← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

ဒါပေမယ့် တစ်ခုခုကို တွေးနေသလိုမျိုး သူက ရုတ်တရက် ပြောလိုက်သည်။ "မဟုတ်သေးဘူး၊ အရင်တုန်းက သရဲကားတွေကြည့်ရတာ ကြိုက်တယ်လို့ အန်တီလေးမပြောခဲ့ဘူးလား?"

စုန့်အာ့နန်က ခဏလောက်တန့်သွားပြီး "အင်း၊ သရဲကြောက်တတ်ရင် သရဲကားမကြည့်ရဘူးလို့ ဘယ်သူမှ စည်းကမ်းမထုတ်ထားဘူးလေ"

ချီမူရှစ်လည်း ခေါင်းကုတ်လိုက်သည်။ အမှန်လည်း ဒီလို စည်းကမ်းမျိုး ဘယ်သူမှ မထုတ်ထားဘူး။

ဒါပေမယ့် နည်းနည်းထူးဆန်းတယ်လို့တော့ ခံစားရသည်။

စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး နောက်ထပ် ဥပမာတစ်ခုပေးလိုက်သည်။ "နင့်လိုဘဲလေ၊ နင်က အရမ်းကြောက်တတ်တာ ရှင်းပေမယ့် အဲဒီ 'အနီရောင်ဝတ်မိန်းမ' ကို ဖမ်းဆွဲထားသေးတယ်လေ။ ဘာမှမကွာဘူး"

ချီမူရှစ် - "..."

ဒီဟာကို ဥပမာအဖြစ် သုံးဖို့မလိုပါဘူး။

[ဘုရားရေ! ဒီအန်တီလေးက ဘယ်လိုတောင် လောဂျစ်ဉာဏ်ကြီးရှင်ကြီးလဲ၊ ဘယ်သူကမှ စည်းကမ်းမထုတ်ထားဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? ဒါကတစ်ခုခုကိုမကြိုက်ပေမယ့် လုပ်ရတာကို ကြိုက်တတ်တဲ့လူတွေလို့ဆိုလိုတာဘဲ]

[ဟားဟားဟား၊ ချီမူရှစ်ရဲ့အမူအရာက အရမ်းရယ်စရာကောင်းတယ်၊ သူက ရှုံးတယ်ဆိုတဲ့အဓိပ္ပါယ်ကို ချက်ချင်းဘဲ ထင်ထင်ရှားရှားပြလိုက်တာဘဲ]

[ချီမူရှစ် - တကယ်တော့လေ၊ ပေးစရာဥပမာမရှိရင်လည်း ပေးစရာမလိုပါဘူး]

[ပြောရရင် အန်တီလေးက ကြောက်တတ်တာလား၊ ကြောက်ဟန်ဆောင်နေတာလား? ချီမူရှစ်ကို နှစ်သိမ့်ပေးဖို့ဘဲလား? စောစောတုန်းက ငါ ဘာကိုမှ သတိမထားမိလိုက်ဘူး]

[သူက အဲ့ဒါကိုအရမ်းလေးလေးနက်နက် ရှင်းပြနေတော့ သူတကယ် ကြောက်တတ်တဲ့ပုံဘဲ]

[တကယ်တော့ အန်တီလေး စုန့်အာ့နန်က ညာပြောတတ်တဲ့ပုံစံ မဟုတ်ဘူး။ အကုန်လုံး သူ့မျက်နှာမှာ မြင်နေရတာ]

[ငါတော့ ပြောစရာစကားမရှိဘူး၊ ဒီနွေးထွေးတတ်တဲ့ အန်တီလေးကို ချစ်တယ်၊ ချစ်တယ်]

အဖြစ်အပျက်က နည်းနည်းရှုပ်ထွေးသွားပေမယ့် ရလဒ်ကတော့ ကောင်းနေဆဲပင်။ ချီမူရှစ်ကို တကယ်ဘဲ နှစ်သိမ့်နိုင်ခဲ့သည်။

