← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

ဖေးခွမ်က ဒီကြောင်လေးကို မွေးလိုက်မယ်ဆိုတော့ ကိစ္စတွေက ပိုလွယ်ကူလာသည်။

ညစ်ပတ်နေတဲ့ အသေးလေးကိုကြည့်ပြီးတော့ သူ့ကို တိရစ္ဆာန်ဆေးရုံကို ပို့ကာ အရင်ဆေးစစ်ပေးဖို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့် ဒီကျွန်းပေါ်မှာ တိရစ္ဆာန်ဆေးရုံ မရှိပါချေ။ ပင်မနယ်မြေက မြို့ကို သွားရမှာဖြစ်သည်။

နေ့လည်ဘက်မှအချိန်ရှိသေးတာကို တွေ့တော့ ဖေးခွမ်က ရိုက်ကူးရေး အဖွဲ့သားတွေဆီကနေ လှေတစ်စင်းငှားလိုက်သည်။

ဟိုတယ်ဝန်ထမ်းတွေက သူတို့အတွက် ကြောင်ထည့်ဖို့ ကျောပိုးအိတ် ရှာပေးလိုက်သည်။ ရိုက်ကူးရေးအဖွဲ့သားတွေကို အကြောင်းကြားလို့ပြီးတော့ သူတို့နှစ်ယောက် လှေပေါ်တက်ကာ ကြောင်လေးနဲ့အတူ ကျွန်းကနေ ထွက်လာလိုက်သည်။

တိရစ္ဆာန်ဆေးရုံမှာ ကြောင်လေးက ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ခံယူခဲ့ပြီး ကျန်းမာရေး စစ်ဆေးချက်တွေက အကုန် အဆင်ပြေတဲ့အတွက် စုန့်အာ့နန် စိတ်အေးသွားရသည်။

သူတို့လည်း ကြောင်လေးကို ကာကွယ်ဆေးထိုး၊ ရေချိုးပေးပြီးတော့ လှေပေါ်မတက်ခင် ကြောင်စာနဲ့ ကြောင်စာစည်သွပ်ဘူးတွေကို ကျွန်းဆီပြန်ဝယ်လာကြသည်။

ဒီကိစ္စတွေပြီးသွားလို့ ဗီလာကိုပြန်ရောက်တော့ ညနေ ၅ နာရီကျော်နေပြီဖြစ်သည်။

ထူးထူးဆန်းဆန်း တခြား guest တွေ တစ်ယောက်မှ ပြန်မလာသေးတဲ့အတွက် ကြောင်နဲ့အတူ သူတို့အပေါ်ထပ်ကိုဘဲ တိုက်ရိုက်တက်သွားလိုက်ကြသည်။

အခန်းထဲပြန်ရောက်တော့ စုန့်အာ့နန်က ကြောင်လေးကို ကျောပိုးအိတ်ထဲကနေ ထုတ်လိုက်ပြီး ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဆိုဖာပေါ်မှာ ညင်ညင်သာသာ တင်ပေးလိုက်သည်။

ကြောင်လေးက စုန့်အာ့နန် ပေါင်ပေါ်ခုန်တက်ပြီးမခွေခင် ဆိုဖာပေါ်ကို မဝံ့မရဲနဲ့ အကြိမ်ရေတချို့လောက် လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်သည်။

အန်တီလေးက ကြောင်လေးကို အရမ်းတွယ်တာနေတာ မြင်လိုက်ရတော့ ဖေးခွမ်ရဲ့ နှုတ်ခမ်းက နည်းနည်း ကွေးတက်သွားသည်။

“သူ့ကိုနာမည်ပေးလိုက်‌လေ” သူ စုန့်အာ့နန်ကို ပြောလိုက်သည်။

စုန့်အာ့နန်က ကြောင်လေးကို ပွတ်ပေးနေရာကနေရပ်သွားသည်။ သူမက ဖေးခွမ်ကို အံ့ဩသလို မော့ကြည့်လိုက်ပြီး "ကျွန်မကို နာမည်ပေးခိုင်းတာလား?"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး အင်းလို့ ပြောလိုက်သည်။

စုန့်အာ့နန် အံ့အားသင့်သွားသည်။ ဖေးခွမ် သူမကို ကြောင်နာမည် ပေးခိုင်းလိုက်တာက သူမကို အရမ်းပျော်သွားစေသည်။ သူကအရမ်း စဉ်းစားပေးတတ်တာဘဲ!

