အခန်း (၅၀)
Vol. 4 Ch. 50
ဖေးခွမ် တစ်ခဏလောက် အံ့အားသင့်သွားသည်။
အန်တီလေး ဘာလို့ မနက်စောစော ဒီလိုလုပ်ရတာလဲ?
ရုတ်တရက် သူ့ကို ဆိုင်းမဆင့်ဗုံမဆင့် 'လူကောင်းကတ်' ပေးလိုက်တာလား?
ဒါပေမယ့် သူမရဲ့ စိုးရိမ်သောကရောက်နေတဲ့ အကြည့်နဲ့ ဆုံသွားတော့ ဖေးခွမ် ရုတ်တရက် သဘောပေါက်သွားသည်။
သူမ အဲ့ဒီအကြောင်းကို အကုန်သိထားပြီးသွားပြီဘဲ
အင်း အဲဒါက အွန်လိုင်းမှာ အတော်လေး လှုပ်လှုပ်ရွရွ ဖြစ်စေတဲ့အတွက် သူမ သိသွားတာက အံ့သြစရာတော့ မဟုတ်ပေ။
မနေ့ညက အိပ်ရာမဝင်ခင် Weibo မှာ သူ့အကြောင်း အပျက်သဘောဆောင်တဲ့ hashtag တွေ ရုတ်တရက်ပေါ်လာပြီး ခါတိုင်းလိုပြောလေ့ရှိတဲ့ စကားဟောင်းတွေကို ထပ်ခါတလဲလဲ ပြန်ပြောလာကြသည် - သူက သူ့နေရာနဲ့မတန်ဘူး၊ ပညာရေးအဆင်နိမ့်ပြီးတော့ သရုပ်ဆောင်တဲ့ အရည်အချင်းကလည်း ညံ့တယ်၊ စရိုက်ကလည်းဆိုးတယ် စသဖြင့်ပင်။
အချုပ်အားဖြင့်ဆိုရသော် သူဟာ လူကောင်းမဟုတ်၊ သူရဲ့ ထိပ်တန်းအဆင့် မထိုက်တန် ဒါမှမဟုတ် ဖန်အများအပြားက အနှေးနဲ့အမြန် ပြိုလဲလောင်ကျွမ်းအောင်လုပ်လိမ့်မည်။
နောက်ကွယ်မှာ ဘယ်သူရှိနိုင်မလဲဆိုရင်၊ ပြိုင်ဘက်အေဂျင်စီတွေ ဒါမှမဟုတ် လုပ်ငန်းဆိုင်ရာ ပြိုင်ဘက်တွေ ဖြစ်နိုင်သည်။
နှစ်တွေကြာလာတာနဲ့အမျှ ဖေးခွမ်ကတော့ ဒါကို အလေးအနက် မထားခဲ့တာ ကြာပြီဖြစ်သည်။ လီတုန်က ဒါကို ကိုင်တွယ်လိမ့်မည်။
သူဒါနဲ့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ ဘယ်သူမှ မဆုံးဖြတ်ပေးနိုင်ပေ။ ဘယ်သူ့ကိုမှ သက်သေပြဖို့ မလိုဘဲ ကိုယ်တိုင် တိုးတက်အောင်သာ အာရုံစိုက်ရမည်။
အတိုင်းအတာတစ်ခုအထိ၊ အဲဒါက လုပ်ငန်းရဲ့ သဘောသဘာဝပင်။ မပြောင်းနိုင်ရင် လိုက်လျောညီထွေဖြစ်အောင် လုပ်ရမည်။ ဖေးခွမ်ကတော့ အဓိပ္ပါယ်မရှိတဲ့ အရာတွေပေါ်မှာ သောကမရောက်နေပေ။
ဒီတော့ စုန့်အာ့နန်က အွန်လိုင်းဒရာမာနဲ့ ပတ်သက်ပြီးတော့ သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတာလား?