သူ့စိတ်ထဲမှာတော့၊ ဒီလောက် အံ့သြစရာကောင်းတဲ့ အန်တီလေးတောင် ကြောက်တတ်တယ်ဆိုတော့ သူလည်းမျက်နှာအများကြီး ပျက်သွားတဲ့ပုံမပေါ်ဘူး။

သူတို့တွေက ဒီဘက်မှာ ချောချောမွေ့မွေ့ ဖြစ်နေတုန်းမှာ 'အနီရောင်ဝတ် အမျိုးသမီး' ကို စစ်ဆေးမေးမြန်းနေတဲ့ လူအုပ်လည်း အရေးကြီးတဲ့ သဲလွန်စတွေကို ရလိုက်သည်။

ဒီလျှို့ဝှက်အခန်းက နောက်ဆုံးအဆင့်ဖြစ်သည်။ နောက်တော့ သဲလွန်စနောက်ကို လိုက်ရင်း လူတိုင်းက နောက်ဆုံး ပဟေဠိကို ဖြေရှင်းနိုင်လိုက်သည်။

ပင်လယ်ကမ်းစပ်ဆီ တိုက်ရိုက်သွားနိုင်တဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုက ဒီစံအိမ်ကြီးထဲမှာ ရှိနေကြောင်း သိလိုက်ရသည်။ ဒါက ဒီစံအိမ်ကြီးထဲကနေ သူတို့ထွက်နိုင်တဲ့ တစ်ခုတည်းသောလမ်းပင်။

လမ်းကြောင်းအရမ်းမှောင်မည်းမှာ ကျဉ်းမြောင်းပြီး လူတစ်ယောက်စီသာ သွားလို့ရသည်။ ဒီတော့ အားလုံးက တန်းစီကာ တစ်ယောက်ပြီးတစ်ယောက် ရှေ့ကိုသွားကြသည်။

အဲဒီလို အလုံပိတ်နေရာက တော်တော်လေးကြောက်စရာကောင်းလှသည်။ စုန့်အာ့နန်က ဖေးခွမ်နောက်ကနေဘဲ တစ်ချိန်လုံး လိုက်နေပြီး အသက်တောင် ကျယ်ကျယ်မရှူဝံ့ပေ။

ဆယ်မိနစ်ခန့် လျှောက်လာပြီးတဲ့နောက်မှာတော့ လူတိုင်း စံအိမ်ကြီးထဲကနေ ထွက်ကာ နောက်ဆုံးတော့ အောင်ပွဲခံမယ့်နေရာဆီ ရောက်လာကြသည်။

အပြင်ကိုရောက်လာတော့ စုန့်အာ့နန်လည်း ကျောက်ဆောင်တစ်ခုပေါ်မှာ ထိုင်လိုက်သည်။

တခြားသူတွေလည်း အခြေအနေ သိပ်မကောင်းပါချေ။ ဒီနောက်ဆုံးအခေါက်ကတော့ တကယ်ကို တုန်လှုပ်သွားရသည်။

ပရိုဂရမ်အဖွဲ့က သတိမပေးလာဘဲ ကြောက်စရာကောင်းတဲ့ NPC တွေ ရုတ်တရက် ထွက်လာမှာကို ကြောက်ရွံ့‌နေခဲ့ရသည်။ ဒီလိုကျဉ်းမြောင်းတဲ့ လမ်းကြောင်းမှာတော့ ပုန်းနေစရာမရှိပေ။

ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးတော့ ဘာမတော်တဆမှုမှမရှိဘဲ ဖြတ်ကျော်နိုင်ခဲ့ကြသည်။

ဖေးခွမ်က ဒါရိုက်တာဆီကနေ ရေဘူးတစ်ဘူးတောင်းလိုက်ကာ အဖုံးဖွင့်လိုက်ပြီး စုန့်အာ့နန်ဆီ ပေးလိုက်သည်။ "အဆင်ပြေရဲ့လား?"

