အခန်း (၄၇)
Vol. 4 Ch. 47
' အစ်ကိုဖေးခွမ် မတွေ့တာကြာပြီ' ဒီလို အခေါ်အဝေါ်၊ ဒီလိုအဖွင့်စာကြောင်းက တကယ်ကို အံ့သြစရာဖြစ်စေသည်။
အတင်းအဖျင်း ပြောတာတွေက ပြင်းထန်လာပြီး တိုက်ရိုက်လွှင့်ခန်းမှာ ချက်ချင်းပေါက်ကွဲသွားသည်။
[Holy crap! ရည်းစားဟောင်းနှစ်ယောက် ပြန်ဆုံကြတဲ့ပုံနဲ့တူတယ်လို့ ငါဘာလို့ထင်နေရတာလဲ?]
[ဒီမှာဘာတွေဖြစ်နေတာလဲ? ဖေးခွမ်နဲ့ ရှဲ့ယင်းကြားမှာ တစ်ခုခုရှိနေတာများလား?]
[Tsk tsk၊ ဒီမှာ အရည်ရွှမ်းတဲ့ အတင်းအဖျင်းအနံ့အသက်တွေရနေတယ်]
[အားး ဘာလို့ ထပ်ပြီး ရှဲ့ယင်းပဲလဲ !!!]
[ရှဲ့ယင်း ထွက်သွားစမ်း! အရမ်းဟန်ဆောင်လွန်းတယ်၊ နဲ့ ကိုမြင်ရုံနဲ့တင် စိတ်အနှောင့်အယှက်ဖြစ်ရတယ် ]
[ထပ်ပြီး ရှဲ့ယင်း ပြန်လား? သူဟာလေ အခွင့်အရေးရတိုင်း တွယ်ကပ်နေတော့တာဘဲ၊ ကျွတ်စ် သူက နာမည်မကြီးသေးလို့ ကျော်ကြားမှုရအောင် တွယ်ကပ်နေပြန်ပြီ!]
[အတိအကျ ဘာဖြစ်ခဲ့လို့လဲ? ဖေးခွမ်ဖန်တွေရဲ့ တုံ့ပြန်မှုကို အကဲဖြတ်ကြည့်ရင် ဒီနေရာကမှာ ဒရာမာရှိနေတယ်ဆိုတာ သေချာတယ်]
[အားးး ဘာလုပ်ရမလဲ၊ အတင်းအဖျင်းတွေကို ငါတကယ်သိချင်နေပြီ၊ သိတဲ့သူတွေ ရှင်းပြပေးပါဦး!]
[ဖေးခွမ်ဖန်တွေ၊ ဒေါသထွက်နေမယ့်အစား ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး]
[လက်မခံနိုင်ဘူး! အရမ်းသိချင်နေပြီ! အွန်လိုင်းပေါ်မှာ ရှာဖို့ စိတ်လှုပ်ရှားနေပြီ၊ ဒီအတင်းအဖျင်းရဲ့ ဟိုးအောက်ခြေ အထိငါရောက်ဖို့လိုတယ်]
[အပေါ်ထပ်ကညီအစ်မရေ၊ ငါတို့တွေစောင့်နေမယ် မင်း အတင်းအဖျင်းတွေ သိရပြီးရင် လူတိုင်းကို မျှဝေပေးပါနော်]
[အတင်းအဖျင်းကို စောင့်နေမယ် +1]
[အတင်းအဖျင်းကို စောင့်နေမယ် + 10086]
...
