အခန်း (၆၇)
Vol. 5 Ch. 67
အစတုန်းက စုန့်လင်းချွမ်တစ်ယောက် စုန့်အာ့နန်ဆီ စာဖို့ပို့ တွန်းအားပေးခဲ့တဲ့ သူ့ကိုယ်သူကို အရမ်းကျေးဇူးတင်မိသည်။
အဲ့ဒီ မိသားစု variety show မှာ စုန့်အာ့နန် စုန့်လင်းချွမ်နဲ့အတူပါလာကတည်းက စုန့်လင်းချွမ်ရဲ့ ဂုဏ်သတင်းမှာ အလျင်အမြန် ပြောင်းပြန်ဖြစ်လာပြီး ကျန်းဟန်ရဲ့ အရေးပေါ် အကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။
စုန့်လင်းချွမ်ရဲ့ ကူးပြောင်းမှုက အန္တရာယ်ကျလုဆဲဆဲမှာ ကျန်းဟန်အနေနဲ့ သူ့ကို ဒီအသိုင်းအဝိုင်းထဲ ဘယ်လိုခေါ်လာရမလဲဆိုတာကို စိုးရိမ်နေခဲ့ရသည်။
တော်သေးသည်၊ ဒီတစ်ခေါက် စုန့်အာ့နန်ရဲ့အကူအညီနဲ့ သူတို့ဟာ ဒါရိုက်တာချီနဲ့ အလုပ်တွဲလုပ်ခွင့်ရလိုက်သည်။
စုန့်အာ့နန်က ရိုးရိုးရှင်းရှင်းကို သူ့ရဲ့ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ!
"ဒါပဲလေ၊ နောက်တစ်ခါ အန်တီလေးနဲ့ တွေ့ရင် ငါ သူ့ကို ကောင်းကောင်း အရိုအသေပေးရမယ်" ကျန်းဟန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
စုန့်လင်းချွမ်က မျက်ခုံးပင့်လိုက်ပြီး "ကောင်းပြီ ကျွန်တော်မှတ်ထားလိုက်ပြီ"
ကျန်းဟန် အံ့ဩသွားသည်။ "ဘာကိုမှတ်ထားမှာလဲ?"
စုန့်လင်းချွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျွန်တော့်အန်တီလေးကို အရိုအသေ ပေးမယ်ဆိုတဲ့ဟာလေ"
ကျန်းဟန် "..."
သူက ဒီတိုင်းဘဲ ပြောလိုက်တာလေ၊ အဲဒါကို အတည်ကြီးမှတ်ထားဖို့ လိုလို့လား?
"အရိုအသေ ပေးရမယ်ဆိုရင်လည်း ငါတို့ အတူတူလုပ်သင့်တယ်လို့ထင်တယ်။ ငါတို့ရဲ့ အကျိုးစီးပွားတွေက ပေါင်းစည်းနေတာလေ။ နောက်ဆုံးတော့ မင်းက အကျိုးခံစားခွင့် ကြီးကြီးမားမားကို ရထားတာလေ!" ကျန်းဟန်က ပြောလာသည်။
စုန့်လင်းချွမ်က သရော်လိုက်သည်။ "သူက ကျွန်တော့်အန်တီလေးလေ၊ အခမ်းအနားနဲ့လုပ်ဖို့လို သေးလို့လား?"