စုန့်အာ့နန် ခေါင်းခါလိုက်သည်။ သူမလည်း ကျေးဇူးတင်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။ နောက်တော့ သူမဖေးခွမ်ကို ရုတ်တရက်မော့ကြည့်လိုက်သည်။

အခုမှ သူမတစ်ခုခုကို သတိထားမိလိုက်ပြီး နောက်ဆုံးတော့ သူမ တုံ့ပြန်လိုက်မိသည်။

ဖေးခွမ်က လုံးဝမကြောက်ဘူး။ အခုထိကို သူလုံးဝမကြောက်ဘူး။

စောစောတုန်းက သူကြောက်တယ်လို့ ပြောခဲ့တာကလွဲရင် ဘာယုတ္တိရှိတဲ့ လှုပ်ရှားမှုမှမရှိပါချေ။

ဥပမာအားဖြင့်ဆို၊ 'အနီရောင်ဝတ်အမျိုးသမီး'နဲ့ ရင်ဆိုင်ရတဲ့အခါ ချီမူရှစ်က ကြောက်လန့်တကြား အော်လိုက်ပေမယ့် ဖေးခွမ်ကတော့ လုံးဝကို ဘာတုံ့ပြန်မှုမှ မရှိပါချေ။ သူမ မျက်လုံးတွေကို သူက အရင်ကာပေးပြီး ကာကွယ်ပေးခဲ့သည်။

ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ သူမသရဲကြောက်တတ်ပေမယ့် ဝန်မခံချင်တဲ့အကြောင်း သူသိ နေတာပင်။

ဒါကြောင့် သူကိုယ်တိုင်က သရဲကြောက်ဟန်ဆောင်ပြီး သူမကို ကာကွယ်ခိုင်းခဲ့သည်။ တကယ်ကြုံရတဲ့အခါမှာတော့ သူက သူမကိုကာကွယ်ပေးခဲ့သည်။

အရင်တုန်းက စုန့်လင်းချွမ် လုပ်ခဲ့သလိုမျိုးပင်။

စုန့်အာ့နန် ဖေးခွမ်ကို တစ်ချက်ကြည့်လိုက်သည်။

သူမ တိတ်ဆိတ်သွားသည်။

ဒီရှက်စရာကောင်းတဲ့အရာကို စုန့်လင်းချွမ် ပြောပြလိုက်မှန်း တွေးကြည့်စရာတောင်မလိုဘူး။

နောက်ဆုံးတော့လည်း၊ ဒီအကြောင်းကို တခြားဘယ်သူမှ မသိဘူး။

ဟင်း!

အခုက ပိုပြီး‌တော့တောင် ရှက်စရာကောင်းတဲ့ပုံဘဲ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိတ်သတ်တွေလည်း ဒီအချက်ကို နောက်ဆုံးတွင် ဖမ်းမိလိုက်သည်။

[ခဏနေဦး! ငါတို့ တစ်ခုခုကို သတိမထားမိခဲ့တဲ့ပုံဘဲ။ အန်တီလေးက ကြောက်နေတယ်ဆိုတာ အတည်ပြုနိုင်ပေမယ့် ဖေးခွမ်ကရော?]

[ဘုရားရေ! နင်ပြောတာမှန်တယ်။ ဖေးခွမ်က တစ်ချိန်လုံး ဘာတုံ့ပြန်မှုမှကို မပြသလိုပဲ၊ သူလုံးဝ ကြောက်တတ်တဲ့ပုံမပေါ်ဘူး]

[ ဟုတ်တယ် ဟုတ်တယ်၊ ငါလည်း စောစောကတည်းကပြောချင်နေတာ။ ဖေးခွမ်က NPC နဲ့ အကြိမ်တော်တော်များများ မျက်နှာချင်းဆိုင် တွေ့ခဲ့ပေမယ့် မျက်တောင်တစ်ချက်တောင်မခတ်ဘူး]

[စောစောတုန်းက ဖေးခွမ်ရဲ့ ဖန်တွေက သူကြောက်တတ်တဲ့အကြောင်း လုံးဝမကြားဖူးဘူးလို့ပြောတာ ငါသတိရပြီ။ ဒီတော့ ဒါက....]

