အခန်း (၆၁)
Vol. 5 Ch. 61
ရှဲ့ယင်း နောက်ဆုံးတော့ အခြေအနေကို သဘောပေါက်သွားသည်။ သူမက ကျန်းခိုင်ဆီ ဘာဖြစ်သွားလဲဆိုတာကိုမေးဖို့ သွားလိုက်သည်။
ဒါပေမယ့် သူမ ဧည့်ခန်းထဲ ရောက်တဲ့အခါ ကျန်းခိုင်ရဲ့ တံခါးက ခပ်ကျယ်ကျယ်ဖွင့်ထားပြီး အထဲမှာ ဘယ်သူမှမရှိနေသလို သူ့ခရီးဆောင်အိတ်တွေတောင် မရှိတော့မှန်းသိလိုက်ရသည်။
ဒါကိုကြားတော့ သူမအေးဂျင့်က ဒါရိုက်တာကို သွားမေးဖို့ ချက်ချင်းပြောလိုက်သည်။
ဒါပေမယ့် ကျန်းခိုင်ကို သူ့ကိုယ်ပိုင်ဝန်ထမ်းက မနက်အစောကြီး လာခေါ်သွားခဲ့တယ်လို့ ဒါရိုက်တာက ပြောသည်။
ပြီးတော့ သူရှိုးကနေထွက်မယ်ဆိုတဲ့ အသိပေးချက်ကို ကျန်းခိုင်ဆီကနေ သူတို့ရခဲ့သည်။
ကျန်းခိုင်က သွားပြီ၊ ဘယ်သူမှန်း မသိတဲ့သူဆီကနေ ခေါ်သွားခံလိုက်ရပြီ။
ရှဲ့ယင်းလည်း သူ့ကိုဆက်သွယ်လို့ မရတဲ့အတွက် ဒီရှိုးကို သူမတစ်ယောက်ထဲ ရိုက်ဖို့နည်းလမ်းလည်းမရှိပါချေ။
နောက်ဆုံးတော့ သူမရဲ့အေးဂျင့်ဆီကနေ စိတ်ပျက်လက်ပျက်နဲ့ ခေါ်သွားခံလိုက်ရသည်။
ရှဲ့ယင်းနဲ့ သူမရဲ့လက်ထောက်ကို လိုက်ပို့ပေးပြီးသွားတော့ ဒါရိုက်တာကြီးက အပြင်ထွက်ဆေးလိပ်သောက်ဖို့ ပြင်ဆင်လိုက်သည်။
ဒီမနက် ရုံးကနေ ဖုန်းခေါ်ဆိုမှုတွေ အများကြီးလုပ်လိုက်ရလို့ သူ တကယ်ကို ပင်ပန်းနေပြီ။
သူအပြင်ကို ခြေလှမ်းလိုက်တာနဲ့ ဘေးက ဗီလာထဲကနေ ထွက်လာတဲ့ ဖေးခွမ်နဲ့ ဝင်တိုးသည်။
"ဒါရိုက်တာလီ မင်္ဂလာနံနက်ခင်းပါ" ဖေးခွမ်က သူ့ကိုပြုံးပြကာနှုတ်ဆက်လာသည်။
ဒါရိုက်တာက ဖေးခွမ်ကို ကြည့်ရင်း လေးလေးနက်နက် တွေးနေသည်။
မနေ့က မနက်တုန်းက ဖေးခွမ်တစ်ယောက် သူ့ဆီရုတ်တရက် ရောက်လာပြီး သူ့မှာရှိုးအတွက် အကြုံပြုစရာတစ်ခုရှိတယ်လို့ ပြောလာသည်။ သူက ဗီလာအနောက်ဘက်ရှိ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့နေရာက ကင်မရာကို တပ်ဆင်ပြီး ညဘက်မှာ တမင် တိုက်ရိုက်ထုတ်လွှင့်ပေးထားဖို့ အဆိုပြုခဲ့ပြီး ကြည့်ရှုသူတွေအနေနဲ့ ကျွန်းရဲ့ ညဘက်မြင်ကွင်းကို ခံစားနိုင်မယ်လို့ ဆိုလာသည်။
အဲ့ဒီအချိန်တုန်းက နည်းနည်းထူးဆန်းတယ်လို့ သူခံစားမိပေမယ့် ကိစ္စကြီးကြီးမားမား မဟုတ်တဲ့အတွက် ဖေးခွမ်ကို မျက်နှသာပေးလိုက်သည်။
နောက်ဆုံးတော့၊ သူတို့ရှိုးမှာ ဖေးခွမ်ကို ပါဖို့ဖိတ်တုန်းက သူက ရင်းနှီးမှုကြောင့် သူတို့ကိုမျက်နှာသာပေးခဲ့သည်။
