← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ရှိုးပြီးသွားတဲ့နောက်မှာ gust တွေလည်း ပြန်ရတော့မည်။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က S City ဆီ ပြန်ကြမည်ဖြစ်သည်။

​

သူမရဲ့ ကျောင်းကအခုထိ မစသေးသလို စုန့်လင်းချွမ်ကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အထိ နားရမှာဖြစ်တာကြောင့် ဘာ schedule မှ မရှိပေ။ အဲ့ဒါနဲ့ နှစ်ယောက်သား အိမ်ပြန်ပြီး မိသားစုနဲ့ ခဏလောက်သွားနေဖို့ လုပ်ထားသည်။

သူတို့ရဲ့ လေယာဉ်ချိန်က တခြားသူတွေထက် စောနေတာကြောင့် ဒီနေရာမှာ ရိုက်ကူးရေးပြီးတာနဲ့ သွားရတော့မည်။

ချီမူရှစ်က စုန့်အာ့နန်ရဲ့လက်ကို ကိုင်ထားပြီး ခွဲဖို့ တွန့်ဆုတ်နေသည်။ "အန်တီလေး ကျောင်းတက်ဖို့ B City ကိုပြန်ရောက်ရင် အန်တီလေးဆီ လာလည်လို့ရမလား?"

စုန့်အာ့နန်က သူ့ကို ပုခုံးကိုပုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ဒါပေါ့ လာလို့ရတာပေါ့။ ငါတို့ ဆက်သွယ်ပြီး မင်းကို ငါတို့တက္ကသိုလ်ရဲ့ Artificial Intelligence ဌာနကို လိုက်ပြပေးမယ်လေ"

အဲ့ဒီတစ်ခေါက်တုန်းက သူတို့နှစ်ယောက် လူလုပ်မှတ်ဉာဏ်တုအကြောင်း ဆွေးနွေးပြီးကတည်းက ချီမူရှစ်တစ်ယောက် အဲ့ဒါကို အရမ်းစိတ်ဝင်စားနေတဲ့ပုံရသည်။

ဖြစ်ချင်တော့၊ အဲ့ဒီ AI မေဂျာက အထက်တန်းကျောင်းသားတစ်ယောက်နဲ့ စုန့်အာ့နန် သိတာကြောင့် နောက်ပိုင်း သူမကို မေးတဲ့အခါ ပြဿနာရှိမည်မဟုတ်ပေ။

ဒါကိုကြားတော့ ချီမူရှစ်က ဝမ်းသာအားရနဲ့ လျက်ချင်စခုန်ပေါက်တော့သည်။

သူ ဒီနယ်ပယ်ကို တကယ်စိတ်ဝင်စားသည်။ အရင်ကတော့ ဒီကိစ္စနဲ့ စုန့်အာ့နန်ကို အနှောက်အယှက်ပေးဖို့ အရမ်းအားနာနေခဲ့တော့ သိပ်ပြီးမပြောပြဖြစ်ခဲ့ပေ။ ဒါကို သူမ စိတ်ထဲမှာ ထားထား‌မှန်း သူ မထင်ထားဘူး။

သူရဲ့ဝမ်းသာမှုထဲ ချီမူရှစ်တစ်ယောက် ရင်ထဲမှာ နည်းနည်း လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။

"အန်တီလေးစုန့်က အခုချိန်ကစပြီး ကျွန်တော့်ရဲ့ တကယ့်အန်တီလေးဖြစ်သွားပြီ!"

စုန့်လင်းချွမ်က ချက်ချင်းကန့်ကွက်လိုက်သည်။ "မရဘူး၊ ငါ ဆိုတဲ့ တူတစ်ယောက်ဘဲရှိရမယ်!"