ဒီတော့ အရိုအသေပေးရမယ့်သူက သူတစ်ယောက်ထဲပဲပေါ့။
ကျန်းဟန် မတတ်နိုင်ဘဲ မျက်လုံးမှိတ်လိုက်သည်။
ကောင်းရော၊ သူ အခုလေးတင် ပါးစပ်အကျယ်ကြီးဟထားရတာ။
နောက်တော့ ကျန်းဟန်လည်း စုန့်လင်းချွမ်ဆီ ဇာတ်ညွှန်းပို့ပေးလိုက်ပြီး သူနဲ့ သီးခြားပူးပေါင်းဆောင်ရွက်မှုအကြောင်း အသေးစိတ် အချက်အလက်တချို့ကို ဆွေးနွေးလိုက်သည်။ တကယ်တော့ ဘာမှသိပ်မရှိပါချေ။ တစ်ဖက်လူပြောသမျှကိုပဲ လုပ်ပေးရမှာပင်။ ပေးချေရမယ့် ကိစ္စတွေကိုတောင် ထည့်သွင်းစဉ်းစားစရာမလိုပေ။
စုန့်လင်းချွမ်ကလည်း ဒါကို ကန့်ကွက်တာမျိုး မရှိပါပေ။
ကျန်တာကို ကျန်းဟန် ကိုင်တွယ်ဖို့ ထားထားလိုက်သည်။
ခြေထောက်ဒဏ်ရာ သက်သာသွားတဲ့အခါကျရင် ရိုက်ကူးရေးအဖွဲ့ဆီ သူဆက်သွယ်ရုံပင်။
-
စုန့်အာ့နန် အတွက်၊ ဒီနွေရာသီပိတ်ရက်က ယခင်နှစ်နွေရာသီတွေနဲ့ ဘာမှသိပ်မကွာပါချေ။
သူမက နေ့တိုင်းအချိန်အများစုကို စာဖတ်ရင်း၊ တစ်ခါတစ်လေမှာ သူမယောင်းမနဲ့အတူ အလှအပကုထုံးတွေလုပ်ဖို့ အပြင်သွားတာအပြင် S City ရှိ အပန်းဖြေစခန်းတွင် မိသားစုနဲ့အတူ ကုန်ဆုံးခဲ့သည်။
ဒါပေမယ့် သူမ သေသေချာချာ တွေးကြည့်လိုက်တော့ ကွဲလွဲတာတစ်ခုတော့ ရှိတဲ့ပုံပင်။
သူမအနေနဲ့ ဖေးခွမ် အကြောင်း မကြာခဏ စပြီးတွေးနေမိသည်။
သူမဟာ ချိုးချိုးလို့ခေါ်တတ်တဲ့ ဗီဒီယိုကို နေ့တိုင်း စောင့်မျှော်နေတတ်ပြီး စာလုပ်တဲ့အခါ အာရုံစိုက်မှုတချို့ လျော့ကျသွားတတ်သည်။
တစ်ခါတစ်လေ စုန့်လင်းချွမ်နဲ့ သူ ဖုန်းပြောနေတာကိုကြားလိုက်ရတဲ့အခါဆို သူမ မသိစိတ်ကနေ နားစွင့်ထားတတ်သည်။
ချဉ်ပေမယ့်လည်း ချိုမြိန်လှတဲ့တစ်စုံတစ်ခုက သူမရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ပုံပင်။ ဒါပေမယ့် အဲဒါကို သူမဆုပ်ကိုင်ဖို့ ကြိုးစားတဲ့အခါတိုင်း သူမ ဆုပ်ကိုင်နိုင်တဲ့ပုံမပေါ်ချေ။
စုန့်အာ့နန် အရမ်းစိတ်ရှုပ်နေမိသည်။ သူမကိုယ်သူမ ဘာဖြစ်နေမှန်း မသိပေ။ တစ်စုံတစ်ခုကို သူမယောင်ဝါးဝါး နားလည်နေမိပေမယ့် သေချာလည်းမသိပါချေ။
သူမ တစ်သက်တာမှာ ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပင်။
သူမအနေနဲ့ တစ်ယောက်ယောက်ကို အမှန်တကယ် မေးချင်ပေမယ့် ဘယ်သူ့ကို မေးရမှန်းလဲမသိသလို၊ ဘယ်လိုမေးရမှန်းလည်း မသိပေ။
သူမက ဟန်ဆောင်မကောင်းဘူးဆိုတာကို စုန့်အာ့နန်လည်းသိသည်။ သူမ ပတ်ဝန်းကျင်က သူငယ်ချင်းတွေဖြစ်ဖြစ် ဒါမှမဟုတ် မိသားစုဝင်တွေပဲဖြစ်ဖြစ် ဘယ်သူမဆို သူမရဲ့အတွေးတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်သည်။
