အခန်း (၅၉)
Vol. 5 Ch. 59
"တခြားတစ်ယောက်ကို ရှာတာ ပိုကောင်းမယ်။ အာ့နန်က အန်တီအငယ်လေး တစ်ယောက်သာသာဘဲ။ သူလည်း သွားရမှာကြောက်တာပေါ့" လီယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ရှဲ့ယင်းက လီယုကို ပြုံးကာပြောလိုက်သည်။ "အစ်မယု၊ အာ့နန်မကြောက်တတ်မှန်း ညီမသိလို့ သူနဲ့လဲခိုင်းတာပါ"
"မနက်စာစားတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ အားလုံးမေ့သွားကြပြီလား?'
မနက်စာစားတုန်းက အဖြစ်အပျက်ကို ပြန်မမှတ်မိခင် စက္ကန့်အနည်းငယ်လောက်တော့ လူတိုင်း အံ့အားသင့်သွားကြသည်။
စုန့်အာ့နန်မှာ ကိုးရိုးကားယားအခြေအနေမှာ ဖမ်းမိသွားသလိုခံစားလိုက်ရသည်။
ချီမူရှစ်က သူမကိုမကြောက်ဘူးလားလို့ မေးတဲ့အချိန် စုန့်အာ့နန်ကလည်း မငြင်းခဲ့ပေ။
ဒါကြောင့် ရှဲ့ယင်း နားလည်မှုလွဲသွားတာ မမှားပေ။
စုန့်အာ့နန်ဘက်ကနေပြီး သူမက သရဲမကြောက်ဘူးလို့ အစပြုမပြောရတဲ့ အကြောင်းရင်းကတော့ နည်းနည်းရှက်စရာကောင်းတယ်လို့ ခံစားရပြီး သူမကိုယ်တိုင်ကလည်း ပြောရမှာရှက်လို့ပင်။
ဒါပေမယ့် အခုဒီအခြေအနေမှာတော့၊ စုန့်အာ့နန်အရမ်းသတိထားနေရသည်။ သူမကိုယ်တိုင် အဲဒီနေရာကို သတ္တိရှိရှိ သွားဖို့ တွန်းအားပေးရင်တောင် သဲလွန်စကို ချောချောမွေ့မွေ့ ရှာတွေ့နိုင်မှာ မဟုတ်ပါချေ။
သူမကြောင့်နဲ့ လူတိုင်းကို ဆွဲမချချင်ဘူး။
စုန့်အာ့နန်က လူတိုင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ စဉ်းစားနေတုန်းမှာပဲ အနားက ဖေးခွမ်ကရုတ်တရက်ပြောလာသည်။ "မဖြစ်ဘူး!"
အားလုံးက လန့်သွားပြီး သူ့ကို အံ့အားသင့်စွာနဲ့ လှည့်ကြည့်လာကြသည်။
သူဘာလို့ ဒီလောက်ထိ တုန်လှုပ်သွားတာလဲ? သူ့ကို လဲခိုင်းတာလည်း မဟုတ်ဘူး။
ဖေးခွမ်ရဲ့ မျက်နှာက တည်ငြိမ်နေပြီး "ငါကြောက်တယ်"
နောက်တော့ သူ့အဝတ်အစားတွေကို ရုတ်လိုက်ပြီး စုန့်အာ့နန်ကို ဆွဲလိုက်သည်။
"အန်တီလေး ထွက်သွားရင် ဘယ်သူက ကျွန်တော့်ကို ကာကွယ်ပေးမှာလဲ" ဆိုတဲ့ စကားကိုလည်း သူပြောလိုက်သေးသည်။
အခြား guest တွေ - "..."