စုန့်လင်းချွမ်က ဒီလိုပြောနေပေမယ့် သူ့အန်တီလေးကိုတော်တော်များများက သဘောကျကြတာကို တွေ့တော့ သူအရမ်းဝမ်းသာသည်။

သူက နည်းနည်းဂုဏ်ယူသလိုတောင် ခံစားရသေးတယ်။

သူ့အန်တီလေးကို ကြည့်လိုက်ရုံနဲ့ သူ ဘယ်သွားသွား အရမ်းသဘောကျကြတယ်။

ချီမူရှစ်က ခေါင်းကုတ်လိုက်ပြီး "ဟုတ်ပါတယ်၊ အစ်ကိုက တကယ့်တူလေး၊ ကျွန်တော်က ဒီတိုင်း နာမည်ခံတူလေးပါ"

အားလုံးက ခဏလောက် ကြောင်သွားရပြီး သူ့အတွေးကြောင့် ရယ်မောလိုက်ကြသည်။

"နာမည်ခံတူလေး"က ဘာလဲ?

ဒီကလေးရဲ့ ဦးနှောက်ပတ်လမ်းတွေက အရမ်းလွန်တာဘဲ။

ချီရှစ်က သူမရဲ့ ကြောင်တောင်တောင် သားလေးကို ကြည့်ပြီး မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။

ချီမူရှစ်ရဲ့ အမူအရာကို မြင်လိုက်ရတော့ ချီဟွေ့လည်း စိတ်ညစ်သွားရသည်။

သူ့သားက ဘယ်လိုပုံစံလဲဆိုတာ သူကောင်းကောင်းသိသည်။

ဒီကောင်လေးက တနေကုန် ဂရုမစိုက်ဘဲ ပြုမူနေတတ်ပေမယ့် တကယ်တမ်းကျတော့ သူ့စိတ်က မာနကြီးပြီး သူတကယ်သဘောကျတဲ့သူ သိပ်မရှိပေ။

အရင်တစ်ခေါက် ရိုက်ကူးရေးပြီးသွားလို့ ချီမူရှစ် အိမ်ပြန်ရောက်လာတဲ့အခါ သူပြောသမျှက "အန်တီလေးစုန့်"အကြောင်းပဲ ဖြစ်သည်။

အဲ့ဒီအချိန်တုန်းက၊ ချီဟွေ့မှာ အဲ့ဒီကောင်မလေးက သူ့ရဲ့ ပထမဆုံး crush လို့ ထက်ခဲ့တာဖြစ်သည်။ ချီမူရှစ်က သူမရဲ့တူလေးဖြစ်လာဖို့ အရမ်းစိတ်အားထက်သန်နေလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဒါကတကယ်ကို....အဓိပ္ပါယ်ဖော်လို့မရတဲ့ အရာဘဲ။

ချီဟွေ့က စုန့်အာ့နန်ကို မသိစိတ်ကနေ ကြည့်လိုက်သည်။ တကယ်တော့ ဒီကိုမရောက်ခင်ကတည်းက ဒီအန်တီလေးကို သူတော်တော် သိချင်နေခဲ့တာဖြစ်သည်။

နောက်ဆုံးတော့၊ သူ့မိန်းမနဲ့ သားနှစ်ယောက်လုံးဆီကနေ တစ်ယောက်ယောက်ကို ချီးကျူးနေတာက အသောမသတ်နိုင်ခဲ့ပေ။

ဒီနယ်ပယ်မှာ နှစ်အတော်ကြာရှိ‌နေပြီးတဲ့နောက်၊ ချီဟွေ့အနေနဲ့ သူ့ရဲ့လူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ စွမ်းရည်အပေါ် ယုံကြည်မှုရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမနှင့် နည်းနည်းပါးပါး ပြောဆိုဆက်ဆံကြည့်ပြီးတဲ့နောက် ဘာကြောင့်လဲဆိုတာ နောက်ဆုံး သူနားလည်လိုက်သည်။

အန်တီလေးက ငယ်ရွယ်ပေမယ့် မောက်မာတာ ဒါမှမဟုတ် အလိုလောဘတွေမရှိဘဲ အခြားသူတွေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သည်။ အရေးကြီးဆုံးကတော့ သူမမှာ ရှားရှားပါးပါး ဖြူစင်မှု ရှိတာပင်။