အထူးသဖြင့် သူမရဲ့မိသားစုဝင်တွေပင်။ သူမရဲ့အစ်ကိုဖြစ်ဖြစ်၊ သူမရဲ့ယောင်းမဖြစ်ဖြစ် ၊ စုန့်လင်းချွမ်ဘဲဖြစ်ဖြစ် သူမပါးစပ်ကိုဖွင့်လိုက်တာနဲ့ အိုးကွဲပြီး ဟိုးအောက်ခြေအထိ သူတို့မြင်နိုင်တယ်ဆိုတာ သူမသိသည်။
သူတို့အမြင်မှာတော့ သူမဟာ အရွယ်မရောက်သေးတဲ့ ကလေးသာသာဘဲ ရှိသေးသည်။
စုန့်အာ့နန်အနေနဲ့ သူမကြောင့် ဖေးခွမ်နဲ့ သူမတို့မိသားစုကြားမလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာကို သူမ မလိုချင်ပေ။
ဒါကြောင့် သူမက အသေးအမွှား အရိပ်အယောင်လေးတွေကိုပင် ဖော်ထုတ်ခံထိမှာ စိုးတာကြောင့် ဘယ်သူ့ကိုမှမမေးရဲဘဲ ပိုပိုပြီးသတိထားလာသည်။
အဲ့ဒါကို သူမဘာသာသူမ ဖြည်းဖြည်းချင်း ဖြေရှာလို့ရသည်။
သူမ မသိရသေးခင်မှာဘဲ နွေရာသီ အားလပ်ရက် ကုန်ဆုံးတော့မည်ဖြစ်ကာ စာသင်နှစ်အသစ်စမယ့်အချိန်ရောက်လာပြီဖြစ်သည်။
စုန့်အာ့နန်လည်း B City ဆီ ပြန်သွားရတော့မည်ပင်!
စုန့်အာ့နန်က ကျောင်းစတက်ရမှာဖြစ်ပြီ စုန့်လင်းချွမ်ကတော့ လုပ်စရာများများစားစားမရှိဘဲ အိမ်မှာဘဲနေနေရသည်။ သူလည်း စုန့်အာ့နန်နဲ့အတူ B city ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။
အဲဒီနေ့မှာပဲ ကျန်းဟန်က ဖုန်းဆက်လာသည်။ "မင်းတို့ရဲ့ လေယာဉ်က ဘယ်နေ့လဲ? မင်းနဲ့ အန်တီလေးကို လာကြိုဖို့ S City ကို ငါလာခဲ့မယ်"
စုန့်လင်းချွမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုက သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တာဖြစ်သည်။ ဘာဘဲဖြစ်ဖြစ်၊ သူအိမ်ကနေပြန်တိုင်း ကျန်းဟန်က သူ့ကို B City လေဆိပ်မှာ တိုက်ရိုက်လာခေါ်တတ်သည်။ စုန့်လင်းချွမ်က သူ့ကို ဒုက္ခမပေးသင့်ဘူးလို့ ခံစားမိပေမယ့် စုန့်အာ့နန်ရဲ့ လက်ရှိ အခြေအနေကို ပြန်စဉ်းစားမိလိုက်သည်။
variety show က ပြီးသွားပေမယ့် စုန့်အာ့နန်ရဲ့ ရေပန်းစားမှုကတော့ တချို့တလေရှိနေသေးသည်။ ဒါ့အပြင် ဒဏ်ရာရနေတဲ့ သူ့ခြေထောက်နဲ့ဆို လေဆိပ်မှာ တစ်ယောက်ယောက်က သူတို့ကို မှတ်မိရင် ဒုက္ခရောက်လိမ့်မည်ပင်။
အချိန်နဲ့နေရာကို သဘောတူလို့ပြီးတော့ ကျန်းဟန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်။ "အိုး၊ ဟုတ်သား၊ ကျိုးဝေ့ရဲ့ အေးဂျင့်က ဒီနေ့ ငါ့ဆီ ရောက်လာတယ်"
ကျိုးဝေ့ နာမည်ကိုကြားတော့ စုန့်လင်းချွမ် အံ့ဩသွားသည်။ "ဘာကိစ္စရှိလို့လဲ?"
