← Chapters

အခန်း (၅၈)

Vol. 5 Ch. 58

အခန်း (၅၈)

Vol. 5 Ch. 58

နှိုးစက်မမြည်ခင် မနက်စောစောမှာ စုန့်အာ့နန်တစ်ယောက် သူမအပေါ်မှာ ရှိနေတဲ့ကြောင်လေးကြောင့် နိုးလာသည်။

သူမက မျက်လုံးတွေကို အိပ်ချင်မူးတူးနဲ့ဖွင့်လိုက်တော့ ချိုးချိုးရဲ့ အပြစ်ကင်းတဲ့ မျက်လုံးကြီးတွေနဲ့ တွေ့လိုက်ရသည်။

ကြောင်တစ်ကောင်နဲ့ လူတစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။

မနေ့ညက အိပ်ရာမဝင်ခင် လီစစ်ရွေ့က သူမဆီ ဗီဒီယိုကောခေါ်လာပြီး ကြောင်ကိုတွေ့ချင်တယ်လို့ မရမကပြောလာတာကို သူမသတိရလိုက်သည်။ အဲ့ဒါနဲ့ သူမလည်း ဧည့်ခန်းထဲက ကြောင်အိပ်ယာဆီသွားကာ ကြောင်ကို သယ်လာခဲ့တာဖြစ်သည်။

နောက်တော့ သူတို့ စကားစမြည်ပြောရင်းနဲ့ သူမလည်း အရမ်းပင်ပန်းနေလို့ ကြောင်ကို ပြန်သွားပို့ဖို့မေ့သွားတာနဲ့ မနက်အစောကြီး ဒီမြင်ကွင်းကို ‌မြင်လိုက်ရတာဖြစ်သည်။

သူ့ရဲ့ ကိုယ်ဟန်အနေအထားအရ ကြည့်ရရင် ဗိုက်ဆာနေတဲ့ပုံပင်။

စုန့်အာ့နန် အိပ်ယာကနေ ကြိတ်မှိတ်ထလိုက်ပြီး ချိုးချိုးကိုချီကာ ဧည့်ခန်းထဲမှာ သူ့အတွက် စားစရာရှာပေးဖို့သွားလိုက်သည်။

ဖေးခွမ်လည်း နိုးနေပြီဖြစ်သည်။ သူမ ထွက်လာတာကိုမြင်တော့ သူက မေးလိုက်သည်။ "မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်ချင်လား?"

စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။ "ခဏစောင့်၊ ကျွန်မ ကြောင်စာတွေ ပြင်ပြီးရင် အင်္ကျီသွားလိုက်ဦးမယ်"

ဖေးခွမ်က သူမလက်ထဲက ချိုးချိုးကိုယူလိုက်ပြီး "ကိုယ်လုပ်လိုက်မယ်၊ မင်း အဝတ်အစားသွားလဲလိုက်"

စုန့်အာ့နန် အဝတ်လဲပြီးသွားတော့ ဖေးခွမ်က ကြောင်အတွက် အစာနဲ့ရေဖြည့်ပေးပြီးသွားပြီဖြစ်သည်။

သူတို့နှစ်ယောက်လုံး ထုံးစံအတိုင်း အပြင်ထွက်ပြီး ကျွန်းတစ်ဝိုက်မှာ အနှေးပြေးကြသည်။

ပြန်ရောက်လာတော့ အစီအစဉ်အဖွဲ့က မနက်စာ ပို့ပေးထားသည်။ ဒီနေ့ အပြင်ထွက်ပြီး ရိုက်ကူးရေးလုပ်ရမှာမယ့်အတွက် အချိန်ကုန်သက်သာစေဖို့ guest တွေကို မနက်စာ မလုပ်ခိုင်းပါချေ။

ထမင်းစားစားပွဲဆီရောက်တော့ ဝန်ထမ်းတစ်ယောက်ရောက်လာပြီး ဒီနေ့ရိုက်မယ့်အချိန်ဇယားကို လာကြေညာသည်။

ဒီနေ့ကတော့ escape room ကစားမှာဖြစ်သည်။ အနီးနားကကျွန်းတွင် "သဲကန္တာရကျွန်းရဲ့ကြောက်မက်ဖွယ်ရာများ" ဆိုတဲ့ theme နဲ့ နာမည်ကြီးတဲ့ escape roomရှိသည်။