[အမ်း...အန်တီက မျက်နှာပျက်မှာကြောက်လို့ မကြောက်ဟန်ဆောင်နေပြီးတော့ ရှင်းရှင်းလင်းလင်းကိုဘဲ မကြောက်တတ်တဲ့ ဖေးခွမ်က ကြောက်ဟန်ဆောင်ပြီးတော့ သူ့ကို ကုကွယ်ပေးဖို့ အန်တီလေးကိုပြောတယ်။ ငါနည်းနည်း သဘောပေါက်လာပြီလို့ထင်တယ်]

[ဘုရား! ဖေးခွမ်က အန်တီလေးအပေါ် အရမ်းကြင်နာတာ!]

[အားးးးး! ဖေးခွမ်က အရမ်းမိုက်တာဘဲ၊ ငါထပ်ပြီး စွဲလမ်းမိပြန်ပြီ]

[ဝါးးး အန်တီလေး မြန်မြန်ကြီးပြင်းလာဖို့ ငါပထမဆုံး စောင့်မျှော်မိတာဘဲ၊ ဒီအတွဲကို ငါအရမ်းship ချင်နေပြီ!]

[ကောင်းပြီ၊ ငါက လိမ္မာတဲ့ ကောင်မလေးဘဲ၊ သူတို့ကိုအခုတော့ မ ship သေးဘူး။ ဒါပေမယ့် ငါ့ရဲ့ဟိုးအနက်ရှိုင်းဆုံး အောက်ခြေမှာတော့ သိမ်းထားမယ်]

[ဘယ်နေရာမှာ သိမ်းထားမှာလဲ? သတိထား မဟုတ်လို့ရှိရင် စုန့်လင်းချွမ်က သူ့ရဲ့ မီတာ 80 အရှည်ရှိတဲ့ ဧရာမပုဆိန်နဲ့ အဲဒီတွင်းရဲ့အောက်ခြေမှာ ထိုင်စောင့်နေလိမ့်မယ်]

...

ကျွန်းပေါ်က escape room ကနေပြန်လာတဲ့အခါ အားလုံးက ပင်ပန်းနွမ်းနယ်‌နေကြသည်။ လှုပ်ရှားမှုတွေက ပင်ပန်းနေရတာ မဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ ပင်ပန်းနွမ်းနယ်ရသည်။

ဒါကြောင့် အားလုံးက အခန်းဆီ စောစောပြန်ကြသည်။

အခန်းထဲမှာ ကင်မရာတွေ တပ်ထားပေမယ့် လူတိုင်းရဲ့ စိတ်ဝိညာဉ်တွေကတော့ သူတို့ရဲ့ကိုယ်ထဲကနေ ထွက်သွားသလို ခံစားနေရပြီး ဘာမှ မလုပ်နိုင်ဘဲ ပက်လက်လန်လှဲလိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက အသက်ကင်းမဲ့မှုတွေနဲ့ ပြောင်းပြန် အင်တာနက်ပေါ်မှာတော့ ယောက်ယက်ခတ်နေသည်။

"Our Dearest Us" ပရိုဂရမ်အဖွဲ့ဟာ ဒီနေ့ညမှာတော့ hashtag များစွာနဲ့ ထိပ်ဆုံးနေရာတွေကို သိမ်းပိုက်ထားဖို့ ငှားထားတဲ့ပုံပင်။

အထူးသဖြင့် ရှဲ့ယင်းပင်၊ သူမက ဒီနေ့ညရဲ့ရေပန်းစားနေတဲ့ အကြောင်းအရာရဲ့ဘုရင်မပင်။ ပထမဆုံး သူမက ကျန်းခိုင်နဲ့ escape room ထဲမှာ အလွန်နီးနီးကပ်ကပ်ရှိခဲ့ပြီး အင်တာနက် သုံးစွဲသူတွေကြားမှာ အပူလှိုင်းတွေထွက်လာသည်။

နောက်တော့ စုန့်အာ့နန်နဲ့ မစ်ရှင်အတွက် လူလဲခိုင်းပြီး ဖေးခွမ်ဆီကနေ အငြင်းခံလိုက်ရတာကြောင့် သူမရဲ့ အတိတ်က ဖေးခွမ်နဲ့ ကောလဟာလတွေဟာ ထပ်ပေါ်ထွက်လာပြီး ပရိသတ်တွေကို ဒေါသထွက်စေခဲ့သည်။

