အခန်း (၆၄)
Vol. 5 Ch. 64
ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်သူရည်းစားထားတာကို မအားပေးပေမယ့် crush တွေကတော့ အသက် 17၊ 18 အရွယ်မှာ ရှိတာကတော့ ပုံမှန်ပင်။
စုန့်အာ့နန်က မျက်ခုံးတွန့်ချိုးလိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။ "ရင်တလှပ်လှပ်ခုန်တာက ဘယ်လိုမျိုးလဲ?"
လီယုနဲ့ ရှစ်ချင်က ပြုံးကာခေါင်းယမ်းလိုက်သည်။ အပြစ်ကင်းတဲ့ အသေးလေးဖြစ်နေတုန်းဘဲ။
[ဟားဟား၊ ကြောင်တောင်တောင် ငန်းမလေးက ရင်တလှပ်လှပ်ခုန်တာ ဘယ်လိုမျိုးလဲလို့ မေးနေတယ်!]
[အဟား... ဘုရားသခင်က မစ်စုန့်အတွက် ဘယ်တံခါးပိတ်ထားလဲဆိုတာ အခုတော့ ငါသိလိုက်ပြီ - အချစ်ရေးမှာဘဲ!]
[ဘွားဟားဟားဟား နောက်ဆုံးတော့ မစ်စုန့်ထက် ငါပိုတော်သွားပြီ! အသက် 17 နှစ်နဲ့ အတန်းထဲမှာ ရည်းစားစာရေးတတ်နေပြီ]
[အကျယ်ကြီးရယ်မိပြီ၊ ငါ့အသက် 15 နှစ်၊ ငါတို့အတန်းခေါင်းဆောင်ကို ကြိတ် crush နေတယ်]
[မစ်စုန့် - ဒီတော့ အခု ငါ့ကို လာလှောင်နေတာလား! ! !]
ရှစ်ချင်နဲ့ အခြားသူတွေမပြီးခင် နာရီဝက်လောက်ကြာသွားသည်။
မိန်းကလေးတွေ ဗီလာဆီပြန်ရောက်လာတော့ ဧည့်ခန်းထဲမှာ စောင့်နေကြတဲ့ တခြားသူတွေ မရှိတော့ပေ။
ဝန်ထမ်းက ရှင်းပြလိုက်သည်။ "မူရှစ်က လှိုင်းတွေကစားချင်လို့ သူတို့အားလုံး ကမ်းခြေကိုသွားကြတယ်"
ရှစ်ချင်က သတင်းကိုကြားတော့ မျက်မှောင် နည်းနည်းကြုတ်လိုက်သည်။ "ဒီလူဆိုးကောင်လေးကတော့ ငြိမ်ငြိမ်လေးကို မထိုင်နေနိုင်ဘူး၊ သူတို့အချိန်မီပြန်လာနိုင်ပါ့မလား?"
ဝန်ထမ်းတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်သည်။ "စိတ်မပူပါနဲ့ မိန်းကလေးတွေကို အရင်ရိုက်ပေးမှာပါ့။ ယောကျာ်းလေးတွေလည်း ပြန်ရောက်လာရင် ဆံပင်နဲ့ မိတ်ကပ်တွေ ပြင်ရမှာ။ အချိန်အများကြီးရတယ်"
မိန်းကလေးတွေ အဖွဲ့လိုက်ပုံရိုက်ပြီးရင် တစ်ယောက်ချင်းစီရိုက်ဖို့ကိုလည်း စီစဉ်ထားသည်။
အမျိုးသားတွေရဲ့ ဆံပင်နဲ့ မိတ်ကပ်ပြင်ရတာက ပိုရိုးရှင်းတဲ့အတွက် ပြဿနာမရှိပါချေ။
စုန့်အာ့နန်တို့အဖွဲ့ ကမ်းခြေဆီ ရောက်တဲ့အခါ ဒဏ်ရာရထားတဲ့ စုန့်လင်းချွမ်တစ်ယောက်သာ သဲသောင်ပြင်မှာရှိနေသည်။
တခြားသူတွေကတော့ ရေထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစားနေကြသည်။
"မိုက်လိုက်တာ ငါ့ကို အထင်ကြီးသွားစေပြီ၊ ဖေးခွမ်ရဲ့ လှိုင်းစီးစကေးက အရမ်းမိုက်တာဘဲ" လီယုက ရုတ်တရက် ပြောလာပြီး ပင်လယ်ဘက်ကို ညွှန်ပြလိုက်သည်။
ဒါကိုကြားတော့ စုန့်အာ့နန်လည်း အံ့သြသွားသည်။ ဖေးခွမ်က လှိုင်းစီးတတ်တယ်လား?
