အခန်း (၅၇)
Vol. 5 Ch. 57
ဝမ်ချွမ်ကျီ၏ မျက်နှာက နီရဲလာသည်။ "...ကျန်းကော်၊ ရှင် ကျွန်မရဲ့မနက်ဖျားတာ မေ့သွားပြီလား?"
အမျိုးသမီးတစ်ဦး၏ ဘဝတစ်လျှောက်လုံးတွင် သူမ ပျင်းရိနိုင်သည့် တစ်ခုတည်းသောအချိန်မှာ ကိုယ်ဝန်ရှိချိန် ဖြစ်သည်။ လယ်ထဲ၌ အလုပ်မလုပ်ချင်ပေ။
ထိုစကားကို ကြားသောအခါ ချောင်ကျန်းကော်က သက်ပြင်းထပ်ချလိုက်သည်။ "ငါစောစောကသိတယ်၊ ငါမင်းကို လက်မထပ်သင့်ဘူး။ မင်းအရမ်းစားပြီး ကိုယ်ဝန်ရလာတဲ့အခါ လယ်ကွင်းကို သွားလို့မရဘူး။ တကယ်ကို ဆုံးရှုံးမှုတစ်ခုပဲ"
ဝမ်ချွမ်ကျီ - "...ချောင်ကျန်းကော်၊ ရှင်က ဘာကိုဆိုလိုချင်တာလဲ? ရှင့်ရဲ့ ချောင်မိသားစုအတွက် ကျွန်မက ကိုယ်ဝန်ရှိနေပြီ၊ ကျွန်မတို့ သားအမိကို ရှင်ဂရုမစိုက်တာ လုံလောက်ပြီ။ အခု ရှင်က ကျွန်မကို အလွန်အကျွံ စားလို့ အထင်အမြင် သေးတယ်ဆိုတာသိရင် ဒီကလေးကို မယူခဲ့ဘူး"
ချောင်ကျန်းကော်က ခေါင်းညိတ်လိုက်သည်။ "စဉ်းစားကြည့်လေ၊ ဒါက မင်းရဲ့အမှားပဲ၊ ငါတို့မှာ ကလေးသုံးယောက်ရှိနေပြီလေ။ မင်းဘာလို့ နောက်ထပ်တစ်ယောက် ထပ်လိုချင်သေးတာလဲ?"
ဝမ်ချွမ်ကျီက အသက်ရှုရခက်လာပြီး ဒေါသကြောင့် ကိုယ်ဝန်ပျက်လုနီးပါး ဖြစ်ရသည်။
'သူမရဲ့အမှား' က ဘာကိုဆိုလိုတာလဲ? ကိုယ်ဝန်ရှိ၊မရှိ သူမက ဆုံးဖြတ်နိုင်မလား?
သူ့မှာ အရည်အချင်းရှိရင် အိပ်ယာပေါ် မတက်သင့်ဘူး။
ချောင်ရှို့ကျီသည် လင်နှင့်မယား၏ စကားဝိုင်းကို နားထောင်ပြီး နားရွက်ကို ဂွမ်းဖြင့် ပိတ်ထားရန် ဆန္ဒရှိသည်။
ချောင်အိမ်ဟောင်းသို့ ပြန်ရောက်ပြီးနောက် ချန်ချောင်ချောင်က ဝက်မွေးမြူရမည်ဆိုသည်ကို သိရသည်။ ချက်ချင်း သူမ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားသည်။ "အမေ... ကျွန်မကို ဝက်မွေးစေချင်တာလား?"