ဒီဖြူစင်မှုကြောင့် သူမဟာ အခြားသူတွေကို စစ်မှန်စွာရိုးရိုးသားသားနဲ့ ဆက်ဆံသည်။

ဥပမာ ချီမူရှစ်ကိုဘဲကြည့် - သူက စည်းကမ်းမရှိတဲ့ကောင်ဆိုးလေးဖြစ်ပေမယ့် ရုတ်တရက် AIအကြောင်းစိတ်ဝင်စားလာတဲ့အခါ စုန့်အာ့နန်က သူ့ကို ငယ်သေးလို့ ဒါမှမဟုတ် စာမတော်တဲ့ကျောင်းသားဖြစ်လို့ လှည့်စားတာမျိုးမဟုတ်ဘဲ အဲ့ဒီအစား အလေးအနက်ထားပေးသည်။

သူမဟာ သူ့ကို ခြွင်းချက်မရှိ ယုံကြည်မှုနဲ့ လေးစားသမှုထားပေးသည်။

အကြောင်းမှာ သူနဲ့ ရှစ်ချင်တို့ ဒီနေရာမှာ စုန့်အာ့နန်ဆီကနေ သင်ယူသင့်တဲ့အကြောင်း သီးသန့်စကားစမြည်ပြောဖူးတာကြောင့်ပင်။

ဒါကိုစဉ်းစားရင်းနဲ့ ချီဟွေ့က စုန့်လင်းချွမ် ဘက်ကို အပြုံးနဲ့အတူကြည့်လာပြီး မေးလိုက်သည်။ "မင်းဒဏ်ရာက ပြန်ကောင်းဖို့ အချိန်နည်းနည်းယူရမှာ မဟုတ်လား?"

စုန့်လင်းချွမ်မှာ ချီဟွေ့က ရုတ်တရက် သူ့ကိုစကားလာပြောတာကြောင့် သတိမထားမိဘဲ ခဏလောက် တန့်သွားသည်။

"ဟုတ်တယ်၊ ဆရာဝန်က နှစ်လ၊ သုံးလလောက်ကြာမှ ပြန်ကောင်းလာလိမ့်မယ်လို့ ပြောတယ်"

ချီဟွေ့က ခေါင်းနည်းနည်းညိမ့်ပြလိုက်သည်။ "ငါ့ရဲ့ လာမယ့်ဇာတ်ကားကို နောက်သုံးလဆိုစရိုက်မှာ။ မင်းနဲ့ အရမ်းလိုက်ဖက်မယ်လို့ ထင်တဲ့ ဇာတ်ကောင်နေရာတစ်ခု ရှိတယ်၊ အဲဒါအတွက် စိတ်ဝင်စားလား?"

ဒီစကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။

စုန့်လင်းချွမ်ကို ကြည့်လာတဲ့သူတို့ရဲ့အကြည့်တွေက ချက်ချင်းအားကျတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။

တကယ်တော့၊ ဒီနယ်ပယ်ထဲက မရေမတွက်နိုင်တဲ့လူတွေဟာ ချီဟွေ့ရဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရဖို့ အသည်းအသန် လိုချင်နေကြတာဖြစ်သည်။

အထူးသဖြင့် idolကနေ သရုပ်ဆောင်ဘက်ကို အမြန်ကူးလာတဲ့ စုန့်လင်းချွမ်လိုမျိုး တစ်စုံတစ်ယောက်အတွက်ဆို၊ ချီဟွေ့ရဲ့ဇာတ်ကားတွေထဲတွင် အရေးမပါတဲ့ ဇာတ်ပို့နေရာမှ ပါဝင်သရုပ်ဆောင်ခွင့်ရတာက ရုပ်ရှင်လောကမှာ ခြေကုပ်ရသွားသလိုပင်။

စုန့်လင်းချွမ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး မတတ်နိုင်ဘဲ စိတ်လှုပ်ရှားတဲ့အသံနဲ့ ပြောလိုက်သည်။ "ဒါရိုက်တာချီနဲ့ အတူတွဲလုပ်ရမှာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"

