← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ချီမူရှစ် မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြီး စုန့်အာ့နန် သူ့ကို လေ့ကျင့်ခန်းစာအုပ်တွေ ပေးခဲ့တဲ့အကြောင်း ရှစ်ချင်ကို ပြောပြလိုက်သည်။

ရှစ်ချင် - "..."

သူ့ကိုကြွားခွင့်ပေးလိုက်မယ်။

သူ့ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးလိုက်တာဘဲ!

ရှစ်ချင်က စားပွဲပေါ်ကလေ့ကျင့်ခန်းစာအုပ်တွေကို လှန်ကြည့်လိုက်သည်။ "ဒါတွေကို အကုန်လုပ်ဖို့ စီစဉ်ထားတာလား?"

ချီမူရှစ် - "ဟုတ်တယ်၊ အန်တီလေးက အဲ့ဒါတွေကို အထူးတလည် ရွေးလာခဲ့တာ၊ အဲဒါတွေကို ကျွန်တော်မလုပ်ရင် သူ့ကို စိတ်ပျက်အောက်လုပ်မိသွားမှာ မဟုတ်လား?"

ရှစ်ချင်လည်း ခေါင်းညိတ်ပြလိုက်သည်။ "ဒါက အဓိပ္ပာယ်ရှိတယ်၊ ဒီတစ်ခါ လင်းချွမ် ဒဏ်ရာရသွားတော့ အာ့နန်လည်း အလုပ်ရှုပ်နေမှာဘဲ၊ ဒါပေမယ့် သူက စာအုပ်ဆိုင်သွားပြီး မင်းအတွက် လေ့ကျင့်ခန်းစာအုပ်တွေ အချိန်ယူပြီး ရွေးပေးခဲ့သေးတယ်။ မင်းဒါတွေကို စနစ်တကျ လုပ်သင့်တယ်"

ချီမူရှစ်လည်း ခေါင်းညိတ်လိုက်သည်။

သားဖြစ်သူ အရမ်းကြိုးစားနေတာကို မြင်လိုက်ရတော့ ရှစ်ချင်လည်း အားရကျေနပ်သွားသည်။

မသွားခင် သူမက ရုတ်တရက် မေးလိုက်သည်။ "စကားမစပ် ဒီဘောပင် ဘယ်ကရလာတာလဲ?"

ချီမူရှစ် - " ဒီမနက် ဘေးအခန်းက ဝန်ထမ်းဆီမှာ သွားငှားခဲ့တာ"

ရှစ်ချင် - "..."

ဒါက ဘောလ်ပင်မပါဘဲ အိမ်စာမလုပ်နိုင်ဘူးလို့ အော်ဟစ်နေခဲ့တဲ့ ကောင်လေးဘဲလား?

သင်ယူမှုက လှုံ့ဆော်မှုဆိုတာ ပြနေတာဘဲ။

*

လူတိုင်းက မတူညီတဲ့ အချိန်တွေမှာ နိုးလာတာကြောင့် မနေ့ညက နေ့လယ်စာနဲ့ ညစာကို အတူတူစားပြီး မနက်စာကိုတော့ ကိုယ့်စိတ်ကြိုက်စားကြဖို့ သဘောတူထားကြသည်။

စုန့်အာ့နန် ကောင်းကောင်းမအိပ်ခဲ့ရတာကြောင့် ဒီနေ့မနက် ဖေးခွမ်နဲ့ လမ်းလျှောက်ထွက်တဲ့အခါ ကောင်းကင်ကို လှန်လုမတတ် သမ်းဝေနေတော့သည်။

ဗီလာကိုပြန်ရောက်တာနဲ့ ဖေးခွမ်က သူမကို ပြန်အိပ်ဖို့ အခန်းဆီ ပြန်ပို့လိုက်သည်။

အခန်းထဲပြန်ရောက်လာပေမယ့် စုန့်အာ့နန်ကတော့ အိပ်မပျော်ပေ။ သူမက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး၊ သူမရဲ့ စိတ်ထဲမှာတော့ ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ရဲ့ ကိစ္စ‌တွေသာပြည့်နှက်နေသည်။