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အတင်းအဖျင်းတွေနဲ့ ပေါက်ကွဲနေပြီး စတူဒီယိုထဲရှိလေထုဟာလည်း ထပ်တူထပ်မျှ ပြင်းထန်နေသည်။
စုန့်အာ့နန် မျက်လုံးတွေပြူးသွားပြီး ဖေးခွမ်နဲ့ ရှဲ့ယင်းကြားတွင် သူမရဲ့အကြည့်တွေက ကူးလူးသွားသည်။
အခြား guest တွေလည်း အတွေးနက်နေကြသည်။
အထူးသဖြင့် လီယုနဲ့ ရှစ်ချင်တို့ မိန်းကလေးနှစ်ယောက်က အပြန်အလှန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်သား အချင်းချင်း ပြင်းထန်တဲ့ အတင်းအဖျင်း အငွေ့အသက်တွေကို ရှာဖွေတွေ့ရှိလိုက်ကြသည်။
မျှော်လင့်ထားတဲ့အတိုင်း လူတိုင်းက အတင်းအဖျင်းတွေကို နှစ်သက်ကြသည်။
အားလုံးက ပါဝင်ပတ်သက်နေတဲ့သူ နှစ်ဦးအပေါ် အာရုံစိုက်ထားကြသည်။
ဖေးခွမ်က နှုတ်ခမ်းပေါ်မှာ မရေမရာဖြစ်တဲ့အပြုံးနဲ့အတူ ရှဲ့ယင်းကို ကြည့်လိုက်ပြီး "တော်တော်ကြာခဲ့ပြီဘဲ"
ရှဲ့ယင်းရဲ့ မျက်လုံးတွေ တောက်ပလာကာ ဖေးခွမ်ကို တစ်ခုခု ပြောလိုက်ချင်ပေမယ့် ထိန်းထားရသလိုမျိုး ကြည့်လိုက်သည်။
သူမ စကားပြောခါနီးမှာ ဖေးခွမ်ရဲ့ ဂရုမစိုက်တဲ့ အသံကို ကြားလိုက်ရသည်။ "ဒါပေမယ့် ငါတို့ အကြိမ်နည်းနည်းထက် ပိုပြီး မတွေ့ဖူးကြဘူးထင်တယ်"
သူ့စကားတွေက သူ့ဘာသာသူ ရေရွတ်နေတဲ့ပုံပေါ်ပေမယ့် သူပြောပြီးတဲ့အခါမှာတော့ ချက်ချင်းမုန်တိုင်းထန်သွားသည်။
ရှဲ့ယင်းမှာ ဖေးခွမ်ဆီကနေ ဒီလိုတုံ့ပြန်မှုမျိုးကို ရှင်းရှင်းလင်းလင်း မမျှော်လင့်ထားတဲ့အတွက် နေရာမှာဘဲရပ်ကာ အေးခဲသွားသည်။
လေထုက ချက်ချင်း တင်းမာလာသည်။
ဖေးခွမ်က လုံးဝကိုမဖြုံဘဲ သူ့ရဲ့မျက်နှာပေါ်မှာတော့ သိသိသာသာကို အဖက်မလုပ်တဲ့ အပြုံးက ရောထွေးနေသည်။
[သေစမ်း၊ ဒီရှိုးကို အချိန်အကြာကြီး လိုက်ကြည့်ထားတော့ အရင်တစ်ခေါက် မျက်နှာဖြတ်ရိုက်ခံခဲ့ရတာလည်း ကျန်းခိုင်တို့ မောင်နှမဘဲနော်]
[ဝိုး မားမားရေ၊ ဒါက ပြင်းလိုက်တာ၊ ဖေးခွမ်က ဘွင်းဘွင်းရှင်းရှင်းနဲ့ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာမဟုတ်ဘူးလား]
[ဟုတ်တယ်... ဘယ်လိုလုပ် မဟုတ်ရမှာလဲ?]
[ဟားဟားဟား၊ ကျေနပ်စရာဘဲ၊ ဒါက အချို့ အရှက်မရှိ တွယ်ကပ်တတ်တဲ့ သူတွေမှာ ဖြစ်သင့်တာ]
[အမ်း... ဖေးခွမ်က နည်းနည်းလောက် ရိုင်းတာ မဟုတ်ဘူးလား? ဘာပဲဖြစ်ဖြစ် သူက ဧည့်သည်လေ၊ မိန်းကလေးတစ်ယောက်က သူ့ကိုနှုတ်ဆက်တာကို သူက ဒီလိုမျက်နှာပျက်အောင် မလုပ်သင့်ဘူး]
[ဖေးခွမ်ကို ရှိုးပွဲတွေမှာ ကြည့်ရတာတော့ သူက တကယ့်ကို နူးညံ့သိမ်မွေ့တယ်လို့ ငါ အမြဲထင်တယ် သူ့ရဲ့ အများသူငါ ပုံရိပ်က EQ မြင့်တဲ့သူတစ်ယောက်ဘဲ။ သူဒီလိုပြုမူတာက အကြောင်းပြချက်ရှိရမယ်]
[ဟင်းး၊ ဒီတလော ဒရာမာနဲ့ အတင်းအဖျင်းတွေက လုံးဝကို ပြောင်းပြန်ဖြစ်နေတာနဲ့ ပြည့်နှက်နေတာဘဲ၊ အကြောင်းအရာကို အပြည့်အဝ မသိရသေးသရွေ့ ငါတော့ ဘာကိုမှ မဝေဖန်သေးဘူး]
[ဟုတ်တယ် ဟုတ်တယ်၊ ဒီတလော အွန်လိုင်းပေါ်ကအတင်းအဖျင်းတွေကြောင့် ငါ့မှာ ptsd (Post-traumatic stress disorder) တောင် ရလာတယ်၊ ဒါကြောင့်ကောက်ချက်မချ သေးတာ ပိုကောင်းတယ်]
ကျန်းခိုင်က ရှဲ့ယင်းရဲ့ ရှေ့မှာ ရပ်ကာ မဖော်ရွေတဲ့လေသံနဲ့ပြောလာသည်။ "ဖေးခွမ် မင်း လွန်လွန်းနေတာမဟုတ်ဘူးလား!"