ဒီကြောက်စရာကောင်းတဲ့ နာမည်ကိုကြားလိုက်ရရုံနဲ့ စုန့်အာ့နန်မှာ ချက်ချင်းဆိုသလို ကျောချမ်းသွားရသည်။

တစ်ဖက်မှာတော့ ချီမူရှစ်က အရမ်းကိုစိတ်လှုပ်ရှားနေသည်။ "ဝိုး! နာမည်ကြားရုံနဲ့တင် စိတ်လှုပ်ရှားဖို့ကောင်းနေပြီ"

Escape Room ဟာ ဒီနေ့ခေတ်မှာတော့ ယောက်ျားလေးတွေကြားထဲတွင် ရေပန်းအစားဆုံး လှုပ်ရှားမှုဖြစ်သည်။

ရှစ်ချင်က သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး "စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ၊ အဲဒါက မင်း အရင်တစ်ခေါက်က ကြောက်ပြီး ငိုခဲ့ရတဲ့ escape roomနဲ့ တူတူဘဲလားဆိုတာ သိချင်လိုက်တာ"

ဖော်ထုတ်ခံလိုက်ရတာနဲ့ ချီမူရှစ်က ရှစ်ချင်ကို စိုက်ကြည့်လိုက်ပြီး "အဲ့ဒါက မတော်တဆဘဲ!"

"ပြီးတော့ အရင်တစ်ခေါက် မားနဲ့ပါးက ကျွန်တော့်ကိုချန်ထားပြီး ကိုယ့်ဘာသာကိုယ် ထွက်ပြေးလုပ်တာလေ၊ ကျွန်တော် စိတ်ဆိုးတာ၊ ကြောက်တာမဟုတ်ဘူး!"

ရှစ်ချင်က ပေါ့ပေါ့တန်တန် "အိုး"လို့ ဆိုလိုက်ပြီး သူ့ကို မယုံမှန်းသိသာလှသည်။

ချီမူရှစ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိပါ‌ချေ။ သူ့အနေနဲ့ ဒီတစ်ခေါက်မှု သူ့ကိုယ်သူသက်သေပြဖို့သန္နိဋ္ဌာန်ချလိုက်သည်။

[ဟာဟားဟား၊ escape room ထဲမှာ ကြောက်လို့ငိုတယ်တဲ့ ဒီ ချီမူရှစ်က အန္တရာယ်ရှိတဲ့ ကစားကွက်တွေကို ကြိုက်တဲ့ ငကြောက်လေးဘဲ]

[ရယ်ရလိုက်တာ၊ မိဘတွေက သူတို့ဘာသာလွတ်ဖို့ ကလေးကို escape room ထဲမှာ ထားခဲ့တယ်တဲ့၊ ဒီလိုမျိုးက ရှစ်ချင်နဲ့ သူ့ယောက်ျားလုပ်တာဘဲ]

[ချီမူရှစ် - မားတို့က အကြင်နာတရားမရှိတာဘဲ၊ ကျွန်တော့်ကို ချန်ထားပြီး ကိုယ့်ဘာသာကိုယ်လွတ်ဖို့ဘဲ လုပ်တယ်]

[ဘုရားရေ၊ ဒီအမေနဲ့သား ပေါင်းစပ်မှုက ရယ်စရာကောင်းလိုက်တာ၊ တစ်ယောက်ကိုတစ်ယောက် ရှက်စရာကောင်းတဲ့ သမိုင်းကြောင်းတွေကို ပြောပြရတာကို သဘောကျနေတာဘဲ]

လူတိုင်းက ဒီနေ့အစီအစဥ်နဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပင်။ "သဲကန္တာရကျွန်းရဲ့ ကြောက်မက်ဖွယ်ရာများ" ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ ရင်ခုန်စိတ်လှုပ်ရှားရပြီး ဒေသဆိုင်ရာ ထိတွေ့မှုကို ခံစားလိုက်ရသည်။

