အခန်း (၅၇)
Vol. 5 Ch. 57
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက် လီယုက အဆင်မပြေဖြစ်နေတဲ့ လေထုကို ဖြိုခွင်းဖို့ အရင်ဆုံးစကားပြောလိုက်သည်။ "မင်းတို့ဆင်းလာပြီဘဲ၊ ဒီမှာလာထိုင်ကြ၊ အစ်မတို့တွေ ညစာစားဖို့ နည်းနည်းစောင့်ရဦးမယ်"
ရှဲ့ယင်းမှာ အတွင်းထဲမှာတော့ လုံးဝ အဆင်မပြေနေပေမယ့် အပြင်ပန်းမှာတော့ တည်ငြိမ်နေသည်။
"ကောင်းပါပြီ၊ အစ်မလီယု" ရှဲ့ယင်းက ပြောလိုက်သည်။ "ဒါပေမယ့် အရင်ဆုံး ကျွန်မ အာ့နန်ကို တောင်းပန်ချင်တယ်"
နောက်တော့ သူမက စုန့်အာ့နန်ဘက် ခြေလှမ်းနည်းနည်းလှမ်းလိုက်ပြီး လုံးဝကို ရိုးရိုးသားသားနဲ့ ကြည့်လိုက်သည်။
"အာ့နန်၊ နေ့လယ်က ဖြစ်ပျက်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်၊ ငါက အဲ့ဒီလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို စိတ်မဆိုးဘဲ မရှောင်နေပါနဲ့ နော်?"
အဲ့ဒီလိုပြောပြီးတာနဲ့ ရှဲ့ယင်းက စုန့်အာ့နန်ကို ဦးညွှတ်လိုက်သည်။ သူမရဲ့ သဘောထား လုံးလုံးလျားလျားကို နှိမ့်ချထားသည်။
ဒီဖြစ်ရပ်က အားလုံးကို နည်းနည်း အံ့အားသင့်သွားစေသည်။
[ဝူးဝူးဝူး ငါ့အချစ်လေး ယင်းယင်းကြောင့် ငါ့ရင်တွေနာရတယ်၊ လူသစ်တစ်ယောက်အနေနဲ့ အဖယ်ခံရပြီးတော့ ခွင့်လွှတ်ဖို့ကိုတောင် အနူးအညွတ်တောင်းပန်နေရတယ်]
[ယင်းယင်းကို တင်းတင်းလေး ဖက်ထားပေးမယ်၊ တချို့လူတွေက ရိုးရိုးရှင်းရှင်းနဲ့ ကြင်နာတတ်တဲ့ မျက်နှာ တပ်ထားပေမယ့် အူထဲထိတောင် ပုပ်ပွနေတယ်]
[ယင်းယင်း မင်းဒီလောက်ထိ အလျှော့ပေးစရာ မလိုဘူး၊ မင်းက အကောင်းဆုံးပဲ၊ ငါတို့က မင်းနဲ့အတူ အမြဲရှိနေမှာ]
ရှဲ့ယင်းရဲ့ဖန်တွေက ပထမဆုံး စခရင်ပေါ်မှာ နာကျည်းကာ ငိုယိုပြီး စိတ်ဆင်းရဲစွာနဲ့ အများအပြားတုန့်ပြန်လာကြသည်။
ရှဲ့ယင်းက အရမ်းနာမည်ကြီးတာတော့ မဟုတ်ပေမယ့် ပွဲဦးစထွက်ကတည်းက သစ္စာရှိဖန်အချို့ကို သူမစုဆောင်းထားနိုင်တဲ့အပြင် ဖန်တွေနဲ့လည်း ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သူဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူမဟာ အမာခံဖန်တစ်စုကို ရရှိခဲ့သည်။
ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းက ပရိသတ်တွေကလည်း ငတုံးတွေ မဟုတ်ပါချေ။ ဒီလူတွေရဲ့ တုံ့ပြန်မှုက အရမ်းမြန်သည်။