သူ့ကို တိုက်ရိုက်ပြောလာတာက - ရှင်တော်တယ်၊ ရှင်ကတကယ်ကိုတော်တာပဲ! တဲ့
အန်တီလေးရဲ့ နှစ်သိမ့်တဲ့နည်းလမ်းက ကိုးရိုးကားရားနိုင်ပေမယ့် တည့်တိုးဖြစ်သည်။
ကြောင်တောင်တောင်နဲ့ ချစ်စရာကောင်းတဲ့ပုံလေး
ဖေးခွမ်က ခပ်ဖြည်းဖြည်း ရယ်လိုက်ပြီး "ငါ တကယ်ဘဲ အဲ့ဒီလောက်တော်တာလား?"
စုန့်အာ့နန်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
ဖေးခွမ် မျက်ခုံးပင့်လိုက်ပြီး "စုန့်လင်းချွမ်နဲ့ ယှဉ်ရင်လား?"
စုန့်အာ့နန် အံ့အားသင့်သွားသည်။ သူ ဘာလို့ စုန့်လင်းချွမ်ကို ရုတ်တရက်ကြီး ပြောလာတာလဲ?
ဒါပေမယ့် သေသေချာချာ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။ "ရှင်တို့နှစ်ယောက်က တော်တော်လေးကိုက်ညီတယ်လို့ထင်တယ်"
ကိုက်ညီတယ်လား?
ဖေးခွမ် အကျယ်ကြီး ရယ်လိုက်သည်။
ရေတပ်စကေးက မဆိုးဘူးဘဲ။
"အိုး?" ဖေးခွမ်က ဆက်မေးလိုက်သည်။ "ငါတို့က ဘယ်လောက်ထိ အတိအကျ ကိုက်ညီလဲ?"
စုန့်အာ့နန် စက္ကန့်နည်းနည်းလောက် စိတ်ရှုပ်ထွေးသွားပြီးနောက်တော့ သူမရဲ့လက်ချောင်းတွေနဲ့ အလေးအနက်ထား ရေတွက်လိုက်သည်။ "အတိအကျပြောရရင် ရှင်နဲ့ လင်းချွမ်တို့ နှစ်ယောက်စလုံးက အရမ်းထူးချွန်ပြီး စိတ်အားထက်သန်ကြသလို ရုပ်ရည်လည်းကြည့်ကောင်းတယ်"
ထူးချွန်တယ်၊ စိတ်အားထက်သန်တယ်၊ ကြည့်ကောင်းတယ်။
သူ့ရဲ့တည်ရှိမှုက အန်တီလေးရဲ့ မျက်လုံးထဲမှာ စုန့်လင်းချွမ်နဲ့ အတူတူ ဖြစ်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။
ကျွတ်စ်၊ ဒီအကြောင်းကို စုန့်လင်းချွမ်သာသိရင် ခြေတစ်ပေါင်ကျိုး ခုန်ပြီး ရောက်လာတော့မှာဘဲ။
ဖေးခွမ်က ကျေနပ်စွာနဲ့ မျက်ခုံးပင့်လိုက်သည်။ "တစ်ခြားရှိသေးလား?"
စုန့်အာ့နန်က မျက်မှောင်ကြုတ်လိုက်ပြီး တွေးလိုက်သည်။
တစ်ခြားရှိသေးလား?
ချီးကျူးရုံနဲ့ မလုံလောက်သေးဘူးလား?
"အင်း... ရှင်တို့နှစ်ယောက်က အရမ်းလည်းစဉ်းစားတွေးခေါ်တတ်သေးတယ်!"
အန်တီလေးရဲ့ စိတ်အားထက်သန်နေတဲ့ အမူအရာကို မြင်လိုက်ရတော့ ဖေးခွမ်မှာ ပျော်ရွှင်မှုလှိုင်းလုံးတွေ မွန်ထူသွားသည်။
စဉ်းစားတွေးခေါ်တတ်တယ်လား?
အင်းး၊ ဒီ Deja Vu ခံစားချက်က ပိုပြင်းထန်လာပြီ။
"မင်းတကယ် ရိုးရိုးသားသား ပြောနေတာလား ဒါမှမဟုတ် ငါ့ကိုမြှောက်ပင့်ဖို့ကြိုးစားနေတာလား?" ဖေးခွမ်က ရယ်လိုက်သည်။
စုန့်အာ့နန်က လုံးဝမတွန့်ဆုတ်ပေ။ "ဒါပေါ့ အမှန်တိုင်းပြောနေတာ!"