"ဘာရှိရဦးမှာလဲ?" ကျန်းဟန်က မနေနိုင်ဘဲ သူ့လျှာနဲ့ကျွတ်သပ်လိုက်ပြီး စနောက်ပြောလာသည်။ “အရင်တစ်ခေါက်က မင်းအလှလေးကို သူရဲကောင်းဆန်ဆန် ကယ်တင်လိုက်တဲ့ ကိစ္စပေါ့"
စုန့်လင်းချွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဝေ့လည် ကြောင်ပတ်လုပ်မနေနဲ့နော်၊ မဟုတ်ရင် ကျွန်တော်ဖုန်းချလိုက်တော့မယ်!"
ကျန်းဟန်က သူ့ကို အမြန်တားလိုက်ပြီး "ကျိုးဝေ့က မင်းရဲ့ဆက်သွယ်ရမယ့် အချက်အလက်တွေကို လိုချင်လို့ စိတ်မရှိရင် ပေးလို့ရမလားလို့ ငါ့ကို မေးခိုင်းလိုက်လို့"
စုန့်လင်းချွမ်ရဲ့ အကြည့်တွေက နက်ရှိုင်းလာသည်။ ကျိုးဝေ့က သူ့ရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို လိုချင်လို့တဲ့လား?
တစ်ဖက်က တုံ့ပြန်တာကို မတွေ့တော့ ကျန်းဟန်က စုန့်လင်းချွမ်တစ်ယောက် မပေးချင်ဘူးလို့ ထင်လိုက်သည်။ "ကောင်းပြီ၊ မင်းမကြိုက်ဘူးဆိုတာ ငါသိတယ်။ မင်းအစား ငါငြင်းပေးလိုက်မယ်"
ရိုးရိုးသားသားပြောရရင် ဒါက ကျန်းဟန် အတွက် စုန့်လင်းချွမ်အပေါ် စိုးရိမ်မှု အကင်းဆုံးကိစ္စပင်။ လူသိရှင်ကြားပဲဖြစ်ဖြစ် သီးသန့်ပဲဖြစ်ဖြစ်၊ သူဟာ တခြားနာမည်ကြီး မင်းသမီးတွေနဲ့ ဘယ်တော့မှ မပတ်သက်ဖူးပေ။
"မင်းတို့က အတန်းဖော်တွေလို့ကြားလို့ ငါလာမေးလိုက်တာ မေ့လိုက်တော့၊ သူ့ကိုပေးဖို့မလိုဘူးဆိုတော့....."
"သူ့ကို ပေးလိုက်" စုန့်လင်းချွမ်က ရုတ်တရက် စကားဖြတ်ပြောလာသည်။
ကျန်းဟန် အံ့သြသွားသည်။ "ဘာကိုလဲ?"
စုန့်လင်းချွမ်ကလည်း နောက်တစ်ခေါက် ထပ်ပြောလိုက်သည် "သူ့ကို ကျွန်တော့်ရဲ့ WeChat အကောင့်ပေးလိုက်"
-
B City ဆီမပြန်ခင်တစ်ရက်အလိုမှာ စုန့်အာ့နန်တစ်ယောက် အိမ်မှာ ထုပ်ပိုးနေသည်။
စုန့်လင်းချွမ်က ချိုင်းထောက်နဲ့ဝင်လာသည်။
စုန့်အာ့နန်က သူ့ကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။ "နင့်ရဲ့ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီးပြီလား? နောက်မှ ငါလာကူပေးရမလား?"