[ ကောင်းပြီ၊ ဖေးခွမ်က အန်တီလေးရဲ့ အချစ်ဆုံးတူလေးအဖြစ် စမ်းသပ်ကာလကို ဖြတ်သွားပြီဖြစ်ကြောင်း ငါ တရားဝင်ကြေငြာလိုက်ပြီ။ သူက သူ့အန်တီလေးကို တကယ် အလိုလိုက်တာဘဲ!]

[အန်တီလေးကလည်း ဖေးခွမ်အပေါ် အရမ်းကောင်းတယ်]

[အန်တီလေးကို အားကျရမှာလား၊ ဖေးခွမ်ကို အားကျရမှာလားမသိတော့ဘူး!]

စုန့်အာ့နန် ခဏလောက်တွေးလိုက်ပြီး ချီတုံချတုံနဲ့ ပြောလိုက်သည်။ "ဒါက ရှင့် ကြောင်ဘဲလေ ဘာလို့ ကိုယ့်ဘာသာကိုယ် နာမည်မပေးတာလဲ?"

ဖေးခွမ်က ပြုံးလိုက်ပြီး "အဆင်ပြေတယ်၊ ကိုယ်ကနာမည်ပေးတဲ့နာရာမှာ မတော်ဘူး၊ နာမည်ပေးရတာ တကယ်ခေါင်းကိုက်ရတယ်"

သူက ဆက်ပြောလိုက်သည်။ "နောက်ပြီးတော့ ဒီကြောင်ကို တွေ့တာ မင်းလေ။ ဟိုတယ်ဝန်ထမ်းပြောသလိုပဲ မင်းနှစ်ယောက်က ရေစက်ပါတာဘဲ"

ဖေးခွမ် ပြောတာကိုကြားတော့ စုန့်အာ့နန် မငြင်းတော့ပေ။

အိမ်မွေးတိရစ္ဆာန်ဆေးရုံမှာ တိရစ္ဆာန်ဆရာဝန်က ဒီကြောင်လေးက အထီးလို့ ပြောခဲ့တာကြောင့် မိန်းကလေး နာမည်ပေးလို့မရပေ။

ဒါပေမယ့် ဘယ်လိုနာမည်မျိုး သူမ ပေးသင့်လဲ? သူမ ခဏလောက် အခက်တွေ့သွားရသည်။

ဖေးခွမ်လည်း ပြင်းပြင်းထန်ထန် တွေးနေပုံရပြီး စုန့်အာ့နန်ကိုလည်း အလျင်စလိုမလုပ်ဘဲ အချိန်ယူဖို့ သူ့အခန်းထဲမပြန်ခင် ပြောလိုက်သေးသည်။

ဒါက ကြောင်နဲ့ သူမအတွက် ဧည့်ခန်းမှာ နေရာပေးလိုက်တာပင်။

နာရီဝက်လောက်ကြာတော့ စုန့်အာ့နန်က ဖေးခွမ်ရဲ့ အခန်းတံခါးဆီ ရောက်လာသည်။

သူ့တံခါးက ပွင့်နေတယ်။ သူက ကုတင်အစွန်းတွင်ထိုင်ကာ ဖုန်းထဲက မက်ဆေ့ခ်ျတွေကို စာပြန်နေသည်။

တံခါးဝက အသံကြောင့် သူမော့ကြည့်လိုက်တော့ စုန့်အာ့နန်က ကြောင်လေးကို ချီရင်း တံခါးဘောင်မှာ မှီပြီးနေနေတာကို တွေ့လိုက်ရသည်။

"နာမည်စဉ်းစားလို့ရပြီလား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "ချိုးချိုး ဆိုရင်ရော? အဲဒါ က အဆင်ပြေတယ်လို့ ထင်လား?"

[ချိုးချိုးတဲ့၊ ဘယ်လိုတောင်ချစ်စရာကောင်းလိုက်တဲ့ နာမည်လဲ! ကောင်းသားပဲ!]

[အန်တီလေး နာမည်ရွေးပေးတဲ့ ကြောင်လေးကို မနာလိုလိုက်တာ၊ ဘယ်လိုတောင် လှလိုက်သလဲ]

"ချိုးချိုး?" ဖေးခွမ်က မျက်ခုံးပင့်လိုက်သည်။ "အဓိပ္ပါယ်တခုခုရှိလို့လား?"