[ ရို့ ရှဲ့ယင်းရေ နည်းနည်း လက်ဖက်စိမ်းမဆန်နေဘူးလား? သူ့ကို မရှောင်နေပါနဲ့လို့ ပြောတာ ဘာအဓိပ္ပါယ်လဲ? မသိရင် ကောင်မလေးတွေက သူ့ကိုဝိုင်ပယ်ထားကြသလိုပုံစံနဲ့]
[ဟုတ်တယ် ရှဲ့ယင်းရဲ့ စကားတွေက အရမ်းကို ဟိုလိုလိုဒီလိုလိုနဲ့၊ မသိရင် ကောင်မလေးတွေက သူ့ကို ဝိုင်းပယ်ထားကြသလိုလို]
[ဟမ်... ရှဲ့ယင်းက တောင်းပန်နေတာ သေချာလား၊ "နန်းတွင်းထဲမှာလို အတင်းအကြပ်ဖိအားပေး" နေတာလား? ဒီလို တောင်းပန်တာမျိုး အရင်က တစ်ခါမှကို မမြင်ဖူးဘူး၊ တကယ်ကို မျက်စိဖွင့်ပေးလိုက်တာဘဲ]
ရှဲ့ယင်းနဲ့ ပတ်သက်တဲ့ သံသယတွေ ပိုများလာတာနဲ့အမျှ သူမရဲ့ဖန်တွေကလည်း ချက်ချင်း မငြိမ်မသက်ဖြစ်လာပြီး အသစ်စုစည်းထားတဲ့ စကားတွေနဲ့ ကြိုးစားကာ လှိမ့်ဝင်လာကြသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေ - ???
[Wtf အပေါ်မှာ ဖြစ်ပျက်နေတာက ဒီဒဏ္ဍာရီဆန်ဆန် ပရိတ်သတ်တွေရဲ့ မှတ်ချက်တွေကို ထိန်းချုပ်နေတာလား?]
[Pfft၊ အထင်ကြီးစရာကောင်းတဲ့ ရှဲ့ယင်းရဲ့ဖန်တွေပါဘဲ တကယ့်ကို လူတိုင်းရဲ့ ပါးစပ်တွေ လိုက်ပိတ်ဖို့ကြိုးစားနေတာဘဲ]
[တကယ် ရွံစရာကောင်းလိုက်တာ၊ သူက နာမည်မကြီးပေမယ့် အများကြီးသုံးပြီး ရေတပ်တွေရှိနေတာဘဲ]
[အတိအကျပြောရရင်၊ ဖေးခွမ်နဲ့ စုန့်လင်းချွမ် တို့လို ထိပ်တန်းကြယ်ပွင့်တွေကိုတောင် အရင်က တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ မရပ်မနား ဆဲဆိုကြိမ်းမောင်းကြပေမယ့် သူတို့ရဲ့ ဖန်တွေ ရေတပ်သုံးတာ တစ်ခါမှမမြင်ဖူးဘူး]
...
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး နားမလည်နိုင်ဖြစ်သွားသည်။
သူမက ရှဲ့ယင်းကို ကြည့်လိုက်ပြီး လေးလေးနက်နက်နဲ့ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို မရှောင်ပါဘူး၊ ဒီနေ့လည်တုန်းက ကြောင်ရှာဖို့ အပြင်သွားတာလေ"
နောက်တော့ စုန့်အာ့နန်က သက်သေအဖြစ် သူမရဲ့လက်ထဲက အမွေးဘောလုံးလေးကို မြှောက်ပြလိုက်သည်။
သူမ တကယ်ပဲရှဲ့ယင်းကို မရှောင်နေပါဘူး၊ တစ်ခုခုဆိုရင်တော့ သူမက ဖေးခွမ်ရှောင်ဖို့ ကူညီပေးတာလေ။
"ဒါ့အပြင် ကျွန်မတကယ် စိတ်မဆိုးပါဘူး ရှင်အတွေးလွန်နေပြီ"