စုန့်လင်းချွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မလိုဘူး၊ ငါ့အဝတ်အစားတွေက နည်းနည်းဘဲပါတာ၊ တခြားဘာမှ ယူစရာမရှိတော့ဘူး၊ အစ်မကျန်းကိုဘဲ ကူထည့်ခိုင်းလိုက်မယ်"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ"
အစ်မကျန်းက သူတို့ရဲ့ အိမ်ထိန်းဖြစ်သည်။ သူမက အထုပ်အပိုးပြင်ဖို့ အကူအညီလိုလားလို သူမကို မေးဖို့ လာလေ့ရှိပေမယ့် စုန့်အာ့နန်ကတော့ သူမဘာသာသူမ လုပ်လေ့ရှိသည်။
အထူးသဖြင့် သူမစာအုပ်တွေပင်။ ဘယ်စာအုပ်တွေကိုယူမလဲ၊ ဘယ်ဟာတွေကို မယူဘူးလဲဆိုတာ သူမကိုယ်တိုင်ဘဲ အသေအချာသိသည်။
စုန့်လင်းချွမ်က သူမရဲ့ အခန်းတံခါးဝမှာဘဲ ရပ်နေပေမယ့် ဝင်မလာပေ၊ သူ့မှာပြောစရာတစ်ခုခုရှိနေတဲ့ပုံပင်။
"ဘာကိစ္စရှိလို့လဲ? တစ်ခုခုရှိသေးလို့လား?"
စုန့်လင်းချွမ်က ခေါင်းနည်းနည်းညိတ်ပြလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ခဏနေကျရင် တစ်ယောက်ယောက် လာလည်လိမ့်မယ်လို့ အန်တီလေးကို အသိလာပေးတာ"
စုန့်အာ့နန် အံ့သြသွားသည်။ တစ်ယောက်ယောက် လာမှာ?
သူတို့အိမ်မှာ ဆွေမျိုးတွေ အများကြီး မရှိချေ။ များသောအားဖြင့်ဆို သူမရဲ့ အစ်ကိုနဲ့ ယောင်းမတို့ရဲ့သူငယ်ချင်းတွေကလွဲရင် တစ်ခါတစ်လေ လာလည်မယ့်သူတွေက သူမယောင်းမရဲ့မိသားစုတွေပဲရှိသည်။
ဒါပေမယ့် ကျောက်ယာနဲ့ စုန့်ကျန်းဟွေ့တို့က အခုအိမ်မှာမရှိတာကြောင့် သူတို့နှစ်ယောက်ဆီကို လာမယ့်သူဘယ်သူမှမရှိဘူး။
ဒါကြောင့် ဖြစ်နိုင်ချေတစ်ခုပဲရှိသည်- ဧည့်သည်က စုန့်လင်းချွမ်ရဲ့ သူငယ်ချင်းဖြစ်လိမ့်မည်။
ဒါပေမယ့် S city မှာရှိတဲ့ သူ့ရဲ့ အပေါင်းအသင်းတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ လာပြီးသွားပြီဖြစ်သည်။
ဒါ့ပြင်၊ သူတို့လာမယ်ဆိုရင်လည်း စုန့်လင်းချွမ်အနေနဲ့ သူမကို အတိအကျပြောပြဖို့မလိုပါချေ။
တစ်ယောက်ယောက်က ပထမဦးဆုံးအကြိမ်လာလည်တာမှမဟုတ်ရင်
ခဏနေဦး...
ဖေးခွမ်များလား?
စုန့်အာ့နန် ရုတ်တရက် မော့ကြည့်လိုက်ကာ "ဘယ်....ဘယ်သူလာမှာလဲ?"