ချောင်ရှို့ကျီက မျက်ခုံးပင့်လိုက်သည်။ "ဘာလို့လဲ? နင်မပျော်ဘူးလား? နင်မပျော်ရင် ငါတို့နဲ့အတူ လယ်ကွင်းထဲမှာ အလုပ်သွားလုပ်ပေါ့။ နင်ကိုယ်တိုင်ပဲ စဉ်းစားကြည့်"
ထို့နောက် ယင်ကောင်များကို ထောင်ချောက်ဆင်နိုင်လောက်အောင် ကြုတ်သွားသော ချွေးမ၏ မျက်ခုံးများကို ဂရုမစိုက်တော့ပေ။ သူမက ကိုယ်ပိုင် ဥယျာဉ်သို့ လှည့်ထွက်သွားသည်။
ချန်ချောင်ချောင်က မကျေနပ်သည့်အတွက် ဝမ်ချွမ်ကျီက ဝမ်းသာသွားသည်။
သူမသည် တစ်ဖက်သားကို ပြောင်ပြောင်လက်လက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ချောင်ချောင်ရေ၊ ဝက်မွေးမြူတာ အရမ်းကောင်းတယ်။ ပင်ပန်းတာတော့ မဟုတ်ဘူး။ နေ့တိုင်း ဝက်မစင်ကို လှည်းဖို့ပဲ လိုတယ်။ ငါ နင့်ကို အရမ်းမနာလိုတယ်"
ချန်ချောင်ချောင်က နှုတ်ခမ်းကို ကိုက်လိုက်သည်။ "အစ်မအကြီးဆုံး၊ မနာလိုဖြစ်ရင် ငါနဲ့လိုက်လို့ရတယ်!"
ဝမ်ချွမ်ကျီသည် ပို၍ပင် ဂုဏ်ယူလာသည်။ သူမ၏ ဗိုက်ကို ပွတ်လိုက်ပြီး ရေရွတ်လိုက်သည်။ "အိုး၊ ငါလည်း လိုက်ချင်ပါတယ်။ ဒါပေမယ့် ချောင်မိသားစုရဲ့ ရွှေမြေးလေးကို ကိုယ်ဝန်ရှိဖို့ ဘယ်သူက ပြောခဲ့တာလဲ?!"
ချန်ချောင်ချောင်က ဒေါသတကြီးဖြင့် သွားများကို ကြိတ်လိုက်သည်။
မောင်လေးတုန်းလင်းနှင့် ပြန်ဆုံရန် အချိန်တန်ပြီပင်။
သာ့ချောင်သည် သူမ၏ အိတ်ကပ်ထဲတွင် သကြားလုံးခြောက်လုံးနှင့် ကြက်ဥနှစ်လုံးကို ထည့်ပြီး အပြင်ထွက်တော့မည် ဖြစ်သည်။
သို့သော် သူမအခန်းထဲက ထွက်သွားသည်နှင့် အတားအဆီးနှစ်ခုက ပြေးဝင်လာခဲ့သည်။
"ကူး ကူ!"
"ဝုတ် ဝုတ်!"
ကြက်တစ်ကောင်နှင့် ခွေးတစ်ကောင်က သူမအခန်းတံခါးကို စောင့်နေသည်။ သူတို့၏ အမူအရာများက ကလေးဆန်ကာ ရက်စက်သည်။
သာ့ချောင်က နူးညံ့စွာ ငြင်းဆိုသည်။ "ငါက အဖိုးအဖွားဆီ သွားမှာ မဟုတ်ဘူး။ နင်တို့ ငါ့လိုက်လို့ မရဘူး။ နားလည်လား?"
"ကူး ကူ!"
"ဝုတ် ဝုတ်!"
သာ့ချောင်က နားလည်သည်ဟု ထင်ကာ ၎င်းတို့ကို ကျော်ဖြတ်သွားသည်။
မမျှော်လင့်ဘဲ ကြက်နှင့် ခွေးတစ်ကောင်သည် ပန်းပွင့်ကာကွယ်သူလို သူမနောက်သို့ လိုက်သွားပြီး ဘာပဲဖြစ်ဖြစ် ပြန်သွားမည် မဟုတ်ပေ။
သာ့ချောင်က သူတို့ကို လိုက်ခွင့်ပြုရန်ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးက ရယ်ကြသည်။
သမီးမရှိသော အမျိုးသမီးအချို့သည် ဖြူဖွေးပြီး နုညံ့လာပုံကို ခံယူကာ သူတို့၏နှလုံးသားများ ယားယံလာသည်။
"သာ့ချောင်က ပိုပိုပြီး ရုပ်ရည်ပိုချောလာတယ်။ ငါ့သမီးက အနာဂတ်မှာ သူ့ထက်ဝက်လောက် ရုပ်ချောရင် ငါကျေနပ်လိမ့်မယ်!"
