အခန်း (၅၂)
Vol. 4 Ch. 52
ချောင်ဟုန်းရှက ထွက်သွားပြီးနောက် ဝမ်ချွမ်ကျီက ချောင်ကျန်းကျွင်းကို တီးတိုးခေါ်ပြီး မေးသည်။ "ကျန်းကျွင်း၊ ဟုန်းရှက တကယ်ကွာရှင်းသွားပြီလား?"
ချောင်ကျန်းကော်က သက်ပြင်းချလိုက်သည်။ "မိန်းမရယ်၊ မင်းစိတ်တွေ ဘာလို့ ပိုဆိုးလာရတာလဲ? ခဏကြာရင် တူလေး ယိမင်လိုပဲ ငါတို့အားလုံးကို မေ့သွားတော့မှာလား?"
ဝမ်ချွမ်ကျီ - "..."
သူမ၏ ဦးနှောက်သည် မရူးသေးပေ။ သူမက ဘယ်လိုမေ့နိုင်မှာလဲ?
ဝမ်ချွမ်ကျီက အသက်ပြင်းပြင်းရှူပြီး ပြောသည်။ "ကျွန်မ မမေ့သေးဘူး! ကျွန်မ ပြောချင်တာက ဘာလို့ သူ့ကို မတားတာလဲ? ဒီမိသားစုမှာ တစ်ခုလပ်တစ်ယောက်ရှိနေပြီ၊ ဒုတိယတစ်ယောက်ရရင် လူတွေက ကျွန်မတို့ကို ဘယ်လိုထင်မလဲ?"
ချောင်ကျန်းကော်က သူမကို ထူးဆန်းစွာ ကြည့်နေသည်။ "လူတွေက ငါတို့ကို ဘယ်လိုထင်မှာလဲ?"
ဝမ်ချွမ်ကျီ နင်ကာ သေဆုံးလုနီးပါးပင်။ "ဘာလို့ နားမလည်တာလဲ? မိသားစုထဲမှာ လူနှစ်ယောက် ကွာရှင်းသွားပြီ။ အပြင်သွားတဲ့အခါ ရှင် မရှက်ဘူးလား?"
ချောင်ကျန်းကော်သည် နောက်ဆုံးတွင် သူ့ဇနီး၏ ဆိုလိုရင်းကို သဘောပေါက်သွားသည်။ "မိန်းမ၊ ဒုတိယညီငယ်နဲ့ တတိယညီမ ကွာရှင်းလိုက်လို့ မင်းမျက်နှာပျက်သွားတယ်လို့ မင်းထင်တာလား?"
ဝမ်ချွမ်ကျီက သူမယောက်ျား၏ မျက်နှာကို ကြည့်ပြီး ခေါင်းမညိတ်သင့်ဘူးဟု အနည်းငယ် ခံစားရသည်။ "...ကျွန်မ မရှက်ပါဘူး။ ဒါပေမယ့် ဒီဆယ်မိုင်နဲ့ ရှစ်ရွာမှာ ချောင်မိသားစုကလွဲလို့ တခြားဘယ်မိသားစုက ကွားရှင်းမှာလဲ?"
ထို့အပြင် နှစ်ယောက်တစ်ပြိုင်တည်း ဖြစ်သည်။
ချောင်ကျန်းကော်က ဂုဏ်ယူသည့်အကြည့်နှင့် ပြောသည်။ "မှန်တယ်။ ဒီဆယ်မိုင်နဲ့ ရှစ်ရွာမှာ ငါတို့ ချောင်မိသားစုကပဲ ကွာရှင်းဝံ့တယ်!"
ဝမ်ချွမ်ကျီ - "..."
ဘာဂုဏ်ယူစရာရှိလို့လဲ?
ဝမ်ချွမ်ကျီက သူမယောက်ျား၏ ဦးနှောက်ထဲတွင် အပေါက်ကြီးတစ်ခု ရှိနေသည်ဟု ခံစားရသည်။
ချောင်ဟုန်းရှက ကွာရှင်းလိုက်ပြီ!