စုန့်အာ့နန်အနေနဲ့ ဒီအတွက် ရှဲ့ယင်းရဲ့ လှုပ်ရှားမှုတွေကို မခန့်မှန်းချင်ပေ။ သူမ ရင်ထဲမှာလည်း ဘာလှည့်ကွက်တွေ မှ မရှိတာကြောင့် အရိုးရှင်းဆုံးနည်းလမ်းကို ရွေးလိုက်တာပင်။
သူမရဲ့ စိတ်နေစိတ်ထားနဲ့ အတွေးတွေကို ပွင့်ပွင့်လင်းလင်းဖော်ပြလိုက်တာက လုံလောက်သည်။ တစ်ဖက်သားက ဘယ်လိုထင်မလဲ ဆိုတာကိုတော့ သူမ သိပ်ဂရုမစိုက်ဘူး။
ဘာဘဲဖြစ်ဖြစ် စုန့်အာ့နန်အနေနဲ့ သူမစိတ်ထဲမှာလိပ်ပြာလုံနေသရွေ့ အဆင်ပြေသည်။
ရှဲ့ယင်းရဲ့ ကြားဖြတ်တောင်းပန်မှုကြောင့် ညစာစားတဲ့အချိန်မှာ ကိုးရိုးကားရားလေထုနဲ့ ထပ်ပြီး ဖြတ်သန်းရပြန်သည်။
အဲ့ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားတဲ့နောက် guest တွေက အကြာကြီးမနေကြတော့ဘဲ သူတို့ရဲ့ သက်ဆိုင်ရာအခန်းတွေဆီ ပြန်သွားကြသည်။
လမ်းတစ်ဝက်မှာ ဖေးခွမ်က ချိုးချိုးအတွက်ရေထည့်ဖို့ထွက်လာပေမယ့် စင်္ကြံမှာ ရှဲ့ယင်းဆီကနေ အတားခံလိုက်ရသည်။
"အစ်ကို ဖေးခွမ်၊ စကားပြောရအောင်" သူမက ပြောလာသည်။
ဖေးခွမ်က သူမကို ဂရုမစိုက်သလို ကြည့်လိုက်ပြီး "ငါတို့ကြားမှာ ဘာပြောစရာမှမရှိဘူး၊ ဘေးဖယ်"
ဖေးခွမ် သူမအပေါ်ထားတဲ့ သဘောထားကို မြင်လိုက်ရတော့ ရှဲ့ယင်း ရင်ထဲမှာ နစ်နာသလို ခံစားလိုက်ရသည်။ " ဖေးခွမ်၊ နင်ငါ့ကို ဒီလို ဆက်ဆံရင်၊ ရှဲ့အိမ်က နင်အမေအတွက် ခက်ခဲသွားမှာ နင်မကြောက်ဘူးလား?"
"မင်းက ငါ့ကို လာခြိမ်းခြောက်နေတာလား?" ဖေးခွမ်က ကြီးကြီးမားမား ဟာသတစ်ခု ကြားလိုက်ရပုံပေါ်သွားပြီး "မင်းကို ငါက ဂရုစိုက်နေမယ်လို့ ထင်နေတာလား?"
ရှဲ့ယင်း ဆို့နင့်သွားသည်။
သူတကယ် ဂရုစိုက်မှာမဟုတ်ဘူး၊ ဒါက ရှဲ့ယင်း လူတိုင်းထက် ပိုသိတဲ့ အရာတစ်ခုဘဲ။
ဒီဖေးခွမ်က ညင်သာတဲ့ပုံပေါ်ပေမယ့် အတွင်းထဲမှာတော့ လုံးဝသွေးအေးလှသည်။ သူ့ရဲ့ဆွေမျိုးသားချင်းတွေကိုတောင် ငြင်းပယ်ပြီး စွန့်လွှတ်နိုင်သည်။
"ရှဲ့ယင်း မင်းတို့နှစ်ယောက်ကို လွန်ခဲ့တဲ့ နှစ်နှစ်က ငါပြောခဲ့တာ မှတ်မိသေးတယ်၊ ငါ့ကို လာပြီးရန်မစနဲ့။ ကိုယ့်ကိစ္စကိုယ် အေးအေးဆေးဆေးနေ။ မဟုတ်လို့ရှိရင်..." ဖေးခွမ် ရဲ့ မျက်နှာမှာ အပြုံးမရှိသလို သူ့ရဲ့အေးစက်နေတဲ့ အကြည့်ထဲမှာလည်း နွေးထွေးမှုတစ်စွန်းတစ်စတောင် မပါပါချေ။
ရှဲ့ယင်းရဲ့ အသံက နည်းနည်းတုန်ခါသွားသည်။ "မဟုတ်လို့ရှိရင် ဘာဖြစ်လဲ?"