မနက်စာစားပြီးတဲ့အချိန် လူတိုင်းက တက်ကြွစွာနဲ့ ဆွေးနွေးကြပြီး ရိုက်ကွက်က ဘာဖြစ်နိုင်မလဲဆိုတာကို မှန်းဆနေကြသည်။

ဥပမာအားဖြင့်၊ သဲကန္တာရကျွန်းရဲ့ကြောက်မက်ဖွယ်ရာများတွင် 'သရဲတစ္ဆေ' နဲ့သက်ဆိုင်တဲ့ အရိပ်အယောင်တွေ ရှိနေမှာ သေချာပေါက်ပင်။

လီယုက စုန့်အာ့နန် ဘက်လှည့်လာပြီး မေးလိုက်သည်။ "အာ့နန်၊ ညီမသရဲကြောက်တတ်လား?"

စုန့်အာ့နန် မတုံ့ပြန်ရသေးခင် ချီမူရှစ်က ပြောလာသည်။ "အန်တီလေးက အရမ်းတော်တာ၊ သူ မကြောက်လောက်ဘူး!"

စုန့်အာ့နန် - "..."

မဟုတ်ဘူးလေ၊ သူမနည်းနည်းတော့ ကြောက်တယ်လို့!

ဖေးခွမ်က ဘေးကနေပြီး စုန့်အာ့နန်ရဲ့တုံ့ပြန်မှုကို မြင်လိုက်ရတော့ စိတ်ထဲမှာ ကြိတ်ရယ်လိုက်သည်။

အရင်က စုန့်လင်းချွမ် သူ့ကိုပြောပြခဲ့တဲ့ လျှို့ဝှက်ချက်ကို သူသေချာပေါက် မမေ့သေးဘူး။

-ငါ့ရဲ့အန်တီလေးက သရဲကြောက်တတ်ပေမယ့် သရဲကားတွေကိုတော့ ကြည့်ရတာကြိုက်တယ်။

- သူက သူသရဲကြောက်တတ်တယ်ဆိုတာကို ဝန်ခံဖို့ အရမ်းရှက်လို့ အမြဲတမ်း မကြောက်ချင်ယောင်ဆောင်တာ။

"အစ်ကို ဖေးခွမ်၊ အစ်ကိုရော အရင်က escape room တွေ ကစားဖူးလား? အစ်ကိုက အရမ်းသတ္တိရှိလား?" ချီမူရှစ်က သိချင်စိတ်နဲ့အတူ ဖေးခွမ်ကိုကြည့်ကာ မေးလိုက်သည်။

အခုလေးတင် တခြားလူတွေအားလုံးက သူတို့ကစားခဲ့တဲ့ escape room တွေအကြောင်း ပြောနေကြသည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ဘဲ တိတ်ဆိတ်နေတာဖြစ်သည်။

ဖေးခွမ်က နှုတ်ခမ်းထောင့်ကိုကွေးကာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကိုယ်လား? တစ်ခါမှတော့ မကစားဖူးဘူး။ သတ္တိတော့နည်းတယ်"

ပြောပြီးသွားတော့ သူက စုန့်အာ့နန်ကို လှည့်ကြည့်လိုက်ပြီး "ခဏနေ အထဲဝင်တဲ့အခါကျရင် မင်းနောက်လိုက်လို့ရမလား?"

စုန့်အာ့နန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး နည်းနည်း ချီတုံချတုံ ဖြစ်သွားသည်။

သူက သူမနောက်ကို လိုက်မယ်...

အင်း၊ အဲဒါက အကျိုးကြောင်း မသင့်တာတော့ မဟုတ်ဘူး။ လူနှစ်ယောက်က တစ်ယောက်ထဲထက်တော့ ပိုကောင်းတယ်၊ တစ်ယောက်နဲ့တစ်ယောက် သတ္တိတွေ ပိုတိုးလာနိုင်တာပေါ့။

ဒီလိုနည်းနဲ့ဆို အနားမှာ ကိုယ့်ထက် ပိုသူရဲဘောကြောင်တဲ့ သူတစ်ယောက်နဲ့ဆို တခြားသူတွေလည်း သိပ်တော့သတိမထားမိလောက်ဘူး။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ၊ ခဏနေကျရင် ကျွန်မနားမှာဘဲ ကပ်နေနော်"

[သေစမ်း! ဖေးခွမ်က အရမ်းမိုက်တာဘဲ၊ အန်တီလေးဆီကနေ သူအကာအကွယ် ယူလိမ့်မယ်လို့ ငါတစ်ခါမှ စိတ်မကူးဖူးဘူး]

[ရယ်ရတာသေတော့မယ်၊ ဒီလိုအရွယ်ရောက်နေတဲ့လူတစ်ယောက်က သူ့ကို ကောင်မလေးတစ်ယောက်က ကာကွယ်ပေးဖို့ဘယ်လိုလုပ် အရှက်မရှိပြောနိုင်ရတာလဲ?]

