တထာဂတမာ
Vol. 113 Ch. 1477
ချင်မူ၏ အိပ်မက်အလွှာများထဲတွင် များစွာသော ချင်မူပိစိလေးများ စုစုဝေးဝေး ဖြစ်နေကြသည်။ သူတို့ထဲမှ တချို့က တည်ကြည်လေးနက်နေကြပြီး တချို့ကတော့ အရိုင်းဆန်သော အရှိန်အဝါများကို ထုတ်လွှတ်ထားကြ၏။ တချို့က တိရစ္ဆာန်သားရေအဝတ်များ ဝတ်ဆင်ထားကြပြီး တချို့ကတော့ လူရိုင်းများပမာ မုတ်ဆိတ်မွေးတဖွားဖွား ထား,ထားကြသည်။ တချို့က နူးညံညင်သာသော စာပေသမားများအသွင်အပြင် ရှိပြီး တချို့က သားသတ်သမားများကဲ့သို့ ခြေဗလာဖြင့် ဓားမများ ကိုင်ဆောင်ထားကြသည်။ တချို့ကတော့ သိုင်းပညာရှင်များ၏ အသွင်အပြင် ရှိကြလေသည်။
ပြေးလွှားနေကြသည့် ချင်မူပိစိလေးများထဲတွင် ရသေ့များလည်း မြင်ရသည်။ သူတို့သည် တာအိုရရှိခဲ့သော ဗုဒ္ဓပေါက်စလေးများကဲ့သို့ ရောင်ခြည်တော်တို့က သူတို့၏ပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပနေကြ၏။
အိပ်မက်ထဲရှိ ချင်မူပိစိလေးများက အတူတကွ စုဝေးနေကြပြီး ချင်မူ့မူလဝိညာဉ်ဘေးတွင် အိပ်မက်များ ၀န်းရံဖော်ဆောင်နေကြလေသည်။
ချင်မူ့မူလဝိညာဉ်သည် အိပ်မက်အလွှာများကို ဖောက်ထွက်သွား၏။ မြင့်းမိုရ်တောင်သဖွယ် တရှိန်ထိုး မြင့်တက်သွားပြီး မရေမတွက်နိုင်သောကမ္ဘာများကို ဖြတ်သန်းသွားလာနေသည်။
ချင်မူပိစိလေးများက အတွေးအမြင်များကို တစ်ယောက်ပြီးတစ်ယောက် ပြောဆိုဆွေးနွေးနေကြသည်။ သူတို့အားလုံးက မီလော့နန်းတော်မှ ကမ္ဘာဦးတန်ခိုးရှင်၏ ကောင်းကင်နတ်သိုင်းစည်းမျဉ်းများကို အဖြေထုတ်နေပြီး ထိုသူ လာမသတ်နိုင်အောင် မည်သို့ရှောင်တိမ်းနိုင်မည်လဲ တွေးတောနေကြသည်။
အစောပိုင်းရက်များသည် တည်ငြိမ်အေးဆေးခဲ့သော်လည်း တတိယမြောက်နေ့တွင်တော့ ချင်မူပိစိလေးတစ်ယောက်က သူ ကမ္ဘာဦးတန်ခိုးရှင်၏ မန္တန်များအား မည်သို့ချိုးဖျက်ခဲ့ကြောင်း အာပေါင်အာရင်းသန်သန် ပြောပြနေသည်။ သူ စိတ်လှုပ်ရှားနေစဉ် သူပြောနေသည့် မာဟာဘာသာစကားက ရုတ်တရက် ပြောင်းလဲသွားချေပြီ။
“ကံကြမ္မာက သဘာဝပဲ…. ဂရုမစိုက်တာက တာအို… ကျင့်ကြံခြင်းကတော့ ဘာသာတရား”
သူ့မှာ ချင်မူပိစိလေးများအကြားတွင် တမူထူးခြားလာသဖြင့် ဝိုင်းသတ်ခံလိုက်ရသည်။
သို့သော် မကြာမီ ချင်မူပိစိလေး နောက်တစ်ယောက်မှာ ကျမ်းစာရွတ်ဖတ်သူ ဖြစ်လာသည်။ သူလည်း အသတ်ခံလိုက်ရ၏။ ထောင်ချောက်ထဲ ကျရောက်သွားသော ချင်မူပိစိလေးများ ထပ်ရှိပေလိမ့်မည်။
“မာဟာ…”
“ကုကျိ...”