စုန့်အာ့နန်တစ်ယောက် ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။ တကယ်တော့ သူမလည်း နာမည်ပေးတဲ့နေရာမှာ သိပ်မတော်ပါချေ။ ငယ်ငယ်တုန်းက သူမရဲ့ အစင်းကျားကြောင်လေးကိုတောင် မီမီလို့ဘဲခေါ်ခဲ့တာဖြစ်သည်။

"ဘာအဓိပ္ပါယ်မှ တော့မရှိဘူး၊ ဒီတိုင်း သူ့ခေါင်းက ဘောလုံးလို လုံးနေတယ်လို့ တွေးလိုက်မိလို့"

ဖေးခွမ် - "..."

စုန့်အာ့နန်လက်ကြားက ကြောင်လေးကို မသိစိတ်ကနေ သူကြည့်လိုက်သည်။ သူ့ခေါင်းက နည်းနည်းတော့ လုံးနေတာဘဲ။

ဒါပေမယ့် ဒီလိုမျိုး ရိုးရိုးရှင်းရှင်း အကြောင်းပြချက်က သူမ အကြာကြီး တွေးနေရတာနဲ့ တန်လို့လား?

[ဟားဟား၊ ငါဒီလိုမျိုးဖြစ်မယ်မှန်းမမျှော်လင့်ထားမိဘူး။ သူ့ခေါင်းက လုံးနေရင် ဘာဖြစ်လို့ ယွမ်ယွမ်လို့ မခေါ်လိုက်တာလဲ?]

[ရယ်သေပြီ! ဒီတော့ အန်တီလေးကလည်း နာမည်ပေးတဲ့နေရာမှာ မတော်ဘူးပေါ့]

[လာ လာ လာ၊ အန်တီလေးနဲ့ ငါနဲ့ တူတဲ့ နောက်ထပ်တစ်ချက်ကို ငါရှာတွေ့လိုက်ပြီ]

ဖေးခွမ်ရဲ့ တုံ့ပြန်မှုကို မြင်တော့ စုန့်အာ့နန်က သူမပေးတဲ့နာမည်ကို သူ သိပ်သဘောမကျဘူးလို့ ထင်လိုက်သည်။ လှုံ့ဆော်မှုတစ်ခုက သူမကို ရိုက်ခတ်သွားသည်။ "ဒါမှမဟုတ် အွန်လိုင်းပေါ်မှာ ရှာလို့ရမလားမသိဘူး "

ဒီနေ့မွန်းလွဲပိုင်း တိရစ္ဆာန်ဆေးရုံမှာ ကြောင်လေးရဲ့စစ်ဆေးချက်ရလဒ်တွေကို စောင့်နေတုန်းမှာဘဲ သူမရဲ့ Weibo ထဲ ခဏဝင်ကြည့်လိုက်သည်။ အစက သူမရဲ့DMs တွေကို စစ်ကြည့်ချင်ရုံသာဖြစ်ပေမယ့် အဲ့ဒီတော့မှ သူမရဲ့ Weibo followersတွေက ရုတ်တရက် ထိုးတက်လာတာကို သိလိုက်ရသည်။

အတော်ကြာတဲ့အထိမဖတ်ရသေးတဲ့ DM တွေက သူမရဲ့ OCD ကို အစပျိုးပေးလိုက်သည်။

ဒါပေမယ့် သူမ Weibo ကိုဖွင့်လိုက်တဲ့အခါမှာတော့ သူမတို့ကြောင်ရှာတွေ့တဲ့အကြောင်းက တစ်နည်းနည်းနဲ့ hot search ဖြစ်လာတာကို သူမ ပထမဆုံးမြင်လိုက်ရသည်။ လူတော်တော်များများက ဒီကြောင်လေးကို အရမ်းသဘောကျနေကြသည်။

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ "မလိုပါဘူး။ ချိုးချိုး ကောင်းသားဘဲ၊ ‌ချိုးချိုးလို့ဘဲ ခေါ်ကြတာပေါ့"

[ဟုတ်တယ် ဟုတ်တယ်! ချိုးချိုးလို့ဘဲ ခေါ်ရအောင်။ အဲ့ဒါက အရမ်းကောင်းတဲ့နာမည်ဘဲ!]

[ ချိုးချိုး ဆိုတဲ့နာမည်ကို ငါလည်းကြိုက်တယ်၊ အဲဒါကို မဲပေးတယ်!]