ဖေးခွမ်က အဓိပ္ပါယ်ပါပါနဲ့ 'အိုး' လို့ပြောလိုက်ပြီး "ဒါဆို မင်း ငါ့ကို ဘာလို့ မ follow တာလဲ?"
စုန့်အာ့နန် အံ့အားသင့်သွားသည်။ "ဟင်?"
ဘာကို follow ရမှာလဲ?
ဖေးခွမ် ပြုံးလိုက်သည်။ "ငါဆိုလိုတာက မင်း Weibo မှာ လင်းချွမ်ကိုပဲ Follow လုပ်ပြီး ငါ့ကိုကျဘာလို့ မလုပ်တာလဲ?"
စုန့်အာ့နန်က နားမလည်စွာနဲ့ မျက်တောင်ခတ်လိုက်သည်။
ဒါက ရုတ်တရက် ဘယ်ကရောက်လာတာလဲ?
ဖေးခွမ်က ပခုံးတွန့်ပြလိုက်ပြီး "ရွေးချယ်စရာ မှမရှိဘဲ၊ အင်တာနက်သုံးစွဲသူတွေ အားလုံးက ငါ့ကို ရယ်နေကြတယ်"
စုန့်အာ့နန် နားမလည်သေးပေ။ "ဘာကိုရယ်ကြတာလဲ?"
ဖေးခွမ် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားသည်။
သူ့ကို အကြီးအငယ် မလေးစားတတ်လို့ဆိုတာထက် ဘာရယ်ကြတာရှိဦးမလဲ?
ဒါပေမယ့် သူ့ကိုယ်သူတော့ အကြီးအငယ် မလေးစားတတ်တဲ့သူလို့ ထုတ်မပြောနိုင်ဘူး။
ဖေးခွမ် သူ့ဖုန်းကို တိုက်ရိုက်ထုတ်လိုက်ပြီး စာမျက်နှာတစ်ခုကို ဖွင့်လိုက်ကာ စုန့်အာ့နန်ကို ပေးလိုက်သည်။
"ကိုယ့်ဘာသာ ကြည့်ကြည့်လိုက်"
စုန့်အာ့နန် ဖုန်းကိုယူလိုက်ပြီး အံ့သြသွားရသည်။ သူရဲ့ Weibo က DMs မှာ မဖတ်ရသေးတဲ့ မက်ဆေ့ချ် အများအပြားကို တွေ့လိုက်ရတဲ့အခါမှာတော့ သူမရဲ့ မျက်လုံးတွေ တုန်လှုပ်သွားသည်။
ဒါက သူမရဲ့ OCD ကိုမီးမြိုက်လိုက်တာဘဲ။
စုန့်အာ့နန် မသိခဲ့တာက သူမရဲ့ Weibo က DM တွေဟာလည်းဘဲ အကြီးအကျယ် ပေါက်ကွဲနေပြီး သူမ ကတော့ အခုထိ သတိမထားမိသေးပေ။
[ဟာဟားဟား၊ ဖေးခွမ် နင်တော့ မျှော်လင့်ချက်မဲ့နေပြီ။ မင်းတို့က အန်တီလေးရဲ့ တူနှစ်ယောက်ဖြစ်ပေမယ့် သူက Weibo မှာ စုန့်လင်းချွမ်ကိုဘဲ Follow လုပ်ထားတယ်၊ နင့်ကို မလုပ်ထားဘူး!]
[အန်တီလေးရဲ့တူလေးအဖြစ် အောင်မြင်နိုင်ဖို့ ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီး ကျန်ပါသေးတယ်။ ဖေးခွမ်၊ နင်ပိုကြိုးစားရမယ်။ နင့်ရဲ့ Weibo ကို အန်တီလေး follow လုပ်ဖို့ ပန်းတိုင်လေးတစ်ခုနဲ့ စလိုက်ရအောင်]
[အန်တီလေးက နင့်ကို ဘာလို့ မ followလဲဆိုတာ သိတယ်မလား၊ tsk tsk နင်က အကြီးအငယ် မလေးစားတတ်တဲ့သူမှန်း ထင်ရှားနေတာဘဲ]
...