သူမလည်း လီယုလက်နောက်ကို လိုက်ကာကြည့်လိုက်တော့ တကယ်လည်း ဖေးခွမ် အဲ့ဒီမှာရှိနေတာကို တွေ့လိုက်ရသည်။
ရေလွှာလျှောစီးဘုတ်ပေါ်တွင် သူက ဟန်ချက်မပျက်ရှိနေပြီး လှုပ်ရှားမှုတွေက ချောချောမွေ့မွေ့ကျွမ်းကျွမ်းကျင်ကျင်နဲ့ လှိုင်းတွေကိုဖြတ်ကျော်သွားကာ အားစိုက်စရာမလိုဘဲ ကျော့ရှင်းတဲ့ကိုယ်ဟန်အနေအထားနဲ့ ပင်လယ်ပြင်တွင် သက်သက်သာသာရှိနေသည်။
ကျီချိုးနဲ့ တန်းတူညီလုနီးပါးပင်။
စုန့်အာ့နန် အံ့သြသွားသည်။ အဲ့ဒီနေ့က သူသိမ်ငယ်နေမှာ စိုးတဲ့အတွက် သူမက တမင်သပ်သပ်အဝေးကိုခေါ်သွားခဲ့တာပင်။
ကြည့်ရတာ လုံးဝ မလိုအပ်တဲ့ပုံဘဲ။
ကမ်းခြေပေါ်က မိန်းကလေးတွေကို တွေ့လိုက်ရတော့ ယောက်ျားလေးတွေလည်း ပင်လယ်ပြင်ကနေ ပြန်လာကြသည်။
စုန့်လင်းချွမ်လည်း ချိုင်းထောက်နဲ့ ထောက်ကာ သူတို့ဆီရောက်လာသည်။
သူက စုန့်အာ့နန်ကို ကြည့်လိုက်ပြီး လေးလေးနက်နက်ချီးကျူးလိုက်သည်။ "ဒီနေ့ အန်တီလေး အရမ်းလှတာပဲ"
စုန့်အာ့နန်လည်း သူ့ကို ပြုံးပြလိုက်သည်။
စုန့်လင်းချွမ် - "အန်တီလေးအတွက် ဂါဝန်တွေဝယ်ပေးဖို့ မားကိုပြောရမယ်၊ အားကစားပစ္စည်းတွေဘဲ တစ်ချိန်လုံး ဝတ်တာရပ်ရအောင်"
စုန့်အာ့နန်က လက်အမြန်ယမ်းလိုက်ပြီး "မလိုပါဘူး ငါ့အတွက် ယောင်းမက ဂါဝန်တွေ အများကြီးဝယ်ပေးထားတာရှိတယ်"
ကျောင်းသွားတဲ့အခါ သူမအနေနဲ့ အဲ့ဒါတွေကို ဝတ်ဖို့ အခွင့်အရေးမရရုံပင်။
လီယု - "အခု တော့ လင်းချွမ်ပေါ့၊ မင်းအန်တီလေးကိုဘဲ ချီးကျူးတော့မှာလား၊ တို့ညီမတွေကိုရော ပြောစရာမရှိဘူးလား?"