"အို၊ သာ့ချောင်က နှစ်သစ်ကူးပုံထဲက ချမ်းသာတဲ့ ကလေးလေးလို့ မထင်ဘူးလား?"
ဤအသက်အရွယ်တွင် တစ်စုံတစ်ယောက်၏ အိမ်မှာ နှစ်သစ်ကူး ပန်းချီကားတစ်ချပ်၊ နှစ်ချပ် ရှိနေတတ်သည်။ သူတို့ မပိုင်လျှင်တောင် တခြားသူ၏ အိမ်တွင် မြင်ဖူးကြသည်။
ထိုအခိုက်အတန့်တွင် သူတို့ သာ့ချောင်က အနီရောင် ချည်သားအင်္ကျီကို ၀တ်ထားသည်။ သူမ၏ ခေါင်းပေါ်တွင် ဆံထုံးလေးနှစ်ခုရှိသည်။
ထို့နောက် ထိုမျက်လုံးကြီးများနှင့် နှုတ်ခမ်းနီလေးများ။ သူမ၏ အသားအရေက ရေကို ညှစ်ထုတ်နိုင်သကဲ့သို့ နူးညံ့သည်။
သူတ်ု့ မပြောလျှင် အဆင်ပြေသည်။ ယခုမူ သူတို့သည် ထိုအကြောင်းကို ယူဆောင်လာလေလေ သူမနှင့် ပို၍တူလေလေဖြစ်သည်။
လူတိုင်းသည် 'လာဘ်ကောင်းသောကလေး' ဟူသော ခေါင်းစဉ်ကို စတင်လှည့်ပတ်လာကြသည်။
လျိုချွေ့ဟွားက ရွှင်မြူးစွာ မှတ်ချက်ချခဲ့သည်။ "လာဘ်ကောင်းတဲ့ ကလေးနဲ့တူတဲ့သူက ကောင်းချီးပေးခံရတဲ့ ကလေးပဲ ဖြစ်ရမယ်။ သူမစကားထစ်တာ သက်သာသွားပြီ မဟုတ်ဘူးလား?"
လူတိုင်းက ခေါင်းညိတ်ကြပြီး ကလေးသည် ဖန်ရှောင်ကျွမ်း ပြောသလောက် မဆိုးရွားဟု ခံစားရသည်။
ဖန်ရှောင်ကျွမ်းသည် သူမ၏ ဥယျာဉ်မှ ဟင်းသီးဟင်းရွက်များ ခူးပြီး ပြန်လာခဲ့သည်။ ၎င်းကိုကြားသောအခါ သူမက ချက်ချင်း လှောင်ပြောင်လိုက်သည်။
"ယောက်မကြီး၊ အစ်မ ပညာမရှိရင် မိုက်မဲတဲ့ စကား မပြောနဲ့။ ဘာလာဘ်ကောင်းတဲ့ ကလေးလဲ? သူ့အမေနဲ့ ညီမကို သတ်လုနီးပါးလုပ်တဲ့ လာဘ်ကောင်းတဲ့ ကလေးတစ်ယောက်ကို မြင်ဖူးလား?"
လျိုချွေ့ဟွားက ဒေါသထွက်သွားသည်။ "ပါးစပ်က ငါ့ပါးစပ်ပဲ။ ငါပြောချင်တာကို ပြောနိုင်တယ်။ နင် ထိန်းလို့မရဘူး!"
ဖန်ရှောင်ကျွမ်းက ချက်ချင်း မီးလောင်သွားသည်။ "အစ်မကြီး၊ ကျွန်မတို့က တစ်မိသားစုတည်းပဲ။ ကျွန်မကို ကူညီပြီး ပြောပေးရမယ့်အစား ဘာလို့ ဒီဘေးဆိုးကို ကူညီနေတာလဲ? အစ်မရဲ့ ရည်ရွယ်ချက်က ဘာလဲ?"