[Pfft! ဖေးခွမ်ကြောင့် ရယ်ရလို့သေပြီ။ သူရဲ့ 'အားနည်းပြီး အကာအကွယ်တောင်း' တဲ့ပုံစံက တကယ့်ကို သည်းမခံနိုင်စရာဘဲ]
[ကောင်းပြီ၊ သူက ငါ့ရဲ့ အမျိုးသားဇာတ်ဆောင်ဆိုပေမယ့် ဒါကို တော့သည်းခံပြီးမကြည့်နိုင်ဘူး~ မျက်နှာကာထား.jpg]
[ဘုရားရေ! အစကတော့ ဖေးခွမ် နောက်နေတယ်လို့ ထင်ခဲ့ပေမယ့် သူက တကယ်ကြောက်နေတာဘဲ၊ ငါတော့ရယ်တာမရပ်နိုင်တော့ဘူး]
[ဒါကိုမြင်လိုက်ရတဲ့အတွက် လူတိုင်းကို တောင်းပန်ပါတယ်၊ ငါ့ရဲ့ 'အားနည်းပြီး အားကိုးရာမဲ့' နေတဲ့အစ်ကိုကြီး!]
[ဟင်? ဖေးခွမ်ရဲ့ အမာခံပရိသတ်တစ်ယောက်အနေနဲ့ သူကကြောက်တတ်တယ်လို့ ငါတစ်ခါမှမကြားဖူးဘူး]
[အမ်း....ငါလည်း မကြားဖူးဘူး။ တခြားညီအစ်မတွေရော ကြားဖူးကြလား?]
[ဒီအကြောင်းပြောဖို့ သူရှက်နေတာကြောင့်ဖြစ်မယ်။ အမှန်တော့၊ ကြောက်တတ်တယ်ဆိုတာက ကြွားစရယမှမဟုတ်ဘဲ]
[ရယ်သေပြီ၊ သူက လုံးဝကို ရှက်နေတဲ့ပုံပေါ်လို့လား? လုံးဝမရှက်နေတာကို!]
နောက်ဆုံးတော့ ဖေးခွမ်ရဲ့ ခိုင်မာတဲ့သဘောထားကြောင့် ရှဲ့ယင်းအနေနဲ့ လူပြောင်းဖို့ ကောရှို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ဒါပေမယ့် ဒီသဲလွန်စတစ်ခုလုပ်ဆောင်ပြီးသွားတော့၊ အဲ့ဒါက အခန်းထဲက ခလုတ်တစ်ခုကို နှိပ်ရမယ့်ပုံပင်။ ရှေ့ဆက်သွားရမယ့်လမ်းဟာ တကယ့်ကို စိတ်လှုပ်ရှားကြောက်စရာကောင်းပြီး တစ်ခန်းပြီးတစ်ခန်း လွတ်မြောက်လာကြသည်။
guest တွေဆီက အော်သံတွေဟာ escape room တစ်လျှောက် ပဲ့တင်ထပ်နေပြီး ဘယ်သူ အော်နေမှန်း ခွဲခြားလို့မရအောင်ကို အချင်းချင်း ထပ်နေကြသည်။
guest တွေက အရမ်းကြောက်နေကြပြီး သူတို့ရဲ့ပုံရိပ်ကို ထိန်းဖို့တောင် ဂရုမစိုက် အားတော့ပေ။ လီယုကတော့ ကောရှို့အပေါ် ချိတ်ဆွဲထားတဲ့ ပစ္စည်းလေးတစ်ခုလိုဖြစ်လာပြီး ချီမူရှစ်ကတော့ သူ့အမေရဲ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ကျီအန်လည်း တည်ငြိမ်ဟန်မဆောင်နိုင်တော့ဘဲ သူ့အစ်ကိုသွားရာနောက် တစ်ကောက်ကောက်လိုက်တော့သည်။
အခြားသုံးသင်းနဲ့ယှဥ်ပါက ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့က အထူးတလည်ကို မျက်စိထဲထင်းနေသည်။