ဟင်းး၊ သူမဒီဘဝမှာ ဒီလောက်ထိ တစ်ခါမှ စိတ်သောကမရောက်ဖူးဘူး။

မဟုတ်ဘူး! အရင်ဘဝတုန်းကလည်း မဖြစ်ဖူးဘူး။

အဲ့ဒီတုန်းက စုန့်လင်းချွမ်ရဲ့ အခြေအနေက ထိုဖေးခွမ်ထက် ပိုလေးနက်တယ်လို့ ထင်ရပေမယ့် အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ သူမမှာ နည်းလမ်းရှိသည်။

စုန့်လင်းချွမ်သာ ရှဲ့ယင်းနဲ့ ဆုံရမယ်ဆိုရင် သူမအနေနဲ့ သူတို့ဆုံမယ့်အခြေအနေကို တားပြီး ဇာတ်လမ်းကို ခွဲထုတ်လိုက်ရုံပင်။

ဒါပေမယ့် ဖေးခွမ်ရဲ့ အခြေအနေက သိသိသာသာကို ကွဲပြားသည်။ သူတို့ရဲ့ ဇာတ်လမ်းက တော်တော်ဝေးဝေးကို ရောက်နေပြီဖြစ်တဲ့အတွက် သူ့ကို လက်ကမ်းပေးလိုက်ရုံနဲ့ သူမဆွဲထုတ်ပေးနိုင်တဲ့ အရာ မဟုတ်ပေ။

ဒါပေမယ့် သူမ ဘာမှ မလုပ်ခဲ့ရင် စုန့်အာ့နန်အနေနဲ့ စိတ်မကောင်းဖြစ်မိလိမ့်မည်။

တခြားဘာမှ မပြောနဲ့ဦး၊ ဖေးခွမ်က စုန့်လင်းချွမ်ရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး သူမကိုလည်း ကောင်းကောင်း ဆက်ဆံခဲ့တဲ့အတွက် သူမအနေနဲ့ ဒီတိုင်းရပ်ကြည့်မနေနိုင်ပါချေ။

ဒါပေမယ့် သူမ မရပ်ကြည့်နေရင် ဘာလုပ်ရမှာလဲ? စုန့်အာ့နန် ဘာမှမသိပေ။

ဖေးခွမ် သူမကို မနက်စာစားဖို့ လာခေါ်တဲ့အချိန်အထိ သူမ အဖြေရှာမတွေ့သေးပေ။

စားပွဲပေါ်က မနက်စာတွေကို မြင်လိုက်ရတော့ စုန့်အာ့နန်ရဲ့ ရင်ထဲမှာ နောက်ထပ် နည်းနည်းလောက် နစ်ဝင်သွားသည်။

ရှဲ့ယင်းတစ်ယောက် မနေ့က ညစာစားနေတုန်းမှာ သူမက အနောက်တိုင်းအစားအစာကို ပိုကြိုက်တယ်လို့ ပြောခဲ့ပြီး ဒီနေ့ မနက်မှာတော့ သူက အသားညှပ်ပေါင်မုန့်ကို ပထမဆုံးလုပ်ခဲ့သည်။

သူမ ဖေးခွမ်ကို မှုန်ကုပ်ကုပ်ကြည့်လိုက်သည်။

ဟင်းး လီစစ်ရွေ့ပြောတာလုံးဝမှန်တယ်။

ရင်းနှီးတဲ့သူတွေဟာ လွယ်လွယ်နဲ့လည်း စိတ်ပျက်စေတယ်။

ဖေးခွမ်က နားမလည်ဖြစ်သွားပေမယ့် သိပ်ပြီးမတွေးလိုက်ဘဲ သူမ အိပ်ရေးမဝတာကြောင့်လို့ ယူဆလိုက်သည်။

ဒါပေမယ့် စုန့်အာ့နန်ရဲ့ အတွေးတွေကို သူသာသိခဲ့မယ်ဆိုရင် သေချာပေါက်ကို အကျယ်ကြီး အော်ရယ်မိမှာပင်။

မနက်စာအတွက် အသားညှပ်ပေါင်မုန့် စားချင်တယ်လို့ မနေ့ညက ပြောခဲ့တဲ့သူက သူမပဲလေ!