"ကျိုးဝေ့" စုန့်လင်းချွမ်က ပြန်ဖြေလိုက်သည်။
စုန့်အာ့နန် အံ့အားသင့်သွားသည်။
ကျိုးဝေ့...ဘယ်သူ?
စုန့်လင်းချွမ်ရဲ့ မျက်နှာမှာ စိတ်မသက်သာတဲ့ အကြည့်တစ်ချက် ပေါ်လာသည်။ "အရင်တစ်ခေါက်က ဆေးရုံမှာ သူနဲ့တွေ့ခဲ့တာကို မှတ်မိလား?"
စက္ကန့်နည်းနည်းလောက်ကြာအောင် ရှုပ်ထွေးနေပြီးတဲ့နောက်မှာ စုန့်အာ့နန်ရဲ့ဦးနှောက်ကနေ ကျိုးဝေ့က ဘယ်သူလဲဆိုတာကို သတိရသွားသည်။
အဲ့ဒီနေ့မွန်းလွဲပိုင်းမှာ ကျိုးဝေ့ရောက်လာသည်။
ဧည့်သည်ရောက်နေတာကြောင့် စုန့်အာ့နန်က အဆာပြေမုန့်တွေနဲ့ လက်ဖက်ရည်ကို စောစောစီးစီး ပြင်ဆင်ပေးလိုက်သည်။
ကျိုးဝေ့ဝင်လာတော့ သူမက စုန့်အာ့နန်ကိုအရင်နှုတ်ဆက်လိုက်ပြီး သူမ ယူလာတဲ့လက်ဆောင်ကို စားပွဲပေါ်တင်လိုက်သည်။
သူမက စုန့်လင်းချွမ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အရင်တစ်ခေါက် ဆေးရုံကိုလာတုန်းက ရှင်အိပ်ပျော်နေတော့ ကျေးဇူးတင်စကားတောင် မပြောလိုက်ရဘူး။ နောက်တစ်ခေါက် ထပ်သွားတော့ ရှင်ဆေးရုံပြောင်းသွားပြီလို့ ဆရာဝန်ကပြောတယ်"
"ဒါက အဲဒီ့အချိန်တုန်းက ကျွန်မကို ကယ်ပေးခဲ့တဲ့အတွက် အသိအမှတ်ပြုလက်ဆောင်ပါ"
စုန့်လင်းချွမ်က အင်း လို့ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
နောက်တော့ သုံးယောက်သား ဧည့်ခန်းထဲမှာ ထိုင်နေကြပေမယ့် စုန့်အာ့နန်ကဘဲ ကျိုးဝေ့ကို တစ်ချိန်လုံးဒိုင်ခံဧည့်ခံနေရသည်။ စုန့်လင်းချွမ်ကတော့ ဧည့်သည်လိုမျိုး နေရာမှာဘဲ ရုပ်တုတစ်ခုလို ထိုင်နေသည်။
လေထုက နည်းနည်း ကိုးရိုးကားရားနိုင်လှသည်။
စုန့်အာ့နန်က သူမဒီမှာရှိနေတာကြောင့် သူတို့စကားပြောရတာ သက်သောင့်သက်သာ မရှိဘူးလို့ တွေးလိုက်မိသည်။
သူမ သူတို့ကို နေရာပေးလိုက်သင့်လား?