"အစ်မတို့ညီမတွေကို မချီးကျူးရဲပါဘူး မဟုတ်ရင် အစ်မတို့ယောက်ျားတွေက ကျွန်တော့်ကို လာဆုံးမနေပါဦးမယ်" စုန့်လင်းချွမ်က ရယ်လိုက်သည်။
"ကျွန်တော်က မချီးကျူးချင်လို့ မဟုတ်ပါဘူး၊ မချီးကျူးရဲတာပါ"
လီယုက ပီတိဖြာသလိုပြုံးလိုက်ပြီး လက်ယမ်းပြလိုက်သည်။ "ကောင်းပြီ၊ ရှင်းပြတာကို လက်ခံတယ်"
သူတို့စနောက်နေကြတုန်းမှာ ပင်လယ်ထဲက အမျိုးသားတွေလည်း ရောက်လာကြသည်။
စုန့်အာ့နန်ကို မြင်လိုက်ရတော့ ဖေးခွမ်ခဏလောက် အံ့အားသင့်သွားပြီး သူ့မျက်လုံးထဲမှာ သဘောကျတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။
"ဝိုး အန်တီလေး၊ အန်တီလေးနဲ့ အစ်မလီတို့က မင်းသမီးလေးတွေလိုဘဲ!" ချီမူရှစ်က အော်ပြောလိုက်သည်။
သူက တခြားသူတွေကိုလည်း မေ့မထားဘဲ၊ အမြန်ပြောလိုက်သည်။ "မားနဲ့ အန်တီလီ တို့နှစ်ယောက်က ဘုရင်မနဲ့တူတယ်!"
သူ့မှတ်ချက်ကြောင့် အားလုံးရယ်လိုက်ကြသည်။ လူတိုင်းက သူ အသက်ကြီးလာတဲ့အခါကျရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာမယ်လို့ စနောက်ကြသည်။
ခဏတာ စကားစမြည်ပြောပြီးတဲ့ နောက်မှာတော့ အမျိုးသားတွေလည်း ပြင်ဆင်ဖို့ပြန်သွားကြသည်။
အမျိုးသမီးတွေကိုတော့ ဓာတ်ပုံရိုက်ဖို့ခေါ်သွားကြသည်။
တစ်နာရီကြာတော့ ယောက်ျားလေးတွေ ရောက်လာသည်။
စုန့်လင်းချွမ်ရဲ့ ခြေထောက်ဒဏ်ရာကြောင့် ဖေးခွမ်နဲ့ စုန့်လင်းချွမ်က အခြားသူတွေကို မစောင့်တော့ဘဲ အရင်ထွက်လာသည်။
နှစ်ယောက်လုံးက suit တွေ ၀တ်ထားကြပေမယ့် စတိုင်လ်ကတော့ နည်းနည်း ကွဲသည်။
စုန့်လင်းချွမ်က အပြာရောင်ရှပ်အင်္ကျီနဲ့ မီးခိုးရောင် suit အပေါ်ထပ်ကို ၀တ်ထားပြီး ရှပ်လည်ပင်းနားမှာ ပေါ့ပေါ့ပါးပါး ကြယ်သီးဖြုတ်ထားသည်။ သူ့ခြေထောက်ကြောင့် မီးခိုးရောင် suit ဘောင်းဘီရှည်အစား အတိုဝတ်ထားသည်။
သူ့ဆီကနေ ယောက်ျားဆန်တဲ့ လေထုကို ထုတ်လွှတ်နေသည်။
ဖေးခွမ်က နည်းနည်းပိုပြီး တခမ်းတနားဆန်သည်။ သူကအနက်ရောင် suit၊ ရှပ်အဖြူနဲ့ ကောင်းကင်ပြာရောင် လည်စည်းတို့နဲ့ဖြစ်သည်။
အဖြူနုနုနဲ့ နက်မှောင်မှောင်အရောင်တို့ပေါင်းစပ်မှုက ထူးကဲလှတဲ့ ခြားနားမှုကို ဖန်တီးပေးသည်။ အဖြူအမည်း အရောင်အသွေးက ကျက်သရေရှိစေပြီး၊ သန့်စင်ကာနူးညံ့သိမ်မွေ့တဲ့ ရောင်ဝါကို ပေးစွမ်းသည်။
[Holy crap! စုန့်လင်းချွမ်ရဲ့ ခပ်မိုက်မိုက်ပုံစံက အံအားသင့်စရာဘဲ။ ကြိုက်တယ်!]
[ဂါးးး ဖေးခွမ်ဆီကနေ တားမြစ်ထားတဲ့ရောင်ဝါတွေ ယိုစိမ့်ထွက်နေတယ်! ဒီလူကို ဘယ်လိုလုပ်ရင်ရနိုင်မလဲ]
[suit တွေနဲ့ သေအောင်သတ်နေတာဘဲ၊ အရမ်းကကည့်ကောင်းကြတာဘဲ]
[ဝါးးး ငါကလွယ်ပါတယ် စုန့်လင်းချွမ်ဖြစ်ဖြစ် ဖေးခွမ် ဖြစ်ဖြစ် တစ်ယောက်လောက် ကျေးဇူးပြုပြီးတော့]
[အားးး၊ ငါ့ကို ဒီလို ယောက်ျားမျိုးနဲ့ သဘောတူရင် ငါတစ်သက်လုံး သတ်သတ်လွတ်ပဲ စားတော့မယ်!]