မေ့မေ့လျော့လျော့နဲ့ မနက်စာ စားပြီးတဲ့နောက်မှာ၊ နောက်ဆုံးတော့ စုန့်အာ့နန် စားပြီးသွားသည်။

သူမ တကယ်ကို အားမရှိတော့ဘူး!

စုန့်အာ့နန်က တစ်စုံတစ်ယောက်ကို ဘယ်တော့မှ မကြိုက်ဖူးပေမယ့် တစ်စုံတစ်ယောက်ကို ချစ်ပြီး အဲ့ဒီသူက ပြန်မချစ်ပေးနိုင်တဲ့အခါ ဘယ်လောက်နာကျင်ရလဲဆိုတာကို သူမ စိတ်ကူးကြည့်နိုင်သည်။

ဒါကြောင့် စုန့်အာ့နန်က ဖေးခွမ်ကို ကောင်းကောင်းဂရုစိုက်မယ်လို့ ဆုံးဖြတ်ထားသည်။

သူ့ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတော့၊ သူ့စိတ်ခံစားချက်တွေကို ပိုအာရုံစိုက်ပြီး အားပေးရုံကလွဲလို့ တခြားမရှိပေ။

ပိုအရေးကြီးတာက၊ သူ့ရဲ့အချစ်တွေကို သတိမထားမိ‌စေဖို့ သူ့ကိုရှဲ့ယင်းနဲ့ ဝေးဝေးမှာနေရအောင် သူမအတတ်နိုင်ဆုံးကြိုးစားမည်။

မနက်စာစားလို့ပြီးတော့ စုန့်အာ့နန်နဲ့ဖေးခွမ်တို့ ဒုတိယထပ်ကနေ အောက်ထပ်ကို ဆင်းလာကြတုန်းမှာ အောက်ထပ်က ဧည့်ခန်းမှာ ရှဲ့ယင်းနဲ့ ကျီချိုးပိုင်တို့ ဆိုဖာပေါ် ထိုင်နေကြတာကို တွေ့လိုက်ရသည်။

နှစ်ယောက်သားက ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြတဲ့ပုံပင်။

စုန့်အာ့နန် မတတ်နိုင်ဘဲ ခြေလှမ်းတွေကို ရပ်လိုက်ပြီး ဗလာကျင်းစွာနဲ့ ကြည့်လိုက်သည်။

အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့တွေ မူရင်းဝတ္ထုရဲ့ ဇာတ်ကြောင်းကို ဦးတည်နေပြီလား?

မနေ့ကကျ တစ်ယောက်နဲ့တစ်ယောက် သိပ်ရင်းနှီးပုံမပေါ်သလို စကားနည်းနည်းပါးပါးလောက်ဘဲ အပြန်အလှန်ပြော‌ခဲ့ကြပေမယ့် တစ်ညပြီးသွားတော့ သူတို့နှစ်ယောက်က အရမ်းကို ခင်ခင်မင်မင်နဲ့ စကားတောင်ပြောနေကြပြီ။

ဘယ်လိုလုပ် အရမ်းမြန်ရတာလဲ!

စုန့်အာ့နန် ရုတ်တရက် ရပ်သွားတာကို ဖေးခွမ်က သတိထားမိပြီး မတတ်နိုင်ဘဲ နားမလည်သလို ခံစားလိုက်ရသည်။ "ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?"

စုန့်အာ့နန် က ခေါင်းခါလိုက်ပြီး "...မဟုတ်ဘူး"

အားး!

ဘယ်လိုလုပ် သူမ ဖြစ်ရမှာလဲ? တစ်ခုခုဖြစ်နေတာက သူ ဆိုတာ ရှင်းလင်းနေတာကို!

တစ်ဖက်သက်အချစ်နဲ့တင် လုံလောက်အောင် နာကျင်နေရပြီကို သူကြိုက်တဲ့လူက တခြားတစ်ယောက်ယောက်နဲ့ ချိုချိုမြိန်မြိန် စကားပြောနေတာကို ကြည့်နေရသေးတယ်။

စုန့်အာ့နန်ရဲ့ ပုံစံကိုမြင်တော့ ဖေးခွမ် မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ ဒီမနက်မှာတင် သက်ပြင်းတွေ အများကြီးချနေတာ။

သူမ စိတ်ထဲမှာ တစ်ခုခုရှိနေလို့များလား?