သူတို့နှစ်ယောက်က တကယ်လက်ထပ်ထားတဲ့ ကောရှို့နဲ့ လီယုတို့ထက်တောင် တစ်ယောက်ကိုတစ်ယောက် ပိုပြီးတင်းတင်းကျပ်ကျပ် ဖက်ထားတာက အရမ်းနီးကပ်လွန်းလှသည်။
သာမန်အကျဆုံးအသင်းကတော့ စုန့်အာ့နန်နဲ့ဖေးခွမ်တို့ပင်။
စုန့်အာ့နန်က ကြောက်နေပေမယ့်လည်း အပြင်ပိုင်းမှာတော့ သတ္တိရှိဟန်ဆောင်ထားသည်။
နောက်ဆုံးမှာတော့ သူမက တစ်ချိန်လုံး ချည်ကြိုးနဲ့ ချည်ခံထားရပြီး ကြောက်နေတဲ့ ဖေးခွမ်ကို ကာကွယ် ပေးရမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးထားရသည်။
သူမကြောက်နေရင် ဖေးခွမ်လည်း ပိုကြောက်သွားလိမ့်မည်။
ဒါကြောင့် စုန့်အာ့နန်က ဖေးခွမ်ရဲ့အဝတ်အစားတွေကိုဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ အရမ်းထိတ်လန့်သွားတဲ့အခါဆို သူမသည် သူ့လက်မောင်းကိုသာလှမ်းဆွဲပြီး ဒါက ဖေးခွမ်ဘက်က အရင်ကမ်းပေးတာဖြစ်သည်။
[အိုး...ကျန်းခိုင်နဲ့ရှဲ့ယင်းက အရမ်းရင်းနှီးလွန်းတာဘဲ၊ လက်တွဲခေါ် ရတာနဲ့၊ ဖက်ထားရတာနဲ့ ၊ သူတို့က သွေးရင်း မောင်နှမမှ မဟုတ်ဘဲ၊ ဒါကမသင့်တော်ဘူးလေ]
[ဘုရားရေ! အခုလေးတင် ရှဲ့ယင်းက ကျန်းခိုင်အပေါ် ရုတ်တရက် ခုန်တက်သွားတယ်၊ မောင်နှမတွေတောင် အဲဒီလို မဖက်ကြဘူး!]
[ဆွံ့အ၊ ငါတို့ ရှဲ့ယင်းက ကြောက်နေလို့ဘဲ! လူတွေ ကြောက်နေတဲ့အခါဆို ဒါတွေအားလုံးကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ?]
[အဲ့လိုပြောလို့မရဘူးလေ၊ အန်တီလေးနဲ့ ဖေးခွမ်လည်း အရမ်းဂရုစိုက်ကြတယ်၊ ဒါပေမယ့် သူတို့က အဲ့ဒီလိုတော့မလုပ်ဘူးလေ]
[အန်တီလေးက သတ္တိရှိတယ်၊ သူက ငါတို့ ရှဲ့ယင်းနဲ့ မတူဘူး။ အခြေအနေတွေက မတူဘူး၊ ယှဉ်စရာ လုံးဝမရှိဘူး!]
[အန်တီလေးက သတ္တိရှိပေမယ့် ဖေးခွမ်လည်း ကြောက်တတ်တယ်။ သူက အန်တီလေးကို အဲ့ဒီလိုမျိုး ခုန်ုခုန်ပြီးမဖက်နေဘူး]
[မှန်တယ်၊ ဖေးခွမ်က အန်တီလေးကို လုံးဝမထိဘူး။ အရမ်းကြောက်နေချိန်မှာတောင် အန်တီလေးရဲ့လက်မောင်းကို မဆွဲဘဲ အန်တီလေးကိုဘဲ သူ့လက်မောင်းကို ကိုင်ဖို့ ကမ်းပေးတာ]
[ဝူးဝူးဝူး၊ ဖေးခွမ်က ဂုဏ်သိက္ခာရှိလိုက်တာ လူကြီးလူကောင်းပဲ!]
[အားး ဒီလူက အရမ်းဆွဲဆောင်မှုရှိတာဘဲ!!]
...
ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့က စခရင်ပေါ်က မှတ်ချက်တွေကို မမြင်နိုင်ကြပေမယ့် တခြားguestတွေအမြင်အရဆို မသင့်တော်ကြောင်း သူတို့တဖြည်းဖြည်းနဲ့ သဘောပေါက်လာသည်။
နှစ်ယောက်လုံးက ကြောက်ရွံ့နေရာကနေ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
သူတို့က တမင်ကို အကွာအဝေးတစ်ခု ခြားလိုက်ပေမယ့် အဲ့ဒီပုံက တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ပုံပေါ်သွားသည်။
မကြာခင် သူတို့တွေအခြား escape room အသစ်ဆီ ရောက်လာကြသည်။
ဒီ escape room က ဧရိယာကျယ်ပြီး အတော်ကျယ်တဲ့အတွက် သဲလွန်စတွေကို အတိအကျရှာတွေဖို့ ပိုခက်ခဲသည်။
ဒါကြောင့် ဆွေးနွေးပြီးသွားတော့ အားလုံးက သဲလွန်စရှာဖို့ ခွဲပြီးသွားကြသည်။
သံသယမဖြစ်စေဖို့အတွက် ရှဲ့ယင်းက ကျန်းခိုင်နဲ့ နီးနီးကပ်ကပ်မနေဘဲ ကျီညီအစ်ကိုဘေးမှာ ရပ်နေသည်။
အခန်းထဲက မီးအလင်းရောင်က မှိန်လွန်းလှသည်။ ရှဲ့ယင်းတစ်ယောက် မြေပြင်ပေါ်က တစ်စုံတစ်ခုကြောင့် မတော်တဆ ချော်လဲသွားသည်။
ကျီချိုးပိုင်က သူမဘေးမှာ ရှိနေတာကြောင့် သူမကို လှမ်းထိန်းပေးလိုက်သည်။
အဲ့ဒါနဲ့ဘဲ ရှဲ့ယင်းတစ်ယောက် ကျီချိုးပိုင်ရဲ့ ရင်ခွင်ထဲ ရောက်သွားသည်။
စုန့်အာ့နန်က ဒီမြင်ကွင်းကို မြင်လိုက်သည်။ သူမရဲ့ပထမဆုံးတုံ့ပြန်မှုကတော့ - မူရင်းစာအုပ်ထဲက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားမှာ ရင်ခုန်စရာအခိုက်အတန့်လေးရှိလာတယ်။
သူမရဲ့ ဦးနှောက်ထဲက ကြိုးတွေက ချက်ချင်း တင်းကျပ်လာပြီး ဖေးခွမ်ကို လှမ်းဆွဲလိုက်ကာ တခြားဘက်ကို ညွှန်ပြလိုက်သည်။ "ဟိုမှာ ကြည့်ကြည့်!"
ဖေးခွမ်လည်း သူမပြတဲ့ လမ်းကြောင်းအတိုင်း လှည့်ကြည့်လိုက်သည်။
သူတို့အနားက ချီမူရှစ်လည်း လှည့်ကြည့်မိသည်။
ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ဘဲ စုန့်အာ့နန်ပြလိုက်တဲ့ဘက်မှာ ဆံပင်ရှည်ရှည်နဲ့ သရဲမတစ်ယောက်က မျက်လုံးထဲကနေ သွေးတွေ ရွှဲနစ်နေကာ အပေါ်ကနေရုတ်တရက် ပြုတ်ကျလာသည်။
ချီမူရှစ်ရဲ့အော်သံက escape room တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
စုန့်အာ့နန်လည်း ကြောက်လန့်တကြားနဲ့ မျက်လုံးပြူးကာ စိုက်ကြည့်နေမိတုန်း သရဲမက သူတို့ဆီ ပျံလာသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဖေးခွမ် ထွက်လာပြီး စုန့်အာ့နန်ရဲ့ မျက်လုံးတွေကို အုပ်လိုက်သည်။
ရုတ်တရက် အခန်းထဲက မီးလုံးတွေကနေ ဂလောင်ဂလင်မြည်သံထွက်လာပြီး အခန်းလေးထောင့်ကနေ ကြောက်စရာကောင်းတဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာသည်။
စုန့်အာ့နန်ရဲ့ ခြေထောက်တွေက စပြီးတုန်ခါလာကာ သူမရဲ့ ခန္ဓာကိုယ်ဟာလည်း အထိန်းအကွပ်မရှိ တုန်ခါလာသည်။