နောက်ဆုံးမှာ လူကြိုက်များတဲ့ သရုပ်ဆောင်အသစ် ကျီချိုးပိုင်နဲ့ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ရှိခဲ့ပြီး သူမဟာ ကောလာဟလအသစ်တွေ စဖို့လုပ်နေတယ်လို့ သံသယရှိလာကြပြီး ကျီချိုးပိုင်ရဲ့ဖန်တွေဆီကနေ hot search ကို ချိုးဖျက်ခံလိုက်ရသည်။

ည ၉ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည်။

ရှဲ့ယင်းက ကုတင်ပေါ်မှာထိုင်ကာ သူမရဲ့ဖုန်းကိုကြည့်ရင်း သူမနဲ့ပတ်သက်တဲ့ hot search စကားလုံးတွေကိုတွေ့လိုက်ရတဲ့အတွက် အရမ်းကျေနပ်နေသည်။ နောက်ဆုံးတော့ ဒီလိုကျော်ကြားမှုမျိုးက မကြာခဏ ပေါ်လာတတ်တာမဟုတ်ပေ။

တကယ်တော့ သူမနဲ့ သူမရဲ့အဖွဲ့ဟာ နောက်ကွယ်က လှိုင်းလုံးအချို့ကို ကြိုးကိုင်ခဲ့တာဖြစ်သည်။

ရှဲ့ယင်း နှစ်ထောင်းအားရဖြစ်နေတုန်းမှာ တံခါးခေါက်သံက ရုတ်တရက်ထွက်လာသည်။

"ယင်းယင်း အိပ်နေပြီလား?" ကျန်းခိုင်ရဲ့အသံဖြစ်သည်။

"မအိပ်ရသေးဘူး" ရှဲ့ယင်းက ထလိုက်ပြီး တံခါးဖွင့်လိုက်သည်။ "အရမ်းနောက်ကျနေပြီလေ၊ ကိစ္စရှိလို့လား?"

ကျန်းခိုင်က တံခါးနားမှာရပ်လိုက်ပြီး ပြောလိုက်သည်။ "မင်းနဲ့ ဆွေးနွေးချင်တာတစ်ခုရှိလို့၊ ခဏလောက်ထွက်လာလို့ရမလား?"

ရှဲ့ယင်းတစ်ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ "အခုလား?"

ကျန်းခိုင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဗီလာကခြံထဲမှာဘဲ"

ရှဲ့ယင်း ရင်ထဲမှာ ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

အိမ်ထဲမှာ မပြောနိုင်ရလောက်အောင် ဘယ်‌လောက်အရေးကြီးလို့ အပြင်ထွက်ရမှာလဲ? ဘာဘဲဖြစ်ဖြစ် အခုက တိုက်ရိုက်ထုတ်လွှင့်နေတာမှ မဟုတ်ဘဲ။

ဒါပေမယ့် သူမက အဲ့ဒါကို မျက်နှာပေါ်မှာ မဖော်ပြဘဲ သဘောတူလိုက်သည်။

နှစ်ယောက်သား အောက်ထပ်ကို တိုက်ရိုက်ဆင်းကာ ဗီလာနောက်ဘက်က ခြံဝင်းဆီ လျှောက်သွားလိုက်ပြီး နောက်ဆုံး မထင်မရှားတဲ့ ထောင့်တစ်ခုမှာရပ်လိုက်သည်။

"ကျန်းခိုင် ကျွန်မကို ဘာပြောချင်လို့လဲ?" ရှဲ့ယင်းက အံ့အားသင့်စွာနဲ့ မေးလိုက်သည်။

ကျန်းခိုင်က တစ်နေရာကနေ ပန်းစည်းတစ်ခုကို ထုတ်လိုက်ပြီး ရှဲ့ယင်းကို ပေးလိုက်သည်။

ရှဲ့ယင်းက ငတုံးမဟုတ်ပေ။ ဖြစ်ပျက်နေတာတွေကို သူမ ချက်ချင်း သဘောပေါက်လိုက်ပြီး "ကျန်းခိုင် ရှင်...."

ကျန်းခိုင် - "ယင်းယင်း ကျေးဇူးပြုပြီး ကိုယ်ပြောတာကိုအရင်နားထောင်ပေးလို့ရမလား?"