[ထုတ်လုပ်ရေးအဖွဲ့ရေ ငါတို့ကို နိုးထအောင် လုပ်လိုက်တာဘဲ!]
[ငါ့အမေက ငါဘာလို့ မနှစ်မျို့စရာကောင်းအောင်ပြုံးနေတာလဲလို့မေးတယ် - ဘာလို့လဲဆိုတော့ အရမ်းဟော့တဲ့ယောက်ျားတွေကို ကြည့်နေရလို့လေ]
[အိုးး စုန့်အာ့နန်ရဲ့ ဝတ်စုံက အပြာရောင်ဖြစ်ပြီးတော့ စုန့်လင်းချွမ်ရဲ့ ရှပ်အင်္ကျီကလည်း အပြာရောင်၊ ပြီးတော့ ဖေးခွမ်ရဲ့လည်စည်းကလည်း အပြာရောင်ဘဲ။ စတိုင်လစ်တွေက အသေးစိတ်ကို သေချာအာရုံစိုက်ထားတာဘဲ]
ဓာတ်ပုံဆရာက ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ ရောက်လာတာကို တွေ့လိုက်ရတဲ့အတွက် အန်တီလေးအဖွဲ့ကို အရင်ဆုံး ရိုက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က ဓာတ်ပုံရိုက်တဲ့ နေရာမှာ အရမ်းကျွမ်းကျင်ကြပြီး သူတို့နှစ်ယောက်က ဖက်ရှင်မဂ္ဂဇင်းအမျိုးမျိုးရဲ့ မော်ဒယ်တွေလည်းဖြစ်ကြသည်။
ယှဉ်ကြည့်ရင် စုန့်အာ့နန်က အစပိုင်းမှာ ပိုပြီးတောင့်တင်းနေသည်။
ဒါပေမယ့် စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့က သူမနဲ့အတူတူလိုက်ပါပြီး မုဒ်ဝင်အောင် တွန်းပို့ရင်း ဖြည်းဖြည်းချင်း ခံစားချက်ကိုရှာကြသည်။
အုပ်စုပုံတွေအများကြီး ရိုက်ပြီးသွားတဲ့နောက်မှာ ကျွန်းပေါ်က နာမည်ကြီးတဲ့ နေရာတချို့ဆီသွားကာ ရိုက်ကြသည်။
နောက်ဆုံးတော့ ဓာတ်ပုံဆရာက သူတို့ သုံးယောက်ကို ကမ်းခြေဆီ ပြန်ခေါ်လာလိုက်သည်။
"ဟုတ်တယ် အန်တီလေးက အလယ်မှာ ရပ်လိုက်၊ ဆရာဖေး နဲ့ ဆရာစုန့်က ဘေးတစ်ဖက်တစ်ချက်မှာ ရပ်လိုက်၊ နည်းနည်းကပ်မယ်"
"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ အန်တီလေးက မေးကို နည်းနည်းမော့လိုက်၊ ကိုယ့်ကိုယ်ကို မင်းသမီးလေးလို့ စိတ်ကူးကြည့်၊ သူတို့က မင်းရဲ့ သူရဲကောင်းတွေ..."