ဒါပေမယ့် ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့ကြောင့် အလုပ်ရှုပ်ရမယ့်ညဖြစ်ခဲ့မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဖေးခွမ်က သူ့စစ်ဆေးမှုကို လုံးဝသက်တောင့်သက်သာနဲ့ ခွင့်ပြုထားသည်။
"ကျန်းခိုင်ကိစ္စကြားလား?" ဒါရိုက်တာက မေးလိုက်သည်။
ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး " အင်း၊ hot search မှာတွေ့လိုက်တယ်"
ဒါရိုက်တာက ဝေ့လည်ကြောင်ပတ် မလုပ်နေတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။ "အဲဒါ မင်းလား?"
"ဒါရိုက်တာလီ၊ လာနောက်နေတာလား? ကျွန်တော့်မှာ အဲ့ဒီလိုအင်အားမျိုးမရှိဘူးလေ" ဖေးခွမ်က ပြုံးလိုက်ပြီး "ဒါတိုက်ဆိုင်မှုတစ်ခုဘဲ"
ပြောပြီးတာနဲ့ သူက ဒါရိုက်တာကြီးကို ခေါင်းညိတ်ပြလိုက်ပြီး "တောင်းပန်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ကျွန်တော် အပိုဒုက္ခတွေပေးမိသွားတယ်၊ နောင်ကျ ဒါရိုက်တာကြီး တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါ"
ထွက်သွားတဲ့ ဖေးခွမ်ကို ကြည့်ရင်း ဒါရိုက်တာကြီးက စီးကရက်တစ်လိပ်ကို တိတ်တဆိတ် မီးညှိလိုက်သည်။
ကမ္ဘာပေါ်မှာ ဒီလောက်ထိ တိုက်ဆိုင်တဲ့ တိုက်ဆိုင်မှုမျိုး မရှိဘူး။
ဒါပေမယ့် နောက်ဆုံးမှာတော့ ကျန်းခိုင်က သူတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က လိုချင်တဲ့လူမဟုတ်ပါချေ။
ဒါကြောင့် တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ သူကတော့လုံးဝဂရုမစိုက်ဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ဖေးခွမ်ဆီ စူးစူးစိုက်စိုက်ကြည့်နေတဲ့ သူ့အကြည့်ထဲမှာ မတတ်နိုင်ဘဲ အထင်ကြီးလေးစားမှုတွေ ပေါ်လာသည်။
ထက်မြက်ပေမယ့် မာနမကြီးဘူး၊ ဉာဏ်နီဉာဏ်နက်များ ပေမယ့် တခြားသူတွေကို ငတုံးလို မဆက်ဆံဘူး၊ သူကစိတ်ဝင်စားစရာဘဲ။
*
စုန့်အာ့နန်တစ်ယောက် မနက်စာစားတဲ့အချိန်မှာမှ ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့ ထွက်သွားတဲ့အကြောင်း သိလိုက်ရသည်။
သူမရဲ့ ပထမဆုံးတုံ့ပြန်မှုက စိတ်ရှုပ်ထွေးသွားတာပင်။
ရှဲ့ယင်းက ထွက်သွားတယ်လား?
ဒါပေမယ့် သူက ကျီချိုးပိုင်နဲ့ ဘာမှတောင် မစရသေးဘူးလေ၊ ဒီတော့....