ဖေးခွမ်က မျက်ခုံးပင့်ကာ ရယ်လိုက်သည်။
သူ့အကြည့်တွေက အေးစက်နေပေမယ့် သူ ပြုံးလိုက်တဲ့အခါ ထူးထူးခြားခြား ဆွဲဆောင်မှုရှိနေပြီး လူတစ်ယောက်ကို အကြည့်မခွါနိုင်အောင်ဖြစ်စေသည်။
ရှဲ့ယင်း ကြည့်ရင်း မှင်တက်သွားသည်။ ဖေးခွမ်ရဲ့မျက်နှာက ဘယ်လောက် ဆွဲဆောင်မှုရှိလဲဆိုတာကို သူမအမြဲသိခဲ့ပေမယ့် အချိန်တိုင်း အံ့အားသင့်နေရဆဲပင်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဲ့ဒီနေ့လည်ခင်းတစ်ခုလိုပင်၊ အဲ့ဒီဆယ်ကျော်သက်ကောင်လေးကို သူမရဲ့အိမ်တံခါးဝမှာ တွေ့ခဲ့ရသည်။ သူ့ပုံစံက စိတ်ပျက်စရာ ကောင်းပြီး မသပ်မရပ်ဖြစ်နေပေမယ့် သူ့ရဲ့ကျောရိုးကတော့ ဖြောင့်တန်းနေပြီး မောက်မာမှုက သူ့အရိုးထဲအထိတိုင်ရှိနေသည်။
"ဘာမှတော့သိပ်မဟုတ်ပါဘူး။ မင်းတို့ အားလုံးသိကြတဲ့အတိုင်း ငါက မကျေနပ်ချက်တွေကို အမြဲတမ်း လက်စားချေတတ်တဲ့ တစ်ယောက်လေ။ ငါ့ကို စိတ်မချမ်းသာအောင် လုပ်တဲ့သူတိုင်း နှစ်ဆပြန်ပေးဆပ်ရမယ်"
ပြောပြီးတာနဲ့ ဖေးခွမ်က သူမကို တချက်မှ ပြန်လှည့် မကြည့်ဘဲ ထွက်သွားသည်။
ရှဲ့ယင်းက သူ့နောက်ကျောကို စိုက်ကြည့်ရင်း သူမရဲ့ အမူအရာက ရှုပ်ထွေးကာ မရှင်းမလင်းဖြစ်နေသည်။
သူမကိုယ်တိုင် သတိမထားမိခဲ့တာဖြစ်မည်။ ယခုတော့ သူမရဲ့ ဖေးခွမ် အပေါ် နားမလည်နိုင်တဲ့ ခံစားချက်တွေက ပုန်းအောင်းနေသည်။
ဖေးခွမ်က သူ့အခန်းဆီ တိုက်ရိုက်မပြန်ပေ။ အခုချိန်မှာ သူ့စိတ်အခြေအနေက သိပ်မကောင်းတာကြောင့် စုန့်အာ့နန် လန့်သွားမှာ သူစိုးသည်။
ဒီကလေးမလေးက အရမ်းကို အရိပ်အကဲဖမ်းတတ်တာ။
ဗီလာနောက်တွင် အတော်အတန်ကြီးမားလှတဲ့ မြက်ခင်းပြင်နဲ့ဥယျာဉ်တစ်ခုရှိသည်။
ဖေးခွမ်က ကြုံရာကျပန်း လိုက်ပတ်သွားရင်း ပန်းခြုံတစ်ခုနားရောက်တဲ့အချိန် သူ့ဖုန်းမြည်လာသည်။
လီတုန်ပင်။
သူက answer ခလုတ်ကို နှိပ်လိုက်သည်။ "ဘာထူးလဲ?"
"ဘာမှမဟုတ်ဘူး၊ ငါက ကြောင်အရမ်းချစ်တတ်တဲ့သူ ကြားတယ်" လီတုန်ရဲ့အသံထွက်လာသည်။
သူက 'အရမ်း' ဆိုတာကို တမင်တကာ အလေးပေးပြောလိုက်ပြီး ရှင်းရှင်းလင်းလင်းကိုပဲ စစ်ကြောရေးဆင်းဖို့ ပြင်လိုက်သည်။
"ဘာလဲ၊ မင်းက မကြိုက်လို့လား?" ဖေးခွမ်က လုံးဝကို အပြစ်ရှိသလို မခံစားရဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
လီတုန် - "ငါက ကြောင်တွေကိုသဘောကျတယ်ပေါ့?"