အိပ်မက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ချင်မူပိစိလေးများမှာ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ထိုအခိုက်အတန့်တွင် ဗုဒ္ဓချင်မူပိစိလေးက ထရပ်၍ ရွေ့လျားမရနိုင်သော ချိပ်တံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်သည်။ ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်သံ ဟိန်းသွားကာ နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ၎င်းက ပျာယာခတ်နေသော ချင်မူပိစိလေးများကို ဖိနှိပ်လိုက်ပြီး သူတို့၏စိတ်များကို တည်ငြိမ်သွားစေသည်။
ဗုဒ္ဓချင်မူပိစိလေးအောက်မှ ရွှေရောင်စမ်းရေကြည်များ ထွက်ပေါ်လာကြပြီး ကြာပန်းပွင့်များက သူ့ကို မြှောက်တင်ပေးထားသည်။ သူ၏အသွင်အပြင်မှာ ကြည်ညိုဖွယ်ကောင်းလေရာ မရေမတွက်နိုင်သော ချင်မူပိစိလေးများမှာ သူ့ကို ငေးကြည့်နေကြလေသည်။
“မာ… ဟာ…”
ဗုဒ္ဓချင်မူပိစိလေးက ချိပ်တံဆိပ်တစ်ခုကို ဖွဲ့တည်ပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ သူက ဘယ်သူမှ နားမလည်နိုင်သော ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေသော်လည်း ပျာယာခတ်နေခဲ့သည့် ချင်မူပိစိလေးများကတော့ နားလည်ပုံပင်။ သူတို့အားလုံးလည်း မြေပေါ်တွင် ထိုင်ချကာ ဗုဒ္ဓချင်မူပိစိလေးနှင့်အတူ ရွတ်ဖတ်နေကြတော့သည်။
ချင်မူ၏ မြောက်များစွာသော အိပ်မက်များအကြား၌ အလွန်တရာထူးကဲသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထောင်ချီသော ချင်မူလေးများက ရသေ့များ တောအုပ်သဖွယ် ဝိုင်းစုနေသကဲ့သို့ စုထိုင်နေကြပြီး တူညီသော ဗုဒ္ဓကျမ်းစာကို တစ်ပြိုင်နက်တည်း ရွတ်ဆိုနေကြချေပြီ။ သူတို့၏အသံများ ပို၍ကျယ်လောင်လာကြပြီး တစ်သားတည်း ဖြစ်သွားကြသည်။
အသံမှာ အိပ်မက်အားလုံးထဲသို့ ပျံ့လွင့်သွားသော ယုံကြည်ကိုးကွယ်မှု လှိုင်းဂယက်အလားပင်။ သူတို့ နားမလည်သော်လည်း အလွန်တရာ အံ့ဩဖွယ်ကောင်းနေသည်။
သူ၏အိမ်မက်ကမ္ဘာများကား ဗုဒ္ဓတိုင်းပြည်များနှင့် ဗုဒ္ဓလောကများသဖွယ် ဖြစ်လာကာ ဗုဒ္ဓအလင်းရောင်တို့က အိပ်မက်ကမ္ဘာတစ်ခုချင်းဆီမှ ဖြာထွက်နေကြ၏။ ရောင်ခြည်တော်တို့သည် တောက်ပလင်းထိန်၍ အဆုံးအစမဲ့နေပြီး ကြည်လင်ပြတ်သားနေသည့် ဗုဒ္ဓအသံတော်ြမတ်က စိတ်နှင့် ခန္ဓာကို တည်ငြိမ်အေးချမ်းနေစေသည်။
အဘွားစစ်၊ ရွှေအ၊ မျက်ကန်းနှင့် အခြားသူများမှာ ဤမြင်ကွင်းကို မြင်လျှင် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိကြသည်။ ရက်အနည်းငယ်ကြာ ကုသပြီးနောက် ထော့ကျိုးမှာလည်း ယခင်ကထက် ပိုမိုသက်သာလာသဖြင့် ပို၍စိတ်အေးမိကြသည်။
အဘွားစစ်က နတ်လေးကို ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဗုဒ္ဓဝါဒက နှလုံးသားကို လေ့လာတာပဲ… ယုံကြည်ကိုးကွယ်မှုကိုတင် မဟုတ်ဘူး… နှလုံးသားကို သန့်စင်လိုက်တာက မီလော့နန်းတော်ရဲ့ ကမ္ဘာဦးတန်ခိုးရှင်ကို ရင်ဆိုင်နိုင်လောက်တယ်”