သူမ လှုပ်လေလေ ပိုပြီးပြင်းထန်လာလေလေ ဖြစ်လာသည်။
အမှောင်ထဲတွင် ဖေးခွမ်က ကင်မရာဘက်ကို ကျောပေးလိုက်ပြီး လက်တစ်ဖက်ကို စုန့်အာ့နန် ကိုယ်တစ်ဝိုက်မှာ လျော့ရဲရဲထားလိုက်သည်။
သူ့ နောက်လက်တစ်ဖက်နဲ့ မိုက်ခရိုဖုန်းကို ချွတ်လိုက်သည်။
နောက်တစ်စက္ကန့်မှာဘဲ စုန့်အာ့နန် နားနားမှာ အသံတိုးတိုးတစ်သံထွက်လာသည်။
"မကြောက်နဲ့ ကိုယ်ရှိတယ်"
အမြင်နဲ့ အကြားအာရုံရဲ့ သက်ရောက်မှုနှစ်ခုအောက်တွင် စုန့်အာ့နန်ရဲ့နှလုံးမှာ လည်ချောင်းထဲကနေ ခုန်ထွက်လုနီးပါးပင်။ အမှောင်ထဲတွင် သူမတစ်ကိုယ်လုံး ချွေးအေးတွေနဲ့ ဖုံးလွှမ်းနေပြီး ဦးရေပြားမှာလည်း ထုံကျင်နေကာ ကြီးမားတဲ့ တွင်းနက်ကြီးထဲမှာ ရှိနေသလိုမျိုး သူမပတ်ဝန်းကျင်ကိုလည်း ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။
မသိရင် နောက်တစက္ကန့်မှာ သူမကို လုံးဝ ဝါးမျိုတော့ပုံပင်။
ဒါပေမယ့် အဲ့ဒါက သူမကိုဝါးမျိုခါနီးမှာ ရုတ်တရက် လက်တစ်ဖက်က သူမကို ဖမ်းဆုပ်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
အနွေးဓာတ်က သူမပတ်ဝန်းကျင်မှာ တဖြေးဖြေး ရစ်ဝဲလာပြီး အရင်က သူမခံစားခဲ့ရတဲ့ အအေးဓာတ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
"မကြောက်နဲ့ ကိုယ်ရှိတယ်"
ဖေးခွမ်ရဲ့အသံပင်။
စုန့်အာ့နန် ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
သူမရဲ့နဖူးက ဖေးခွမ်ရဲ့ရင်ဘတ်ပေါ်မှာ ရှိနေပြီး သူမတစ်ကိုယ်လုံးကို သူ့လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ်ဖက်ထားသည်။
သူမနားအနားမှာ သူ့ရဲ့အသက်ရှူသံမျှင်းမျှင်းလေးကိုတောင် ကြားနေရသည်။
အဲ့ဒါက သူမကို နားမလည်နိုင်တဲ့ လုံခြုံမှုတစ်ခုပေးစွမ်းသည်။
ရုတ်တရက် အပြောင်းအလဲကြောင့် လျှို့ဝှက်ခန်းထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်သည်။
မိနစ်အနည်းငယ်အကြာမှာတော့ အခန်းတွင်းရှိ မီးတွေ ရုတ်တရက် လင်းလာသည်။
သူမရဲ့ အမြင်အာရုံလည်း ချက်ချင်းပင် လင်းထိန်သွားသည်။
စုန့်အာ့နန် မော့ကြည့်လိုက်တော့ ဖေးခွမ်နဲ့မျက်လုံးချင်းဆုံသွားသည်။
ဒီအချိန်မှာ သူတို့နှစ်ယောက်ဟာ လုံးဝကို နီးကပ်နေပြီး တစ်ယောက်အသက်ရှူသံကို တစ်ယောက် ကြားရလောက်အောင် နီးကပ်နေသည်။
ဒီအခိုက်အတန့်မှာ သူမရဲ့ ရင်ဘတ်ထဲကနေ တစ်စုံတစ်ခုက ရုတ်တရက် မီးမြှိုက်လာပြီး 'ဘုန်း' ခနဲပေါက်ကွဲသွားသလိုပင်။
စုန့်အာ့နန် သူမရဲ့ ရင်ဘတ်ကို အလိုလို ကာလိုက်တော့ နှလုံးခုန်နေသည်။
သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ဖေးခွမ်ရဲ့ မျက်ခုံးတွေက တွန့်ချိုးလာပြီး သူ့မျက်နှာမှာ စိုးရိမ်မှုအပြည့်နဲ့ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? တစ်နေရာရာက အဆင်မပြေဖြစ်လို့လား?"