ရှိနေသလိုပဲ။ ဒီအန်တီလေးက ဖုံးကွယ်တဲ့နေရာမှာ တော်တော်ညံ့တာ သူ့မျက်နှာက ရှုံ့မဲ့နေတဲ့ဖရဲသီးလိုဘဲ။

သူမကို သူထပ်မေးတော့မယ့်အချိန် ချီမူရှစ်ရဲ့အသံက ရုတ်တရက်ထွက်လာသည်။

"အန်တီလေး၊ အစ်ကိုဖေးခွမ်၊ နှစ်ယောက်သား ဒီမှာဘာလုပ်နေတာလဲ? ဘာလို့မဝင်ကြတာလဲ?"

ဖေးခွမ်က ချီမူရှစ်ကိုပြုံးကာ လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "မင်းကို စောင့်နေတာ"

ချီမူရှစ်က "အိုး" လို့ တုံ့ပြန်လိုက်ပြီး တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံနဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ "ဟေး မဟုတ်တာ၊ ကျွန်တော် ဒီမှာရှိမှန်းဘယ်လိုလုပ်သိတာလဲ?"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး နည်းနည်း လျှို့ဝှက်ဆန်းကြယ်ဟန် ဆောင်လိုက်သည်။ "မှန်းကြည့်တာ?"

မှန်းကြည့်တာ? ချီမူရှစ်က မျက်မှောင်ကြုတ်လိုက်ပြီး တကယ်ပဲ လေးလေးနက်နက် စဉ်းစားတော့သည်။

ရှစ်ချင်က ချီမူရှစ် အနောက်ကနေ လျှောက်လာပြီး မနေနိုင်ဘဲ သူမ သားရဲ့နဖူးကို ရိုက်လိုက်သည်။ "မင်း ငတုံးလေး!"

ချီမူရှစ်က သူ့နဖူးကို အုပ်လိုက်ပြီး ဝမ်းနည်းတဲ့အကြည့်နဲ့ကြည့်လိုက်သည်။ "မား၊ ဘာလို့ကျွန်တော့်ကို ငတုံးလို့ထပ်ခေါ်တာလဲ? အဲဒါက အလုပ်မဖြစ်ဘူးနော်။ အွန်လိုင်းပေါ်က လူတွေက မကောင်းတဲ့ ပညာရေးကို မအကြံပေးဘူးလို့ ပြောကြတယ်!"

ရှစ်ချင်က လှောင်ပြောင်လိုက်သည်။ "မင်း လှေကားအတက်အဆင်းမှာ သီချင်းဆိုနေတာလေ၊ မင်းရဲ့အသံက ဒီအိမ်အမိုး ပွင့်လုမတတ်ဘဲဒါတောင် မင်းဒီမှာရှိနေမှန်း သူတို့ဘယ်လိုသိလဲဆိုတာကို မေးနေသေးတယ်?"

ပြောပြီးတဲ့နောက် သူမက ဉာဏ်အလင်းပွင့်သွားတဲ့ ချီမူရှစ်ကို အာရုံစိုက်ဖို့ ပျင်းသွားသည်။ သူမက ဧည့်ခန်းထဲသို့ လျှောက်ဝင်သွားသည်။

လျှောက်လာရင်း ရှစ်ချင်က သူမဘာသာ ရေရွတ်လိုက်သည်။ "သီချင်းဆိုရတာ အရမ်းကြိုက်တဲ့ ဆွံ့အ နားမကြားတစ်ယောက်ကို ငါတစ်ခါမှ မတွေ့ဖူးဘူး"

[ဟားဟားဟား မဒမ်ရှစ်ရေ ကျေးဇူးပြုပြီး ကလေးအတွက် ဂုဏ်သိက္ခာနည်းနည်းလောက် ချန်ထားပေးပါဦး]