"လွန်လွန်းတယ်?" ဖေးခွမ်က နားမလည်နိုင်တဲ့ အမူအရာနဲ့ မျက်ခုံးပင့်လိုက်သည်။ " လွန်လွန်းတယ် ဆိုတဲ့အပေါ် အထင်လွဲတာကို ရှောင်ဖို့ တစ်ခုခု ရှင်းပြသင့်တယ်မထင်ဘူးလား? အဲ့ဒီအစား ငါက သူတို့ကို အထင်လွဲခိုင်းထားရမှာလား၊ အဲ့ဒါဆို မလွန်ဘူးပေါ့ ဟုတ်လား?"
ကျန်းခိုင်က ငြင်းခုံဖို့ ကြိုးစားတော့သည်။ "ဒါက ပုံမှန်နှုတ်ဆက်တာဘဲလေ၊ ဘယ်နားမှာ အထင်လွဲစရာရှိလို့လဲ?"
ဖေးခွမ်က အဓိပ္ပါယ်ပါပါနဲ့ "အိုး"လို့ ပြောလိုက်ပြီး "ပြီးတော့ ငါကလည်း ရိုးရိုးရှင်းရှင်းနဲ့ အမှန်တိုင်းပြောလိုက်တာပဲလေ၊ အဲ့ဒါက ဘယ်လိုလုပ် လွန်တာဖြစ်မှာလဲ?"
[ဖေးခွမ်ပြောတဲ့အထဲမှာ အထင်လွဲတာဆိုပြီးပါတယ် သူက အဲ့ဒါကို မရှင်းပြဘူး။ သူက မရှင်းပြခင် အရှုပ်တော်ပုံတစ်ခုကို ရှင်းထုတ်မလို့လား?]
[ဖွီ၊ ကျန်းခိုင်က ဒီနေရာမှာ မသိနားမလည်သလို တမင်တကာ ဟန်ဆောင်နေတယ်။ သူပြောတဲ့ ပုံမှန် နှုတ်ဆက်စကားကို သူကိုယ်တိုင်ကရော ယုံလို့လား?]
[ကျန်းခိုင်နဲ့ ဆက်ဆံတဲ့နေရာမှာ ဖေးခွမ်ရဲ့ ချဉ်းကပ်မှုက လမ်းတစ်ခုတည်းဆိုတာ သိသာတယ်။ မင်းက သတိမထားမိချင်ယောင်ဆောင်ရင် ငါလည်း သတိမထားမိချင်ယောင်ဆောင်မယ်၊ ဘယ်သူက ထိန်းထားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့]
ကျန်းခိုင်က ဘာပြောရမှန်းမသိဖြစ်သွားပြီး ဖေးခွမ်ကိုဒေါသတကြီးနဲ့ဘဲ ကြည့်နေလိုက်သည်။
ဒေါသကြီးတတ်တဲ့ စုန့်လင်းချွမ်နဲ့ ယှဉ်ရင် ဖေးခွမ်အပေါ်မှာတော့ သူအမြဲသတိထားရကြောင်း ဝန်ခံရမည်။
ဒီကောင်ရဲ့ စကားတွေက အမြဲတမ်း ကတ္တီပါလက်အိတ်တွေလိုပင်၊ အဲ့ဒါတွေက အခြေခံအားဖြင့်တော့ သူ့အပေါ် အခွင့်ကောင်းယူဖို့ မဖြစ်နိုင်ပါချေ။
လီယုကတော့ ဘေးကနေ တအံ့တသြ၊ ရင်တထိတ်ထိတ်နဲ့ ကြည့်နေသည်။
အရင်တုန်းက သူမဟာ ဖေးခွမ်နဲ့အတူ အကြိမ်အနည်းငယ်လောက် ပူးပေါင်းလုပ်ကိုင်ဖူးပြီး သူ့အပေါ် အမြဲတမ်း စိတ်ဝင်စားနေခဲ့တာဖြစ်သည်။
သိမ်မွေ့တဲ့လူတွေရဲ့ စည်းတွေက ပိုခိုင်မာတယ်လို့ ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိသည်။
အဲ့ဒါကတော့ ဖေးခွမ် သူမကိုပေးတဲ့ vibe ဖြစ်သည်။ သူဟာနူးညံ့သိမ်မွေ့ပြီး လိုက်လျောညီထွေဖြစ်ပုံရကာ ပေါင်းသင်းဖို့ အရမ်းလွယ်ကူပေမယ့် တကယ်တော့ နီးစပ်ဖို့ ခက်လှသည်။
အန္တရာယ်မရှိတဲ့ ပုံပေါ်ပေမယ့် အမှန်တကယ်တော့ အခွင့်ကောင်းယူဖို့ အခက်ဆုံးဖြစ်သည်။
အခုလိုမျိုး မျက်နှာနီရဲပြီးဒေါသထွက်မလာဘဲ ရှဲ့ယင်းနဲ့ ကျန်းခိုင်တို့ကို ကတ္တီပါ လက်အိတ်နှစ်ဖက်လုံး ကျွေးလိုက်သည်။
သူ့လိုလူတွေက မိတ်ဖွဲ့ရင်ကောင်းပေမယ့် ရန်သူလုပ်လို့တော့ မကောင်းပေ။
ဖေးခွမ်က ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့ကို လျစ်လျူရှုပြီး ဘေးနားက စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။
သူက စုန့်အာ့နန်ရဲ့ လက်မောင်းကို တံတောင်နဲ့ အသာအယာတိုက်လိုက်ပြီး မေးလိုက်သည်။ "မနက်စာမစားရဘဲနဲ့ စောစောစီးစီး လေယာဉ်အမှီထွက်လာရလို့ ဗိုက်ဆာနေပြီလား?"