ဖေးခွမ်ရဲ့ ဖုန်းထဲက မက်ဆေ့ချ်တွေကို မြင်လိုက်ရတော့ စုန့်အာ့နန်တစ်ယောက် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်သည်။ နောက်ဆုံးတော့ အကြီးအငယ် လေးစားတတ်တယ်ဆိုတဲ့ကိစ္စကို စခဲ့တဲ့သူက သူမဘဲလေ။
ဒါပေမယ့် သူမ စုန့်လင်းချွမ်ကိုတောင် follow မလုပ်ခဲ့ဘူးလို့ ပြောရင် သူယုံပါ့မလား?
သူမက Weibo ကို စစချင်း အာရုံစိုက်ခဲ့ရုံဘဲဖြစ်သည်။ ဒါက ရှိုးအတွက်ဘဲဖြစ်သည်။
သူမ စုန့်လင်းချွမ်ကို သွား follow လိုက်တယ်ဆိုတာက သူမအတွက် အကောင့်ဖွင့်ပေးတဲ့ ကျန်းဟန်က သူမအစား သွား follow ထားတာဖြစ်သည်။
"ရှင့်ကို အခု followလိုက်ရင် သိပ်မနောက်ကျသေးဘူးမလား?" စုန့်အာ့နန်က စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည်။
သူ့ရဲ့ အကြီးအငယ် မလေးစားတတ်ဘူးဆိုတဲ့ ဂုဏ်ပုဒ်ကနေ သူမ နည်းနည်းလောက် ကယ်တင်လိုက်နိုင်မလား?
ဖေးခွမ် မျက်ခုံးပင့်လိုက်ပြီး "နောက်ကျတာက ဘယ်တော့မှ မလုပ်တာထက် ပိုကောင်းတယ်လို့ထင်တယ်"
စုန့်အာ့နန် ချက်ချင်း သဘောပေါက်သွားပြီးသူမရဲ့ ဖုန်းကို ယူဖို့အခန်းထဲ လှည့်ဝင်သွားလိုက်သည်။
ဖေးခွမ် ရှေ့မှာ သူမက သူ့ရဲ့ Weibo ပရိုဖိုင်ဆီ ကိုးရိုးကားရားနဲ့ သွားလိုက်သည်။
နောက်တော့ ' Follow ' ကို ပြတ်ပြတ်သားသား နှိပ်လိုက်သည်။
--
ဒီကျွန်းပေါ်က ရှိုးအတွက် ထုတ်လုပ်ရေးအဖွဲ့ဟာ ယခင်ကထက် ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ကြသည်။
ဥပမာအားဖြင့်ဆို၊ ကင်မရာအဖွဲ့သားတွေက သူတို့နောက်ကိုလိုက်ရမယ့်အစား အနုပညာရှင်တွေရဲ့ အခန်းတွေ၊ ဧည့်ခန်းတွေမှာ ကင်မရာတွေတပ်ထားသည်။
နံနက် ၇:၃၀ မှာ ဧည့်ခန်းတစ်ခုစီရှိ ကင်မရာတွေကို အသံလွှင့်ခန်းကနေ ဖွင့်ဖို့အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားသည်။
အခန်းငါးခန်းကနေ တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်ခန်းငါးခန်းပေါ်လာသည်။
နောက်ကွယ်ကနေ အကြောင်းကြားစာတွေကို လက်ခံရရှိတဲ့ ကြည့်ရှုသူတွေက စိတ်လှုပ်ရှားစွာနဲ့ ပြေးလွှားလာကြသည်။
ဒါပေမယ့် အနုပညာရှင်တွေက အချိန်အမျိုးမျိုးနဲ့ နိုးလာကြတဲ့အတွက် အချို့နိုးနေတုန်းမှာ တစ်ချို့က အိပ်နေကြတုန်းပင်။
စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ကတော့ လမ်းလျှောက်ထွက်သွားကြပြီ။
ကျီညီအစ်ကိုလည်း အားကစားအဝတ်အစားတွေ ပြောင်းဝတ်ထားကြပြီး အနှေးပြေးကြဖို့ ပြင်ဆင်နေကြသည်။
ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာတော့ ကျန်းခိုင်က အိပ်ပျော်နေတဲ့ပုံပင်။
ဒါပေမယ့် ရှဲ့ယင်းကတော့ ဧည့်ခန်းထဲမှာ ယောဂကျင့်နေသည်။
[အားး ငါတို့ ယင်းယင်းက အရမ်းလှတာပဲ၊ ဘယ်လိုတောင် လှလိုက်တဲ့ ပုံစံလေးလဲ၊ ချစ်တယ်!]