စုန့်အာ့နန်လည်း နည်းနည်း နားမလည်နိုင်ဖြစ်သွားရသည်။
သူမ အရမ်းလန့်သွားတာကြောင့်ဖြစ်မယ်။
သူမက ဖေးခွမ်ရဲ့အကြည့်တွေကို ကိုးရိုးကားရားနဲ့ ရှောင်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဘာမှ....မဖြစ်ပါဘူး"
သူ့ကိုကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အဲ့ဒီအစား သူမကဘဲ အရမ်းကြောက်သွားတယ်။
တော်တော် ရှက်စရာကောင်းတာဘဲ။
ဖေးခွမ်က အန်တီလေး ရှက်ကိုးရှက်ကန်းဖြစ်နေတာကို မြင်နေရပြီး သူမကို မဖော်ထုတ်လိုက်တော့ပေ။ သူက ဒီတိုင်းပဲ ရယ်လိုက်ပြီး ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ကာ သူတို့ကြားအကွာအဝေး ခြားလိုက်သည်။
သူက သူမရှေ့ကို လက်တစ်ဖက်ထုတ်လိုက်ပြီး "ဒီဟာ"
စုန့်အာ့နန် တစ်ယောက် ဖေးခွမ်လက်ထဲမှာ ရှိနေတဲ့ဟာကို ကြည့်လိုက်ပြီး ခဏလောက် ကြောင်သွားသည်။
အစက သူမအင်္ကျီလည်ပင်းမှာ ညှပ်ထားတဲ့ မိုက်ခ်က အခု သူ့လက်ထဲမှာ တစ်နည်းနည်းဖြင့် ရှိနေသည်။
စုန့်အာ့နန်က "အိုး" လို့ အသံထွက်လိုက်ပြီး သိပ်အများကြီး မစဉ်းစားလိုက်ပေ။ စောစောက သူမမငြိမ်မသက်ဖြစ်နေတုန်းမှာ ပြုတ်သွားတာလို့ သူမထင်လိုက်သည်။
သူ့လက်ထဲက မိုက်ခ်ကို ယူလိုက်ပြီး စုန့်အာ့နန်က အဲ့ဒါကို သူမရဲ့ အင်္ကျီလည်ပင်းမှာ ပြန်ညှပ်လိုက်သည်။
ဖေးခွမ်လည်း သူမိုက်ခ်ကိုသူပြန် ချိန်ညှိဖို့ အချိန်ယူလိုက်သည်။
သူတို့ရဲ့အခြေအနေက နေရာမှာရှိနေတဲ့ အခြား guest တွေရဲ့ အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။ အားလုံးက ဖရိုဖရဲဖြစ်သွားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင်လုပ်ဖို့ အလုပ်များနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေအတွက်တော့ ဖေးခွမ်ရဲ့ နောက်ကျောကလွဲပြီး ကျန်တဲ့ဟာတွေဘာမှကိုမမြင်ခဲ့ရပေ။
ဒါ့အပြင် နေရာမှာရှိနေတဲ့ အခြား guest တွေရဲ့ ပုံစံတွေက နည်းနည်း စိတ်လှုပ်ရှားစရာကောင်းပြီး အားလုံးက မှင်သက်နေကြတာဖြစ်သည်။
ဥပမာအားဖြင့်ဆို လီယုက ကောရှို့အပေါ် တိုက်ရိုက်ခုန်တက်လိုက်ပြီး၊ ရှစ်ချင်ကတော့ တိုင်ကို ပြေးဖက်ကာ၊ ရှဲ့ယင်းကတော့ ကျီချိုးပိုင်ပေါ် ခုန်တက်လိုက်သည်...