လျိုချွေ့ဟွားတွင် "ရည်ရွယ်ချက်များ" ရှိသည်။
သူမ၏ ယောက်ျားသည် ထိုစကားများကို နောက်ဆုံးအကြိမ်ပြောခဲ့ပြီးကတည်းက သူမသည် ချောင်မိသားစုနှင့် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ ပေါင်းသင်းနေသည်။
သာ့ချောင်က ကောင်းချီးပေးခံရသည်ဟု ပြောတုန်းက ချောင်မိသားစု၏ ကောင်းသည့်ဘက်ကို ရောက်ရန် သူမ ရည်ရွယ်ချက် ရှိခဲ့သည်။
သူမ၏ တုံ့ပြန်မှုကိုမြင်သောအခါ ဖန်ရှောင်ကျွမ်းက သူမထံတွင် အပြစ်ရှိသည်ဟု ပိုပြီးယုံကြည်လာသည်။
"ဒီနှစ်ရက်အတွင်းမှာ အကြီးဆုံးအစ်မက ချောင်အိမ်ငယ်လေးကို မကြာခဏသွားလေ့ရှိတယ်လို့ ကြားတယ်။ အကြီးဆုံးအစ်မက...ချောင်မိသားစုရဲ့ အကြောသေနေတဲ့ အမျိုးသားကို အကြံအစည်ရှိနေတာလား?"
ဒီစကားလုံးတွေ လွန်သွားတယ်!
ကျေးလက်အမျိုးသမီးများသည် ပါးစပ်ဖွာလေ့ရှိသည်။ ယခုစကားလုံးများက ပြန့်သွားလျှင် အဝါရောင်ရွှံ့ထဲကို ကျသွားသလိုမျိုး ဖြစ်နေလိမ့်မည်။ သို့သော် အခြားသူများက ၎င်းကို သေချာပေါက် မစင်ဟု ပြောကြလိမ့်မည်။
"မဟုတ်တာတွေ ပြောကြေးဆိုရင် ငါလည်း မဟုတ်တာတွေ ပြောတာပေ့ါ။ နင်က ကိုယ့်ကိုကိုယ် မလေးစားသလို လူတိုင်းကို နင့်လောက် စျေးပေါတယ်လို့ ထင်နေတာလား?"
လျိုချွေ့ဟွားက လုံးဝကို ဒေါသဖြစ်သွားသည်။ သူမက ဝူးခနဲ ခုန်ထပြီး ဖန်ရှောင်ကျွမ်း၏ ဆံပင်ကို ဆွဲယူကာ ပါးနှစ်ဖက်ကို ရိုက်လိုက်သည်။
ဖန်ရှောင်ကျွမ်းသည် အငိုက်မိသွားသည်။ ပါးရိုက်ခံရသဖြင့် ပါးများက အလျင်အမြန် နီမြန်းလာခဲ့သည်။ "လျိုချွေ့ဟွား၊ နင်က ငါ့ကို ရိုက်ရဲတာလား?!"
သူမက လျိုချွေ့ဟွား၏ ဆံပင်ကို လှမ်းဆွဲလိုက်သည်။ နှစ်ယောက်သား လျင်မြန်စွာ လုံးထွေးသွားကြသည်။
လျိုချွေ့ဟွားသည် လယ်ယာလုပ်ငန်းခွင်တွင် ထူးချွန်သူဖြစ်သောကြောင့် ဖန်ရှောင်ကျွမ်းက သူမ၏ ပြိုင်ဘက် မဟုတ်ပေ။ လျိုချွေ့ဟွား၏ ခန္ဓာကိုယ်အောက်တွင် အလျင်အမြန် ဖိနှိပ်ခံခဲ့ရသည်။
တစ်ဖက်တွင် ရှောင်ချောင်က စိုးရိမ်တကြီး ခုန်ချလိုက်သည်။ "အမေ၊ အဒေါ်ကြီး၊ ရန်မဖြစ်နဲ့။ အားလုံးက မိသားစုပဲလေ။ အမေတို့က ဒီလိုမျိုး လူတွေပြောစရာဖြစ်အောင် လုပ်နေတာလား?"