[ချီမူရှစ်က ချင့်ချိန်တတ်တာမှန်ပေမယ့် သူသီချင်းဆိုတဲ့အသံက သိပ်နားထောင်လို့မကောင်းဘူး၊ နားကို နှိပ်စက်နေသလိုဘဲ]

[ဒီရှစ်ချင်နဲ့ ချီမူရှစ်တို့ သားအမိကြောင့် ငါတော့ ရယ်ရတာသေတော့မယ်၊ တကယ်ဘဲ၊ တစ်နေ့သူတို့တွေ ဘာမဟုတ်တာလေးနဲ့ မငြင်းခုန်ကြရင် ငါ့မှာ ထူးထူးဆန်းဆန်းကိုခံစားရတယ်]

[ချီမူရှစ်က အစားစားရတာကြိုက်တဲ့သူဆိုတာ သိသာတယ်]

[ဘဏ်ကို သွားတဲ့လမ်းတစ်လျှောက်လုံး ရယ်နေတာ၊ သူ့အမေရဲ့ ရွဲ့စောင်းပြောတာက တကယ်သေစေလာက်တယ်]

[ရှစ်ချင် - ငါဘာလေး မွေးခဲ့မိတာလဲ?]

ချီမူရှစ်က သူ့ခေါင်းကို ကိုင်လိုက်ပြီး စုန့်အာ့နန်ကို ရှက်ရွံ့စွာနဲ့ကြည့်လိုက်ပြီး "အန်တီလေး၊ ကျွန်တော်သီချင်းဆိုတာ အဲ့ဒီလောက်ထိ ဆိုးလို့လား?"

စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားသည်။ သူမ စောစောက သတိမထားမိခဲ့ပေမယ့် လူအများစုရဲ့ သီချင်းဆိုသံက ဒီလောက်ထိတော့မဆိုးသင့်ဘူး မဟုတ်လား?

ဒါကြောင့် သူမက နည်းနည်းယောင်ဝါးဝါးနဲ့ ပြန်ဖြေလိုက်သည်။ "... ငါတော့ မထင်ဘူး"

ဖေးခွမ်က လုံးဝကို မယုံကြည်နိုင်စွာနဲ့ စုန့်အာ့နန်ကိုလှည့်ကြည့်လိုက်သည်။

စုန့်အာ့နန်က အပြစ်ကင်းစင်သော မျက်လုံးကြီးတွေနဲ့ မျက်တောင်ခတ်လိုက်သည်။

အဲ့ဒီလောက်ထိ မဆိုးလောက်ဘူးမလား၊ ဟုတ်တယ်မလား?

ဒါပေမယ့် ချီမူရှစ်က ချက်ချင်းဆိုသလို စိတ်ဝိဥာဉ်နဲ့ စွမ်းအင်တွေ ပြန်ရလာပြီး သူ့အမေနောက်လိုက်ကာ အော်ပြောလိုက်သည်။ “မား၊ မားကမခံစားတတ်ဘူးဘဲ၊ အန်တီလေးက ကျွန်တော်သီချင်းဆိုတာ အရမ်းကောင်းတယ်လို့ပြောတယ်...."

စုန့်အာ့နန် - "???"

အဲ့ဒီလိုပြောလိုက်တယ်လား?

[ဘုရားရေ! အန်တီလေးရဲ့ စကားပြောကျွမ်းကျင်တာက နလန်မထူနိုင်လောက်အောင် ဖြစ်သွားတာ ဒါပထမဆုံးအကြိမ် တွေ့ဖူးတာဘဲ။ ချီမူရှစ်ရဲ့နားလည်နိုင်စွမ်း--အဲ့ဒီ‌လောက်တော့ဆိုးပါဘူး = အရမ်းကောင်းတယ်!]

[အမ်းး... ငါပြောနိုင်တာ တစ်ခုကတော့၊ စုန့်အာ့နန်က အားပေးတဲ့ ပညာရေးကို နားလည်တာဘဲ]

[ချီမူရှစ်ရေ၊ နင်က လူညစ်ကလေးဘဲ၊ စကားလုံးတွေကို ဘယ်လို လှည့်ပတ်ပြောရမလဲသိတယ်]

[အန်တီလေး - ငါမပြောခဲ့ဘူး ငါမဟုတ်ဘူး ငါကိုအထင်မမှားနဲ့!!]