[အားး ငါ့ကောကောက အခုတော့ ကြောင်ပိုင်ရှင် ဖြစ်နေပြီ! ချိုးချိုးရေ အန်တီ့ကို လာကြည့်ပါဦး!]

[လာ လာ ချိုးချိုး အန်တီတို့က မင်းအတွက် စည်သွပ်ဘူးတွေဝယ်ပေးမယ်!]

ဖေးခွမ် နာမည်ကို မကြိုက်တာ မဟုတ်မှန်း သိလိုက်ရတော့ စုန့်အာ့နန်က စိတ်သက်သာရာရသွားသည်။

သူမက ဖေးခွမ်ဆီ သွားလိုက်ကာ ချိုးချိုးကို သူ့ဆီကမ်းပေးလိုက်သည်။ "သူ့ကိုခဏလောက် ချီလိုက်လေ၊ တစ်ယောက်နဲ့ တစ်ယောက် ရင်နှီးသွားရအောင်"

အခုကနေစပြီး ချိုးချိုးက သူ့ကြောင်ဖြစ်လာတော့မှာဆိုတော့ အရင်ဆုံး ရင်းနှီးထားဖို့လိုသည်။

ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး ချိုးချိုး ကို သူ့ရင်ခွင်ထဲ သွင်းလိုက်သည်။

ချိုးချိုးက အရမ်းကိုတည်တည်ငြိမ်ငြိမ်ရှိနေပြီး သူ့ရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ ဖေးခွမ်နဲ့ စုန့်အာ့နန် ကြား အပြန်ပြန်အလှန်လှန် ကြည့်နေသည်။

စုန့်အာ့နန်က လက်ဆန့်လိုက်ပြီး သူ့ခေါင်းလေးကို ကုတ်ပေးလိုက်သည်။ "ချိုးချိုး၊ အခုကနေစပြီးတော့ လိမ်လိမ်မာမာနဲ့ နင့်ရဲ့ အစ်ကိုစကားကိုနားထောင်နော်"

ဖေးခွမ်က မျက်ခုံးပင့်လိုက်သည်။ "အစ်ကို?"

သူမ သူ့ကိုပြောတာလား?

စုန့်အာ့နန်က တုံ့ဆိုင်းသွားပြီး "ဒါမှမဟုတ် ဖေဖေလို့ခေါ်ရမှာလား?"

ဖေးခွမ် - "..."

ရုတ်တရက် ကြောင်သားလေးတစ်ကောင် ရလာတာ ကျင့်သားတောင်မရသေးဘူး။

[ဟားဟားဟား၊ ဖေးခွမ်ရဲ့ကြက်သေသေ‌သွားတဲ့ အမူအရာက အရမ်းရယ်ရတာဘဲ]

[ဝိုး! ငါ့ကောကောက နောက်ဆုံးတော့ အဖေနေရာရာထူးတိုးသွားပြီ ဂုဏ်ယူပါတယ်!]

[ဖေးခွမ် - ငါ အခု အဖေဖြစ်သွားပြီလား?]

ချိုးချိုးနဲ့ ဖေးခွမ် အကြား ဆက်ဆံရေး ပိုကောင်းလာစေဖို့အတွက် စုန့်အာ့နန်က သူတို့ကို ဧည့်ခန်းဆီ ခေါ်လာပြီး ဖေးခွမ်ကို ချိုးချိုးအတွက် စားစရာစည်သွပ်ဗူးကို ဖွင့်ခိုင်းလိုက်သည်။

သေချာပေါက်ကိုဘဲ၊ ချိုးချိုးတစ်ယောက် စားပြီးသွားတာနဲ့ ဖေးခွမ်အနားဘဲ ကပ်တော့သည်။

စုန့်အာ့နန်က ကြည့်ပြီး အရမ်းကျေနပ်သွားသည်။

သူတို့နှစ်ယောက် လိုက်လျောညီထွေဖြစ်နေတာကို တွေ့ရတော့ သူမစိတ်အေးသွားသည်။

ဒါပေမယ့် စုန့်အာ့နန်တစ်ယောက် ဒီနေ့ Weibo မှာသူမမြင်ခဲ့တဲ့ဟာတစ်ခုကို ရုတ်တရက် သတိရသွားသည်။

ဖေးခွမ်ကို တစ်ခုခုပြောချင်နေသလိုမျိုး သူမနှုတ်ခမ်းက ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်။

စုန့်အာ့နန်ရဲ့အကြည့်ကို သတိပြုမိတော့ ဖေးခွမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က အသက်ပြင်းပြင်းရှူပြီး ဖေးခွမ်ရဲ့မျက်လုံးတွေကို ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။ "အဲဒီနေ့ ကျွန်မပြောခဲ့တာတွေက လုံးဝကိုရင်ထဲကနေပါ"

ဖေးခွမ် နားမလည်နိုင်ဖြစ်သွားသည်။ အဲ့ဒီနေ့?