ဒါပေမယ့် အထင်ရှားဆုံးကတော့ ချီမူရှစ်ဘဲ ဖြစ်သည်။ ကလေးက အရမ်းဝမ်းနည်းတကြီးကို ငိုနေသည်။
လက်တစ်ဖက်က သူ့မျက်လုံးတွေကို အုပ်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အနီရောင် အမျိုးသမီးကို တင်းတင်းကြပ်ကြပ် ဖမ်းကိုင်ထားသည်။
"အားးး မြန်မြန်၊ မြန်မြန်၊ ကျွန်တော့်ကို ကယ်ပါဦး! ကျွန်တော်သူ့ကို ဖမ်းထားတယ်.... ဝူးးးးး ခင်ဗျားက ကျွန်တော့်ကို လန့်သေအောင်လုပ်နေတာဘဲ၊ ကျွန်တော်သေပြီ၊ သေသွားပြီ...."
သူ့ငိုသံက တစ်ခန်းလုံး ပြည့်နှက်သွားပြီး ကြားထဲမှာ ကျို့ထိုးသံတွေတောင် ပါသေးသည်။
မြင်ကွင်းက ခဏလောက် ရယ်စရာကောင်းသွားသည်။
[ဟားဟားဟား၊ အကျယ်ကြီး ရယ်မိတာခွင့်လွှတ်ပါ၊ ချီမူရှစ်က အရမ်းရယ်ရတာဘဲ]
[သေအောင်ရယ်နေရတယ်၊ ဒီကလေးက သတ္တိမရှိပေမယ့် တစ်ချိန်ထဲမှာဘဲ ဘယ်လိုတောင် သတ္တိရှိသွားရတာလဲ?]
[မျှမျှတတပေါ့၊ ချီမူရှစ်က အရမ်းမိုက်နေတုန်းဘဲလေ။ တကယ်တော့ ဒီသရဲမကို ဖမ်းဆွဲထားဖို့ သူတကယ်သတ္တိရှိတာဘဲ၊ ငါသာဆိုရင် ကြောက်လို့သေပြီ]
ဒါပေမယ့် ချီမူရှစ်က ကြွက်သေနဲ့ဝင်တိုးတဲ့ မျက်ကန်းကြောင်လိုပဲလို့ ပြောရမည်။ သူဖမ်းဆွဲမိလိုက်တဲ့ အနီရောင်အမျိုးသမီးက အစောပိုင်းတုန်းက သဲလွန်စရခဲ့တဲ့အထဲက အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သူမက ဒီလျှို့ဝှက်ခန်းကို ဖွင့်ဖို့ သော့လည်းဖြစ်သည်။
ဒါကြောင့် ကောရှို့ ဦးဆောင်တဲ့လူတိုင်းက သူတို့ရဲ့ ဦးနှောက်တွေကို ဆွဲဆန့်လိုက်ကြပြီး အနီရောင် အမျိုးသမီးကို သဲလွန်စတွေ ထပ်မေးမြန်းကြသည်။
ဒါပေမယ့် အခြားလူတွေက အနီရောင်အမျိုးသမီးကို ဝိုင်းရံပြီး သူ့ကို နည်းအမျိုးမျိုးနဲ့ မေးခွန်းထုတ်နေချိန်မှာ ချီမူရှစ်ကတော့ ထောင့်တစ်နေရာမှာ မှုန်မှုန်မှိုင်းမှိုင်းနဲ့ ထိုင်နေပြီး ကြမ်းပြင်ပေါ်မှာ အဝိုင်းတွေဆွဲနေသည်။
တစ်ခုခုကို ပြီးမြောက် အောင်မြင်သွားတဲ့သူတစ်ယောက်အနေနဲ့ ပျော်ရွှင်မှုဆိုတာ သူ့မှာ မရှိပေ။
"မူရှစ် ဘာဖြစ်လို့ မလာတာလဲ?" စုန့်အာ့နန်က သူ့ဆီသွားလိုက်ပြီးမေးလိုက်သည်။