[သေအောင်ရယ်ရတယ်၊ ဖေးခွမ် တုံ့ပြန်တာကို သတိထားမိကြလား? သူ့အမူအရာက လုံးဝကို ထိတ်လန့်တကြားနဲ့ 'အန်တီလေး တကယ်ကြီး အဲ့လိုဆိုလိုတာလား' ဆိုပြီးပြောနေသလိုဘဲ]

[ဟားဟားဟား အရမ်းရယ်ရတာဘဲ၊ ရှိုးမှာ ဖေးခွမ်ရဲ့ အံ့အားသင့်နေတဲ့ပုံကိုမြင်ရတာ ဒါ ပထမဆုံးအကြိမ်ဘဲ]

...

guest တွေ ဧည့်ခန်းထဲမှာ စုပြီးတဲ့နောက် ထုတ်လုပ်ရေးအဖွဲ့ရှိ ဝန်ထမ်းတွေက ရိုးရိုးရှင်းရှင်း အတိုချုပ်ပြောလို့ပြီးတော့ အားလုံး အတူတူ ထွက်သွားကြသည်။

ဒီနေ့အတွက် ရိုက်ကွင်းအစီအစဉ်အရ ကမ်းခြေမှာ ရိုက်ကူးရမယ့် theme ဆိုတော့ အားလုံးက သူတို့ဘာဝတ်မလဲဆိုတာကို နည်းနည်း အာရုံစိုက်ရမည်။

ယောက်ျားလေး guest တွေက အဆင်ပြေကြပေမယ့် လူတိုင်းက ကြိုးစားအားထုတ်ထားကြတာကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရသည်။

ရိုးရှင်းတဲ့ ကမ်းခြေဝတ်ဘောင်းဘီနဲ့ တီရှပ်တွေကိုတောင် ဖက်ရှင်ကျကျနဲ့ မျက်စိဖမ်းစားနိုင်ရအောင် စတိုင်ကျတဲ့ အရောင်အချို့ကို ရွေးရသေးသည်။

အမျိုးသမီး guest တွေကတော့ ပြောစရာတောင် မလိုပေ။

ရှစ်ချင်က သူမရဲ့ အေးစက်စက်နိုင်တဲ့ စိတ်နေစိတ်ထားနဲ့ လိုက်ဖက်တဲ့ အဖြူရောင် ဂါဝန်ကို ၀တ်ထားသည်။

လီယုကတော့ ကောရှို့နဲ့လိုက်ဖက်အောင် ဘိုဟီးမီယမ်စတိုင်ဂါဝန်ရှည်ကို ၀တ်ထားသည်။

သူတို့အားလုံးထဲမှာ ရှဲ့ယင်းက မျက်စိအဖမ်းစားဆုံးပင်။

သူမက တောက်ပပြီး လှပတဲ့ အနီရောင် ခါးပတ်မပါတဲ့ အရှေ့ဘက်တိုကာ အနောက်ဘက်ရှည်တဲ့ ဂါဝန်ကို ဝတ်ထားပြီး သူမရဲ့ သွယ်လျတဲ့ ခြေတံတွေကို ပြသထားသည်။

အရေးအကြီးဆုံးကတော့ ဒီဝတ်စုံကို လေထဲမှာ လှလှပပ လွင့်နေစေမယ့် ပစ္စည်းတစ်မျိုးနဲ့ လုပ်ထားတာပင်။

ပင်လယ်လေနုလေအေးနဲ့အတူ အနီရောင်ဂါဝန်က ဒရာမာဆန်ဆန် တောက်တောင်လှပက ‌လွင့်နေမယ့်ပုံကို စိတ်ကူးကြည့်လို့တောင်ရသည်။

ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ ဝတ်စားထားတာကတော့ ရိုးရှင်းသည်။

ဖေးခွမ်က ရှပ်အဖြူနဲ့ အနက်ရောင်ဘောင်းဘီတိုကို ၀တ်ထားပြီး စုန့်အာ့နန်ကတော့ တီရှပ်အဖြူနဲ့ အပြာနုရောင်ဂျင်းဘောင်းဘီတိုကို ၀တ်ထားသည်။