သူ ဘာပြောခဲ့လို့လဲ?

သူနားမလည်ဖြစ်နေတာကို မြင်တော့ စုန့်အာ့နန်ကအသေးစိတ်ပြောပြလိုက်သည်။ "ရှင်က အရမ်းတော်တယ်လို့ ကျွန်မ ပြောခဲ့တဲ့နေ့‌ကလေ"

သူမ သူ့ကို "လူကောင်းကတ်" ပေးခဲ့တဲ့နေ့ကို ဆိုလိုကြောင်း ဖေးခွမ် ရုတ်တရက် နားလည်သွားသည်။

ဒီတော့ဒါနဲ့ ပတ်သက်ပြီး သူမ သိထားတာလား? ဒီနေ့ဘာလို့ အဲ့ဒါကို ပြန်ပြောလာတာလဲ?

စုန့်အာ့နန်က ကင်မရာကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ရှင်က စာအုပ်တွေအများကြီး ဖတ်ရတာကြိုက်ပြီးတော့ ရှင့်အိမ်မှာလည်း နံရံအပြည့် စာအုပ်တွေရှိတယ်လို့ လင်းချွမ် ပြောတာကြားတယ်"

"ရှင်က အတတ်လည်းမြန်တယ်၊ အလုပ်မှာလည်းဝီရိယရှိတယ် ပြီး‌‌တော့ အရမ်းလည်းအရည်အချင်းတယ်လို့ လင်းချွမ် ပြောသေးတယ်။ သူတစ်ယောက်ယောက်ကို အထင်ကြီးတာရှားတယ်၊ ရှင်က အဲ့ဒီတချို့တလေထဲက တစ်ယောက်ဘဲ"

"ဒါ့အပြင် ဒီနေ့ ရှင့်ရဲ့ ဓာတ်ပုံရိုက်တဲ့ အရည်အချင်းကလည်း တကယ်တော်တယ်။ အစ်မရှစ်နဲ့ အစ်မလီယုကတောင် ရှင်ဘယ်လောက် တော်လဲဆိုတာ ချီးကျူးကြတာ။ ဒီနေ့လည်ပိုင်းတုန်းကလည်း ကြောင်ရဲ့ အရင်ပိုင်ရှင်နဲ့ ဖုန်းပြောတုန်းက ရှင့်ရဲ့ အင်္ဂလိပ်စာကအရမ်းကောင်းတာဘဲ၊ အဲ့ဒါက ရှင်တစ်ချိန်လုံး အားထုတ်ထားတယ်ဆိုတာ ပြနေတာဘဲ"

"ဒါကြောင့် ပညာရေးနောက်ခံက အရာအားလုံးကို ကိုယ်စားမပြုဘူးလို့ ကျွန်မ ခံစားရတယ်။ ဖေးခွမ်၊ ကျွန်မကို ယုံ၊ ရှင်က တကယ်ကိုထူးချွန်တာ"

စုန့်အာ့နန် ဒီစကားအရှည်ကြီး အသက်တစ်ရှိုက်အတွင်းမှာ ပြောပြီးသွားတော့ အနောက်က ကင်မရာကို ချောင်းကြည့်လိုက်သည်။

ဖေးခွမ် ခဏလောက် အံ့အားသင့်သွားပြီး နောက်မှ စုန့်အာ့နန်ရဲ့ ရည်ရွယ်ချက်ကို ရုတ်တရက် နားလည်သွားသည်။

မွန်းတည့်ချိန် ရှဲ့ယင်းနဲ့ ထိတ်တိုက်တွေ့တုန်းက သူက တက္ကသိုလ်မတက်ခဲ့ဘူးဆိုပြီး တုံ့ပြန်ခဲ့တာကြောင့် “အထက်တန်းမပြီး"၊ “ပညာရေးအတင့်နိမ့်ပါး” စတာတွေနဲ့ hot search ထဲမှာ ထပ်ပြီးနာမည်ပျက်စာရင်းသွင်းခံခဲ့ရသည်။