အိုး ဟုတ်သား၊ ဒီလို မဖြစ်စလောက်တဲ့ ဇာတ်လမ်းဇာတ်ကွက်က တခြားနေရာတွေမှာ သူတို့အချင်းချင်း ပြန်တွေ့နိုင်ဖို့ ဦးတည်သွားနိုင်တယ်။
ဘာဘဲဖြစ်ဖြစ် စုန့်အာ့နန်ကတော့ ဘာမှစိတ်မဝင်စားဘူး၊ ဒါက သူမနဲ့မှမဆိုင်ဘဲ။
သူမက ဆန်ပြုတ်သောက်နေတဲ့ ဖေးခွမ်ကိုပဲ တစ်ချက်ကြည့်လိုက်သည်။
ကောင်းပြီလေ အနည်းဆုံးတော့ သူတို့နဲ့ ထွက်သွားပြီဆိုတော့ မြင်ကွင်းထဲကနေ ပျောက်သွားပြီ၊ စိတ်ထဲက ထွက်သွားပြီ။
*
ကျန်းခိုင်နဲ့ ရှဲ့ယင်းတို့ ထွက်သွားတဲ့ကိစ္စက ဘာဂယက်မှမထသွားစေပေ။
ရှိုးထဲက guest တွေဖြစ်စေ၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်ဖြစ်စေ ဘယ်သူ့ကိုမှ သက်ရောက်မှု လုံးဝမရှိခဲ့တဲ့ပုံပင်။
ကျွန်းပေါ်မှာ အေးအေးဆေးဆေး နေရတဲ့အချိန်တွေက လူတိုင်းကိုထွက်သွားဖို့ တွန့်ဆုတ်နေစေသည်။
မကြာခင်မှာဘဲ "Our Dearest Us" ရဲ့ တတိယseason ပြီးတော့မှာ ဖြစ်ပြီး guest တွေကလည်း သူတို့ရဲ့ "ဆွေမျိုးတွေနဲ့ သူငယ်ချင်းအဖွဲ့" ကို ကြိုဆိုရတော့မည်။
ဖေးခွမ်တို့ တူဝရီးရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းအဖွဲ့က အရင်တစ်ခေါက် လာပြီးသွားပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဘယ်သူ့ကိုမှ ဖိတ်ဖို့မလိုတော့ပေ။
ကျန်သုံးဖွဲ့မှာတော့ လူတွေလာဦးမှာ ဖြစ်တဲ့အတွက်၊ ဆိုလိုတာက ဒီတစ်ခေါက် ဧည့်သည်သုံးဦးလာမှာပင်။
နံနက်စောစောမှာ guest တွေအားလုံးက လူတွေကိုကြိုဖို့ ကမ်းစပ်ဆီသွားကြသည်။
ရိုးသားမှုကို ပြသဖို့အတွက် ပရိုဂရမ်အဖွဲ့က ရိုးရှင်းလှတဲ့ ကော်ဇောနီကို ပင်လယ်ကမ်းစပ်နားမှာ ခင်းထားပေးသည်။
သိပ်မကြာခင်မှာပဲ လှေတစ်စင်းက အဝေးက ဖြတ်မောင်းလာပြီး နောက်ဆုံးတော့ ကမ်းစပ်မှာ ရပ်သွားသည်။
နောက်တော့ လှေပေါ်ကနေ အဖွဲ့သုံးဖွဲ့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းအဖွဲ့ ရဲ့ ဧည့်သည်သုံးယောက် ဆင်းလာသည်။
ရှစ်ချင်နဲ့ ချီမူရှစ်တို့ရဲ့ သားအမိဆီလာတဲ့သူကတော့ ရှစ်ချင်ရဲ့ခင်ပွန်း ချီဟွေ့ဖြစ်သည်။
လီယုနဲ့ကောရှို့တို့ရဲ့ ဇနီးမောင်နှံတို့အတွက်တော့ အထက်တန်းတက်နေတဲ့ သူတို့ရဲ့တူမလေးကို ဖိတ်ထားသည်။
ကျီချိုးပိုင်နဲ့ ကျီအန်တို့ ညီအစ်ကိုအတွက်ကတော့၊ ကျီအန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။
တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြပြီး ခဏလောက် စကားစမြည်ပြောကြကာ နောက်ဆုံးတော့ စားသောက်ဖို့အချိန်ရောက်လာသည်။
အားလုံးက စောစောထလာရပြီး အခုထိ မနက်စာ မစားရသေးပေ။
အစီအစဉ်အဖွဲ့ကနေ မနေ့ညက ကျွန်းပေါ်ရှိတစ်ခုတည်းသော ကြယ်ငါးပွင့်ဟိုတယ်မှာ နံနက်စာဘူဖေးစားဖို့ အကြောင်းကြားခဲ့သည်။
အားလုံး သွားခါနီးမှာ ဝန်ထမ်းတွေက သူတို့ကို တားလာသည်။ “ခဏနေပါဦး ကျွန်တော်တို့မှာ ဆွေမျိုးတွေနဲ့ သူငယ်ချင်းအဖွဲ့ရဲ့ ဧည့်သည် တစ်ယောက်မရောက်သေးဘူး”
လူတိုင်း အံ့အားသင့်သွားကြသည်၊ တစ်ယောက်ယောက်ရှိသေးတယ်လား?
ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ မသိစိတ်ကနေ ကြည့်လိုက်ကြသည်၊ အခြားအဖွဲ့သုံးဖွဲ့က ဧည့်သည်တွေကတော့ ရောက်လာပြီးသွားပြီ။
သူတို့ နှစ်ယောက်လည်း နားမလည်ဖြစ်ကြသည်။ ပရိုဂရမ်အဖွဲ့က တစ်ယောက်ယောက်ကို ဖိတ်ဖို့ သူတို့ကိုလည်း မပြောခဲ့ဘူး။
ဘယ်သူဖြစ်နိုင်လောက်မလဲ?
အားလုံးက ပဟေဌိဖြစ်နေကြတုန်းမှာ လှေပေါ်ကနေ နောက်ထပ် လူတစ်ယောက်က ရုတ်တရက် ဆင်းလာသည်။ ဒါ့အပြင် အဲ့ဒီလူက အကူအညီနဲ့ဆင်းလာတာဖြစ်သည်။
စုန့်လင်းချွမ်ပင်!
သူက အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ချိုင်းထောက်ကို မှီရပ်ကာ guest တွေကို လက်လှမ်းပြနေသည်။
သူ့ပုံက တစ်ခုခုကို အောင်ပွဲခံနေသလိုပင်။
[ငါတော့သွားပြီ! တကယ်ကြီး စုန့်လင်းချွမ်ဘဲ! သူပြန်လာလိမ့်မယ်လို့ ငါတစ်ခါမှ စိတ်မကူးကြည့်မိခဲ့ဘူး!]
[ဝူးဝူးဝူး ငါ့ကောကော တကယ်ပြန်လာပြီ၊ အရမ်းကောင်းတာဘဲ၊ ဒါကို ကျေနပ်စရာဇာတ်သိမ်းတစ်ခုလို့ မှတ်ယူလို့ရတယ်]
[ဟာဟားဟား၊ စုန့်လင်းချွမ်က အန်တီလေးရဲ့ ရင်ထဲက နံပါတ်တစ်တူ ရာထူးလေး ဆုံးရှုံးမှာ ကြောက်တဲ့အတွက် ချိုင်းထောက်နဲ့တောင် ပြန်လာတယ်]
[ဟုတ်တယ်၊ ဒီတလော ဖေးခွမ်က အကြီးဆုံးတူလေးအဖြစ် ပိုပိုပြီး အသိအမှတ်ပြုခံလာရတာ၊ ဘယ်သူက စိတ်မပူဘဲနေမှာလဲ]
[ဟားဟားဟား ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ ထိပ်တိုက်တွေ့မှာကို ငါတော့ ရုတ်တရက်ကြီး စောင့်မျှော်နေမိပြီ]
[စုန့်လင်းချွမ် - ငါပြန်လာပြီ၊ ဒီတစ်ခါတော့ ငါနဲ့သက်ဆိုင်သမျှ အကုန်လုံးကို ပြန်ယူတော့မယ်!]