ဖေးခွမ်က ဘာမှမထူးခြားတဲ့ပုံစံနဲ့ ပြောလိုက်သည်။ "အိုး ဒါဆို ငါ မှားသွားတာဘဲ"
လီတုန် - "..."
ကောင်းပြီ၊ ဒီလိုစကားလမ်းကြောင်း ပြောင်းတဲ့စကေးကို ဖေးခွမ် ကိုယ်တိုင်ပဲ လုပ်နိုင်တယ်။
"ဒါဆို မင်းရဲ့ကြောင်ကို အခုကတည်းက ငါထိန်းပေးစရာ မလိုတော့ဘူးထင်တယ်" လီတုန်က ပြောလိုက်သည်။
ဖေးခွမ်က သူ့အိတ်ကပ်ထဲ လက်တစ်ဖက် ထည့်လိုက်ပြီး ညအမှောင်ထဲ စိုက်ကြည့်လိုက်သည်။ "လုပ်စမ်းပါ၊ မင်းလက်လွှတ်ခံမှာ မဟုတ်ပါဘူး။ အန်တီလေးက ဒီနေ့ မင်းကို အကြီးကြီးမျက်နှာသာပေးခဲ့တာ"
တကယ်တော့ လီတုန်လည်း ဒါကို မချေပနိုင်ပါချေ။
တိုက်ရိုက်ထုတ်လွှင့်နေတုန်းက ဖေးခွမ်ကို ချီးကျူးစကားဆိုခဲ့တဲ့ စုန့်အာ့နန်က "အထက်တန်းကျောင်းမပြီး"၊ "ပညာရေးအဆင့်နိမ့်လို့ နာမည်ကြီးဖို့ မထိုက်တန်" ဆိုတဲ့ မသမာတဲ့ပို့စ်တွေကို တိုက်ရိုက်တုံ့ပြန်ပေးခဲ့သည်။
အန်တီလေးရဲ့ စကားလုံးတွေက ယုတ္တိရှိပြီး ရိုးရိုးသားသားဖြစ်သလို နောက်ဆုံး စုန့်လင်းချွမ်ရဲ့အပြန်အလှန် တုံ့ပြန်မှုကိုပါ ပေါင်းထည့်လိုက်ရင် သံသယဝင်စရာတောင်မလိုဘဲ သူမဟာ hot search ထဲ အလိုအလျောက် ဝင်သွားသည်။
ထူးဆန်းတာက အရင်တုန်းက ရှာဖွေမှု ပို့စ်တွေကို ဖျက်ပြီး ရှင်းလင်းတဲ့ သူတို့လုပ်ခဲ့တဲ့ အားထုတ်မှုတွေနဲ့ ယှဉ်ပါက အင်တာနက် အသုံးပြုသူတွေက ဒီတစ်ခေါက်မှာ ဒါကို ဝယ်ယူဖို့ ပိုပြီးဆန္ဒရှိ နေတဲ့ပုံပင်။
အင်တာနက်သုံးစွဲသူတစ်ဦးရဲ့မှတ်ချက်ကိုကိုးကားရရင် - [တစ်ယောက်ယောက်ကသာ ဒါကိုပြောလာရင် ငါတကယ် ယုံလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီမိန်းကလေး စုန့်အာ့နန်ဆီကနေ ကြားလိုက်ရတဲ့အခါမှာတော့ တစ်နည်းနည်းနဲ့ ငါယုံမိတယ်]
အမှန်တကယ်လည်း စုန့်အာ့နန်ဆီမှာ သူမနဲ့ပတ်သတ်တဲ့ သဘာဝလွန် လက္ခဏာတွေရှိသည်။