ရှဲ့ယင်းက ခဏလောက်စဉ်းစားလိုက်ပြီး သူ့ကိုမငြင်းတော့ပေ။

ကျန်းခိုင်က စိတ်အားထက်သန်စွာနဲ့ပြောလာသည်။ "ယင်းယင်း၊ မင်းသိလား၊ ကိုယ် မင်းကို ဂရုစိုက်ပေးချင်တယ်။ မင်းက ကိုယ့်ကိုမြင်မြင်ချင်း စွဲလန်းသွားစေတဲ့ပထမဦးဆုံး မိန်းကလေးပဲ။ မင်းနဲ့တွေ့ပြီးမှပဲ ကိုယ့်မျက်စိထဲမှာ တခြားဘယ်မိန်းကလေးမှ မတိုးတော့ဘူး"

"ကိုယ့်ရင်ထဲမှာ မင်းက အမြဲတမ်း အကြော့ဆုံး၊ အထူးခြားဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး မိန်းကလေးတစ်ယောက်ဘဲ။ မင်းနဲ့ဆုံပြီးမှဘဲ ကိုယ်အလိုအပ်ဆုံးအရာက မင်းပဲဆိုတာ နားလည်လာရတယ်၊ ကိုယ်မင်းကိုလိုအပ်တယ်"

ပြောပြီးသွားတာနဲ့ ကျန်းခိုင်က ဒူးတစ်ဖက်ထောက်ကာ လတ်လတ်ဆတ်ဆတ် ပန်းတွေကို ရှဲ့ယင်းဆီ ပေးလိုက်သည်။

"ယင်းယင်း ကိုယ် မင်းကိုချစ်တယ်၊ တွဲရအောင်၊ ကိုယ် မင်းရဲ့ချစ်သူကောင်လေးဖြစ်ချင်တယ်!"

ရှဲ့ယင်းက စကားမပြောဘဲ ကျန်းခိုင်ကို တိတ်တိတ်လေး ကြည့်နေသည်။

တကယ်တော့ သူမက သူမအပေါ် သူထားတဲ့ခံစားချက်တွေကို တစ်ချိန်လုံး ခန့်မှန်းနေခဲ့တာဖြစ်သည်။

အဲ့ဒီမရေရာတဲ့ ညဘက်လာပြောတတ်တဲ့ စကားလုံးတွေ၊ သူငယ်ချင်းအမည်ခံ တစ်ခါတစ်လေ ပေးပို့တတ်တဲ့ လက်ဆောင်လေးတွေနဲ့ အခုလိုမျိုး variety show အခွင့်အရေးကောင်းမျိုးကို လူကိုယ်တိုင်လာပေးသည်။

ရှဲ့ယင်းအနေနဲ့ ကျန်းခိုင်ကို မကြိုက်ပေမယ့် သူ့နောက်လိုက်တာနဲ့ သူ့ဆီကနေ ရနိုင်တဲ့ အကျိုးအမြတ်တွေကို သဘောကျတာကိုတော့ သူမဝန်ခံရမည်။

ဒါကြောင့် တွေးကြည့်ပြီးတဲ့နောက်မှာ သူမက သူ့ကိုပြတ်ပြတ်သားသား မငြင်းလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"ကျန်းခိုင် တောင်းပန်ပါတယ်၊ ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းက အခုထိ ကျွန်မအတွက် ဦးစားပေးဘဲ၊ ကျွန်မ ဒီလိုမလုပ်ချင်ဘူး၊ ကျွန်မ ချိန်းတွေ့လို့မရဘူး"

ကျန်းခိုင်က ရှဲ့ယင်းရဲ့ ငြင်းပယ်မှုအတွက် အပြည့်အ၀ ပြင်ဆင်ထားသည်။

"ယင်းယင်း၊ မင်းကိုယ့်ကို တောင်းပန်စရာ မလိုပါဘူး။ မင်းရဲ့အခက်အခဲတွေကို ကိုယ်နားလည်တယ်။ ကိုယ်တို့ သူငယ်ချင်းတော့ ဖြစ်နိုင်ဦးမယ်မလား?"