စုန့်အာ့နန်တစ်ယောက် အတွေးတွေထဲကနေ သတိပြန်ဝင်လာပြီး မျက်တောင်ခတ်လိုက်သည်။ "ဟင်? ဘာဖြစ်တာလဲ?"
[ဟာဟားဟား၊ သူ အခုလေးတင် အတင်းအဖျင်းတွေကို တိတ်တိတ်လေး စားနေတာဖြစ်မယ်!]
[ စုန့်အာ့နန်က တကယ်ကြောင်တာပဲ။ တခြားသူတွေ ရန်ဖြစ်နေတုန်းမှာ ဘယ်လိုလုပ် ဇုန်ထဲကနေ ထွက်သွားနိုင်ရတာလဲ]
[အန်တီလေးစုန့် - ရုတ်တရက် အခေါ်ခံလိုက်ရတော့ နည်းနည်း လန့်သွားတယ် jpg]
စုန့်အာ့နန်ရဲ့ ကြောင်တောင်တောင် တုံ့ပြန်မှုကို မြင်တော့ ဖေးခွမ်မနေနိုင်ဘဲ ပြုံးလိုက်သည်။
ဒီလိုအချိန်မျိုးမှာ သူမက စိတ်လွင့်နေသေးတယ်၊ အထင်ကြီးစရာဘဲ။
ဖေးခွမ်ရဲ့ ရွှင်မြူးတဲ့အကြည့်နဲ့ ဆုံလိုက်ရတော့ စုန့်အာ့နန်က ကိုးရိုးကားယားနဲ့ နှာခေါင်းကုတ်လိုက်သည်။
တကယ်တော့ ခုနတုန်းက စိတ်လွင့်နေတာ သူမအပြစ်မဟုတ်ဘူး။ သူမ အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို ရုတ်တရက် တွေးလိုက်မိလို့။
ဒီဟာက စာအုပ်ထဲက ကမ္ဘာဆိုတာကို သိလိုက်ရကတည်းက စုန့်အာ့နန်ဟာ စုန့်လင်းချွမ်ရဲ့ အမြောက်စာအဖြစ် သေဆုံးရတာကိုဘဲ အာရုံစိုက်နေခဲ့မိတာဖြစ်သည်။ ဒါပေမယ့် သူမက တစ်ခုခုကို တစ်ချိန်လုံး မေ့နေခဲ့တာ။
အဲ့ဒါက မူလဝတ္ထုထဲမှာလည်း ဖေးခွမ်ပေါ်လာဖူးသည်။
အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့ရဲ့ မင်္ဂလာပွဲက ပရိသတ် နေရာမှာ သူထိုင်နေခဲ့တဲ့ တစ်ခုတည်းသော ဇာတ်ကွက်ဖြစ်သည်။
ပထမတော့ စုန့်အာ့နန်က ဖေးခွမ်က အမျိုးသားဇာတ်လိုက်ရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ တက်ခဲ့တာလို့ ထင်ခဲ့သည်။
တကယ်တော့ စာအုပ်တစ်အုပ်လုံးကို အမျိုးသမီးဇာတ်လိုက်ရဲ့ ရှုထောင့်ကနေ ရေးထားတာဖြစ်ပြီး ဖေးခွမ်က အရင်ကလည်း တစ်ခါမှ မပေါ်လာခဲ့ဘူးဆိုတော့ သူက အမျိုးသမီးဇာတ်လိုက်နဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုလိုတာပင်။
ဒါပေမယ့် စုန့်အာ့နန်ကို အရမ်းစိတ်ရှုပ်ကျန်ခဲ့သွားအောင် မူရင်းစာအုပ်ထဲက စာကြောင်းတစ်ကြောင်းကလုပ်ခဲ့သည်။
ဖေးခွမ်သည် စင်မြင့်ပေါ်ရှိ သတို့သမီးနဲ့သတို့သား တို့ရဲ့မိသားစုဝင်တွေကို ကြည့်နေတုန်းမှာ သူ့မျက်လုံးတွေထဲတွင် ဝမ်းနည်းကြေကွဲမှုနဲ့ နာကျင်မှု အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။
အဲဒီတုန်းက သူမ နားမလည်တာကြောင့် အဲ့ဒါကို မူလစာအုပ်ထဲက ချို့ယွင်းချက်တစ်ခုလို့ စုန့်အာ့နန်ထင်ခဲ့မိသည်။
ဒါပေမယ့် အခုအချိန်မှာတော့ ဖေးခွမ်နဲ့ ရှဲ့ယင်းတို့က အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိနေကြပုံရတဲ့အတွက် အခြား မြုပ်ကွက်တွေများ ရှိနေမလား?