ဤသတင်းက ချီလီကျေးရွာတစ်ခွင်သို့ မကြာခင်မှာပဲ ပျံ့နှံ့သွားခဲ့သည်။
"ဟားဟား၊ မကောင်းတဲ့သူတွေက ပြန်ခံရမယ်။ သူတို့ နဲ့ ထိုက်တန်တယ်"
ဖန်ရှောင်ကျွမ်းသည် ထိုအကြောင်းကို သိပြီးနောက် သူမ ရယ်မောကာ ကိုယ်ဝန်ပျက်လုနီးပါးဖြစ်ခဲ့သည်။
အဘွားကြီးဖန်ကလည်း သူတို့၏ ကံဆိုးမှုကို အံ့အားသင့်သွားသည်။ "စောင့်ကြည့်ပါဦး။ ဒါက နောက်ဆုံးတော့ မဟုတ်တာ သေချာတယ်။ အဲဒီမိသားစုထဲက တစ်ယောက်ယောက်က မကြာခင် ကွာရှင်းသွားလိမ့်မယ်!"
အဘွားကြီးဖန်၏ စကားများသည် အကျည်းတန်သော်လည်း မည်သူမျှ ငြင်းဆိုခြင်းမရှိပေ။
လူတိုင်း၏ အမြင်တွင် ချောင်ရှို့ကျီက ထူးဆန်းသည့် မိခင်တစ်ယောက် ဖြစ်သည်။
မိဘများသည် မိမိတို့၏သားသမီးများကို အနှစ်တစ်ရာကြာ အတူနေနိုင်အောင် မည်သို့မျှ မမျှော်လင့်နိုင်မည်နည်း။ ထိုအစား ကွာရှင်းဖို့ တောင်းဆိုခဲ့တာလား?
သူမသည် ဒုတိယချောင်နှင့် ဖန်ရှောင်ကျွမ်းတို့ကို ပြိုကွဲသွားအောင် ပြုလုပ်ခဲ့ခြင်းပင်။ ချောင်ဟုန်းရှက ချောင်ရှို့ကျီ၏ ထောက်ခံမှုကြောင့် ကွာရှင်းသည်ဟု ပြောကြသည်။
ကျွတ်စ် ကျွတ်စ် ကျွတ်စ်။ ကံကောင်းထောက်မစွာ သူတို့သည် ထိုအချိန်က ချောင်မိသားစုနှင့် ခမည်းခမက် မဖြစ်ခဲ့ကြပေ။ မဟုတ်လျှင် အချိန်မရွေး ကွာရှင်းသွားနိုင်သည်။
ခဏအကြာတွင် ချောင်မိသားစုသည် လူအများ၏ ဝေဖန်မှုကို ပစ်မှတ်ဖြစ်လာခဲ့သည်။
အထူးသဖြင့် ချောင်ရှို့ကျီ ဖြစ်သည်။ သူမသည် 'မကောင်းဆိုးရွား ယောက္ခမ' ဆိုပြီး ဖြစ်လာသည်။
အားလုံးထွက်သွားပြီးနောက် အဘွားကြီးဖန်က အသံကို လျှော့ပြီး မေးခဲ့သည်။ "ရှောင်ကျွမ်း၊ ဝမ်မိသားစုမှာ ပြဿနာမရှိဘူးဆိုတာ သေချာလား"
ဖန်ရှောင်ကျွမ်းက သူမမျက်လုံးကို အနည်းငယ်မော့ပြီး ပျင်းရိစွာနှင့် ပြန်ပြောသည်။ "မေးစရာရှိလို့လား? ဝမ်မိသားစုက နွေထွန်ယက်မစခင် အောင်သွယ်ခေါ်လာမယ်လို့ ပြောထားပြီးသား!"