တစ်ညတည်းမှာဘဲ ဖေးခွမ်ရဲ့ ဂုဏ်သတင်းက သိသိသာသာ တိုးတက်လာသည်။ ဆန့်ကျင်ဘက်စကားတွေကို မျက်စိစုံမှိတ်ယုံတာထက် အခုလူတွေက သူ့ကိုသိခွင့်ရဖို့ လိုလားလာကြသည်။
အရင်တုန်းကတော့ စုန့်လင်းချွမ်၊ အခုကတော့ ဖေးခွမ်ပေါ့။
ရှိုးတစ်ခုထဲနဲ့ ထိပ်တန်းကြယ်ပွင့်နှစ်ယောက်ရဲ့ နာမည်တွေကို ရှင်းလင်းနိုင်လိုက်တယ်။ ဒါက ဖျော်ဖြေရေးလောကရဲ့ ဂုဏ်သတင်းကို သန့်စင်စေတဲ့ အရာတစ်ခုပင်။
ဖေးခွမ်က စုန့်လင်းချွမ်ကို ကူညီဖို့ ဒီရှိုးမှာ ဆက်ပြီးပါဝင်ပေးတယ်။ ဒါက လီတုန် မထင်မှတ်ထားတဲ့အရာဖြစ်ပြီး မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးတွေပါ ထွက်ပေါ်လာသည်။
ဒါက အပြုသဘောဆောင်တဲ့ လူထုအမြင်အတွက် အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုနိုင်သည်။ လက်ရှိ အကူးအပြောင်း လုပ်နေရဲ့ ဖေးခွမ် အတွက် ဒါက အတော်အရေးကြီးသည်။
နောက်ဆုံးမှာတော့ အလွန်အမင်း ဆိုးရွားတဲ့ ကောလဟာလတွေ၊ အဲ့ဒီလူတွေက သူ့ကို တိုက်ခိုက်ဖို့ နည်းလမ်းတွေကို ထပ်ခါထပ်ခါ ရှာဖွေနေခဲ့ကြသည်။ သူ့ရဲ့ ဖန်တွေကတော့ အဲ့ဒါတွေကိုတားဖို့ ဝယ်ထားတာကြာပြီ။
ဒီတော့ ဒီလိုလုပ်ရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ? လူထုကြားထဲမှာ အနုပညာရှင်ရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေတာ မဟုတ်ဘူးလား?
အနုပညာရှင်တစ်ဦးက လူထုကြားမှာ နာမည်ပျက်ရှိခဲ့ရင်၊ အချို့သော ထုတ်လုပ်ရေးနဲ့ ရိုက်ကူးရေးအတွက် အရေးကြီးတဲ့ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတော့၊ လွတ်မြောက်ရေးကာလမှာ သပိတ်မှောက်တာကို အဆုံးသတ်ဖို့ စုပေါင်းအားထုတ်မှုရဲ့အသီးအပွင့်ကို ဘယ်သူမှ မလိုလားပါချေ။
"အိုး ဟုတ်သား၊ အဲ့အစား မင်းကို ကူပေးနေတာက ကလေးမလေးတစ်ယောက်ပဲ မဟုတ်ဘူးလား?" လီတုန်က ရုတ်တရက် သဘောပေါက်သွားသည်။
ဖေးခွမ်က အကြည့်တွေကိုအောက်ပို့လိုက်ပြီး "သူကငါ့ကိုကူညီခဲ့တယ်၊ ဒါပေမယ့် စိုးရိမ်ရတာက ဘယ်သူလဲ?"