ဤအတောအတွင်း သူမအမေက ဝက်လို အသင်းဖော်တစ်ယောက်ဖြစ်သည်ဟု ပိုပိုပြီး ခံစားလာရသည်။
ကတ်ကောင်းတစ်ကတ်ကို သူမက ဖျက်ဆီးပစ်လိုက်သည်။
သူမကို သေအောင် လုပ်နေသည့်ပုံပင်။
လူအချို့က သူတို့ကို ဖြန်ဖြေရန် သွားကြသည်။ "ရှောင်ချောင်၊ နင် ပါးစပ်ဖွင့်ပြီး မိသားစုတစ်စုတည်းလို့ ပြောတယ်ပေ့ါလေ။ ဒါဆို ချောင်မိသားစုက ဘာလဲ? ချောင်မိသားစုက နင့်ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တာ။ အခု နင်က ဒီလို ဆက်ဆံတဲ့ နည်းလမ်းကို ပြောင်းလိုက်တာလား? မျက်လုံးဖြူဝံပုလွေ မဆန်လွန်းဘူးလား?"
"ဒါတော့ မဟုတ်သေးဘူး။ အရင်က ဖန်မိသားစုက သာ့ချောင်က မျက်လုံးဖြူဝံပုလွေတစ်ကောင်လို့ ပြောခဲ့ဖူးတယ်။ ရှောင်ချောင်က တကယ့်ကို အကြင်နာမဲ့တဲ့ကလေးလို့ ခံစားရတယ်။ ချောင်မိသားစုက သူမကို မပြစ်ထားဘူး။ ဒါပေမယ့် ဒုတိယချောင်က အကြောသေသွားတာနဲ့ ချက်ချင်းပဲ သူမအမေနောက်ကို လိုက်သွားတယ်!"
ရှောင်ချောင်က ဒေါသထွက်လွန်းသဖြင့် နှာခေါင်း တွန့်သွားသည်။
ပါးစပ်အားနေသော တောသူမတွေ။ သူမက အသိစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ကိစ္စ မဟုတ်ပေ။
လျိုချွေ့ဟွားကို ဆွဲထုတ်ပြီးနောက် သူမသည် ဖန်ရှောင်ကျွမ်းကို စိုက်ကြည့်ကာ မြေပြင်ပေါ်တွင် တံတွေးနှင့် ထွေးလိုက်သည်။
"နင့်ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နောက်တစ်ကြိမ်ကြားရင် ငါ နင့်ကို ရိုက်မယ်!"
ဖန်ရှောင်ကျွမ်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ ဆံပင်များက ကြက်လှောင်အိမ်လို ရှုပ်ပွနေပြီး ပါးပြင်က နီရဲကာ ရောင်ရမ်းနေသည်။ သူမ၏ မျက်နှာတွင် လက်သည်းရာ အများအပြား ရှိနေသည်။
သူမသည် ဒေါသကြောင့် တုန်ယင်ကာ ကြိမ်းမောင်းတော့မည့် ဗိုက်ထဲတွင် ရုတ်တရက် နာကျင်လာသည်။
သူမက ဗိုက်ကို ဆုပ်ကိုင်ရင်း "အို့" ဟု အော်လိုက်သည်။
မူလတွင် လူတိုင်းသည် ဖန်ရှောင်ကျွမ်းက ဟန်ဆောင်နေသည်ဟု ထင်ကြသော်လည်း စူးရဲသည့် မျက်လုံးနှင့် လူများက ဘောင်းဘီရှည်ပေါ်က သွေးများကို မြင်ပြီး ပြောလိုက်သည်။
"နင် သွေးထွက်နေပြီ။ ဖန်ရှောင်ကျွမ်း၊ နင့်ရဲ့ ဘောင်းဘီက သွေးတွေ ရွဲနေပြီ"
သွေးထွက်နေတယ်?