အဘွားကြီးဖန်၏ မျက်နှာသည် ဂန္ဓမာပန်းကဲ့သို့ ရုတ်တရက် ပွင့်လန်းသွားသည်။ "အိုး.. စိတ်သက်သာရာရလိုက်တာ! နင်မွေးတုန်းက ရွာက မျက်မမြင် ဗေဒင်ဆရာက နင်က ငါတို့ဖန်မိသားစုမှာ ကောင်းချီး အပေးခံရဆုံး မိန်းကလေးပဲ လို့ ပြောခဲ့တယ်။ နင်က အနာဂတ်မှာ သောချာပေါက် ချမ်းသာပြီး နေရမယ်။ ဒီအမျိုးသမီးက နင်နဲ့အတူ ကောင်းချီးမင်္ဂလာတွေကို ခံစားသွားမယ်"
ဤသည်မှာ ခွေးအူသံပင်ဖြစ်သည်။
ဝမ်မိသားစုက သူမကို လက်ထပ်တော့မည်ဟု ဖန်ရှောင်ကျွမ်းက မပြောခင် အဘွားကြီးဖန်က သူမကို နေ့တိုင်း ကဲ့ရဲ့နေသည်။ နှစ်သစ်မှာပင် အိမ်အပြင်ကို မောင်းထုတ်ချင်နေသည်။
ယခု သူမသည် ဝမ်မိသားစု၏ မြင့်မားသော သစ်ကိုင်းသို့ တက်သွားသောအခါ သူမ၏ စကားများသည် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြည့်နှက်နေသည်။
သို့တိုင် ဖန်ရှောင်ကျွမ်းသည် ကောင်းကင်ပေါ်သို့ ပင့်တင်ခံရသည့်နေ့ရက်များကို နှစ်သက်နေသည်။
ရှောင်ချောင်က ထောင့်မှာ ထိုင်နေသည်။ သူမ၏ မျက်ခုံးများက အနည်းငယ် ကြုတ်နေခဲ့သည်။
ဤကာလအတွင်း သူမသည် သာ့ချောင်နှင့် မနီးစပ်နိုင်ပေ။ အဝေးမှ တစ်ကြိမ်ပဲ ကြုံဖူးသည်။
ထိုခဏလေးမှာပင် သူမ၏ တစ်ကိုယ်လုံး အေးခဲသွားသည်အထိ တုန်လှုပ်သွားသည်။
တစ်လခွဲပဲရှိသေးသော်လည်း သာ့ချောင်က လုံးဝ ပြန်မွေးဖွားလာသလိုပင်။
သူမသည် ကျောက်စိမ်းမှုန့်ဖြင့် မွမ်းမံခံရသကဲ့သို့ ဖြစ်နေသည်။ သူမ၏ အသားအရေသည် အလွန်ဖြူစင်ပြီး တောက်ပနေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် မျက်လုံးတွေကို မခွာနိုင်ပေ။
ပို၍အရေးကြီးသည်မှာ သူမ၏ စကားထစ်ခြင်းက မရှိတော့ပေ။
အရင်ဘဝတွင် သူမ၏ စကားထစ်ခြင်းသည် ဤဘဝလောက် မပြင်းထန်ပေ။ သို့သော်လည်း ပြုပြင်ပြီး ပိုကောင်းလာရန် တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရသည်။
ယခုဆို တစ်လခွဲပဲရှိသေးသော်လည်း စကားထစ်ခြင်းက လုံးဝပျောက်သွားသည်။
ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေမလဲ?
မဟုတ်ဘူး၊ သူမ မစောင့်နိုင်တော့ဘူး။ သာ့ချောင်နဲ့ တွေ့ဖို့ အခွင့်အလမ်းရှာရမယ်။
ချောင်မိသားစုက အပြင်မှ ကောလဟာလများကို ကြားသော်လည်း မကြားဟန်ဆောင်နေကြသည်။
ချောင်ဟုန်းရှ ရောက်ရှိလာခြင်းကြောင့် ချောင်ကျန်းကျွင်းကို ပြုစုရန်မှာ ပိုမိုလွယ်ကူလာသည်။ ချောင်အိမ်ဟောင်းမှ လူများက ညတိုင်း စောင့်ကြည့်ရန် သွားစရာ မလိုတော့ပေ။