ချီဟွေ့က ပြုံးလိုက်သည်။ "အဓိက ဇာတ်ကောင်မဟုတ်ပေမယ့် ဇာတ်ညွှန်းကတော့ တော်တော်များတယ်။ ဇာတ်ညွှန်းကို မင်းရဲ့ အေးဂျင့်ဆီ ပို့လိုက်မယ်၊ အရင်ကြည့်ကြည့်လိုက်ပေါ့"

စုန့်လင်းချွမ်က ချက်ချင်းသဘောတူလိုက်သည်။ "ဒီအခွင့်အရေးကို ပေးတဲ့အတွက် ဒါရိုက်တာချီကို ကျေးဇူးတင်ပါတယ်"

ဒါကို 'အခွင့်အရေး' လို့ ခေါ်တာ ချဲ့ကားပြောတာ မဟုတ်ပါ‌ချေ။ ချီဟွေ့လိုမျိုး နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဘက်ကနေ သူ့လိုအဆင့်နိမ့် သရုပ်ဆောင်ဆီ အရင်အစပျိုး သံလွင်ခက်ကမ်းလာတာက ကြီးမားလှတဲ့ တိုးတက်မှုတစ်ခုဖြစ်သည်။

စုန့်လင်းချွမ်အနေနဲ့ ဒီလောဂျစ်ကို နားလည်သလို ဒီမှာရှိနေကြတဲ့ လူတိုင်းလည်း နားလည်ကြသည်။

ချီဟွေ့က လက်ယမ်းပြလိုက်ပြီး အရွှန်းဖောက်လာသည်။ "ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါ့သားက မင်းအန်တီလေးရဲ့ ဂုဏ်ထူးဆောင်တူလေး ဖြစ်ချင်နေတာ၊ ဒါကြောင့် ငါတို့ အခုဆက်စပ်နေတယ်လို့ ယူဆလို့ရတယ်"

အခြားလူတွေလည်း သူနဲ့အတူ လိုက်ရယ်ကြတော့သည်။

ချီဟွေ့က ဒါကိုဟာသအနေနဲ့ ပြောလိုက်ပေမယ့် အကုန်လုံးမှန်နေတာတော့ မဟုတ်ပေ။

စုန့်လင်းချွမ်က ချီဟွေ့ မျက်လုံးထဲဝင်လာတယ်ဆိုတာ စုန့်အာ့နန်နဲ့ တစ်ခုခုဆက်စပ်နေမှန်း လူတိုင်းသိသည်။

စုန့်လင်းချွမ်လည်း အပါအဝင် ဒါကိုကောင်းကောင်းသိသည်။

ဒါပေမယ့် စုန့်လင်းချွမ် အတွက်ကတော့ သူ့ကိုယ်ပိုင်အဆုံးသတ်အထိ အောင်မြင်ဖို့အတွက် စုန့်အာ့နန်ကို တက်တက်ကြွကြွနဲ့ အသုံးချမှာ မဟုတ်ပါချေ။ ဒါပေမယ့် အခြားသူတွေက သူ့အန်တီလေးကို သဘောကျပြီး သူ့အတွက်လည်း အကျိုးရှိမယ်ဆိုရင်တော့ သူစိတ်ထဲမထားပါချေ။

ဘာဘဲဖြစ်ဖြစ် စုန့်အာ့နန်က သူ့ရဲ့ ချစ်လှစွာသော အန်တီလေးပဲလေ။

ဖေးခွမ်လည်း စုန့်လင်းချွမ်အတွက် တကယ်ဝမ်းသာသည်။

စုန့်အာ့နန်တို့ တူဝရီးနှစ်ယောက် သွားရတော့မယ့်အချိန်ဖြစ်သည်။

ဖေးခွမ်က နောက်လေယာဉ်နဲ့ B City ဆီ တိုက်ရိုက်ပြန်မှာကြောင့် သူတို့နဲ့အတူ လေဆိပ်ကိုသွားလိုက်သည်။

သူ့အတွက်ကတော့၊ လေဆိပ်က နားနေခန်းမှာစောင့်နေရတာက ဘာကွာခြားချက်မှ မရှိပါချေ။

လေဆိပ်နားနေခန်းတွင်...