[ဖေးခွမ် - ဝါးး~ အန်တီလေး ငါ့ကိုကာကွယ်ပေးပါ]

[အန်တီလေး - ဒီ အသုံးမကျတဲ့ တူကတော့၊ မေ့လိုက်တော့!]

ဒီနေ့လှုပ်ရှားမှုကြောင့် လူတိုင်းက ပေါ့ပေါ့ပါးပါး ၀တ်ထားကြသည်။

ပရိုဂရမ်အဖွဲ့က တစ်နေရာကနေ လှေအကြီးတစ်စင်း ငှားလာပြီး လူတိုင်းတက်ပြီးတဲ့နောက် လှေက "သဲကန္တာရကျွန်း" ဆီ စထွက်သည်။

ပင်လယ်ထဲ ရွက်လွှင့်ရင်း လူတိုင်းက စကားစမြည်ပြောကာ ရယ်မောကြနေပြီး မကြာခင်မှာပဲ သူတို့ရဲ့ ဦးတည်ရာဆီ ရောက်လာသည်။

လှေပေါ်ကနေ ဆင်းပြီးတဲ့နောက် လူတိုင်း ဒီကျွန်းငယ်လေးပေါ် ခြေချလိုက်တာနဲ့ ပထမဆုံးထင်မြင်ချက်ကတော့ အရမ်းလူသူတိတ်ဆိတ်နေတာပင်။

သူတို့ တည်းခိုဖူးတဲ့ ခရီးသွားကျွန်းနဲ့ ယှဉ်လိုက်ရင် ဒါက ကောင်းကင်နဲ့ မြေကြီးလိုပင်။ ဒီကျွန်းဟာ ဘယ်တုန်းကမှ မလုံးဝကို မဖွံ့ဖြိုးခဲ့တဲ့ပုံပင်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဝိညာဉ်တစ်စတစ်လေကိုတောင်မတွေ့ရချေ။ "သဲကန္တာရကျွန်းရဲ့ ကြောက်မက်ဖွယ်ရာများ" ဆိုတဲ့ theme ကို ပြီးပြည့်စုံစွာနဲ့ အကောင်အထည် ဖော်ထားသည်။

ပရိုဂရမ်အဖွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း၊ သူတို့ အုပ်စုက နောက်ဆုံးတော့ စံအိမ်ကြီးတစ်လုံးအရှေ့ကို မရောက်ခင်အထိ ကျွန်းပေါ်က လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း သွားလိုက်သည်။

ချီမူရှစ်က နားမလည်စွာနဲ့ မေးလိုက်သည်။ "theme ကသဲကန္တာရကျွန်းရဲ့ ကြောက်မက်ဖွယ်ရာများ မဟုတ်ဘူးလား? escape room က ဒီစံအိမ်ကြီးထဲမှာဘဲ ရှိနေမှာမဟုတ်ဘူးမလား?"

ဒါရိုက်တာအဖွဲ့က ဝန်ထမ်းတစ်ယောက်က လျှောက်လာပြီးပြောလာသည်။ "မှန်ပါတယ်၊ ဒီစံအိမ်ကြီး တစ်ခုလုံးက escape room ပါ၊ ခဏနေကျရင် မင်းတို့ရဲ့ မျက်လုံးတွေကို အဝတ်တွေနဲ့စည်းပြီး တစ်ယောက်ယောက်က အထဲကိုခေါ်သွားပေးပါမယ်"

လူတိုင်း - "..."