ဒါကိုကြားတော့ စုန့်အာ့နန် မနေနိုင်ဘဲ နည်းနည်းရှက်သွားရသည်။
တခြားသူတွေကို သူမရဲ့ သူရဲကောင်းတွေလို့ တွေးဖို့မပြောနဲ့ သူမကိုယ်တိုင်တောင် မင်းသမီးတစ်ယောက်လို့ ဘယ်တုန်းကမှ မတွေးမိဖူးဘူး။
ဓာတ်ပုံဆရာရဲ့ တောင်းဆိုချက်အရ စုန့်အာ့နန်က ကမ်းခြေပေါ်မှာ ခြေဗလာနဲ့ ရပ်လိုက်ပြီး သူမရဲ့တစ်ဖက်တစ်ချက်မှာတော့ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ ရပ်လိုက်ကာ သုံးယောက်သား တြိဂံပုံစံဖြစ်သွားသည်။
ပင်လယ်လေက တိုက်ခတ်လာကာ သူမရဲ့အပြာရောင် ဂါဝန်က လေထဲမှာ တဖျပ်ဖျပ်လွင့်နေပြီး ဖေးခွမ်ရဲ့ ခြေထောက်နားမှာ ရှိနေသည်။
ဓာတ်ပုံဆရာက ဒီအခိုက်အတန့်ကို အမိ ဖမ်းရိုက်မိလိုက်သည်။
[မင်းသမီးလေးနဲ့ သူ့ရဲ့ သူရဲကောင်း နှစ်ယောက်၊ အားးး၊ ဓာတ်ပုံဆရာက ငါတို့ကို နားလည်နေတာဘဲ]
[ဒီသုံးယောက်ရဲ့ ပုံစံတွေက ကောင်းကင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး အတူတူရပ်နေကြတာက မျက်စိကျစရာ ကောင်းလွန်းတယ်]
[ဝူးဝူးဝူး အန်တီကို နည်းနည်းတော့ မနာလိုဖြစ်မိတယ်၊ ထိပ်တန်းနှစ်ယောက်က သူ့ရဲ့သူရဲကောင်းအဖြစ် ဖြစ်ရတယ်။ ငါတော့ အားကျတယ်ဆိုတာကိုဘဲ ပြောနေရတာ မုန်းလာပြီ]
[အမ်... ဒီပုံမှာဆို အန်တီလေးနဲ့ ဆရာဖေးတို့နှစ်ယောက်က ပိုပြီး လိုက်ဖက်တယ်လို့ ငါခံစားရတယ်။ ဆရာစုန့်ကျတော့နည်းနည်း မလိုလောက်တဲ့ပုံဘဲ]
[အပေါ်ထပ်က ညီအစ်မရေ၊ ငါ့ကောကော ဘယ်မှာ ချို့တဲ့နေလို့လဲ၊ ရှင်းပြပါဦး!]
[အိုး... သူ့ခြေထောက်ပေါ်က ကျောက်ပတ်တီးက သူ့ကို နည်းနည်း ရယ်စရာ ဖြစ်စေတယ်]
[ကောင်းပြီ၊ အဲဒါကိုတော့ ငြင်းလို့မရဘူး။ ငါ့ကောကောက ဒီနေ့ဝတ်စုံအတွက် ရွေးချယ်စရာမရှိဘူးလေ။ ဒီကျောက်ပတ်တီးက ခြေထောက် အလှကို တကယ်ပျက်စီးစေတယ်]
[စုန့်လင်းချွမ်- ဒါဆို ငါထွက်ပြီ!]
နောက်ဆုံးတော့ ဓာတ်ပုံရိုက်တာ ပြီးသွားသည်။ စုန့်အာ့နန်လည်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
ဓာတ်ပုံရိုက်ရတာ တကယ်ကို အားအင်တွေ အများကြီးစုပ်ယူသွားသလို ခံစားရသည်။
မဟုတ်ဘူး၊ အဲဒါက နည်းပညာလိုတယ်၊ အနည်းဆုံးတော့ သူမကိုယ်တိုင် မလုပ်တတ်ဘူးလေ။
ဒီနေ့မှာ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့သာ သူမကို မသင်ပေးခဲ့ရင် ရိုက်ကူးရေးက ဘယ်အချိန်မှ ပြီးမလဲမသိဘူး။
စုန့်အာ့နန်နဲ့ ဖေးခွမ်တို့က စုန့်လင်းချွမ်ကို ကူတွဲပေးရင်း အနီးနားက အခြား guest တွေ စောင့်နေတဲ့နေရာဆီသွားလိုက်သည်။