စုန့်အာ့နန်က ချိုးချိုးကို B City ဆီပြန်ခေါ်သွားမည်ဖြစ်ပြီး အခုတော့ ကြောင်လေးကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ သူတို့မခွဲရခင် အချိန်လေးကို အမြတ်တနိုးထားနေသည်။

အဲ့ဒီအချိန်မှာ ဖေးခွမ်စုန့်နဲ့ လင်းချွမ်တို့က တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေကြသည်။

စုန့်လင်းချွမ်က မေးလာသည်။ "ပြန်လာရင် မင်းမှာဘာအစီအစဉ်ရှိလဲ?"

ဖေးခွမ်က ပြန်ပြောလိုက်သည်။ "တချို့တလေတော့ရှိတယ်၊ ပြီးရင် ဒရာမာတစ်ခုစရိုက်ရမှာ"

စုန့်လင်းချွမ်ရဲ့ မျက်ခုံးတွေက ပင့်တက်သွားပြီး "ဒါရိုက်တာလီဘက်က အတည်ပြုပြီးပြီလား?"

ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး "ဒီတစ်ခေါက် က စာချုပ်မှာ လက်မှတ်ထိုးဖို့ ပြန်မှာ"

ဒါကိုကြားတော့ စုန့်လင်းချွမ်လည်း ဖေးခွမ်အတွက် ဝမ်းသာသွားရသည်။

ဒီနယ်ပယ်တွင် ဒါရိုက်တာလီရဲ့ သြဇာလွှမ်းမိုးနိုင်မှုဟာ ချီဟွေ့နဲ့ တန်းတူဖြစ်တာကြောင့် ဖေးခွမ်နဲ့တွဲလုပ်ရတာက သတင်းကောင်းဘဲဖြစ်သည်။

စုန့်လင်းချွမ်က တစ်ခုခုကို တွေးမိသွားပြီး စိတ်ပျက်အားငယ်စွာနဲ့ ရုတ်တရက် ပြောလိုက်သည်။ "အင်း မင်းက ငါ့ထက်တောင် ပိုစွမ်းဆောင်နိုင်သေးတယ်။ ဒါရိုက်တာလီဆီက အာရုံစိုက်မှုကို မင်းကိုယ်တိုင် ယူနိုင်တဲ့အချိန်မှာ၊ ငါကတော့ ငါ့အန်တီလေးရဲ့ကျော်ကြားမှုကိုမှီခိုပြီး ဒါရိုက်တာချီ‌ဆီကနေ အာရုံစိုက်ခံခဲ့ရတာ"

ဖေးခွမ်က သူ့ကိုကြည့်ကာ အေးစက်စက် ရယ်လိုက်ပြီး "မင်းလာကြွားနေတယ်လို့ ငါမပြောဘူးလို့ မထင်နဲ့နော်"

လက်ပူးလက်ကြပ်ဖမ်းမိသွားတော့ စုန့်လင်းချွမ်က ခိုးရယ်လိုက်ပြီး "ဘယ်လိုလဲ၊ မနာလိုတာလား?"

ငါ့မှာ ဒီလိုမျိုးအန်တီလေးရှိနေလို့လေ

ဖေးခွမ်က သူ့ကို တုံ့ပြန်ဖို့ ပျင်းသွားသည်။

ဒီကောင်က မသေမချင်း ကြွားလုံးထုတ်တာ ရပ်မှာမဟုတ်ဘူး။

မကြာခင် လေယာဉ်ပေါ်တက်ဖို့ အချိန်ကျလာသည်။

စုန့်အာ့နန်က ချိုးချိုးကို ဖက်ထားပြီး ခွဲဖို့ ဝန်လေးနေသည်။ "ချိုးချိုး နင်အိမ်အသစ်ရောက်သွားရင် ငါ့ကိုမမေ့နဲ့နော်။ ငါပြန်လာရင် မင်းကိုလာတွေ့မယ်!"