လီတုန် နင်သွားသည်။
ကောင်းပြီ၊ ဒါကို သူလည်း မငြင်းနိုင်ပါဘူး။
အနုပညာရှင်နဲ့ အေးဂျင့်တို့သည် အချင်းချင်း အားကိုးအားထား ပြုကြရသည်။ အကျိုးစီးပွားတွေလည်း ဆက်စပ်နေသည်။
လီတုန်အနေနဲ့ ဖေးခွမ်ကို လုံးလုံးလျားလျား ဖောက်ထွင်းမမြင်နိုင်ပေမယ့် သူ့အကဲဖြတ်မှုအရတော့ သူဟာ ကြီးမြတ်သော သူဌေးကြီးတစ်ယောက်ဖြစ်သည်။ သူက လူတွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိသည်၊ အကျိုးအမြတ်များများနဲ့ ယုံကြည်မှုကိုပေးကာ၊ ပူးပေါင်းဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက်ကို အောင်အောင်မြင်မြင် အကျိုးရရှိစေသည်။
ဒီနှစ်တွေတစ်လျှောက်လုံးမှာ လီတုန်အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ စျေးကွက်ချဲ့ထွင်မှုကို လုပ်ချင်ခဲ့ပေမယ့် အမျိုးမျိုးသော ကြိုးစားမှုတွေကြောင့် အကျိုးသက်ရောက်မှုက အနည်းငယ်သာ ရှိခဲ့သည်။
ဖေးခွမ်ရဲ့ အနီးပတ်ဝန်းကျင်ရှိ လူတိုင်းဟာ သူ့ရဲ့ပညာရေးကို ကိုယ်စားပြုတာထက် ကျော်လွန်တဲ့ သူ့ရဲ့အရည်အချင်းကိုသိကြသည်။
သူရဲ့အေးဂျင့်အနေနဲ့ဆို ဒီနှစ်တွေတစ်လျှောက် ဖေးခွမ်ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ မသိရတဲ့အောင်မြင်မှုတွေကို သူကပိုလို့တောင် ရှင်းရှင်းလင်းလင်းသိသည်။
ဒါ့အပြင် သူအရမ်းငယ်တဲ့ အဲ့ဒီအချိန်တုန်းက ဒီလောကထဲ ဝင်လာခဲ့တာဟာလည်း အကြောင်းပြချက်ရှိသည်။
သူတို့ ဒီဟာကို အခွင့်အရေးယူပြီး မားကတ်တင်းဆင်းသင့်လာလို့ မေးဖို့ လီတုန် ဖုန်းဆက်လိုက်တာပင်။
ဖေးခွမ်က ခဏလောက် စဉ်းစားလိုက်သည်။ "မလိုဘူး၊ များလွန်းရင် အန္တရာယ်ရှိတယ်"
ဟုတ်သည်၊ ဖေးခွမ်အနေနဲ့ စုန့်အာ့နန်က သူ့ရဲ့ လူထုပုံရိပ်ကို တမင်တကာ တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဘယ်သူ့ဆီကမှ အစွပ်စွဲမခံစေချင်ပေ။
လီတုန်လည်း ဒါကို စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။
“အရင်က ဆွေးနွေးခဲ့တဲ့အတိုင်း လူထုအမြင်ကိုဘဲ ထိန်းထားပါ" ဖေးခွမ်က ဆက်ပြောသည်။
ဖေးခွမ်ရဲ့ လူထုအမြင်ကိုဘဲထိန်းထားပါ ဆိုတာရဲ့အဓိပ္ပါယ်ကို နားမလည်ခင် လီတုန်တစ်ယောက် တစ်စက္ကန့်လောက် ကြောင်သွားသည်။
ဘာCP မှ မရှိဘဲ၊ တူဝရီးဆိုတဲ့ ဆက်ဆံရေးကိုဘဲ သင့်တင့်လျောက်ပတ်အောင် လမ်းညွှန်ပေးရမည်။
စုန့်အာ့နန်က ငယ်ငယ်လေးပဲ ရှိသေးသည်။ သူတို့ဘက်က ဒါကို တွန်းအားပေးရင် ကောင်းမှာမဟုတ်ပေ။ ဖေးခွမ်က ဒါကို အလေးအနက် မထားပေမယ့် လီတုန်ကတော့ ချင့်ချင့်ချိန်ချိန်ရှိသည်။
လီတုန် - "စိတ်မပူပါနဲ့ ငါ့မှာ စောင့်ကြည့်နေတဲ့လူတွေရှိတယ်"
ပြီးတော့ သူက ရယ်ပြီးဆက်ပြောလာသည်။ "မင်းမှာ အရမ်းအရည်အချင်းရှိတဲ့ အန်တီလေးတစ်ယောက် ရှိတယ်၊ အင်တာနက် သုံးစွဲသူတွေအားလုံးက မင်းတို့ရဲ့ဆက်ဆံရေးကို အခုဆို တရားဝင် အသိအမှတ်ပြုလို့ နောက်ပြောင်နေကြတာ။ ဒါကြောင့် မင်း သူ့ကို ရင်းနှီးတဲ့အန်တီလေးတစ်ယောက်လို ဆက်ဆံပြီး အနာဂတ်မှာ သူ့ကို လေးစားပေးဖို့လိုတယ်"
ဖေးခွမ် - "..."