"ငါပြောတာ မင်းဗိုက်ဆာနေလား မဆာဘူးလားလို့" ဖေးခွမ်က နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။
သူမ အဆင်ပြေတယ်လို့ ပြောတော့မယ့်အချိန်၊ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဘရိတ်အုတ်လိုက်သည် - "အင်း၊ ဗိုက်နည်းနည်းဆာတယ်"
ဒါကိုကြားတော့ ဒါရိုက်တာက ချက်ချင်းပဲ နေ့လယ်စာက အဆင်သင့်ဖြစ်ပြီဖြစ်ပြီး ဘေးနားက စားသောက်ဆိုင်မှာ သွားစားလို့ရတယ်လို့ ပြောလာသည်။
ကျွန်းပေါ်က အပန်းဖြေစခန်းတွေမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ပင်လယ်စာက သဘာဝအလျောက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်တာကြောင့် ပထမဆုံးအစားအစာအတွက် ပင်လယ်စာကို ပြင်ဆင်ထားသည်။
စားပွဲမှာ လီယုနဲ့ တခြားသူတွေက လေထုကို စိုပြေဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပြီး အားလုံးက ပျော်ရွှင်စွာနဲ့ စားသောက်ကြသည်။
စားသောက်ပြီးတဲ့နောက် guest တွေက ဝန်ထမ်းတွေစီစဉ်ပေးတဲ့ တည်းခိုခန်းဆီ အတူတူ ခရီးဆက်ကြသည်။
ဒီတစ်ခါတော့ ဧည့်သည်တွေ အားလုံးက ဗီလာကြီးတစ်ခုထဲမှာ အတူတူနေရမည်ဖြစ်သည်။ အခန်းတွေကို ရိုက်ကူးရေးအဖွဲ့သားတွေက စီစဉ်ပေးထားပြီးပြီဖြစ်တာကြောင့် guest တွေအနေနဲ့ ရွေးစရာမလိုပေ။
guest တစ်တွဲစီအတွက် ဧည့်ခန်းပါ အခန်းတစ်ခန်းစီရကြပြီး စုန့်အာ့နန်နဲ့ ဖေးခွမ်တို့က တတိယထပ်ရဲ့ အနောက်ဘက်ခြမ်းက အခန်းကိုရသည်။ အခန်းက အိပ်ခန်းနှစ်ခန်းပါကာ၊ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်းစီတွင်လည်း ကိုယ်ပိုင်ရေချိုးခန်းပါတဲ့အတွက် အရမ်းအဆင်ပြေသည်။
လူတိုင်းသည် ခရီးဆောင်အိတ်တွေသယ်ကာ ကိုယ့်အခန်းဆီ သွားကြသည်။
ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ စီစဉ်မှုအရ နေ့ခင်းပိုင်း အနားယူပြီး ကျွန်းတစ်ဝိုက် လွတ်လွတ်လပ်လပ် သွားလို့ရသည်။
အရင်ဆုံးပတ်ဝန်းကျင်နဲ့ ရင်းနှီးစေဖို့ပင်။
ကျွန်းဟာ အပန်းဖြေကျွန်းတစ်ကျွန်းဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့သားတွေက ကျွန်းတစ်ခုလုံးကို ရိုက်ကူးရေးလုပ်ဖို့အတွက် ငှားထားတာဖြစ်သည်။
ဒါကြောင့် guest တွေက ရိုက်ကူးရေးလုပ်ရာတွင် အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်စရာမလိုဘဲ လှည့်ပတ်သွားလာလို့ အဆင်ပြေသည်။
ဖေးခွမ်က စုန့်အာ့နန်ကို အခန်းဝင်ပေါက်အထိ လိုက်ပို့ပေးသည်။ "တစ်ခုခုလိုရင် ပြောနော်"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "သိပြီ၊ ရှင့်ပစ္စည်းတွေကို သွားလုပ်လိုက်ပါ"
ဖေးခွမ် သူ့အခန်းဆီပြန်သွားတော့ စုန့်အာ့နန်လည်း တံခါးပိတ်လိုက်သည်။
ဒီseason မှာ guest တွေအားလုံးရဲ့ အခန်းတွေထဲမှာ ကင်မရာတွေ တပ်ထားပေမယ့် အချိန်မရွေး ပိတ်နိုင်သည်။
တခြားအချိန်တွေဆို အဆင်ပြေပေမယ့် တစ်ရေးတစ်မော အိပ်တဲ့အချိန် နာရီဝက်ဆိုရင်တောင် ပိတ်ဖို့ လိုတယ်လို့ စုန့်အာ့နန် ခံစားရသည်။
သူမ ကင်မရာပိတ်လိုက်တဲ့အချိန် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ စခန်းချထားတဲ့ လီစစ်ရွေ့ဆီကနေ WeChat မက်ဆေ့ခ်ျ ရောက်လာသည်။
ကြည့်ကြည့်လိုက်တော့ ဖြစ်ပျက်ခဲ့သမျှတွေကို စုန့်အာ့နန် သဘောပေါက်လိုက်သည်။
လီစစ်ရွေ့ - [ဝါးးး ညီအစ်မစုန့်ရေ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငါတို့ ဖေးဖေးကို ကာကွယ်ပေးပါ၊ ရှဲ့ယင်းကို သူ့အနားမကပ်စေနဲ့နော်!]