[Uwwuwu၊ သူ့ရဲ့ အသားအရည်ကလည်း အရမ်းကောင်းတယ်၊ စူပါမော်ဒယ်လ်အဆင့် မျက်နှာဗြောင်နဲ့]
[အမ်... ရှဲ့ယင်းအနေနဲ့ ဧည့်ခန်းထဲမှာ အဲ့လိုဝတ်ပြီး ယောဂကျင့်တာက မသင့်တော်ဘူး မဟုတ်လား? သူတို့က တကယ့် မောင်နှမတွေ မဟုတ်ဘူးလေ]
[ပါးစပ်ပိတ်ထားစမ်းပါ! နင်က ဘယ်ခေတ်ကလဲ? ယောဂကျင့်တဲ့ ဝတ်စုံက ဘာဖြစ်နေလို့လဲ?]
[ဟုတ်တယ်! နင့်ရဲ့ အပြစ်မရှိအပြစ်ရှာနေတာတွေနဲ့အတူ ထွက်သွားလိုက်!]
[ရှဲ့ယင်းက တမင်တကာ ဖျော်ဖြေနေသလို ငါခံစားရတယ်။ variety show အထိ အပင်ပန်းခံပြီး ယောဂဖျာပါယူလာရတယ်လား? လေ့ကျင့်ခန်း လုပ်ချင်ရင်လည်း အပြင်ထွက်ပြေးတာ ဒါမှမဟုတ် တစ်ခုခုလုပ်ပေါ့]
[ဟား! ကမ်းခြေမှာ နေရတာကြောင့်နဲ့ မြင့်မြတ်ပြီးအစွမ်းထက်သလို လုပ်နေတာ ဘယ်သူလဲဆိုတာ ကြည့်ပါဦး၊ သူ့ဘာသာသူ ယောဂကျင့်တာ နင်နဲ့ဘာဆိုင်လဲ?]
...
လီယုနဲ့ကောရှို့တို့ ဇနီးမောင်နှံကနေ အိပ်ပျော်နေတုန်းပင်။ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ဗလာဖြစ်နေသေးသည်။
အမြဲစောင့်မျှော်အားပေးကြတဲ့ သူတို့ရဲ့ သစ္စာရှိကြည့်ရှုသူတွေအတွက်တော့ အံ့သြစရာမဟုတ်ပေ။ သူတို့နှစ်ယောက်က နောက်ကျမှ အိပ်ယာထတယ်ဆိုပြီး နာမည်ကြီးကြသည်။
ဒါပေမယ့် လူတိုင်းမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ပြီး ပြုမူနေတဲ့သူ နှစ်ယောက်တော့ရှိသည်- ချီမူရှစ်ပင်
သူ့တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်တာနဲ့တပြိုင်နက် ဧည့်ခန်းထဲက စားပွဲမှာ ဘောပင်တစ်ချောင်းကိုင်ပြီး စာရွက်ပေါ်မှာ တစ်ခုခုရေးနေတဲ့ သူ့ကို ကြည့်ရှုသူတွေ မြင်လိုက်ရသည်။
ကြည့်ရတာတော့ သူနိုးနေတာ အတော်ကြာနေပြီထင်တယ်။
[ဟင်? ချီမူရှစ်က ဒီနေ့ဘာလို့ စောစောနိုးနေတာလဲ? သူကနောက်ကျမှ အိပ်ယာထရတာကို ကြိုက်တယ်လို့ ထင်ထားတာ]
[သူက မျက်မှောင်ကြုတ်ပြီး ဘောပင်ကို ကိုက်နေတာ၊ သူအိမ်စာလုပ်နေတယ်လို့တော့ မပြောနဲ့နော်]
[အိုး! မိုးရွာနေပြီ၊ ချယ်ရီပန်းတွေပွင့်နေပြီ။ ဒီကျောင်းသားလေး ချီမူရှစ်က ဘယ်လိုလုပ် ကြိုးစားပန်းစား စာလုပ်နေတာလဲ?]