စုန့်လင်းချွမ် ပေါ်လာတာနဲ့ စုန့်အာ့နန် ချက်ခြင်း အပြေးအလွှား ထွက်လာသည်။
သူမရဲ့ အရှိန်က အရမ်းမြန်တာကြောင့် တခြားသူတွေကိုမပြောနဲ့ သူမဘေးက ဖေးခွမ်တောင်မှ တုံ့ပြန်တာနှေးသွားသည်။
guest တွေ စောင့်တဲ့နေရာက စုန့်လင်းချွမ်နဲ့ နည်းနည်းလှမ်းသည်။
စုန့်အာ့နန် စုန့်လင်းချွမ်ဆီ ပြေးသွားတဲ့အချိန် သူမ နည်းနည်း အလုအယက် အသက်ရှူနေရသည်။
စုန့်လင်းချွမ်က သူမကို လက်တစ်ဖက်နဲ့ ထိန်းလိုက်ပြီး "အန်တီလေး၊ ဖြည်းဖြည်းလာပါ၊ ငါ ဘယ်မှ မသွားပါဘူး"
စုန့်အာ့နန် က စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ "လင်းချွမ်၊ ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ?"
စုန့်လင်းချွမ်က ပြုံးလိုက်ပြီး "အံ့သြသွားလား? မထင်ထားဘူးမလား?"
စုန့်အာ့နန်က မျက်မှောင်ကြုတ်နေပြီး အံ့သြသွားဟန်မရှိပေ။
စုန့်လင်းချွမ်ကို ခဏလောက် အထက်အောက် ကြည့်လိုက်ပြီး သူမက လေးလေးနက်နက်နဲ့ ပြောလာသည်။ "နင့်ကို အနားယူဖို့ ဆရာဝန် မပြောထားဘူးလား? ဘယ်လိုလုပ် လုံးဝနားမထောင်ဘဲ အဝေးကို ပြေးပြီး ပြဿနာရှာနိုင်ရတာလဲ? နင့်ခြေထောက်တွေကို ပြန်မကောင်းစေချင်တော့ဘူးလား?"
စုန့်လင်းချွမ် မလာခင်ကတည်းက စုန့်အာ့နန်တုံ့ပြန်လာမယ့်ပုံစံကို သိထားတဲ့အတွက် သူက မလန့်သွားဘဲ ချော့တဲ့အကြည့်မျိုး ချက်ချင်းတပ်လိုက်သည်။
သူ့အန်တီလေးကို ချော့ရတဲ့ကိစ္စဟာ စုန့်လင်းချွမ် ငယ်ငယ်လေးကတည်းက အရမ်းတော်တဲ့ အရာတစ်ခုပင်။
"အန်တီလေး စိတ်မဆိုးပါနဲ့၊ ငါမလာခင်တုန်းကဆရာဝန်ကို အထူးတလည် မေးလာပါတယ်။ သတိထားနေရင်တော့ အဆင်ပြေတယ်လို့ပြောတယ်"
စုန့်အာ့နန်ကတော့ လက်မခံနိုင်သေးပေ။ ဘယ်လိုလုပ်အဆင်ပြေမှာလဲ?