နွေရာသီအားလပ်ရက် ခရီးတစ်ဝက် ရှိသေးတာကြောင့် သူမက ချိုးချိုးကို အကြာကြီး တွေ့ရမှာမဟုတ်ဘူးဆိုတဲ့ အတွေးက သူမကို ခွဲရဖို့ ပိုဝန်လေးစေသည်။

သေခွဲ ခွဲရတော့မလို ဖြစ်နေတဲ့ အန်တီလေးကို မြင်လိုက်ရတော့ ဖေးခွမ် နည်းနည်းရယ်ချင်သွားသည်။

"သူ့ကိုသတိရရင် ဗီဒီယိုကော ခေါ်လို့ရတယ်လေ"

စုန့်အာ့နန်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ "တကယ်လား?"

ဖေးခွမ် က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ "တကယ်"

စုန့်အာ့နန်လည်း ချက်ချင်းစိတ်အေးသွားပြီး နောက်ဆုံးတော့ ချိုးချိုးကို ဘေးနားက လီတုန်ဆီ ပေးလိုက်သည်။

ချိုးချိုး အတွက် အိမ်မွေးတိရိစ္ဆာန်ကုန်တင် လက်မှတ်ကို ကြိုတင်မှာထားသည်။ ကြောင်တွေ လေယာဉ်စီးဖို့အတွက် check in လုပ်ထားဖို့ လိုသည်။ ဒါက ဖေးခွမ် လေဆိပ်ကို စောစောလာရတဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုပင်။

စုန့်အာ့နန်က ချိုးချိုးကို ကြည့်ပြီးသွားတော့ ဖေးခွမ်ဆီသွားလိုက်ပြီး "ဒါဆို ချိုးချိုးကို ရှင်နဲ့ထားခဲ့မယ်နော်"

ဖေးခွမ် ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့ သူ့ကိုဂရုစိုက်ထားပါ့မယ်"

စုန့်အာ့နန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ သူမသည် ဖေးခွမ်ကို ကြည့်ကာ တစ်ခုခုပြောချင်နေပေမယ့် ပြန်ထိန်းထားလိုက်သည်။

ဖေးခွမ် မျက်ခုံးပင့်လိုက်ပြီး "တခြား ဘာလုပ်စေချင်သေးလို့လဲ?"

"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ" စုန့်အာ့နန်က နှုတ်ခမ်းကို ဖိလိုက်ပြီး ဆက်ပြောလိုက်သည်။ "ပြီးတော့ ရှင့်အလုပ်ကိုပဲ အာရုံစိုက်ပါ"

အချစ်ကြောင့်နဲ့ တစ်ချိန်လုံး မနာကျင်နေနဲ့။

ဒုတိယအမျိုးသား ဇာတ်လိုက်နေရာမှာဘဲ တစ်သက်လုံး နေတာရပ်ပြီး၊ အခြားဇာတ်ကောင်နေရာရှာ။

ဖေးခွမ် ခဏလောက် အံ့သြသွားပြီး ရယ်လိုက်သည်။

မိဘတွေဆီက နားပူနာဆာလုပ်ခံရတဲ့ ခံစားချက်မျိုး သူ့ထပ်ရလိုက်သည်။

ဒီလိုမျိုးအရယ်ခံလိုက်ရတော့ စုန့်အာ့နန်တစ်ယောက် နည်းနည်း ကသိကအောက် ဖြစ်သွားသည်။

စုန့်လင်းချွမ်က ဖေးခွမ်ကို မကျေမနပ် ကြည့်လိုက်ပြီး "ဘာရယ်တာလဲ? ကျေးဇူးကန်းမနေနဲ့။ ငါ့အန်တီလေးက မင်းကို စိတ်ပူပေးနေတာ"

ဖေးခွမ်က နည်းနည်း ရယ်လိုက်ပြီး "ငါကျေးဇူးကန်းတာမဟုတ်ပါဘူး၊ အဲ့ဒါက နည်းနည်း..."