[အဲဒါက အန်တီလေး မနေ့က ပေးခဲ့တဲ့ စာအုပ်တွေ ထင်တယ်။ အဲ့ဒီတုန်းက ချီမူရှစ်က ဒီတိုင်း အလိမ္မာနည်းနဲ့ယူလိုက်တာလို့ ငါထင်ခဲ့တာ။ သူတကယ်ကြီး လုပ်နေတာလား?]
[ မှန်းကြည့်ဖို့တောင်မလိုဘူး။ ဒီခရီးစဉ်မှာ ချီမူရှစ်အိမ်စာတွေကို လုံးဝမယူလာဘူး]
[ဟားဟားဟား၊ ငါသေပြီ။ ချီမူရှစ်ရဲ့ ရုန်းကန်နေရတဲ့ အမူအရာကို ကြည့်ပါဦး။ အန်တီလေး ရွေးပေးတဲ့မေးခွန်းတွေက တော်တော်ခက်မယ့်ပုံဘဲ]
...
လူပေါင်းများစွာက ထိတ်လန့်တုန်လှုပ်သွားတာကို သတိမထားမိဘဲ၊ ချီမူရှစ်ကတော့ တစ်နေ့က စုန့်အာ့နန် ပေးခဲ့တဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို အမှန်တကယ် လုပ်နေတာဖြစ်သည်။
မနေ့က တစ်နေကုန် ပတ်ကစားအပြီးမှာ အန်တီလေးရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်မှုကို လျော့သွားစေတဲ့အတွက် အိပ်ရာမဝင်ခင် သူ့မှာ အပြစ်ရှိစိတ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။
တကယ်တော့ B တက္ကသိုလ်က စာမေးပွဲဖြေချင်တယ်လို့ သူဒီတိုင်းပြောလိုက်တဲ့အချိန် သူ့အမေတောင် အလေးအနက် မထားခဲ့ပေ။
ဒါပေမယ့် စုန့်အာ့နန်ကတော့ သူ့ကို ရယ်ပြီး ကူညီပေးဖို့ လေ့ကျင့်ခန်း စာအုပ်တွေကိုတောင် ဂရုတစိုက်ရွေးချယ်ပေးခဲ့သည်။
ဘာပဲဖြစ်ဖြစ် ချီမူရှစ်ကတော့ အဲဒီယုံကြည်မှုကို မဆုံးရှုံးစေချင်ပေ။ နောက်ပိုင်း B တက္ကသိုလ်ကို မတက်ဖြစ်ရင်တောင် ဒီစာအုပ်တွေအားလုံးကို ပြီးအောင်လုပ်ဖို့ သူဆုံးဖြတ်ထားသည်။
နာရီဝက်အကြာမှာတော့ ဘေးအခန်းက တံခါး ပွင့်လာပြီး ရှစ်ချင်က ကြော့ရှင်းတဲ့ ညအိပ်ဝတ်စုံနဲ့ အတူ ကျက်သရေရှိစွာ သမ်းဝေရင်း ထွက်လာသည်။
သူမက ချီမူရှစ်ကို နှိုးဖို့ ရည်ရွယ်ထားပေမယ့် ဧည့်ခန်းကို ဖြတ်သွားတဲ့အချိန် သူမ အံ့သြသွားသည် "ဘာတွေရေးနေတာလဲ?"
ချီမူရှစ်က ခေါင်းမမော့လာဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။ "အန်တီလေးရဲ့ စေတနာတွေကို ရေးနေတာ"
ရှစ်ချင် - "???"
ဘာလဲဟ!