စုန့်အာ့နန်က နားမလည်နိုင်ဖြစ်သွားသည်။ [ဘာဖြစ်လို့လဲ?]
ရှဲ့ယင်းက မူလဝတ္ထုထဲက အမျိုးသမီးဇာတ်လိုက် ဖြစ်နေရင်တောင် ရက်စက်တဲ့သားရဲ မဟုတ်ပါချေ။ ပြီးတော့ ဖေးခွမ်ကလည်း စုန့်လင်းချွမ်လိုမျိုး အမြောက်စာအရန်ဇာတ်ကောင် မဟုတ်တာကြောင့် ပြဿနာမရှိလောက်ဘူးမလား?
ဒါ့ပြင်လီစစ်ရွေ့က ရှဲ့ယင်းက အမျိုးသမီးဇာတ်လိုက်ဖြစ်တယ်ဆိုတာ သိတောင်မသိလောက်ဘူး။
ဒီတစ်ခါတော့ လီစစ်ရွေ့ရဲ့ ပြန်စာက ရောက်လာတာနှေးသွားသည်။ အစကတော့ စုန့်အာ့နန်က ထူးဆန်းတယ်လို့ ထင်လိုက်ပေမယ် စာအရှည်ကြီးကိုတွေ့လိုက်ရတော့ ချက်ချင်းသဘောပေါက်သွားသည်။
စာတွေအများကြီးရိုက်ရတော့ အချိန်ကြာသွားတာဘဲ။
ဒါပေမယ့် ဒီစာအရှည်ကြီးကနေ စုန့်အာ့နန်တစ်ယောက် ဇာတ်လမ်းတစ်ခုလုံးကို သိလိုက်ရသည်။
ဒီတော့ ဖေးခွမ်နဲ့ ရှဲ့ယင်းက အရင်တုန်းက အရှုပ်တော်ပုံတစ်ခုမှာ ပါခဲ့ဖူးတာဘဲ။
လွန်ခဲ့သည့်နှစ်နှစ်မှာ ရှဲ့ယင်းက idol talent ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ အဲဒီတုန်းက သူမရဲ့ သီဆိုကခုန်မှုဟာ ပျမ်းမျှလောက်သာရှိပြီး သူမရဲ့ရုပ်ရည်နဲ့ဆိုရင်တော့ ထိပ်ဆုံး 10ယောက်ထဲ စာရင်းဝင်ဖို့ လုံလောက်တယ်လို့ ယူဆကြသည်။
ဒါပေမယ့် သူမက ရုပ်ရည်ကိုသာ အားကိုးပြီး အရည်အချင်းသိပ်မရှိတဲ့အတွက် မကျော်ဖြတ်နိုင်ခဲ့ဘဲ ထိပ်ဆုံး 10 ယောက်နေရာမှာဘဲ ရပ်နေနိုင်ခဲ့သည်။
ဒါပေမယ့် ရှဲ့ယင်း ထွက်ခါနီးတွင် သူမနဲ့ ဖေးခွမ်တို့ အကြောင်း အရှုပ်တော်ပုံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်ကို တူညီတဲ့စားသောက်ဆိုင်တစ်ခုမှာ ပါပါရာဇီတွေဆီကနေ ဓာတ်ပုံရိုက်ခံခဲ့ရသည်။
ပါပါရာဇီတွေ ဖော်ထုတ်ထားတဲ့ ဓာတ်ပုံတွေအရ ဖေးခွမ် ဟာ စားသောက်ဆိုင်ကနေ အရင်ထွက်လာပြီး ရှဲ့ယင်းက သူ့နောက်ကနေ ပြေးထွက်လာသည်။ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက်လည်း တော်တော်လေး ရင်းနှီးပုံရတယ်လို့ ဆိုကြသည်။
ဒီဖောင်းပွလာတဲ့ ခေါင်းစီးသတင်းတွေကို အခွင့်ကောင်းယူပြီး ရှဲ့ယင်းက ရှိုးရဲ့ နောက်ဆုံး ၅ ယောက်နေရာအထိ အံ့ဩဖွယ်ရာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