"ဘာနည်းနည်းလဲ?" စုန့်လင်းချွမ် မျက်ခုံးပင့်လိုက်သည်။

ဖေးခွမ်က ခေါင်းယမ်းလိုက်ပြီး "ဘာမှမဟုတ်ဘူး"

စုန့်လင်းချွမ်က လှောင်လိုက်သည် "စကားပြောတာ တစ်ဝက်တစ်ပြတ်နဲ့ ဘာဖြစ်နေတာလဲ?"

ဖေးခွမ်က မဖြေဘဲ ပြုံးရုံပြုံးနေလိုက်သည်။

တကယ်လည်း ဘာမှမဟုတ်ဘူး။ ဒီတိုင်းသူ အဲဒါကို အသားမကျသေးရုံပင်။

သူ့ကိုတစ်ယောက်ယောက် ဒီမျိုးလို ဂရုစိုက်တာကို နေသားမကျတာပင်။

သူတို့ ဒီလိုမိသားစုစုံညီ အတူတူထိုင်ခဲ့ကြတာ တော်တော်ကြာပြီ။ ညစာစားပြီးတဲ့အခါ အခန်းကို အမြန်ပြန်မယ့်အစား ဧည့်ခန်းထဲမှာ ခဏလောက် စကားစမြည်ပြောရင်းနဲ့ မသိလိုက်ခင်မှာဘဲ ညနက်သွားသည်။

စုန့်အာ့နန် အခန်းထဲပြန်ရောက်တော့ ရေမိုးချိုးထွက်လာတဲ့အချိန်က ဆယ့်တစ်နာရီထိုးနေပြီဖြစ်သည်။

သူမ ဖုန်းယူကြည့်လိုက်တော့ ဖေးခွမ်ဆီက မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။

ချိုးချိုးကို ရိုက်ထားတဲ့ ဗီဒီယိုအတိုလေးတစ်ခုပင်။

ဗီဒီယိုပြီးသွားတော့၊ နောက်ထပ်မက်ဆေ့ချ်တစ်ခု ပေါ်လာသည် -

ဖေးခွမ် - [စိတ်မပူပါနဲ့ ချိုးချိုးက အရမ်းအဆင်ပြေနေတယ်။ ကိုယ်တို့ အိမ်ပြန်ရောက်ပြီ။ ဒီည အရမ်းနောက်ကျနေလို့၊ မနက်ဖြန်မနက် အားတဲ့အချိန်ကျရင် သူနဲ့ ဗီဒီယိုကောခေါ်လို့ရတယ်]

စုန့်အာ့နန် - [ကောင်းပါပြီ မနက်ဖြန် မနက် အားတယ်]

မက်ဆေ့ခ်ျကို ပြန်ဖြေပြီးသွားတော့ ဗီဒီယိုကို သူမဖွင့်ကြည့်လိုက်သည်။

ဗီဒီယိုက မကြာပေ၊ မိနစ်ဝက်လောက်ပဲ ကြာသည်။

ဧည့်ခန်းထဲမှာရှိနေတဲ့ပုံပင်။ ချိုးချိုးက နေရာအသစ်ကိုရောက်လာတော့ သူ့နယ်မြေအသစ်ကို လိုက်လံလှည့်ပတ်ကြည့်နေသည်။

"ချိုးချိုး၊ ဒီကိုကြည့်" ဖေးခွမ်ရဲ့အသံက ထွက်လာသည်။

ဗီဒီယိုထဲမှာ၊ ချိုးချိုးက နောက်ဆုံးတော့ ကင်မရာဆီ လှမ်းကြည့်လာပြီး အဲ့ဒီနေရာမှာဘဲ ဗီဒီယိုက ပြီးသွားသည်။