"အိုး၊ ကျွန်မမှာ လုပ်စရာတစ်ခုရှိနေလို့။ နှစ်ယောက်သား စကားပြောထားကြနော်"
သူတို့ တုံ့ပြန်တာကို မစောင့်တော့ဘဲ နောက်ပြန်မလှည့်ကြည့်စတမ်း သူမ ဧည့်ခန်းထဲကနေ ထွက်သွားလိုက်သည်။
အခန်းထဲ ရောက်တော့ စုန့်အာ့နန်တစ်ယောက် ကုတင်ပေါ် ခုန်တက်ကာ ခေါင်းအုံးကို ပွေ့ထားရင်းငေးငိုင်နေလိုက်သည်။ အောက်ထပ်ကို မဆင်းခင် နှစ်ယောက်သား စကားပြောပြီးတဲ့အထိ အချိန်ပိုကုန်သွားရအောင် သူမဖုန်းကြည့်နေလိုက်သည်။
စုန့်အာ့နန် ဧည့်ခန်းကို ပြန်ရောက်လာတော့ စုန့်လင်းချွမ် တစ်ယောက်တည်းကိုဘဲ မြင်လိုက်ရတဲ့အတွက် နည်းနည်း အံ့သြမိသွားသည်။
"သူဘယ်ရောက်သွားတာလဲ?" သူမ နားမလည်စွာနဲ့မေးလိုက်သည်။
စုန့်လင်းချွမ်က မျက်လွှာချထားပြီး သိသိသာသာကို စိတ်ဓာတ်ကျနေသည်။ "သူပြန်သွားပြီ"
စုန့်အာ့နန် အံ့အားသင့်သွားသည်။
သူမ အပေါ်ထပ်မှာ မိနစ်နှစ်ဆယ်လောက်ဘဲ နေခဲ့တာကို ကျိုးဝေ့က ပြန်သွားပြီတဲ့လား?
ဒါဆို သူတို့နှစ်ယောက် အတိအကျ ဘာအကြောင်းတွေပြောနေကြတာပါလိမ့်?
စုန့်အာ့နန်က ခေါင်းကုတ်လိုက်ပြီး သူမစိတ်ထဲက သံသယကို ထုတ်မေးလိုက်သည်။ "လင်းချွမ်၊ အရင်တုန်းက နင် ကျိုးဝေ့ကို ကြိုက်တာ ဘယ်လိုသိတာလဲ?"
စုန့်လင်းချွမ် အံ့သြသွားသည်။ သူဘယ်လိုသိတာလဲ?
တစ်ခုခုကိုသတိရသွားသလိုမျိုး သူ့မျက်နှာမှာ မသက်မသာဖြစ်တဲ့ အရိပ်အယောင် ပေါ်လာသည်။ "တော်တော်ကြာနေပြီကို၊ ငါမေ့သွားပြီ"
"မနက်ဖြန်လေယာဉ် အစောစောထွက်မှာ ငါလည်းထုပ်ပိုးဖို့လိုသေးတယ် နောက်မကျစေနဲ့"
အဲ့ဒါနဲ့ဘဲ ရက်စက်တဲ့သားရဲကောင်ကြီးက သူ့နောက်လိုက်နေတဲ့အတိုင်း လှည့်ထွက်သွားတော့သည်။
စုန့်လင်းချွမ်ရဲ့ ထွက်သွားတဲ့နောက်ကျောကို ကြည့်ရင်း စုန့်အာ့နန်ရဲ့ မျက်နှာပေါ်မှာ တွေးတွေးဆဆအကြည့်တစ်ခုပေါ်လာသည်။
-
နောက်တစ်နေ့မနက်မှာ ကျန်းဟန်က စုန့်ဗီလာဆီ ရောက်လာသည်။
ဝိုး မြေနေရာအရမ်းရှားပါးတဲ့ S City က အကောင်းဆုံးထိပ်တန်းနေရာဘဲ၊ ဗီလာကိုလည်း ကြည့်ပါဦး စတုရန်းမီတာ တစ်ထောင်အောက်လျော့မှာမဟုတ်ဘူး။
စကားတစ်ခွန်းနဲ့ဖော်ပြရရင် - ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်နေတဲ့ တန်ဖိုးကြီးတဲ့နေရာဘဲ!