*
ဖုန်းချပြီးသွားတော့ ဖေးခွမ်လည်း သူ့စိတ်ခံစားချက်တွေ နည်းနည်း တည်ငြိမ်သွားတယ်လို့ ခံစားလိုက်ရတာကြောင့် တုံ့ဆိုင်းမနေဘဲ ဗီလာဆီ ပြန်လှည့်သွားလိုက်သည်။
ကြောင်အတွက် သူရေသွားယူပြီး အစာကျွေးဖို့ကို အန်တီလေးတစ်ယောက် အခန်းထဲမှာ စောင့်နေသေးတာကို တွေးမိတော့ သူမတတ်နိုင်ဘဲ ခပ်မြန်မြန် လျှောက်လိုက်သည်။
ဗီလာရဲ့ခြံသည် အတော်လေးကျယ်သည်၊ သူတောင် မသိလိုက်ပါဘဲနဲ့ ဒီလောက်အဝေးကြီးအထိ လျှောက်လာမိသည်။
ဖေးခွမ်က လမ်းကြားအသေးလေးကနေ တစ်ဆင့် နောက်ပြန်လှည့်လိုက်သည်။
ဒါပေမယ့် ထောင့်တစ်နေရာကို ဖြတ်သွားရတဲ့အခါ ကျန်းခိုင်ရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရပြီး သူ့ခြေလှမ်းတွေက အလိုအလျောက် ရပ်သွားသည်။
"စိတ်မပူပါနဲ့ ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်။ ငါနေရာကောင်းတစ်ခုကို လိုက်ရှာထားပြီးပြီ၊ ငါဒီမှာရပ်ပြီး ကြည့်နေတယ် - ဒီမှာလုံခြုံရေးကင်မရာတွေမရှိဘူး၊ ငါတို့ ဖမ်းမိမှာမဟုတ်ဘူး။ အစ်မလီဘက်ကိုသာ ငါ ကိုင်တွယ်နိုင်ရင် ဒါက သေချာပေါက်ကို အခက်အခဲမရှိဘဲ ပြီးပြတ်သွားမှာ"
"ဟုတ်တယ် အဲ့ဒါကို မနက်ဖြန်လုပ်ဖို့ စီစဉ်ထားတယ်။ နောက်ကျနေပြီ၊ ရှဲ့ယင်းက အလိုလိုက်ခံထားရတဲ့ သခင်မလေးသာသာဘဲ သူ့ကို အရင်ဖွင့်ပြောလိုက်တာက သူ့ရဲ့မာနကြီးဘဝင်မြင့်တာတွေကို ရိုက်ချနိုင်လိမ့်မယ်"
"ချိုမြိန်ပြီး ဘာမှမဟုတ်ဘဲ လိုက်ရတာကိုကြိုက်တဲ့ မိန်းမတွေက ချက်ချင်း သဘောတူဖို့ ငါမမျှော်လင့်ထားဘူး။ ခဏလောက်တော့ ငါသူ့ကို တက်တက်ကြွကြွနဲ့ လိုက် လိုက်မယ်၊ ပြီးရင်တော့ ရုတ်တရက် အေးစက်စက်နိုင်သလို ဟန်ဆောင်လိုက်ပြီး သူ့ကိုကြိုးရှည်ရှာ်နဲ့ လှန်ထားလိုက်မယ်။ စိတ်မပူနဲ့၊ မိန်းမတွေနောက်လိုက်တဲ့နေရာမှာ ငါက မင်းထက်ပိုပြီအတွေ့အကြုံရှိတယ် ..."
ညအမှောင်ထဲတွင်၊ ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်တွေ နည်စနည်းမြင့်တက်လာသည်။
ဟုတ်သား၊ သူ ကျန်းခိုင်ကို ရှင်းရှင်းလင်းလင်း လျှော့တွက်မိခဲ့တာဘဲ။ သူ့ကို ထောင်ချောက်ဆင်ဖို့ မလို လောက်တော့တဲ့ပုံဘဲ။
မထွက်သွားခင် ဖေးခွမ်က ကျန်းခိုင်ရှိတဲ့ ထောင့်နေရာကိုတစ်ချက်ကြည့်လိုက်သည်။
လုံခြုံရေး ကင်မရာတွေ မရှိဘူးဘဲ...