စုန့်လင်းချွမ်ရဲ့ ဒဏ်ရာကို သူမ အတော်လေး ရင်းနှီးသည်။ လက်ရှိအခြေအနေအရတော့ သူ့အနေနဲ့ အခုထိအလုပ်နဲ့မသင့်တော်သေးပါချေ။
ရှိုးက ပိုပြီစတော့ အေးအေးဆေးဆေးရှိပေမယ့် မတော်တဆ သူ့ကိုယ်သူ နာကျင်စေမိခဲ့ရင် တကယ် ဒုက္ခဖြစ်လိမ့်မည်။
ဒါပေမယ့် အခုချိန်မှာ စုန့်လင်းချွမ် ရောက်လာပြီးဆိုမှတော့ သူမဘယ်လောက်ပြောပြော အသုံးဝင်မှာမဟုတ်ပေ။
စုန့်အာ့နန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက တကယ်ကိုင်တွယ်ရခက်တာဘဲ။
စုန့်လင်းချွမ်က ကိုးရိုးကားရားနဲ့ သူ့နှာခေါင်းကိုကုတ်လိုက်သည်။
တကယ်တော့ သူဒီကိုမလာခင်ကတည်းက သူဘယ်လိုရှင်းပြပါစေ သူ့အန်တီလေးက သူ့ကို သေချာပေါက် ဆူပူမယ်ဆိုတာ သူသိပြီးသားပင်။
ဒါပေမယ့် ဒါက သူနဲ့ သူ့အန်တီလေးတို့ အတူတူ ရိုက်ကြတဲ့ ပထမဦးဆုံး ရှိုးဖြစ်ပြီး၊ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူ ဒါကို အဆုံးထိ ကြည့်ချင်သည်။
ဒါမှ သူ့အန်တီလေးနဲ့အတူ သူအဆုံးထိ လိုက်ပါနိုင်မည်။
စုန့်အာ့နန်လည်း စုန့်လင်းချွမ်ရဲ့အတွေးတွေကို မှန်းဆမိသွားတာကြောင့်ဖြစ်မည်။ သူမက ကူကယ်ရာမဲ့စွာနဲ့ပြောလာသည်။ "သွားကြစို့၊ အားလုံး စောင့်နေကြပြီ၊ ဟိုအထိ ငါနင့်ကိုကူပေးမယ်"
ပြောလို့ပြီးသွားတော့ သူမက စုန့်လင်းချွမ်ကို ကူတွဲကာသွားမလို့လုပ်လိုက်သည်။
အဲ့ဒီအချိန်မှာပဲ ဖေးခွမ်က လျှောက်လာပြီး “သူ့ကို ကူတွဲပေးလိုက်မယ်။ အန်တီလေးက သူ့ခရီးဆောင်အိတ်ကိုဘဲ ယူသွားလိုက်ပါ”
စုန့်အာ့နန်က "အိုး" လို့ ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်ပြီး ဖေးခွမ်နဲ့ ငြင်းခုံမနေတော့ပေ။
သူသည် သူမထက် အရပ်ရှည်ပြီး သန်မာတာကြောင့် သဘာဝအလျောက် ကူတွဲဖို့အသင့်တော်ဆုံးဖြစ်သည်။
စုန့်လင်းချွမ်ရဲ့ ခရီးဆောင်အိတ်က လှေပေါ်မှာဘဲ ရှိနေသေးသည်။ ဝန်ထမ်းတွေက အခုမှအောက်ချလာတာဖြစ်သည်။
ဒါကိုမြင်တော့ စုန့်အာ့နန်က အမြန်ပြေးပြီး သွားကူသယ်လိုက်သည်။
ဖေးခွမ်ဘက်မှာတော့ သူက စုန့်လင်းချွမ်ကို ကူတွဲပေးရင်း အခွင့်အရေးယူကာ အားရဝမ်းသာဖြစ်နေသည်။
"အဆူခံရတယ်ဟုတ်? မင်းနဲ့တန်တယ်!"
စုန့်လင်းချွမ်က သူ့ကိုကြည့်လိုက်ပြီး ဘဝင်ခိုက်နေတဲ့လေသံနဲ့ ပြောလာသည်။ "မင်းသိလား ငါ့အန်တီလေး ငါ့ကို ဂရုစိုက်တယ်၊ အဲဒါကြောင့် သူ ငါ့ကို ဆူတာ"
ဖေးခွမ်က နှာမှုတ်လိုက်သည်။
စုန့်လင်းချွမ် - “မင်းမယုံဘူးလား?ငါကလွဲပြီးတော့ ငါ့အန်တီလေး တခြားဘယ်သူ့ကို ဆူတာ မင်းမြင်ဖူးလဲ?"