ဒီတော့ တကယ်တော့ ဒီလိုမျိုးပေါ့။

အစက theme ကိုကြားတော့ ကျွန်းတစ်ကျွန်းလုံးမှာ လှုပ်ရှားမှုတွေ အများကြီး ရှိမယ်ထင်ထားတာဖြစ်သည်။

ဒါက မှားပြီးကြေငြာတာဘဲ!

အထူးသဖြင့်ကောရှို့ပင်၊ သူက မတူညီတဲ့ အပြင်အဆင် တွေနဲ့ escape room များစွာကို တွေ့ကြုံခံစားဖူးတဲ့ ဝါရင့် ကစားသမားတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် ဒီလိုမျိုး သဲကန္တာရကျွန်းလို့ ခေါ်တဲ့ themeမျိုးကို‌တော့ တစ်ခါမှမကစားဖူးပါချေ။

ဒါကြောင့် ဒီနေရာကိုသွားရာလမ်းမှာ သူတို့တွေအနေနဲ့ အဆင့်အတန်းမြင့်တဲ့ တစ်ခုခုလိုအရာမျိုး ကစားရလိမ့်မယ်လို့ သူခပ်မြင့်မြင့် မျှော်လင့်ထားတာဖြစ်သည်။ အဆုံးမှာတော့ သူတို့ကို ဒီခေါ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ?

အရင်က သူတို့ကစားဖူးတဲ့ "သရဲခြောက်တဲ့စံအိမ်" theme နဲ့ ဒါနဲ့ ဘာကွာလဲလို့ သူမေးရမည်!

ကောရှို့က မကျေမနပ်နဲ့ ပြောလာသည်။ "မင်းတို့တွေ ကြေငြာတာကအတုတွေဘဲ!"

bad review ဘဲ! သူသေချာပေါက်ကို bad review ပေးမှာ!

ဝန်ထမ်းက ပြုံးပြီး ပြန်ပြောလာသည်။ "ဆရာကော၊ ဒီလိုပြောလို့မရဘူးလေ။ ဒါက ဒီသဲကန္တာရကျွန်းပေါ်မှာရှိတာလေ၊ အဲ့ဒါကို 'သဲကန္တရကျွန်းရဲ့ ကြောက်မက်ဖွယ်ရာများ' လို့ ခေါ်တာတော့ မမှားပါဘူး ဟုတ်တယ်မလား?"

ကောရှို့ - "..."

ကောရှို့နဲ့မတူဘဲ တခြားဧည့်သည်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြဿနာမရှိပါချေ။

မကြာခင်မှာပဲ အနက်ရောင် ၀တ်စုံနဲ့ လူတွေက သူတို့ကို မျက်လုံးတွေကိုစည်းဖို့ ရောက်လာကြပြီး သူတို့အဖွဲ့ကို စံအိမ်ကြီးထဲ ဦးဆောင်ခေါ်သွားသည်။

ပြင်းထန်တဲ့ 'ဒုတ်ခနဲ' မြည်သံနဲ့အတူ ခိုင်ခံ့တဲ့ သစ်သားတံခါးကြီးကို အပြင်ဘက်ကနေ ပိတ်လိုက်တော့ စုန့်အာ့နန်မှာ လန့်လို့ ပခုံးတွေပါ တုန်သွားသည်။

ထိတ်လန့်စရာရုပ်ရှင်တွေထဲက မရေမတွက်နိုင်တဲ့ မြင်ကွင်းတွေက သူမ စိတ်ထဲမှာ ချက်ချင်း ပေါ်လာသည်။

ကံကောင်းထောက်မစွာနဲ့ သူတို့မဝင်ခင် ဖေးခွမ်က သူမဘေးမှာ ရှိနေသည်။ ဒါကိုတွေးလိုက်တော့ စုန့်အာ့နန်စိတ်ပြန်တည်ငြိမ်သွားသည်။

အနက်ရောင်ဝတ်ထားတဲ့လူတွေက နောက်ဆုံး အခန်းတစ်ခန်းဆီ မရောက်ခင်အထိ သူတို့ကို အချိန်တချို့လောက်ခေါ်သွားပြီး နောက်တော့ ထွက်သွားကြသည်။