ဒါပေမယ့် ဒီလိုရိုးရှင်းမှုရဲ့ အားသာချက်က ငယ်ရွယ်မှု စိတ်ဝိညာဥ်ကို ပြည့်လျှံစေသည်။

လီယုက သူတို့ကို အထက်အောက် အပြန်ပြန်အလှန်လှန်ကြည့်ရင်းနဲ့ သူမရဲ့ စိတ်ထဲမှာအံ့သြသွားသည်။

ဒီလို ရိုးရှင်းပြီး သာမန်ဆန်တဲ့အဝတ်အစားတွေနဲ့ သူတို့ ဘယ်လိုလုပ် အရမ်းကြည့်ကောင်းနေရတာလဲ?

အဖြေကတော့ သံသယမရှိ သူတို့ရဲ့မျက်နှာကြောင့်ဘဲပေါ့!

ဖေးခွမ်ရဲ့ မျက်နှာက ဖျော်ဖြေရေးနယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရပြီး နွီဝါရဲ့ ပြခန်းလက်ရာလို့ မကြာခဏ စနောက်ခေါ်လေ့ရှိသည်။

စုန့်အာ့နန်ရဲ့အသွင်အပြင်ကတော့ နှုတ်ခမ်းထောင့်နားမှာ အချိုင့်လေးနှစ်ခုနဲ့အတူ အရမ်းချစ်စရာကောင်းကာ မျက်စိဖမ်းစားလှသည်။

နှစ်ယောက်သား အတူတူ ရပ်နေကြတဲ့အခါ အရမ်းမျက်စိပဿဒဖြစ်လှသည်။

"အစ်မမှာ ပြောစရာရှိတယ်၊ မင်းတို့ နှစ်ယောက် ဒီနေ့ တကယ်ကို လိုက်ဖက်နေတယ်..." 'စုံတွဲဝတ်စုံ' ဆိုတဲ့ စကားလုံးကို လီယု ပြန်မျိုချလိုက်သည်။

"အစ်မလီ၊ 'မိဘနဲ့-ကလေးဝတ်စုံ' လို့ ပြောချင်ရင်လည်း အဲဒါက နည်းနည်းကွာသွားလိမ့်မယ်" ဖေးခွမ်က ရယ်လိုက်သည်။

လီယုလည်း အမြန်တုံ့ပြန်လိုက်ပြီး "ငါလည်းဖြတ်သန်းဖူးပါတယ်" ဆိုတဲ့ အမူအရာကို ချက်ချင်းတပ်လိုက်သည်။

"အစ်မအဲ့လို‌ ပြောတာမဟုတ်ဘူး၊ ဒါက မင်းပြောတာဘဲ"

[ဘုရားရေ! မိဘနဲ့-ကလေးဝတ်စုံ? ဖေးခွမ်ကတော့ သေအောင်ရယ်ရတာဘဲ၊ ဒါက ဘယ်လို အတွေးမျိုးလဲ?]

[ဟာဟားဟား အရမ်းရယ်ရတာဘဲ၊ အရင်ကတော့ ငါမခံစားရပါဘူး၊ ဒါပေမယ့် သူတို့ပြောပြီးသွားမှ ငါလည်း 'မိဘနဲ့ ကလေးဝတ်စုံ' လို့ထင်မိသွားတယ်]

[အမ်းး...စောစောတုန်းက လီယုက 'မိဘနဲ့-ကလေးဝတ်စုံ' လို့ ပြောမလို့ မဟုတ်ဘူးလို့ ခံစားရတာ ငါတစ်ယောက်ထဲဘဲလား?]

အကြည့်စူးရှလှတဲ့ အင်တာနက်သုံးစွဲသူအချို့က ဒီဟာကိုသတိထားမိရုံသာမက အခြား guest တွေလည်း သတိပြုမိကြသည်။

ဒါပေမယ့် အဲ့ဒီထဲမှာပါဝင်နေတဲ့ စုန့်အာ့နန်ကတော့ လုံးဝကို သတိမထားမိပေ။

သူမရဲ့ အဝတ်အစားတွေကို ငုံ့ကြည့်လိုက်ပြီးနောက်တော့ ဖေးခွမ်ကိုကြည့်လိုက်ပြီး သူမစိတ်ရှုပ်သွားသည်။

အရင်က သူမရဲ့ယောင်းမနဲ့ဝတ်ဖူးတဲ့ 'မိဘနဲ့ ကလေးဝတ်စုံ'နဲ့ ဘယ်လိုလုပ် မတူရတာလဲ?