ဖေးခွမ် မျက်ခုံးပင့်လိုက်သည်။ အဲဒါက မှန်နေတဲ့ပုံပင်။
အန်တီလေးက အမြဲတမ်း စိတ်ထားနူးညံ့ပြီး လူတိုင်းကို တိုးတိုးလေးပဲ ပြောတတ်သည်။ ဒေါသထွက်နေရင်တောင် သူတပါးကို ဆူပူကြိမ်းမောင်းတာ ရှားသည်။
အရင်က ရှဲ့ယင်း သူမကို ဒီလိုဆက်ဆံခဲ့တုန်းကတောင် သူမ ဒေါသထွက်နေတာကို မတွေ့ခဲ့ရပေ။ တစ်ဖက်သားကို ပြန်ချေပရင်တောင်မှ သူမက တည်တည်ငြိမ်ငြိမ် အကျိုးအကြောင်းသင့်သင့်နဲ့ ရှင်းပြသည်။
မထိုက်တန်သူတွေ ဒါမှမဟုတ် ကိစ္စတွေအတွက် သူမက စိတ်ဆိုးဒေါသထွက်မှာ မဟုတ်ပေ။
စုန့်လင်းချွမ်က ဘဝင်ခိုက်စွာနဲ့ ဆက်ပြောသည်။ “ကြည့်၊ ဘယ်သူမှ ငါ့အန်တီလေးဆူတာ မခံရဖူးဘူး"
ပြောပြီးတဲ့နောက်မှာတော့ သူ့မျက်နှာပေါ်တွင် 'အန်တီလေးဆီက အဆူခံရလို့ ဂုဏ်ယူတယ်၊ ဒါပေမယ့် မင်းမှာတော့ အဲဒီလိုဂုဏ်ယူစရာမရှိဘူး' ဆိုတဲ့အမူအရာကပေါ်လာသည်။
ဖေးခွမ် - "..."
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတဲ့သူတွေဟာလည်း စခရင်ကနေ စိမ့်ထွက်လာတဲ့ စုန့်လင်းချွမ်ရဲ့ ဘဝင်ခိုက်မှုကို ရယ်မောနေကြသည်။
စုန့်လင်းချွမ် - ငါ့အန်တီလေးက ငါ့ကို ချစ်လို့သာ ဆူတာ၊ သိလား?
[ဟားဟား၊ စုန့်လင်းချွမ်က တကယ့်ကို ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ဘဲ။ သူ့ရဲ့အရှက်မရှိတဲ့ ဘာကိုမှစိတ်မဝင်စားတဲ့ အကြည့်တွေကို မြင်တိုင်း၊ ငါ...]
[အမ်... ငါဘဲ အမြင်မှားတာလား? ဖေးခွမ်ကို ကြည့်ရတာ ဘာလို့ နည်းနည်းအားကျနေတဲ့ပုံ ပေါ်နေတာလဲ?]
[ဟားဟား၊ အခု မနာလိုနေတဲ့သူက ဘယ်သူလဲ? ငါမပြောပါဘူးနော်~]
[ဖေးခွမ် - ငါတို့နှစ်ယောက်လုံး သူ့တူတွေကို ငါ့ကိုကျ ဘယ်လိုလုပ် မဆူနိုင်ရတာလဲ!]
ဖေးခွမ်က စုန့်လင်းချွမ်ကို ကူတွဲပေးရင်း၊ စုန့်အာ့နန်က သူ့ခရီးဆောင်အိတ်ကို တွန်းရင်းနဲ့ သုံးယောက်သား သိပ်မဝေးတဲ့နေရာက တခြား guest တွေဆီ သွားလိုက်ကြသည်။
ချီမူရှစ်က ခပ်သုတ်သုတ် ပြေးလာပြီး "အစ်ကို လင်းချွမ်၊ ဘာဖြစ်လို့လာတာလဲ? အစ်ကို့ခြေထောက်က အဆင်ပြေရဲ့လား?"