ချောင်အိမ်ငယ်လေးတွင် လူလေးယောက်ရှိသော်လည်း အကြောသေနေသူနှင့် ကလေးများ ဖြစ်ကြသည်။ ကျန်သူမှာ အမျိုးသမီးဖြစ်သည့် ချောင်ဟုန်းရှ ဖြစ်သဖြင့် ချောင်ဟုန်းရှက မလုံခြုံဟု ခံစားရသည်။ ထို့ကြောင့် ခွေးနှစ်ကောင်ကို မွေးရန် စီစဉ်ခဲ့သည်။
၎င်းကိုသိပြီးနောက် ချောင်ကျန်းကျွင်းနှင့် ချောင်ဟုန်းရှတို့က အကြံဥာဏ်ကို သဘောတူကြသည်။ အိမ်ဝင်းထဲ၌ ခွေးတစ်ကောင်ရှိနေလျှင် ညနက်သန်းခေါင်တွင် လူစိမ်းဝင်လာသောအခါ ခွေးဟောင်မှာ သေချာသည်။
ဤခေတ်ကြီးတွင် လူတိုင်းက အစာအလုံအလောက် မရကြပေ။ ခွေးပိုင်သူက အလွန်နည်းသည်။ ချောင်ရှို့ကျီက လူများကို မေးခိုင်းသည်။ ထိုမှသာ အနီးနားရှိ ထုတ်လုပ်ရေးအဖွဲ့တွင် မကြာသေးမီမှ သားပေါက်ထားသော မိသားစုရှိကြောင်း သူမ သိလိုက်ရသည်။
သာ့ချောင်နှင့် ယိမင်တို့က သူတို့မိသားစုတွင် ခွေးရှိမည်ကို သိပြီးနောက် ဖက်ထုပ်သေးလေးနှစ်ယောက်က စိတ်လှုပ်ရှားနေကြသည်။
သူတို့နှစ်ယောက်က နေ့တိုင်း အတူတူရှိနေကြပြီး ခွေးလေးကို ဘာနာမည်ပေးမလဲ ဆိုသည်ကို ဆွေးနွေးနေကြသည်။
နှစ်ရက်အကြာတွင် ချောင်ကျန်းကော်သည် အိမ်နီးချင်းထုတ်လုပ်ရေးအဖွဲ့မှ ခွေးပေါက်လေးနှစ်ကောင်ကို ပြန်ယူလာသည်။
တစ်ကောင်က အဖြူအမည်းဖြစ်ပြီး နောက်တစ်ကောင်က အဝါနုရောင် ဖြစ်သည်။
ဖက်ထုပ်လေး သာ့ချောင်သည် ချစ်စရာ ခွေးပေါက်စလေး နှစ်ကောင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးကြီးတွေက တောက်ပနေသည်။ "အဖွား၊ ခွေးပေါက်လေးနှစ်ကောင်ကို သမီးတို့ မွေးလို့ရမလား?"
အန်းပင်းက ဝင်ပြောသည်။ "ညီမလေးကို တစ်ကောင်ပဲ ပေးနိုင်တယ်။ တစ်ကောင်က ဝမ်းကွဲတို့ မွေးဖို့ပဲ!"
သူတို့နှစ်ကောင်လုံးကို ချောင်အိမ်သေးလေးမှာ ဘယ်လိုနေရာချရမလဲ?
ညီအစ်မများဖြစ်သည့် ချောင်တုန်းဟယ်နှင့် ချောင်တုန်းယင်တို့သည် ကြက်သွန်လှီးဓားကဲ့သို့ ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ ညီမလေးကို တစ်ကောင်ပဲ ပေးလို့ရတယ်။ ဒါပေမဲ့ ညီမလေးနဲ့ မောင်လေးယိမင်က ငယ်သေးတဲ့အတွက် အရင်ရွေးလို့ရတယ်"
ခွေးပေါက်လေးနှစ်ကောင်က တစ်လပဲရှိသေးပြီး ဝဝကစ်ကစ်နှင့် ချစ်စရာကောင်းသည်။ သူတို့၏ ခြေလက်များက မသန်မာသေးသဖြင့် တက်လိုက်တိုင်း မကြာခဏ ပြုတ်ကျသည်။ သူတို့၏ ပျော့ပျောင်းသော အော်သံများသည် မရပ်မနား ဖြစ်နေသည်။
ဖက်ထုပ်သာ့ချောင်သည် ချစ်စဖွယ် အပြစ်ကင်းစင်သော ခွေးကလေးများကို ကြည့်နေသည်။ သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမသည် ရွေးချယ်ရမည့်ပြဿနာကို ကြုံတွေ့ခဲ့ရသည်။
"မောင်လေးယိမင်၊ ခွေးလေးနှစ်ကောင်လုံးက အရမ်းချစ်စရာကောင်းတယ်။ အစ်မတို့ဘယ်ကောင်ကို ရွေးသင့်လဲ?"