ဒီကျွန်းငယ်လေးက အထူးတလည်ကြီးကြီးမားမားတော့ မဟုတ်ပေ။ ဗီလာကနေ ထွက်လာပြီးတဲ့နောက် ကျွန်းပေါ်က ရှုခင်းတွေကို ခံစားကြည့်ရှုကာ လိုက်ပတ်သွားကြသည်။ ကမ်းခြေကိုရောက်ဖို့ အချိန် သိပ်မကြာလိုက်ပေ။

မမျှော်လင့်ဘဲ၊ ပရိုဂရမ်အဖွဲ့က အဆင်မပြေမဖြစ်အောင် ဘာတာဝန်မှ မသတ်မှတ်ပေးထားဘဲ လူတိုင်းကို လွတ်လွတ်လပ်လပ် အချိန်ပေးထားသည်။

ဒီတော့ guest တွေက သူတို့ဘာသာ လျှောက်သွားကြသည်၊ ဒါပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေက ဒီကမ်းခြေဧရိယာထဲမှာ ရှိနေတုန်းပင်။

စုန့်အာ့နန်ကို ချီမူရှစ်က သဲရဲတိုက်တွေဆောက်ဖို့ ဆွဲခေါ်သွားသည်။ ဒီကိုမလာခင် ဒီကလေးက ပေါက်တူးလေးတွေကို တစ်နည်းနည်းနဲ့ ရှာတွေ့ထားပြီး စုန့်အာ့နန်ကို ရဲတိုက်ဆောက်ဖို့ အပြင်းအထန် တောင်းဆိုတော့သည်။

ကျန်းခိုင်၊ ရှဲ့ယင်းနဲ့ ကျီညီအစ်ကိုတို့ကတော့ ကမ်းခြေမှာဘော်လီဘော ကစားဖို့ သွားကြပြီး လီယုကတော့ ရှစ်ချင်နဲ့အတူ ဓာတ်ပုံရိုက်ဖို့ ခေါ်သွားပြီး ကောရှို့ကတော့ ကင်မရာမန်းအဖြစ်နဲ့ ပါသွားသည်။

ဖေးခွမ်ကတော့ အရင်ဆုံး သူက စုန့်အာ့နန်နဲ့ ချီမူရှစ်တို့ အနောက်လိုက်ကာ သဲရဲတိုက်ဆောက်တာကို ကြည့်နေသည်။

ပျင်းစရာကောင်းတယ်လို့ သူခံစားရတာကြောင့်ဖြစ်မည် မနီးမဝေးက ကမ်းခြေမှာ ထုတ်လုပ်ရေးအဖွဲ့လုပ်ထားတဲ့ ထိုင်ခုံတွေ နေကာတွေရှိနေတဲ့အတွက် အနားယူဖို့ သွားလိုက်သည်။

တကယ်တော့ စုန့်အာ့နန်မှာ သဲရဲတိုက်ဆောက်ဖို့ သိပ်စိတ်မဝင်စားပါချေ။ သူမမှာ အခုလောလောဆယ် လုပ်ချင်တာ ဘာမှ မရှိနေပေ၊ ချီမူရှစ်က အရမ်းစိတ်အားထက်သန်နေတာကို တွေ့တော့ သူနဲ့အတူခဏ‌လောက် ကစားဖို့ လိုက်လာတာဖြစ်သည်။

နှစ်ယောက်သား ဘယ်လောက်ကြာအောင် ဆောက်နေခဲ့မိလဲဆိုတာ မသိပေမယ့် စုန့်အာ့နန် ဆောင့်ကြောင့်ထိုင်နေရာကနေ နည်းနည်းပင်ပန်းလာတော့ ထရပ်ကာ အကျောဆန့်လိုက်သည်။

All Chapters