ဒီဗီလာအိမ်ရာမှာ နေကြတဲ့သူတိုင်းက ချမ်းသာတဲ့သူတွေ ဒါမှမဟုတ် အဆင့်အတန်းမြင့်တဲ့သူတွေဘဲဖြစ်မည်။
အိမ်ထိန်းက ကျန်းဟန်ကို ဧည့်ခန်းထဲ ခေါ်သွားတဲ့အချိန် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က ထွက်သွားကြပြီဖြစ်ကာ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ကတော့ မနက်စာစားဖို့ လုပ်နေကြသည်။
"စားပြီးပြီလား? ကျွန်မတို့နဲ့ အတူစားမလား?" စုန့်အာ့နန်က မေးလိုက်သည်။
ကျန်းဟန်လည်း အဆင်သင့် သဘောတူလိုက်သည်။ ဂုဏ်သိက္ခာရှိတဲ့အိမ်မှာ မနက်စာစားရတဲ့အခွင့်အရေးက နေ့တိုင်းရတာမဟုတ်ဘူး!
မနက်စာစားပြီးတော့ သူတို့လည်း နှောင့်နှေးမနေတော့ဘဲ လေဆိပ်ဆီ တန်းတန်းမတ်မတ်သွားလိုက်ကြသည်။
အရာအားလုံးက ချောချောမွေ့မွေ့နဲ့ပြီးသွားသည်။ ဒုက္ခမရောက်ရအောင် သူတို့က လေဆိပ်အဝင်အထွက်မှာ VIP လမ်းကြောင်းကနေ ထွက်လာကြသည်။
ကျန်းဟန်က B City လေဆိပ်ကနေ B တက္ကသိုလ်ဆီ တိုက်ရိုက်မောင်းလာလိုက်သည်။
တစ်နာရီလောက်ကြာတော့ သူတို့ကားက ကျောင်းဂိတ်ပေါက်ကို ရောက်လာသည်။
ကျောင်းစဖွင့်ချိန်ဖြစ်တာကြောင့် ကျောင်းသား ID ကတ်ပြလိုက်ရင် ကိုယ်ပိုင်ကားတွေလည်း ကျောင်းဝင်းထဲကို ဝင်ထွက်နိုင်သည်။
နောက်ဆုံးတော့ စုန့်အာ့နန်ရဲ့အဆောင်နဲ့ ခပ်ဝေးဝေးက လမ်းကြားလေးမှာ ကားရပ်လိုက်သည်။
"အန်တီလေး၊ အချိန်ရရင် ငါ့ဆီလာလည်ဦး။ ဒီတစ်လော ငါအိမ်မှာပဲ ရှိနေလောက်တယ်" စုန့်လင်းချွမ်ကပြောလာသည်။
စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "အင်း၊ ဒီပိတ်ရက်ကျရင် လာတွေ့မယ်။ နင့်ခြေထောက်ဒဏ်ရာကို ဂရုစိုက်ဦး"
နောက်တော့ သူမက ကျန်းဟန်ဘက်လှည့်ကာ ပြောလိုက်သည်။ "ကျန်းဟန်၊ သူ့ခြေထောက်ကို ဂရုစိုက်ပေးဖို့ ရှင့်ကိုဒုက္ခပေးရတော့မယ်။ သေချာပေါက် ဒဏ်ရာထပ်ရလို့မဖြစ်တော့ဘူး မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်"
ကျန်းဟန်လည်း သဘာဝအလျောက် အဆင်သင့်သဘောတူလိုက်သည်။
စုန့်အာ့နန် မပြောရင်တောင် စုန့်လင်းချွမ်ကို သူဂရုစိုက်ပေးမှာပင်။ ပြောရရင် စုန့်လင်းချွမ်ရဲ့ဒဏ်ရာကို တခြားသူတွေထက် သူကပိုစိုးရိမ်သည်။
ပြောပြီးတာနဲ့ စုန့်အာ့နန်လည်း ကားပေါ်ကနေ ဆင်းလိုက်သည်။