ရှောင်ယိမင်သည် သူ့အစ်မနျန်နျန်ကို မျက်လုံးသေးသေးလေးဖြင့် စိုက်ကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောသည်။ "အစ်မနျန်နျန်ကို ရွေး!"
သာ့ချောင်သည် သူမမောင်လေး၏ ခေါင်းကို ပုတ်ကာ သက်ပြင်းကလေး ချလိုက်သည်။ "မောင်လေးယိမင်၊ မှားသွားပြီ၊ အစ်မတို့က အစ်မကို ရွေးတာ မဟုတ်ဘူး။ အစ်မတို့က ခွေးလေးကို ရွေးနေတာ"
"မဟုတ်ဘူး၊ အစ်မနျန်နျန်ကိုပဲရွေး!"
ယိမင်က ကျယ်လောင်စွာ အော်လိုက်သည်။ သူစကားပြီးသောအခါတွင် အစ်မနျန်နျန်၏ရင်ခွင်ထဲသို့ ကိုယ်ကို လှဲချလိုက်သည်။ သာ့ချောင်ကို တွန်းချလုနီးပါးပင်။
သာ့ချောင်တို့မောင်နှမများ စုစည်းနေချိန်တွင် အန်းပင်းက အဖြူအမည်း ခွေးကလေးကို စိတ်ကူးယဉ်ထားပြီးဖြစ်သည်။
ခွေးကလေးသည် အလွန်ထူးခြားပုံပေါ်သည်။ ဘယ်ဘက်မျက်လုံးက အနက်ရောင်ဖြစ်ပြီး ညာဘက်မျက်လုံးက အဖြူရောင်ဖြစ်မည်။ အဖြူအမည်း မျက်မှန်တပ်ထားပုံရသည်။ အလွန်ထူးခြားသောအင်္ဂါရပ်တစ်ခုဖြစ်သည်။
အန်းပင်းသည် ခွေးလေးကို နှုတ်ဆက်သော်လည်း ခွေးလေးက သူ့ကို မကြိုက်ပုံရပြီး နှစ်ကြိမ် ပြင်းပြင်းထန်ထန် ဟောင်ခဲ့သည်။ "ဝု ဝု..."
အန်းပင်းက သူ့ကို သဘောကျသည်ဟု ထင်သည့်အတွက် လက်နှင့် ခေါင်းလေးကို ပုတ်လိုက်သည်။ ခွေးလေးက တင်းတင်းကြပ်ကြပ် မရပ်နိုင်တော့ဘဲ ခြေလေးချောင်းလုံးဖြင့် ချက်ခြင်း ပြုတ်ကျသွားသည်။ ချက်ချင်းပင် ပို၍ ဒေါသကြီးလာသည်။
"ဝု ဝု..."
၎င်းသည် ထကာ အန်းပင်း၏ ခြေဖဝါးကို သေးငယ်သော နှာခေါင်းဖြင့် ရှူရှိုက်ကာ ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည်။ အန်းပင်းက အထူးလက်ဆောင်တစ်ခု ရရှိလိုက်သည်။... ခွေးလေး၏ ဆီး။
"မင်းကြက်ဥပုပ်လေး။ မင်းတကယ် ငါ့ခြေဖဝါးမှာ ဆီးသွားရဲတယ်ပေါ့" အန်းပင်းက ရှက်ပြီး ဒေါသထွက်သွားသည်။
ချောင်တုန်းယင်က သူမမောင်လေးကို လက်ညှိုးထိုးပြီး ရယ်သည်။ "မောင်လေး၊ နင်က အဲဒီအရွယ်ရောက်နေပြီ!"
အန်းပင်းက ဒေါသတကြီး အော်ဟစ်ခဲ့သည်။ "ဒုတိယ အစ်မ၊ ဘာပြောနေတာလဲ? ဘာအရွယ်လဲ?"