အားလုံးစုပြီးရှိနေကြတော့ တိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်နေကြတဲ့သူတွေက ချောမောလှတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေကြောင့် မျက်စိအစာကျွေးဖို့ ဒီလိုလုပ်တာလို့ ဆိုကြတော့သည်။
စုန့်အာ့နန်ရောက်လာတော့ မပျော်မရွှင်နဲ့ နှုတ်ခမ်းစူနေတဲ့ ချီမူရှစ်ကို သတိထားမိသွားသည်။
"ညီမရှစ်ချင်၊ မူရှစ် ဘာဖြစ်လို့လဲ?" သူမက ရှစ်ချင် ကိုမေးလိုက်သည်။
ရှစ်ချင်က စိတ်ဆိုးနေတဲ့ သားဖြစ်သူကို ငုံ့ကြည့်လိုက်ပြီး ရယ်ကာပြောလိုက်သည်။ “သူ့ဝတ်စုံကို မကြိုက်လို့လေ”
စုန့်အာ့နန်က တခြား အမျိုးသား guest တွေလိုမျိုး ချီမူရှစ်ရဲ့ အဝတ်အစားတွေကို ကြည့်လိုက်သည်။ သူလည်း suitဝတ်ထားသည်။
"ကြည့်လို့ကောင်းပါတယ်" သူမက ပြောလိုက်သည်။ "မူရှစ်က suit နဲ့ဆိုတော့ လူကြီးလူကောင်းဆန်ဆန်နဲ့ မင်းသားလေးလိုဘဲ"
ချီမူရှစ်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး ရှစ်ချင်နဲ့ ချီဟွေ့တို့ကြားမှာ သွားရပ်လိုက်သည် ။"ကျွန်တော်က သူတို့အတွက် ပန်းပွင့်ကောင်လေးနဲ့ တော်တော်လေးကိုတူတယ်လို့မထင်ဘူးလား?"
စုန့်အာ့နန် အံ့သြသွားသည်။
အမ်း.... တကယ်လည်း နည်းနည်းတူတယ်။
ရှစ်ချင်က အဖြူရောင်ဂါဝန်ရှည်နဲ့ဖြစ်ပြီး၊ ချီဟွေ့ကတော့ အနက်ရောင် suit နဲ့ဖြစ်ကာ သူတို့နှစ်ယောက်က မင်္ဂလာဝတ်စုံဝတ်ထားတဲ့ပုံနဲ့ တော်တော်လေးကိုတူနေသည်။
ချီမူရှစ်က အပြာရောင် suit ကို ၀တ်ထားသည်၊ အဓိကအချက်ကတော့ သူ့မှာ အနီရောင်ဖဲပြားလေးပါနေတာပင်။
သူ့တစ်ယောက်တည်းကို ကြည့်လိုက်ရင် ဘာမှ သိပ်မဖြစ်ပေမယ့် သူ့မိဘတွေကြားမှာ ရပ်လိုက်တော့ ပန်းကလေးတစ်ပွင့်လို ဖြစ်နေသည်။
စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုကို မြင်တော့ ချီမူရှစ်က ပိုလို့တောင် စိတ်ပျက်သွားသည်။
ဟင်း၊ မင်းသားလေးလို ဝတ်ချင်ပေမယ့် ပန်းကလေးအဖြစ်နဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
ချီမူရှစ်ရဲ့ စကားလုံးတွေကြောင့် လှုံ့ဆော်ခံလိုက်ရတာဖြစ်မည်။ သူတို့အတွက် ဓာတ်ပုံဆရာက မင်္ဂလာပွဲအပြင်အဆင်ဆီ ဦးတည်ခေါ်သွားလိုက်သည်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဓာတ်ပုံရိုက်နေရင်း ချီမူရှစ်လည်း သူဟာ သူ့မိဘတွေအတွက် ပန်းကလေးတစ်ပွင့်အဖြစ် အမှန်တကယ်ကို အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရသည်။
လီယု၊ ကောရှို့နဲ့ လီသော်တို့ သုံးယောက်ကတော့ တက်တက်ကြွကြွနဲ့ နောက်ပြောင်ရတာကို သဘောကျတာကြောင့် ရိုက်ကူးရေးမှာ တက်ကြွအသက်ဝင်လာသည်။