[ချီမူရှစ်က တကယ်တော်တဲ့ ကလေးဘဲ။ 'အန်တီလေးရဲ့ စေတနာ' လို့ ပြောလိုက်တာက သူကောင်းကောင်းကြီးပြင်းလာတာကို ပြနေတာဘဲ]
[ဒီကောင်လေး ချီမူရှစ်ကြောင့် ငါရုတ်တရက် လှုပ်ခတ်သွားရတယ်]
[သူက အပျော်သဘော ဆောင်တတ်ပေမယ့် အကျင့်တော့ မဆိုးဘူး။ ရှစ်ချင်နဲ့ သူ့ယောက်ျားက သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခဲ့တာဘဲ]
[ဟာဟားဟား၊ ငါသေပြီ။ ရှစ်ချင်ရဲ့ ပုတ်ခတ်ပြောဆိုချင်တဲ့အမူအရာက အဖိုးမဖြတ်နိုင်တဲ့ မိခင်တစ်ယောက်ရဲ့တုံ့ပြန်မှုတစ်ခုဘဲ]
[ခဏနေဦး! ရှစ်ချင်က နားလည်မှုလွဲသွားတဲ့ပုံမပေါ်နေဘူးလာ? အန်တီလေးက ချီမူရှစ်ကို လေ့ကျင့်ခန်းစာအုပ်တွေပေးခဲ့တာကို သူသတိမထားမိတဲ့ပုံဘဲ]
[အန်တီလေးရဲ့ စေတနာတွေကို ရေးနေတာ? နားထောင်ရတာ နည်းနည်း ဟိုလိုလို ဒီလိုလိုဖြစ်နေတယ်။ ချီမူရှစ်က အန်တီလေးဆီ ရည်းစားစာ ရေးနေတယ်လို့ ရှစ်ချင်ထင်သွားတယ်လို့တော့ မပြောနဲ့နော်!]
[Holy crap! သူ့ရဲ့အမူအရာနဲ့တင် ဆုံးဖြတ်ကြည့်လို့ရတယ်]
အတိုင်းအတာတစ်ခုအထိ၊ အင်တာနက်အသုံးပြုသူတွေလည်း ရှစ်ချင်နဲ့အတူ အမြင်တူသွားသည်။
သူမက တံခါးဝမှာတင် အေးခဲသွားပြီး 'အန်တီလေးရဲ့ စေတနာတွေကို ရေးနေတာ'ဆိုတဲ့ စကားလုံးတွေက သူမစိတ်ထဲ ပြည့်နှက်သွားသည်။
ရှစ်ချင်က ချီမူရှစ်ကို ကြည့်ရင်း နည်းနည်း မယုံနိုင်ဖြစ်သွားသည်။
နလပိန်းတုံး ကောင်လေးကနေ ရည်းစားစာတွေ ရေးဖို့ ဒီလိုမျိုးရုတ်တရက် ဖွံ့ဖြိုးတိုးတက်လာတာလား?
ပြီးတော့ သူ့အမေကိုတောင် ပြောင်ပြောင်တင်းတင်း ပြောပြလိုက်သေးတယ်!
ဒါက နည်းနည်း ဒေါသထွက်စရာဘဲ!
စက္ကန့်နည်းနည်းလောက်ကြာအောင် တွေးပြီးသွားတော့ ရှစ်ချင်က သူမတို့တွေ ကောင်းကောင်းမွန်မွန်စကားပြောသင့်တယ်လို့ ခံစားရဆဲပင်။
ဒါပေမယ့် သူမသားရဲ့ကိုယ်ရေးကိုယ်တာကို လေးစားမှုရှိပေးတာကြောင့် သူမက တမင် ချီမူရှစ်ကိုဖြတ်သွားကာ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
ဒါပေမယ့် သူမသာ တစ်ချက်ကြည့်ခဲ့လိုက်ရင် နားလည်မှုလွဲတယ်ဆိုတာ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
"မူရှစ်၊ မင်းအမေက အရမ်းပွင့်လင်းပေမယ့် မင်းနားလည်ထားရမှာ တစ်ခုရှိတယ်။ ယောက်ျားတစ်ယောက်အတွက် စွမ်းအားအရှိဆုံးအရာက သူ့ကူကယ်ရာမဲ့နေတဲ့အသက်အရွယ်မှာ သူ့ကိုတစ်သက်လုံး ပြုစုစောင့်ရှောက်ပေးချင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံရတာကိုဘဲ" ရှစ်ချင်က လေးလေးနက်နက် ပြောလိုက်သည်။
[ဟားဟားဟား၊ ရယ်ရလို့ သေတော့မှာပဲ၊ ရှစ်ချင်ရဲ့အတွေးက တကယ်ကိုပဲ သာမန်လူတွေနဲ့ မတူဘူးဘဲ]
[ဘုရားရေ! ကူကယ်ရာမဲ့နေတဲ့ အသက်အရွယ်မှာ မင်းကို တစ်သက်လုံး ပြုစုစောင့်ရှောက်ပေးချင်တဲ့ မိန်းကလေးနဲ့ တွေ့ဆုံရတာ ဆိုတာကဘာကို ဆိုလိုတာလဲ? ရှစ်ချင်က အရမ်းရယ်ရတာဘဲ]
[ငါ ရယ်တာ ရပ်လို့မရတော့ဘူး၊ ရှစ်ချင်တစ်ယောက် လူငယ်စိတ်ကူးယဉ်ဝတ္ထုတွေ အဖတ်များသွားတာဖြစ်မယ်]
[ချီမူရှစ် - မား၊ နေကောင်းရဲ့လား?]