ချောင်တုန်းယင်က ပြုံးလိုက်သည်။ "လူနဲ့ ခွေးတွေ အထင်သေးတဲ့ အရွယ် ဟားဟားဟား..."
ချောင်တုန်းဟယ်သည် သူမ၏ ရယ်ချင်စိတ်ကို ဖုံးအုပ်လိုက်သည်။ မောင်လေးဖြစ်သူက ရှက်ရွံ့စိတ်ဆိုးပြီး သူမ ညီမလေးကို တခါတည်း တိတ်တဆိတ် ဆွဲခေါ်လာမည်ကို စိုးရိမ်နေသည်။
အန်းပင်းကတော့ စိတ်မဆိုးပေ။ ယင်းအစား သူက သက်ပြင်းချလိုက်သည်။ "ကျွန်တော် တော်တော် အံ့သြမိပါတယ်။ လူတွေနဲ့ ခွေးတွေ အထင်သေးတဲ့ အရွယ်က ရုတ်တရက် ရောက်လာတယ်"
ကလေးများ၏ စကားသံကို ကြားသောအခါ လူကြီးများက မရယ်ဘဲ မနေနိုင်ပေ။
ခွေးကလေးက မကောင်းတာ လုပ်ထားသည်ဟု မခံစားရပေ။ ၎င်းသည် ၎င်း၏ဖင်ကို လှုပ်လိုက်ပြီး သာ့ချောင်ဆီသို့ တွားသွားသည်။
သာ့ချောင်၏ ခြေရင်းသို့ရောက်သောခါ ရည်ရွယ်ချက်ရှိရှိ ပြုတ်ကျသွားသည်။ ၎င်းသည် ၎င်း၏ဗိုက်သားများကို ထုတ်ဖော်ပြီး ကလေးအသံဖြင့် နှစ်ကြိမ် အော်ဟစ်သည်။ "ဝု ဝု..."
သာ့ချောင်၏ နှလုံးသားသည် ချက်ချင်း ပျော့ပြောင်းသွားသည်။ သူမက ဗိုက်ကို လှမ်းကိုင်လိုက်သည်။ ခွေးကလေးက စိတ်မဆိုးပေ။ ကြည့်ရသည်မှာ ကြည်နူးနေပုံပင်။
"ဝမ်းကွဲအစ်ကို၊ ဝမ်းကွဲအစ်မ ညီမလေးဆုံးဖြတ်ပြီးပြီ။ ဒီခွေးလေးကို ညီမလေးလိုချင်တယ်" သာ့ချောင်သည် အဖြူအမည်း ခွေးကလေးကို ညွှန်ပြသည်။
ခွေးကလေးက သူမပြောသည်ကို နားလည်ပုံရပြီး လျှာလေးကို ဆန့်ထုတ်ကာ လက်ချောင်းတွေကို နမ်းလိုက်သည်။ အသွင်အပြင်က ဉာဏ်ကောင်းလွန်းသဖြင့် အန်ပင်း၏ နှလုံးသား ယားယံလာစေသည်။
၎င်းက နမ်းလိုက်ရာ သာ့ချောင်က တခစ်ခစ်ရယ်သည်။ သူမသည် ခွေးကလေးကို ပွေ့ဖက်ကာ မောင်လေးယိမင်ကို မေးသည်။ "မောင်လေးယိမင်၊ ခွေးလေးကို ဘာနာမည်ပေးချင်လဲ?"
ရှောင်ယိမင်က ခွေးလေးကို ညွှန်ပြပြီး အော်သည်။ ဖီဖီ! ဖီဖီ!"
လူတိုင်း - "..."
အန်းပင်းက ချက်ချင်းပင် ရယ်မောလိုက်သည်။ "ဟားဟား၊ ညီလေးယိမင်၊ မင်းက အံ့သြစရာပဲ၊ မင်းခွေးလေးကို တင်းပါးလို့ နာမည်ပေးလိုက်တာ!"
ယိမင်က နားမလည်ပေ။ သူ့ဝမ်းကွဲအစ်ကိုက သူ့ကို ချီးကျူးသလို ပြုမူခဲ့ကာ သူ့မျက်လုံးလေးများက ရွှင်မြူးစွာ လခြမ်းလေးလို ကွေးတက်သွားသည်။