စုန့်အာ့နန်က ဖုန်းကိုချလိုက်ပြီး အိပ်ယာပေါ်မှာ လှဲလျောင်းရင်းနဲ့ အဲ့ဒီနေ့က အဖြစ်အပျက်ကို မလွှဲမရှောင်သာ ပြန်တွေးရင်း မျက်နှာကျက်ကို ကြည့်နေလိုက်သည်။

သူမ မသိစိတ်ကနေ လက်မြှောက်လိုက်ပြီး လက်ချောင်းထိပ်လေးတွေကို ပွတ်လိုက်ပေမယ့် ဘာကိုမှ မခံစားရပေ။

အဲ့ဒီ လိုမျိုး တစစ်စစ်နဲ့ ဓာတ်လိုက်သွားသလိုမျိုး ကျင်တက်သွားတာက အဲ့ဒီတုန်းက သူမရဲ့စိတ်ကူးသက်သက်ပဲလား။

ဒါပေမယ့် အဲ့ဒါ သူမ စိတ်ကူးယဉ်နေတာ မဟုတ်ကြောင်း စုန့်အာ့နန် ရှင်းရှင်းလင်းလင်း သိသည်။

ဒါ့အပြင် သူမရဲ့တစ်သက်တာလုံးမှာ သူမရဲ့ နှလုံးက တစ်စုံတစ်ရာ အမှားအယွင်းမရှိဘူးဆိုတာ သေချာသည်။

ဒါဆို သူမရဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတဲ့ နှလုံးခုန်နှုန်းက အတိအကျကို ဘာဖြစ်သွားခဲ့တာလဲ?

ရုတ်တရက် လီယုရဲ့ မေးခွန်း သူမစိတ်ထဲမှာ ပေါ်လာသည်။

"အန်တီလေး၊ ကျောင်းမှာ crush ရှိလား?"

"သိလား၊ အန်တီလေးရဲ့ ရင်ကို တလှပ်လှပ်ခုန်အောင် ဖြစ်စေတဲ့ တစ်ယောက်ယောက်ပေါ့"

စုန့်အာ့နန် သူမလက်ကို ရင်ဘတ်ပေါ် ညင်သာစွာ တင်လိုက်သည်။

ဒါကို 'ရင်တလှပ်လှပ်ခုန်' တယ်လို့ခေါ်တာများလား?

......

နောက်နေ့မနက်၌

စုန့်အာ့နန်တစ်ယောက် ကောင်းကောင်း မအိပ်ပျော်ခဲ့တဲ့အတွက် သိသာလှတဲ့ ပန်ဒါမျက်လုံးတွေ‌နဲ့ မနက်စာစားဖို့ရောက်လာသည်။

သူမထိုင်ပြီးလိုက်တာနဲ့ ကျောက်ယာက သတိထားမိသွားသည်။

"အာ့နန် မျက်ကွင်းတွေ ညိုနေတာဘဲ၊ မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား?" ကျောက်ယာက စိုးရိမ်တကြီး မေးလာသည်။

စုန့်လင်းချွမ်နဲ့ စုန့်ကျန်းဟွေ့ တို့လည်း ဒါကိုကြားတော့ သူမကို သေချာကြည့်လာကြသည်။

စုန့်အာ့နန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။ "အင်း နည်းနည်း အိပ်မပျော်လို့"

စုန့်လင်းချွမ်က မျက်ခုံးနည်းနည်းပင့်တက်သွားပြီး " အိပ်မပျော်ဘူးလား?"

စုန့်အာ့နန်က အမြဲတမ်း ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူဖြစ်မှန်း စုန့်မိသားစုက လူတိုင်းသိကြသည်။ ငယ်ငယ်ကတည်းကနေ အခုချိန်အထိ ခေါင်းနဲ့ ခေါင်းအုံးထိလိုက်တာနဲ့ အိပ်ပျော်သွားတတ်သည်။

အိပ်မပျော်ဖြစ်တာက သူမအတွက် အလွန်ရှားပါးလှတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သည်။

All Chapters