ချီမူရှစ်က စုန့်အာ့နန်ကို မော့ကြည့်လိုက်ပြီး သူ့ပုံစံကလုံးဝကို စိတ်ပျက်အားငယ်နေတဲ့ပုံပင်။
"အန်တီလေး၊ ကျွန်တော့်ကို အထင်သေးမှာလား?" သူက သဲသဲကွဲကွဲမရှိတဲ့အသံနဲ့ မေးလာသည်။
စုန့်အာ့နန်က မျက်မှောင်ကြုတ်လိုက်ပြီး "သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ၊ ဘာဖြစ်လို့ အဲ့ဒီလိုမေးတာလဲ?"
ချီမူရှစ်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
သူအကျယ်ကြီးအော်မိပြီးတော့ သူ့ကိုယ်သူအရူးလုပ်မိသွားတာဘဲ။
အဲ့ဒါထက်ပိုတာက ကြောက်လန့်တကြားနဲ့ ငိုမိသွားတာဘဲ။
ချီမူရှစ် - "အန်တီလေးက မိန်းကလေးပေမယ့် မကြောက်တတ်ဘူး။ ကျွန်တော်ကတော့ အရမ်းကြောက်တတ်လွန်းတယ်လို့ထင်တယ်"
စုန့်အာ့နန်က နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး ပြောလိုက်သည်။ “ငါလည်း ကြောက်တယ်”
ချီမူရှစ်က အံ့ဩသွားပြီး "အန်တီလေးလည်း ကြောက်တာလား?"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။
ခုနတုန်းက ဖေးခွမ်ကြောင့်သာ မဟုတ်ရင် သူမလည်း ကြောက်လန့်ပြီး ငိုမိလိမ့်မှာပင်။
သူမကတော့ ချီမူရှစ်ထက် ပိုပြီးအကျယ်ကြီး ငိုမိလိမ့်မှာပင်။
ချီမူရှစ်က မယုံဘူးဆိုတာ သိသာသည်။ "အန်တီလေး၊ မကြောက်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်ကို နှစ်သိမ့်ပေးစရာမလိုပါဘူး"
နောက်ဆုံးတော့၊ ဒီလိုကြောက်စရာကောင်းတဲ့ မြင်ကွင်းမှာ သူမအော်သံကို သူ မကြားခဲ့ရဘူး။
သူမက ဘယ်လိုလုပ်ကြောက်မှာလဲ?
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "ငါတကယ်ကြောက်တာ၊ နင့်ကို နှစ်သိမ့်နေတာမဟုတ်ဘူး"
သူမကအသက်ပြင်းပြင်းရှူလိုက်ပြီး လေးလေးနက်နက်နဲ့ ရှင်းပြလိုက်သည်။ "တကယ်တော့ ငါက သတ္တိလည်းမရှိသလို သရဲတွေကိုလည်း အရမ်းကြောက်တယ်။ စောစောတုန်းက ငါ သရဲမကြောက်တတ်ဘူးလို့ နင်နားလည်မှုလွဲသွားတုန်းက ပြောရမှာ နည်းနည်းရှက်စရာကောင်းလို့ မရှင်းပြခဲ့တာ"
"နင့်ကို နားလည်မှုလွဲသွားစေလို့ တောင်းပန်ပါတယ်"
ချီမူရှစ်က 'အာ' လို့ဆိုလိုက်ပြီး လက်ကို ထပ်ခါထပ်ခါယမ်းလိုက်သည်။