နောက်တော့ အင်တာဗျူးများတွင် ရှဲ့ယင်းက သူဖေးခွမ် ကို သိကြောင်း ကင်မရာရှေ့မှာ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး သူတို့နှစ်ယောက်ကြား အဆက်အသွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဒါပေမယ့် ဘယ်လို အဆက်အသွယ် ရှိတယ်ဆိုတာကိုတော့ သူမ အသေးစိတ် မပြောခဲ့ပေ။
ဒီလိုမရေမရာ တုံ့ပြန်မှုက အွန်လိုင်းပေါ်တွင် လူစိတ်ဝင်စားမှု မြင့်မားလာစေသည်။
ဒါ့အပြင် ဖေးခွမ်နဲ့ ရှဲ့ယင်းတို့က T City မှ ဖြစ်တာကြောင့် ငယ်ချစ်တွေ၊ လမ်းခွဲပြီး ပြန်တွေ့ကြတယ် စသဖြင့် အချစ်ရေးအကြောင်း အမျိုးမျိုးက အင်တာနက်တခွင်ပြည့်နှက်လာသည်။
ဖေးခွမ်ရဲ့အဖွဲ့က အဲ့ဒီ ဆက်ဆံရေးကို အလျင်အမြန်စွာ ငြင်းဆိုခဲ့ပြီး သူတို့ကြားမှာ၊ အတိတ် ဒါမှမဟုတ် အနာဂတ်တွင်လည်း ဘယ်သောအခါမှ အဆင်အသွယ်မရှိကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အဆက်အသွယ်က ဘာလဲဆိုတာကိုတော့ သူတို့က မရှင်းပြခဲ့ပါချေ။
အဲဒီနောက်ပိုင်း ရှဲ့ယင်းက ဒါကို ဘယ်တော့မှ မပြောတော့သလို ဖေးခွမ် နာမည်ကိုလည်း လူသိရှင်ကြား မထုတ်ပြောတော့ပေမယ့် အဲဒီကနေ သူမရရှိလာတဲ့ ကျော်ကြားမှုတွေက ကြီးမားလှသည်။
ဒါကြောင့် ဖေးခွမ်ရဲ့ဖန်တွေဟာ သူမသည် ဖေးခွမ်ရဲ့ကျော်ကြားမှုကို တမင်တကာ ခိုးယူတယ်လို့ ခံစားလာရပြီး ရှဲ့ယင်းကို သဘာဝအလျောက် လေးလေးနက်နက် မကျေမနပ်ဖြစ်ခဲ့ကြသည်။
အရှက်ကိုမရှိဘူး!
လီစစ်ရွေ့ရဲ့စာကိုဖတ်ပြီးတဲ့နောက် စုန့်အာ့နန် ချက်ချင်းဘဲ စိတ်ရှုပ်ထွေးသွားသည်။
မူလစာအုပ်မှာ ဒီဟာကို ဘယ်လိုလုပ် မဖော်ပြထားတာတာလဲ? ဘယ်လောက်တောင် ထူးဆန်းလဲ။
ဒါပေမယ့် မကြာခင်မှာပဲ သူမ စိတ်အေးသွားသည်။
မူလစာအုပ်ထဲတွင် စုန့်လင်းချွမ်ရဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေများစွာရှိတာကြောင့် ဖေးခွမ်ရဲ့ ဇာတ်လမ်းက ဒီဇာတ်ကြောင်းရဲ့ဟာကွက်ဖြစ်ရလောက်တဲ့အထိ ကြီးကြီးမားမား မဖြစ်နိုင်ပါချေ။
စုန့်အာ့နန်က ဖုန်းကိုချပြီး တစ်ရေးတစ်မော အိပ်ဖို့လုပ်နေတုန်းမှာဘဲ လီစစ်ရွေ့က နောက်ထပ် မက်ဆေ့ခ်ျတစ်စောင်ပို့လာသည်။
[ဒါ့အပြင် ရင်းနှီးတဲ့သူအနေနဲ့ သတိပေးလိုက်မယ်၊ သူတို့နှစ်ယောက်လုံးက နင့်တူတွေဖြစ်ပေမဲ့ နင် ငါ့ရဲ့ ဖေးခွမ်ကို ဘက်လိုက်ဖို့ ငါမမျှော်လင့်ထားဘူး၊ ဒါပေမယ့် နင်တရားမျှတဖို့တော့လိုတယ်]
စုန့်အာ့နန် - [???]
သူမ ဘာကို ဆိုလိုတာလဲ?