အန်တီလေးက တိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာ သူ့ဂုဏ်သတင်းကို ပြန်ယူပေးဖို့ ပြောပေးနေတာဖြစ်သည်။

ဖေးခွမ်ရင်ထဲမှာ ရုတ်တရက် နွေးထွေးသွားသလိုခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်၊ သူ့အနေနဲ့ အွန်လိုင်းပေါ်ပ အုပ်စုလိုက် လှောင်ပြောင်မှုတွေနဲ့ အတော်ကြာအသားကျနေခဲ့ပြီဖြစ်သည်။

ဒါပေမယ့် တစ်စုံတစ်ယောက်က ဒီလိုမျိုး ခိုင်မာတဲ့အကြည့်နဲ့ လေသံကိုသုံးပြီး ကိုယ့်အ‌ရှေ့မှာ ရပ်တည်ပေးနေတာ -

- ဖေးခွမ် ကျွန်မကိုယုံ၊ ရှင်က တကယ်ကိုထူးချွန်တာ၊

ဒီလို ရိုးသားတဲ့ အသိအမှတ်ပြုမှုမျိုးဟာ ဘ၀မှာ သူတစ်ခါမှ မကြုံဖူးတဲ့ အရာတစ်ခုပင်။

"မင်းပြောသမျှအကုန်လုံးက အမှန်တွေပဲလား?" ဖေးခွမ်က ရုတ်တရက် မေးလိုက်သည်။

စုန့်အာ့နန်က အခိုင်အမာပြောလိုက်သည်။ "ဟုတ်တယ်!"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "လင်းချွမ်က ကိုယ့်ကိုအထင်ကြီးတယ်လို့ လူကိုယ်တိုင်ပြောဖူးတယ်လို့ မင်းခုနတုန်းက ပြောလိုက်တယ်နော်?"

စုန့်အာ့နန် ဗလာသပ်သပ်ဖြစ်သွားသည်။

သူမ စောစောတုန်းက ပြောခဲ့မိတာလား?

အလျင်စလိုပြောလိုက်လို့ သူမ မမှတ်မိတော့ပေ။

သူမ ပြောခဲ့မိလို့ဖြစ်မယ်၊ မဟုတ်ရင် ဖေးခွမ်က မေးမှာမဟုတ်ဘူး၊ စုန့်အာ့နန် တွေးလိုက်သည်။

လင်းချွမ်က ဖေးခွမ်ကို အထင်ကြီးကြောင်း လူကိုယ်တိုင်ပြောခဲ့လားဆိုတာ သူမ တကယ်ကို မမှတ်မိတော့ဘူး။

ဒါပေမယ့် အခုငြင်းလိုက်ရင် သူမပြောသမျှက လုပ်ပြောနေတာဖြစ်သွားလိမ့်မယ်။

မဖြစ်ဘူး!

အဲဒါက သူမကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။

စုန့်အာ့နန်က ပြောင်ပြောင်တင်းတင်းဘဲ အဲ့ဒီစကားတွေက စုန့်လင်းချွမ် ကိုယ်တိုင်ပြောခဲ့တယ်လို့ ပြောလိုက်သည်။ "ဟုတ်တယ် သူအဲ့လိုပြောခဲ့တာ"

ဖေးခွမ်က မယုံကြည်နိုင်ဖြစ်နေသလိုမျိုး "အိုး" လို့အသံပြုလိုက်ပြီး ရုတ်တရက် ရယ်လာသည်။

[ဝါး-! ဖေးခွမ်က နင်အရမ်းလွန်တာဘဲ၊ ငါ့မှာအခုလေးတင် ငိုမိတော့မလို့၊ ကောင်းရော သူက ချက်ချင်းကို လမ်းလွဲသွားအောင် လုပ်လိုက်တာဘဲ]

[ဟားဟား ရယ်ရလို့သေပြီ! ဖေးခွမ်ရဲ့ ကြုံရင်ကြုံသလို ပြိုင်ပွဲဘဲ!]