ကျီချိုးပိုင်၊ ကျီအန်နဲ့ ကောင်းယန်တို့ အဖွဲ့ကလည်း ရုပ်ရည်က မဆိုးပေ။ suit ဝတ်ထားတဲ့ ယောက်ျားလေးသုံးယောက်ပုံက ဖက်ရှင် မဂ္ဂဇင်းအတွက် ရိုက်ကူးနေပုံပေါက်ကာ ဓါတ်ပုံဆရာကလည်း အဲ့ဒီပုံစံအတိုင်း ရိုက်သည်။
အဖွဲ့လေးဖွဲ့လုံး ရိုက်ပြီးသွားတဲ့အခါမှာတော့ ဓါတ်ပုံဆရာက အားလုံးကို ခေါ်လိုက်ပြီး နောက်ဆုံးအဖွဲ့ဓာတ်ပုံတစ်ပုံကို အတူတူရိုက်ဖို့လုပ်လိုက်သည်။
ညွှန်ကြားထားတဲ့အတိုင်း အားလုံးက ပင်လယ်ဘက်ကိုမျက်နှာမူကာ အတန်းလိုက်ရပ်လိုက်ပြီး သူတို့ရဲ့ နောက်ကျောပုံကို ရိုက်လိုက်သည်။
စုန့်အာ့နန်က စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကြားမှာ ရပ်နေပြီး ပုခုံးချင်းထိနေကာ နီးနီးကပ်ကပ် ရပ်နေကြသည်။
ရုတ်တရက် သူမတို့ လက်ချောင်းထိပ်တွေက နည်းနည်း ထိမိသွားပြီး သူမကျောရိုးတစ်လျောက်အထိ ထုံကျင်သွားသည်။
စုန့်အာ့နန် လန့်သွားပြီး ဖေးခွမ်ဆီ အလိုလို လှမ်းကြည့်လိုက်သည်။
စောစောတုန်းက အဖြစ်အပျက်ကို သူ သတိမထားမိတဲ့ပုံပေါ်ပြီး တစ်ဖက်က ကောရှို့ဘက်ခေါင်းစောင်းကာ စကားစမြည်ပြောနေသည်။
နေရောင်ထဲတွင် သူ့ရဲ့ နှာတံမြင့်မြင့်၊ မေးရိုးချွန်ချွန်၊ ပြုံးနေတဲ့ မျက်လုံးတွေက နေရောင်ထက်ပင် ပိုလို့တောင် တောက်ပနေသည်။
ဒီအခိုက်အတန့်တွင် သူမရင်ထဲမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွားတဲ့ပုံပင်။
အရင်တစ်ခေါက် escape room ထဲကလိုဘဲ တဒုန်းဒုန်းနဲ့ပင်။
ဒီခံစားချက်ဟာ အရင်တုန်းက တစ်ခါမှ မပေါ်လာဖူးတဲ့ ထူးဆန်းလွန်းတဲ့ ခံစားချက်တစ်ခုပင်။
ဒါပေမယ့် အဲ့ဒါက မကြိုက်တဲ့ပုံလည်း မပေါ်ဘူး။
နွေးထွေးတဲ့ ပင်လယ်လေညင်းက သူမရဲ့ဆံစတွေကိုဖြတ်ကျော်ကာ၊ လွင့်နေတဲ့ဆံမျှင်စတွေက သူမရဲ့နားရွက်နောက်ကို ယားကျိကျိ ဖြစ်သွားစေသည်။
စုန့်အာ့နန်က သူမရဲ့ လက်ချောင်းထိပ်တွေကို ဖြည်းဖြည်းလေး ပွတ်လိုက်ပြီး အဝေးတစ်နေရာကို ငေးကြည့်နေတဲ့ သူမအကြည့်တွေကလည်း နည်းနည်းလှုပ်ရှားသွားသည်။
ကင်မရာ မှန်ဘီလူးက အနောက်ဘက် အဝေးတစ်နေရာကနေ ပင်လယ်ရှုခင်းပါ ပါအောင် ချိန်လိုက်သည်။
ကောင်းကင်ပြာပြာအောက်က အဖြူရောင် အမြုပ်တွေနဲ့ စိမ်းမြမြ ပင်လယ်နဲ့အတူ လှပတဲ့ ကျောပြင်တစ်တန်းကို အချိန်တိုင်းအတွက် အမှတ်တရ ရိုက်ယူနိုင်လိုက်သည်။
[Our Dearest Us] Season 3ဟာလည်း၊ ဒီမှာဘဲ အဆုံးသတ်သွားသည်။
ဒါပေမယ့် ဒီနွေရာသီနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းကတော့ အခုမှစမှာပင်!