ခဏအကြာ အခန်းထဲရှိစပီကာတွေဆီကနေ အီလက်ထရွန်နစ်အသံတစ်ခု ထွက်လာသည် - "ပထမဆုံးအခန်းထဲကို ဝင်ရောက်လာပါပြီ။ ကစားသမားအားလုံး မျက်လုံးတွေစည်းထားတာကို ဖယ်လို့ရပါပြီ"

လူတိုင်းက ညွှန်ကြားတဲ့အတိုင်း သူတို့မျက်လုံးစည်းထားတာတွေကို ဖယ်လိုက်တော့ guest တွေ အားလုံး အတူတူ ရှိနေကြတာကို တွေ့လိုက်ရသည်။ ဒီတော့ အာလုံး နည်းနည်းစိတ်တည်ငြိမ်သွားကြသည်။

အထူးသဖြင့် စုန့်အာ့နန်ပင်၊ ပထမဆုံး သူမဘေးနားကသူကိုအရင်ကြည့်လိုက်တော့ ဖေးခွမ်နဲ့အကြည့်ဆုံသွားသည်။

"အဆင်ပြေရဲ့လား?" ဖေးခွမ်က မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။

သူ့မျက်လုံးတွေကို စည်းထားရတုန်းက စိတ်တွေလံတ်ထွက်သွားတော့မလိုပင်။ အခုလေးတင် ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး သူမ အရမ်းထိတ်လန့်နေပြီး ချွေးအေးတွေတောင် ထွက်လာရသည်။

တကယ်မှန်တဲ့ စကားတစ်ခွန်းရှိတယ်၊ ကြောက်စရာအကောင်းဆုံးအရာတွေက ကိုယ်ကိုယ်တိုင်ကြောက်နေတဲ့အရာဘဲ။

စုန့်အာ့နန်က နည်းနည်း လိပ်ပြာမလုံသလိုခံစားလိုက်ရပြီး နှာခေါင်းကို ထိလိုက်ကာ "ရှင်က ကြောက်တဲ့သူလေ၊ ကျွန်မနားမှာ ကပ်နေ"

ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်က မနေနိုင်ဘဲ နည်းနည်းလေးကွေးတက်သွားသည်။ "သိပါပြီ"

တခြားသူတွေလည်း အခုတော့ စိတ်ငြိမ်သွားကြပြီ။ ခုနတုန်းက သူတို့ရဲ့ အတွေ့အကြုံတွေအကြောင်း စကားနည်းနည်းပြောပြီးတာနဲ့ သူတို့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကြတော့သည်။

တစ်စုံတစ်ယောက်ရဲ့ စာကြည့်ခန်းလိုမျိုး ရှေးဟောင်းအခန်းဖြစ်သည်။ ပရိဘောဂတွေကိုအခြေခံရရင် ဒါက တစ်စုံတစ်ယောက်ရဲ့ စာကြည့်ခန်းဖြစ်မယ့်ပုံပင်။

မီးရောင်ခပ်မှိန်မှိန်၊ ကြောက်စရာကောင်းတဲ့ပတ်ဝန်းကျင်ကြောင့်၊ လူတိုင်းက အလိုလို တုန်လှုပ်သွားကြသည်။

ကြောက်မက်ဖွယ်ရာကောင်းတဲ့ လေထုကို ဖန်တီးဖို့အတွက် အခန်းအပူချိန်ကို ယေဘုယျအနေနဲ့ နှိမ့်ထားသည်။ ဒီထဲမဝင်ခင် ပရိုဂရမ်အဖွဲ့ကပေးခဲ့တဲ့ ဂျက်ကပ်တွေက အခုတော့ အသုံးဝင်သွားပြီ။

အားလုံးက လက်ထဲမှာကိုင်ထားတဲ့ အကျီတွေကို အမြန်ဝတ်လိုက်သည်။

ပရိုဂရမ်အဖွဲ့သည် ဂျက်ကပ်တွေ အကုန်လုံးကို ဒီဇိုင်းတူ အရွယ်အစားမတူအောင် ပြင်ဆင်ပေးထားသည်။

အကြောင်းပြချက်တစ်ခုခုကြောင့် ဖေးခွမ် ဝတ်လိုက်တဲ့အခါမှာတော့ ဒီရိုးရှင်းတဲ့ ဂျက်ကပ်အင်္ကျီလေးက တစ်ယောက်ယောက်ကို အမှတ်တမဲ့နဲ့ အာရုံစိုက်မိသွားစေသည်

[ငါဘဲ မြင်နေတာလား? အင်္ကျီတွေအားလုံးကအတူတူပါဘဲ၊ ဒါဆို ဖေးခွမ် ဝတ်လိုက်တော့ အခြားသူတွေထက် ဘာလို့ ပိုပြီး ဖက်ရှင်ကျသွားရတာလဲ?]