လျိုချွေ့ဟွား၏ နှလုံးက ကျဆင်းသွားပြီး ဖန်ရှောင်ကျွမ်း၏ ကိုယ်ဝန်ကို သတိရသွားသည်။ သူမ မျက်နှာက စက္ကူကဲ့သို့ ဖြူစုတ်နေခဲ့သည်။
...
သာ့ချောင်က ထွက်သွားပြီးနောက် သူမအမေက သူမကြောင့် တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခဲ့သည်ကို မသိပေ။
ထိုအချိန်တွင် သူမသည် ကူးကူနှင့် ဖီဖီတို့နှင့်အတူ အရှေ့သစ်တောသို့ ရောက်လာသည်။ ပြီးခဲ့သော အကြိမ်များကဲ့သို့ပင် သူမသည် သစ်ပင်ဆီသို့ ခွေးအူသံ ပို့လိုက်သည်။
အကြိမ်ပေါင်းများစွာ ခေါ်ပြီးသော်လည်း အကြောင်းပြန်ခြင်းမရှိပေ။
သူမက မျက်မှောင်ကြုတ်လိုက်သည်။ မောင်လေးတုန်းလင်း မလာဘူးလား?
သူမ လှည့်ကြည့်လိုက်သောအခါ ဘယ်သူမှ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် ခြေတံတိုဖြင့် တစ်ဖက်စွန်းသို့ လျှောက်သွားသည်။
မောင်လေးတုန်းလင်း မလာသေးဘူးဟု ထင်ခဲ့သော်လည်း လမ်းလျှောက်လာသောအခါ သစ်ပင်ကြီးအောက်တွင် ထိုင်နေသည့် ကလေးငယ်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
သူ့မျက်လုံးများက ရွှေရောင်အစက်အပြောက်များကြားတွင် နီရဲနေသည်။
သာ့ချောင်က လန့်သွားပြီး စိုးရိမ်တကြီးမေးလိုက်သည်။
"မောင်လေးတုန်းလင်း၊ ဘာဖြစ်နေတာလဲ? တစ်ယောက်ယောက်က မောင်လေးကို အနိုင်ကျင့်လို့လား?"
ရှောင်တုန်းလင်းသည် သူမအား ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ဟွန့်ခနဲ လှည့်ထွက်သွားကာ သူမဘက်ကို ဖင်ပေးလိုက်သည်။
သာ့ချောင် - "……"
မောင်လေးတုန်းလင်းက ဘာဖြစ်သွားတာလဲ?
ဘာကြောင့် သူမကို စိတ်ဆိုးနေပုံပေါ်တာလဲ?
"မောင်လေးတုန်းလင်း၊ ဘာဖြစ်နေတာလဲ? အစ်မချောင်ချောင်ကို စိတ်ဆိုးနေတာလား?"
သာ့ချောင်သည် ခဏတာ ချော့သော်လည်း တုန်းလင်းက နှုတ်ဆိတ်နေသည်။
သူမက မတ်တပ်ထရပ်ပြီး ထွက်သွားချင်ယောင်ဆောင်လိုက်သည်။ "မောင်လေးတုန်းလင်း၊ မောင်လေးက မမကို စကားမပြောချင်တော့ဘူးဆိုတော့ မမထွက်သွားတော့မယ်"
သူမက ထွက်သွားတော့မည်ဖြစ်ကြောင်းကြားပြီး တုန်းလင်းသည် ချက်ချင်းပင် စိတ်ပူသွားသည်။ သူက လှည့်ကြည့်လိုက်ပြီး သူမ၏ အင်္ကျီလက်ကို ဆွဲကိုင်ကာ သိချင်စိတ်အပြည့်ဖြင့် မေးခဲ့သည်။
"အစ်မချောင်ချောင်၊ အစ်မက တုန်းလင်းလေးကို မကြိုက်တော့ဘူးလား?"
သာ့ချောင်က ဆောလျင်စွာ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ မောင်လေးတုန်းလင်းက အရမ်းချစ်စရာကောင်းတယ်။ အစ်မက မောင်လေးကို ဘယ်လိုလုပ် မကြိုက်ဘဲ နေမလဲ?"