စုန့်လင်းချွမ်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ "အဆင်ပြေပါတယ်၊ စိတ်မပူနဲ့"
တခြား guest တွေကလည်း စုန့်လင်းချွမ် လာလည်တာကို တွေ့တော့ အရမ်းဝမ်းသာသွားကြသည်။ ရှိုးမပြီးခင် ပြန်တွေ့ရတာက ဝမ်းသာစရာပင်။
လူတိုင်း အချင်းချင်း နှုတ်ဆက်ကြသည်။
လီယုက စုန့်လင်းချွမ်ရဲ့ ပုခုံးကို ပုတ်ကာ စာနာစိတ်နဲ့ပြောလာသည်။ "အင်း၊ သွေးက ရေထက် ပိုပျစ်တယ်။ လင်းချွမ် ပေါ်လာတဲ့ အချိန်တုန်းက အန်တီလေး ပြေးထွက်သွားတဲ့ အရှိန်က မီတာ 100 ပြေးနေတာနဲ့တောင်တူတယ်"
ရှစ်ချင်ကလည်း စလာသည်။ "ဟုတ်တယ် ဖေးခွမ်၊ မင်းက မင်းရဲ့တူလေးဆိုတဲ့ အလုပ်ကို ကောင်းကောင်းမလုပ်ဘူး"
ဖေးခွမ်က တမင် သက်ပြင်းချလိုက်ပြီး "အားယား၊ ကျွန်တော် ကောင်းကောင်းမလုပ်နိုင်သေးဘူး"
စုန့်အာ့နန်က နည်းနည်း ပျာယာခတ်သွားပြီး ရှင်းပြဖို့လုပ်လိုက်သည်။ "မဟုတ်ဘူး၊ ခုနတုန်းက ကျွန်မ..."
ဒါပေမယ့် သူ မပြောလို့မပြီးခင်မှာဘဲ စုန့်လင်းချွမ်က ကြားဖြတ်လာသည်။
သူက စိတ်ကြီးဝင်စွာနဲ့ ပြောလိုက်သည်။ "ဟုတ်တယ်၊ သူမက ကျွန်တော့်ရဲ့ ချစ်လှစွာသော အန်တီလေးလေ!"
[ဟားဟား၊ 'သူက ကျွန်တော့်ရဲ့ ချစ်လှစွာသော အန်တီလေးလေ' ဆိုတဲ့စကားကို စုန့်လင်းချွမ်တစ်ယောက် ပြောနေတာ ဘယ်နှခါတောင်ရှိနေပြီလဲ? နောက်ကျသွားပေမယ့် ဒီနေရာမှာတော့ ရှိနေတယ်!]
[ ဟားဟား၊ ဖေးခွမ် တစ်ခုခုပြောဖို့ အစပျိုးနေတယ်လို့ ဘာလို့ ငါခံစားနေရတာပါလိမ့်? ကြည့်ရတာ စုန့်လင်းချွမ်နဲ့သူ မယှဉ်နိုင်တော့တဲ့ပုံဘဲ]
[ဟားဟား၊ ဖေးခွမ်ရဲ့ 'ကျွန်တော် ကောင်းကောင်းမလုပ်နိုင်သေးဘူး' ဆိုတာက လွန်လွန်းတယ်!]
[ဒီကြောင်တောင်တောင် စုန့်လင်းချွမ်ကတော့၊ ဘာလုပ်နေတာလဲ? သူတို့က အန်တီလေးရဲ့မျက်နှာသာရဖို့ ပြိုင်နေကြပြန်ပြီ၊ ပြီးတော့ အရမ်းကိုဘဲ ဘဝင်ခိုက်နေသေးတယ်!]
[ဟားဟား၊ ကမန်းကတန်း ရှင်းပြဖို့ ကြိုးစားနေတဲ့ အန်တီလေးကို ကြည့်ပါဦး။ ဖေးခွမ်ရဲ့အရည်အချင်းတွေက သူ့လက်မအောက်မှာ အန်တီလေးနဲ့ စုန့်လင်းချွမ်တို့ ရှိနေကြတယ်]
[မဟုတ်ဘူး မဟုတ်ဘူး၊ နင်မှားသွားပြီ ညီအစ်မရေ။ ဖေးခွမ်က လက်မအောက်မှာ အန်တီလေးတစ်ယောက်ထဲရှိတာ မဟုတ်ဘူး၊ အန်တီလေးနဲ့ စုန့်လင်းချွမ်တို့ နှစ်ယောက်စလုံးရှိတယ်]
မနက်စာ အတူတူစားဖို့အတွက် အဖွဲ့လိုက် ဟိုတယ်ဆီသွားကြပြီး နောက်တော့ ဗီလာဆီ တိုက်ရိုက်ပြန်သွားကြသည်။