ မနာလိုတတ်တဲ့ ရှာလကာရည်အိုးလို သဘောထားနဲ့ဆို အန်တီလေးကို လုယူခံရမှာ သူစိတ်ပူနေသင့်တာ မဟုတ်ဘူးလား?]

[စုန့်လင်းချွမ် - နောက်တာ၊ အဲဒါ ငါ့အန်တီလေးလေ!]

[ငါမှတ်မိတာမှန်ရင် ဖေးခွမ်က စုန့်အာ့နန်ကို အန်တီလေးလို့ အရင်က လူသိရှင်ကြားမခေါ်ဖူးဘူး။ အခု ဆက်ဆံရေးကို သူ ဘာလို့ ရုတ်တရက် လက်ခံလိုက်တာလဲ?]

[အင်းး...ဖေးခွမ်က တူဝရီးအတွဲဖြစ်ဖို့ ဘာလို့လက်ခံလိုက်လဲဆိုတာကတော့ သူနဲ့အန်တီလေးနဲ့ ပတ်သက်ပြီး မလိုအပ်တဲ့ အတင်းအဖျင်းတွေကို ရှောင်ရှားချင်တာကြောင့်ဖြစ်မယ်]

[ဝါးး ဖေးခွမ်ရဲ့ သဘောကျစရာကောင်းမှုက ငါ့အပေါ် တကယ်ကြီးထွားလာတယ်၊ သူက လုံးဝကို ထောက်ထားတတ်တာဘဲ]

[အင်း... သူက လူကြီးလူကောင်းလို့ ငါမဆိုလိုပေမယ့် သူက တော်တော်လေးတော့ တွေးခေါ်တတ်ပြီး ဂရုပြုတတ်တဲ့ပုံဘဲ]

...

guest လေးဖွဲ့ ဆုံပြီးတဲ့နောက် တိုက်ရိုက်ထုတ်လွှင့်ခန်းက ကြည့်ရှုသူတွေက ရိုက်ကူးရေး ကောင်းကောင်းမွန်မွန်စလိမ့်မယ်လို့ ထင်လိုက်သည်။

ဒါပေမယ့် မရောက်သေးတဲ့ guestတစ်တွဲ ကျန်သေးတယ်လို့ ဒါရိုက်တာက ကြေညာလိုက်တဲ့အတွက် အားလုံးက အချိန်နည်းနည်း စောင့်ရမည်။

အင်တာနက်သုံးစွဲသူတွေ ကြိုက်ကြတယ် - ???

သူတို့က နောက်ဆုံးအပိုင်းရောက်နေပြီလေ၊ ရုတ်တရက်ကြီး guest အသစ်တွေလား? ဒါက လုံးဝ လက်မခံနိုင်စရာဘဲ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်တွေ အံ့ဩနေတာနဲ့ ဆန့်ကျင်ဘက် guest တွေကတော့ အရမ်းတည်ငြိမ်‌နေကြသည်။

ကျန်းခိုင်က ရှိုးကိုပြန်လာမယ်လို့ စုန့်လင်းချွမ်ကိုဘဲ ပြောထားတာ မဟုတ်ဘဲ တခြား guest တွေကိုလည်း အကြောင်းကြားထားသည်။

ကျန်းခိုင်ရဲ့ ပါတနာက သူ့ညီမ ကျန်းယောင် မဟုတ်တော့ဘဲ အရင်က သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒရမ်မာတွင် သူ့ညီမအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အမျိုးသမီးအနုပညာရှင်တစ်ယောက်ဖြစ်သည်။

ဒါကြောင့် သူတို့ အတွဲက မောင်နှမအတွဲဖြစ်နေဆဲပင်။

ဒါရိုက်တာက ကြေငြာပြီး သိပ်မကြာခင်မှာပဲ ကျန်းခိုင်က ကင်မရာမှာ ပေါ်လာသည်။

စုန့်အာ့နန် ကျန်းခိုင် ကိုမြင်တဲ့အခါ သူမ အရမ်းအံ့သြသွားသည်။ ကျန်းခိုင်က ရှိုးမှာ ပြန်ပါမယ့်အကြောင်း ဒီကိုလာတဲ့လမ်းမှာ ဖေးခွမ်က သူမကို ပြောပြထားပြီးသားပင်။

ဒါပေမယ့် ကျန်းခိုင်နဲ့အတူ ပေါ်လာတဲ့သူကို သူမတွေ့လိုက်ရတော့ အံ့ဩသွားသည်။

မူရင်းစာအုပ် ရဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ရှဲ့ယင်းပင်။

သို့သော် သူမကိုယ်သူမ စိတ်ပြန်ထိန်းလိုက်ပြီးတဲ့နောက် စုန့်အာ့နန်တစ်ယောက် ဝိုးတိုးဝါးတား နားလည်လိုက်သည်။

ဝတ္ထုထဲတွင် အမျိုးသားဇာတ်လိုက် ကျီချိုးပိုင်က ဒီတစ်ခေါက် သာလွန် variety show တွင် ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားပေမယ့် စုန့်လင်းချွမ်ရဲ့ ဒဏ်ရာကြောင့် အဆိုပါရှိုးက ရိုက်ကူးမှုကို ခေတ္တဆိုင်းငံ့ထားပြီး ပြုပြင်ပြောင်းလဲမှုအချို့လုပ်မယ်လို့ ပြောခဲ့သည်။

သို့ပေမယ့် မူလစာအုပ်ရဲ့ အမျိုးသမီးဇာတ်လိုက်နဲ့ အမျိုးသားဇာတ်လိုက်တို့ ဆုံရမယ့် နေရာက ရှိုးမတူသွားရုံလေးပင်။

စုန့်အာ့နန်ကတော့ ဒါကို လုံးဝစိတ်မ၀င်စားဘူး။ သူမကိုယ်တိုင်က ရှဲ့ယင်းကို မလိုလားပေ။

စုန့်လင်းချွမ် မပါသရွေ့တော့ အဆင်ပြေတယ်။

စုန့်အာ့နန်က ခေါင်းငုံ့ကာ တွေးနေတုန်း ရှဲ့ယင်းရဲ့အသံက သူမနားထဲ ရုတ်တရက်ဝင်လာသည်။

"အစ်ကို ဖေးခွမ် မတွေ့တာကြာပြီနော်"

All Chapters