[အမ်း... သူက ဒီဘာမှမပါတဲ့ ဂျက်ကပ်ကို ဒီဇိုင်နာချုပ်ပုံစံပေါက်အောင် လုပ်လိုက်တာဘဲ]

[ရွှတ်! ကောကောရဲ့ ပခုံးကျယ်ကျယ်၊ ခါးကျဉ်းကျဉ်းနဲ့ ခြေတံရှည်တွေက သူ့ကို သဘာဝအလျောက် အဝတ်ချိတ်ဖြစ်အောင် လုပ်ပေးထားတာဘဲ၊ သူက ဘာနဲ့မဆို ကြည့်လို့ကောင်းတယ်!]

လီယုက ဖေးခွမ်ကိုကြည့်ပြီး စလိုက်သည်။ "လှည့်စားနေတာဘဲ! မင်းဒီလောက်ချောနေတာမို့လို့ NPC တွေဆီကနေ အထူးတလည်အကူအညီတွေရမယ်ခို့မ ထင်နဲ့နော်!"

ဖေးခွမ်က ပြုံးလိုက်ပြီး "ဒါက အလုပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ?"

ချီမူရှစ်ကလည်း ချက်ချင်းလက်မြှောက်လိုက်ပြီး ပြောလာသည်။ "ဟုတ်တယ်၊ ဘစ်ဘော့စ်ကြီးက အစ်ကိုဖေးခွမ်ကိုသဘောကျသွားရင် ဘယ်လိုလုပ်မလဲ? ကျွန်တော်တို့ အစ်ကို့ကို ဒီမှာဘဲ ချန်ထားရမယ်"

အားလုံးက ရယ်မောကြလိုက်ပြီး escape room ထဲကကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေလည်း အတော်လေး ကွယ်ပျောက်သွားသည်။

နောက်တော့ သူတို့က တရားဝင်စလိုက်ပြီး ပဟေဠိများကိုဖြေရှင်းဖို့ သဲလွန်စတွေကို ရှာကြတော့သည်။

ပထမဆုံးအခန်းက အဆင်ပြေသေးသည်။ လူတိုင်းက သဲလွန်စတွေကို နည်းလမ်းတကျ ရှာတွေ့သွားကြပြီး escape room က ဝါရင့် ကောရှို့နဲ့အတူ ပထမအခန်းတံခါးကို အမြန်ဖွင့်လိုက်ကြသည်။

အခန်းသုံးခန်းကို ဆက်တိုက်ဖြတ်ပြီးသွားတဲ့နောက်မှာ နောက်ဆုံး စတုတ္ထခန်းမှာတော့ တစ်ဦးချင်းစီအတွက် မစ်ရှင်တွေပေါ်လာသည်။

တစ်ဦးချင်းမစ်ရှင်ကို ပထမဆုံးနှိုက်မိတဲ့သူက ရှဲ့ယင်းဖြစ်သည်။

သူမရဲ့ မစ်ရှစ်ကတော့ အတွင်းဆုံးခန်းထဲမှာ သဲလွန်စရှာဖို့ ရှည်လျားလှတဲ့ စင်္ကြံလမ်းကို တစ်ယောက်တည်း ဖြတ်သွားရမှာပင်။

ရှဲ့ယင်းက လက်တွေကို ဝှေ့ယမ်းရင်း သူမပုံကငိုတော့မယ့်အတိုင်းပင်။ "မလုပ်နိုင်ဘူး၊ ကျွန်မ တကယ်မလုပ်နိုင်ဘူး"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေဖြစ်‌‌စေဒီမှာရှိနေကြတဲ့ guest တွေဖြစ်စေ သူမရဲ့တုံ့ပြန်မှုကိုတွေ့ရတဲ့အခါ မသင့်လျော်ဘူးလို့ ဘယ်သူမှ မခံစားရပါချေ။