[ဒီရှိုးကို မကြည့်ခင်တုန်းက၊ ရှစ်ချင်က ကမ္ဘာလောကရဲ့ အစွန်းအထင်းကင်းတဲ့ နတ်သမီးတစ်ယောက်လို့ ငါ အမြဲထင်ခဲ့တာ။ သူ့ကို လက်တွေ့ဘဝမှာ ဒီလောက်ထိမိုက်မဲပြီး ရယ်စရာကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး]
[ရှစ်ချင် - မတတ်နိုင်ဘူး၊ ဒီလို ပြဿနာရှာတတ်တဲ့ သားကိုမွေးဖို့ ဘယ်သူငါ့ကိုပြောခဲ့တာလဲ]
ချီမူရှစ်က လေ့ကျင့်ခန်းစာအုပ် ပင်လယ်ထဲကနေ ခေါင်းမော့လာပြီး ရှစ်ချင်ကို မေးခွန်းအမှတ်အသားတွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။
ဘာတွေဖြစ်နေလို့လဲ?
"မား၊ ကျွန်တော် လေ့ကျင့်ခန်းစာအုပ်တွေနဲ့ အလုပ်ရှုပ်နေတာနော်၊ မား မနိုးသေးရင်လည်း သွားပြန်အိပ်လိုက်ဦး"
ပိုပြီးစိတ်ရှုပ်ရအောင် မလုပ်ပါနဲ့
ဒီမေးခွန်းက တကယ်ခက်တာ
ရှစ်ချင် - "???"
လေ့ကျင့်ခန်းစာအုပ်တွေ လုပ်နေတာလား?
ရည်းစားစာ ရေးနေတာမဟုတ်ဘူးဘဲ!
" လေ့ကျင့်ခန်းတွေ လုပ်နေတာလား?" ရှစ်ချင်က စားပွဲခုံကို အလိုလို ကြည့်လိုက်သည်။
စားပွဲပေါ်က လေ့ကျင့်ခန်းစာအုပ် အများအပြားကို သူမတွေ့လိုက်ရသည်။
ချီမူရှစ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဘာရှိသေးလို့လဲ?"
ရှစ်ချင်က အရင်ဆုံး ရပ်သွားပြီး မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်သည်။
လေ့ကျင့်ခန်းစာအုပ်တွေကလွဲလို့ တခြားဘာဖြစ်နိုင်ဦးမှာလဲ၊ အဲ့ဒီအစား 'အန်တီလေးရဲ့ စေတနာတွေကို ရေးနေတာ' လို့ ဘာလို့ အထင်မှားအောင် ပြောရတာလဲ?
အိုး ခဏနေဦး!
"မင်းရဲ့အိမ်စာတွေ မပြီးသေးဘူးလား?" ရှစ်ချင်က အံ့ဩစွာနဲ့ မေးလိုက်သည်။
ဒီတစ်ခေါက် ဒီကိုလာတော့ ချီမူရှစ်တစ်ယောက် အိမ်စာတွေကို မယူလာခဲ့မှန်း သူမ သတိရလိုက်သည်။