လီစစ်ရွေ့က ချက်ချင်းစာပြန်လာသည်။ [hot search မှာသွားကြည့်လိုက်ဦး၊ ဖတ်ပြီးရင် နင်နားလည်သွားလိမ့်မယ်]
ဒါနဲ့ဘဲ စုန့်အာ့နန်လည်း နားမလည်တဲ့အကြည့်နဲ့ WeChat ကနေထွက်ကာ Weibo ကို နှိပ်လိုက်သည်။
#အန်တီလေး တူအသစ်ရ၊ စုန့်လင်းချွမ်ရဲ့နေရာ ခြိမ်းခြောက်ခံရ# ဆိုတဲ့ hashtag က hot search မှာ ထင်ထင်ရှားရှားကို ပေါ်နေသည်။
နှိပ်ကြည့်လိုက်တော့ သူမပထမဆုံး မြင်လိုက်ရတာက စုန့်လင်းချွမ်ရဲ့ Weibo အကောင့် ဖြစ်သည်။
@စုန့်လင်းချွမ်- ဟမ့်၊ ငါ့နေရာက ခြိမ်းခြောက်နေတယ်လား? အထင်သေးချင်စရာဘဲ [ဓာတ်ပုံ]
သူရဲ့မှတ်ချက်ကို ပထမဆုံးတုံ့ပြန်တဲ့သူက မမျှော်လင့်ဘဲ ဖေးခွမ်ဖြစ်နေသည်။
- @ဖေးခွမ် -သွားရတာ ရှားတယ် [ဓာတ်ပုံ]
နောက်တော့ စုန့်လင်းချွမ်က သူ့ကို ပြန်ဖြေထားသည်။
- @စုန့်လင်းချွမ် - ဓားသွေးနေ[ဓာတ်ပုံ]
နောက်တော့ နှစ်ယောက်သားက memes တွေကိုသုံးကာ အချင်းချင်း ရန်ဖြစ်ကြတော့သည်။
သူတို့ရဲ့ အပြန်အလှန် တုံ့ပြန်မှုတွေကို ကြည့်ရင်း စုန့်အာ့နန် နည်းနည်း စိတ်ဆိုးသွားသည်။
စုန့်လင်းချွမ် ကလေးဆန်တယ်ဆိုတာ ကိစ္စတစ်ခု ဖြစ်ပေမယ့် ဖေးခွမ်ပါ သူနဲ့အတူ စနောက်နေတာက...
သူတို့ရဲ့ တူဝရီး ဆက်ဆံရေးကို အသိအမှတ်ပြုထားပေမယ့် ဖေးခွမ်က သူမကို လူကြီးတစ်ယောက်အနေနဲ့ လုံးဝမမြင်သလို ကလေးလို ဆက်ဆံနေတယ်ဆိုတာ သူမ ရှင်းရှင်းလင်းလင်း မသိဘူးလို့ ထင်နေတာလား?
ဟမ့်!
ဒီအကြောင်းကို သူမပိုတွေးလေ ပိုစိတ်ဆိုးလာလေလေမို့ စုန့်အာ့နန် သူတို့ကို ပြန်တုံ့ပြန်ဖို့ အခွင့်အရေးတစ်ခုရှာဖို့ ဆုံးဖြတ်လိုက်သည်။
ဒီ Weibo အကောင့်ကို ပရိသတ်တွေက သူမကို အကောင့်တစ်ခုဖွင့်ဖို့ တိုက်တွန်းထားတာကြောင့် ကျန်းဟန်က ဖွင့်ထားပေးတာဖြစ်သည်။ စုန့်အာ့နန်က အဲ့ဒါတွေကို မမြင်ပေမယ့် သဘောတူလိုက်သည်။
အကောင့်ကို အတည်ပြုတဲ့အခါ ' စုန့်အာ့နန်' ဆိုတဲ နာမည်ကို အခြားတစ်ယောက်က ယူထားနှင့်ပြီးဖြစ်တာကြောင့် 'အန်တီလေးစုန့်အာ့နန်' ဆိုတာနဲ့ လုပ်လိုက်သည်။
ဒါပေမယ့် သူမက Weibo မှာ ပို့စ်တင်တတ်တဲ့ အလေ့အကျင့်မရှိသလို ပုံမှန်ဆိုစာတွေတောင် မဖတ်ဖြစ်တာကြောင့် အကောင့်ကို မသုံးဖြစ်ပေ။
စုန့်လင်းချွမ်ရဲ့ Weibo ပို့စ်ဆီ သူမ တိုက်ရိုက်သွားလိုက်တော့ ပရိသတ်တစ်ယောက်ရဲ့မှတ်ချက်တစ်ခုကို တွေ့လိုက်ရသည် @ရှေ့ဆုံးတန်းက ဖရဲသီးစားတဲ့ကောင်မလေး- [ငြင်းမနေကြပါနဲ့၊ အန်တီလေးကို အရင်မေးပါရစေ - အန်တီလေးရဲ့အချစ်ဆုံး တူလေးအတွက် စံသတ်မှတ်ချက်က ဘာပါလဲ? မင်းတို့တွေက အလုပ်ကြိုးစားကြတယ်]
@အန်တီလေး စုန့်အာ့နန် - [အကြီးအငယ် လေးစားတတ်တဲ့သူကို ကြိုက်တယ်!]