"သဲကန္တာရကျွန်းရဲ့ကြောက်မက်ဖွယ်ရာများ" ဆိုတဲ့ပေးထားတဲ့ theme အရ "သဲကန္တရကျွန်း" ဆိုတဲ့အပိုင်းမှ မှားယွင်းကြေငြာထားခဲ့ပေမယ့် "ကြောက်မက်ဖွယ်ရာများ" ဆိုတဲ့အပိုင်းကတော့ အစစ်အမှန်ဖြစ်သည်။ ဒီ escape room ကို ကြောက်စရာကောင်းပြီး ထိတ်လန့်ဖို့ကောင်းအောင် အားထုတ်ထားမှန်း ရှင်းရှင်းလင်းလင်းသိရသည်။

ရံဖန်ရံခါထွက်ပေါ်လာတဲ့ ကွက်တိကွက်ကြားအသံတွေနဲ့အတူ အိမ်အိုကြီးရဲ့ ကျယ်ပြောမှုနဲ့ မှောင်မိုက်ခြင်းတို့က guest တွေသာ အတူတူရှိနေတာ မဟုတ်ရင် သတ္တိရှိတဲ့သူကိုတောင်မှ စိတ်မသက်မသာဖြစ်စေလိမ့်မည်။

ရှဲ့ယင်းက အစောပိုင်းမှာ သူမ အရမ်းကြောက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားသည်။

"ဒါဆို မင်းတစ်ယောက်ယောက်နဲ့ လူလဲလို့ရတယ်" ကောရှို့က ပြောလိုက်သည်။ "ငါတို့ ဒီသဲလွန်စကို မရရင် ဒီအခန်းထဲက ထွက်လို့ ရမှာမဟုတ်ဘူး"

escape room ရဲ့ စည်းမျဉ်းတွေအရ၊ သဲလွန်စတစ်ခုတည်းနဲ့တင် လုပ်ငန်းကိစ္စတွေကို ပြောင်းလဲနိုင်သည်။

ဒါကိုအစပြုပြောတဲ့ပုံအရ ကောရှို့က သူရှဲ့ယင်းနဲ့ နေရာလဲပေးဖို့ လိုလားကြောင်းပြနေတာပင်။

ဒါပေမယ့် မမျှော်လင့်ဘဲ၊ ကောရှို့ရဲ့စကားကိုကြားတော့ ရှဲ့ယင်းက စုန့်အာ့နန်ဆီ တိုက်ရိုက်လျှောက်သွားလိုက်သည်။

"အာ့နန် ငါနဲ့ လဲပေးလို့ရမလား?" သူမကမေးလိုက်သည်။

စုန့်အာ့နန် အံ့အားသင့်သွားသည်။ သူမနဲ့ လဲမယ်?

သူမ အပြင်ဘက်က ကြောက်စရာကောင်းတဲ့ စင်္ကြံကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှာမနေနိုင်ဘဲ တုန်လှုပ်သွားရသည်။

[ရှဲ့ယင်း ရူးနေတာလား? သူကိုယ်တိုင်တောင် မသွားရဲတာ အန်တီလေးကရော သွားရဲမယ်လို့ထင်နေတာလား?]

[ရိုးရိုးသားသားပြောရရင် ရှဲ့ယင်း ဘာလို့ မသွားရဲတာလဲဆိုတာ ငါနားလည်တယ်။ စခရင်ကနေ ကြည့်တာတောင် escape room ထဲက ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ငါတောင်ကြောက်တယ်။ ဒါပေမယ့် "သင်ကိုယ်တိုင်တောင် လုပ်ဖို့မလိုလားတဲ့အရာကို တစ်ပါးသူဆီ အတင်းမပေးသင့်ဘူး" ဆိုတဲ့စကားကိုသူမကြားဖူးဘူးလား?]

[ကောရှို့ပြောချင်တဲ့ အဓိပ္ပါယ်က ရှင်းနေတာဘဲ မဟုတ်ဘူးလား? ရှဲ့ယင်းက ဘာတွေတွေးနေတာလဲ? သူမက တကယ်မိုက်မဲတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား?]

All Chapters