ရှဲ့ယင်းက လှုပ်ခတ်သွားပြီး ပြောလိုက်သည်။ "ကျန်းခိုင်၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အမြဲတမ်း သူငယ်ချင်းဖြစ်နေမှာ!"

သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက ပြင်ပမှ စေ့ဆော်မှုကို ဖုံးကွယ်ထားပေမယ့် ထောင့်တစ်ခုမှာ အသစ်တပ်ဆင်ထားတဲ့ ကင်မရာကနေ အရာအားလုံးကို တိုက်ရိုက်ထုတ်လွှင့်နေမှန်း သူတို့သတိမထားမိပေ။

[ခဏနေဦး ဘာတွေဖြစ်နေတာလဲ? သူတို့က ညဘက်ပင်လယ်ရှုခင်းကို live လွှင့်ပြနေတယ်လို့ ငါထင်ထားတာ]

[ငါရောဘဲ ကျွန်းပေါ်က ညဘက်ပုံစံကိုကြည့်ဖို့ လာခဲ့ပေမယ့် ဒီဖွင့်ပြောတဲ့ မြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရတယ်]

[မျှမျှတတပြောရရင် ကျန်းခိုင် ဖွင့်ပြောတဲ့ပုံစံက ငါမြင်ဖူးသမျှထဲမှာ အဆင်မပြေဆုံးတွေထဲက တစ်ခုဘဲ]

[အမှန်ဘဲ၊ "တွဲရအောင်၊ ကိုယ်မင်းရဲ့ချစ်သူကောင်လေးဖြစ်ချင်တယ်"တဲ့ ကိုးရိုးကားရားနဲ့ နည်းနည်းရယ်စရာကောင်းလိုက်တာ]

[ဟားဟားဟား ကျန်းခိုင် ဖွင့်ပြောတဲ့စကားတွေက virtual ဖြစ်သွားသလို ခံစားရတယ်၊ သေစမ်း၊ သူတို့က တော်တော်ရယ်စရာကောင်းတာဘဲ]

[ရှဲ့ယင်းက မျက်နှာတည်ကြီးနဲ့ ဘယ်လိုဆက်နားထောင်နေလဲဆိုတာ ငါ သိချင်လိုက်တာ၊ သူ့ကိုကြည့်ရ‌တာ လှုပ်တောင်လှုပ်လို့လား?]

[အမ်.... ရှဲ့ယင်းက သူ့ကိုငြင်းလိုက်ပေမယ့် မျှော်လင့်ချက် တချို့ ပေးနေတုန်းလို့ ခံစားရတာ ငါတစ်ယောက်ထဲလား? ဒီတော့ သူက အတိအကျ ဘာကိုဆိုလိုတာလဲ?]

[သူက ဘာကိုဆိုလိုရမှာလဲ၊ သူ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားတာလေ၊ ရေသူမစစ်ဆင်ရေးက ဘယ်လိုလဲဆိုတာမသိဘူးလား?]

[သူတို့က မောင်နှမတွေအဖြစ် နေနေတာ မဟုတ်ဘူးလား? ဒီလို ဖွင့်ပြောတာက တကယ် ရလို့လား ? ]

[ရတော့ရလောက်ပါတယ်၊ သူတို့က တကယ့် မောင်နှမတွေမှ မဟုတ်ဘဲ]

သူတို့နှစ်ယောက်ရဲ့ ဒီဗီဒီယိုဟာ အွန်လိုင်း‌ပေါ်မှာပျံ့သွားတော့သည်။

ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့က အရမ်းနာမည်ကြီးတဲ့ အနုပညာရှင် တွေမဟုတ်ကြပေမယ့် ဒီတလော ရှိုးရဲ့ရေပန်းစားမှုကြောင့် သူတို့အပေါ် သဘောထားကွဲလွဲမှုတွေရှိခဲ့သည်။

ဒါ့အပြင် ဗီဒီယိုရဲ့အကြောင်းအရာက အတော်လေး ပေါက်ကွဲထွက်နေတာကြောင့် ဗီဒီယိုက အင်တာနက်သုံးစွဲသူတွေကြားမှာ မကြာမီအချိန်အတွင်းမှာပင် ပျံ့သွားခဲ့သည်။