[ဖေးခွမ်! အလေးအနက် ထားစမ်းပါ! အန်တီလေးက ချီးကျူးနေတာကို နာနာခံခံနဲ့ လက်ခံလိုက် အကြောင်းအရာကို မပြောင်းလိုက်နဲ့!]

[လင်းချွမ်ကတောင် ဒီလိုမျိုး သူငယ်ချင်းကို အထင်ကြီးတယ်လို့ ပြောရရင် ဖေးခွမ်က အတော်လေး ကောင်းတဲ့ပုံဘဲ]

[အိုး! ဖေးခွမ်က လင်းချွန်ရဲ့ထင်မြင်ချက်ကို ဂရုစိုက်တယ်လို့ထင်လား? အမ်း... ငါတော့ဒီမှာ ထူးထူးခြားခြား တစ်ခုခုကို လိုက်ရှာနေတာ...]

[ဟေ့ ညီအစ်မတို့ ဒီကိုကြည့်! ဖေးစုန့် CP က မင်းကိုစောင့်မျှော်နေတယ်!]

ပြောပြီးသွားတော့ စုန့်အာ့နန်လည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။

လင်းချွမ်ကို တိတ်တိတ်လေး ရင်ထဲမှာတောင်းပန်နေတုန်း သူမရဲ့ ဖုန်းကရုတ်တရက် တုန်ခါလာသည်။

ကြည့်ကြည့်လိုက်တော့လင်းချွမ်ဆီကနေ ဗီဒီယိုကော ခေါ်လာတာဖြစ်သည်။

စုန့်အာ့နန်အကြည့်တွေ အထိတ်တလန့်ဖြစ်သွားသည်။ ဘာ... ဒါက ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ?

သူမကို စစ်မေးဖို့ သူခေါ်လာတာများလား?

စုန့်အာ့နန်က ဖုန်းခေါ်ဆိုမှုကို ငြင်းပယ်တော့မလို့လုပ်တုန်းမှာလက်ချော်သွားပြီး မတော်တဆလက်ခံတာကို နှိပ်မိသွားသည်။

ဗီဒီယို ချိတ်ဆက်သွားတာနဲ့ လင်းချွမ် ရဲ့ စိတ်ဆိုးနေတဲ့ အသံကထွက်လာသည်။ "ငါ မပြောခဲ့ဘူး!"

စုန့်အာ့နန်က ချက်ခြင်းခေါင်းငိုက်စိုက်ချကာ ဖေးခွမ်ကို ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကို စူလိုက်ပြီး "သူ...သူရှက်နေလို့"

"အင်း၊ သူ သေချာပေါက် ပြောခဲ့တာ။ ဝန်ခံဖို့ ရှက်နေလို့"

ဖေးခွမ်က စုန့်အာ့နန်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြုံးကာပြောလိုက်သည်။ "ဟုတ်တယ်၊ အဲ့လိုဘဲ"

[ဘုရားရေ! အန်တီလေးက အရမ်းချစ်စရာကောင်းတာဘဲ၊ သူ ကိုးရိုးကားယားဖြစ်နေတဲ့ပုံက အရမ်းရယ်ရလိုက်တာ]

[သေအောင် ရယ်လိုက်ရတာ၊ စုန့်လင်းချွမ်ရဲ့ မုန်တိုင်းလိုစရိုက်နဲ့ဆို သူဘယ်တော့မှ ပွင့်ပွင့်လင်းလင်း ဝန်ခံမှာမဟုတ်ဘူး။ အဲ့ဒါကို မယုံရခင် ငါသာသေသွားမယ်]

[ဝါးး ဖေးခွမ်က အရမ်းမိုက်တာဘဲ! အန်တီလေးကို သူ့ထောင်ချောက်ထဲ တဖြည်းဖြည်း မျှားခေါ်နေသလို ခံစားရတယ်၊ အရမ်းစဉ်းလဲတာဘဲ]

[သေရော! စုန့်လင်းချွမ်တစ်ယောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ရှိနေတာဖြစ်မယ်၊ မဟုတ်ရင် သူဘယ်လိုလုပ် ဗီဒီယိုကော ခေါ်လာမှာလဲ?]

[စုန့်လင်းချွမ် - အဲ့ဒီမှာ လူကိုယ်တိုင်မရှိနေလို့ မင်းတို့က ငါ့အတင်းကို လွတ်လွတ်လပ်လပ် ပြောလို့ရမယ်ထင်နေတာပေါ့လေ?!]

All Chapters