အင်တာနက်အသုံးပြုသူတွေက ကျန်းခိုင်ရဲ့ ဖွင့်ပြောတဲ့စကားတွေကို ပြောင်ပြောင်တင်းတင်းဘဲ သရော်ကြသည်။

- ကိုယ်မင်းကို ဂရုစိုက်ပေးချင်တယ်။ မင်းက ကိုယ့်ကိုမြင်မြင်ချင်း စွဲလန်းသွားစေတဲ့ပထမဦးဆုံး မိန်းကလေးပဲ

- မင်းနဲ့တွေ့ပြီးမှပဲ ကိုယ့်မျက်စိထဲမှာ တခြားဘယ်မိန်းကလေးမှ မတိုးတော့ဘူး

- တွဲကြရအောင်၊ ကိုယ်မင်းရဲ့ချစ်သူကောင်လေးဖြစ်ချင်တယ်!

...

ရှဲ့ယင်းတစ်ယောက် နောက်တစ်နေ့မနက်စောစောမှာ သူမ အေးဂျင့်ဆီက ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာရသည်။

"ဘာဖြစ်နေတာလဲ? မနက်ဘက်မှာတောင် အိပ်လို့မရဘူးလား?" ရှဲ့ယင်းက အမြဲလိုလို စိတ်မရှည်တတ်ပေ၊ အထူးသဖြင့် နိုးလာတဲ့အခါမှာပေါ့။

သူမရဲ့အေးဂျင့်က စိုးရိမ်တကြီးနဲ့ပြောလာသည်။ "နင် ဘယ်လိုလုပ် အိပ်နေနိုင်တာလဲ၊ hot search မှာ သွားကြည့်ကြည့်ဦး!"

ရှဲ့ယင်း လန့်သွားပြီး သူမဖုန်းကိုအမြန်ထုတ်ကာ Weibo ကိုဖွင့်လိုက်သည်။

#ကျန်းခိုင် ရှဲ့ယင်းကိုဖွင့်ပြော#

ဒီ hashtag ကိုမြင်တော့ ရှဲ့ယင်း အံ့ဩသွားသည်။

"ကျန်းခိုင်နဲ့ ခပ်ဝေးဝေးနေဖို့ မင်းကို ငါမပြောဖူးဘူးလား? မင်းဘာလို့ နားမထောင်တာလဲ?" အေးဂျင့်က မကျေမနပ်နဲ့ပြောလိုက်သည်။

ရှဲ့ယင်းက သာမာန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ "ဒါက ကိစ္စကြီးမှ မဟုတ်တာ၊ ကျွန်မက သူ့ကို လက်မခံခဲ့ဘူးလေ၊ ဒါကို ဘယ်လိုလုပ် တွဲနေတယ်လို့ ခေါ်မှာလဲ?"

အေးဂျင့်လည်း သူမနဲ့ ငြင်းခုံဖို့ အရမ်းပျင်းသွားပြီး ကျန်းခိုင်ရဲ့ ကျောထောက်နောက်ခံအကြောင်း သူမကို တိုက်ရိုက်ပြောပြလိုက်သည်။

ဒီအကြောင်းကို သူလည်း အခုမှ သိရတာဖြစ်သည်။

ဒါကိုကြားတော့ ရှဲ့ယင်းက ဒေါသတကြီး လှုပ်ခတ်သွားသည်။

ကျန်းခိုင်မှာ ကျောထောက်နောက်ခံရှိပြီးသားကို သူမကို လာဖွင့်ပြောသေးတယ်။

သူက သူမကို အရန်အနေနဲ့ ဆက်ဆံနေတာဘဲ။

အေးဂျင့်က မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်ပြီး "သူရဲ့ ကျောထောက်နောက်ခံက မင်းကို ဒုက္ခပေးလာမှာကို မင်းစိုးရိမ်သင့်တယ်!"

"အရန်" ဖြစ်ရတာကို မကျေမနပ် ဖြစ်ရမယ့်အစားပေါ့!

All Chapters