ထော့ကျိုးက မျက်နှာဖြူဖတ်ဖြူရော်ဖြင့် ပြောသည်။ “မူအာက ယုံကြည်ကိုးကွယ်မှုကို မြင့်တင်လိုက်ရင်းနဲ့ သူ့နှလုံးသားထဲက မာန်နတ်ကို အောင်မြင်ပြီး စိတ်နှလုံးမိစ္ဆာကို ချိုးနှိမ်နိုင်ခဲ့ပြီ … ဒီလောကမှာ သူ့ရဲ့စိတ်ကို နှောင့်ယှက်နိုင်တဲ့သူ ရှိမှာ မဟုတ်ဘူး”
သူတို့က တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ဆယ်ရက်မြောက်နေ့တွင် မညီမညာသော အသံတစ်သံက အိပ်မက်ကမ္ဘာများထဲရှိ ဗုဒ္ဓရွတ်ဖတ်သံများကို ဖုံးလွှမ်းရင်း ထွက်ပေါ်လာ၏။
အဘွားစစ်နှင့် ကျန်သူများမှာ မျက်လုံးထောင့်စွန်းများ တွန့်သွားကြသည်။ ထောင်သောင်းချီသော ချင်မူပိစိလေးများသည် ချင်မူ့မူလဝိညာဉ်၏ ပတ်ပတ်လည်ရှိ ကောင်းကင်ဘုံများထဲတွင် ဗုဒ္ဓများပမာ ထိုင်နေကြ၏။ အသံက အောက်ကောင်းကင်ဘုံများမှ ထွက်ပေါ်လာခြင်းပင်။
“... အလယ်အလတ်လမ်းစဉ်ကလည်း လောကရဲ့ အခြေခံအုတ်မြစ်ပဲ… လိုက်လျောညီထွေမှုကလည်း လောကရဲ့ လမ်းစဉ်ပဲ…”
ဤအသံက ဗုဒ္ဓစွမ်းရည်များကို နှောက်ယှက်ရုံသာ ဖြစ်သဖြင့် ပြင်းထန်စွာ ရုတ်ရုတ်သဲသဲ မဖြစ်သွားပေ။ သို့သော် ပုလိပ်ရောဂါသဖွယ် အခြားချင်မူပိစိလေးများထံ အလျင်အမြန်ပင် ကူးစက်သွားတော့သည်။
အဘွားစစ်နှင့် ကျန်သူများ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်လာသည်။ ဒုတိယမြောက် ချင်မူပိစိလေးတစ်ယောက်သည် မီလော့နန်းတော်မှ ကမ္ဘာဦးတန်ခိုးရှင်၏ ကျမ်းစာများအား ရွတ်ဖတ်နေကြောင်း မြင်လိုက်ရ၏။ ထို့နောက် တတိယမြောက်… စတုတ္ထမြောက်…
နောက်ဆုံးတွင် ချင်မူပိစိလေး ရာပေါင်းများစွာအထိ ရွတ်ဖတ်လာကုန်ကြပြီး ကူးစက်နှုန်းမှာ အလျင်အမြန်ပင် မြင့်တက်လာတော့သည်။ ၎င်းက အလယ်ဗဟိုအထိ ပျံနှံ့လာသောကြောင့် ပိုပို၍များပြားသည့် ချင်မူပိစိလေးများမှာ ကူးစက်ခံလိုက်ရ၏။ အိပ်မက်အလွှာပေါင်းများစွာမှာ ရွတ်ဖတ်သံတို့ဖြင့် ပြည့်နှက်သွားချေပြီ။
အဘွားစစ်က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် သူမ ချထားခဲ့သော နတ်လေးကို ကောက်ယူကာ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ထော့ကျိုးက သူမဆီ လှမ်းကြည့်ပြီး သူ၏အကြည့်က သူမလက်ထဲရှိ နတ်လေးအပေါ် ကျရောက်သွား၏။ “အဘွားစစ်၊ နင် ဘာလုပ်မလို့လဲ…”
“တော်နဲ့ မဆိုင်ဘူး” အဘွားစစ်က ချင်မူ့အိပ်မက်များကို စိုက်ကြည့်နေရင် အေးစက်စွာ တုံ့ပြန်သည်။
ထော့ကျိုးမှာ ရတက်မအေး ဖြစ်လာသည်။ သူက အပြေးလာကာ အဘွားစစ်၏ လက်ထဲမှ လေးကို လုယူလိုက်သည်။
အဘွားစစ်မှာ သတိကပ်ထားပြီး ဖြစ်၏။ သူမက လက်တစ်ဖက် မြှောက်လိုက်ရာ ပေါက်ကွဲသံများ ဆက်တိုက်ကြားလိုက်ရသည်။ သူမလက်ဖဝါးထဲမှ သံလိုက်ဓာတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး ထော့ကျိုး၏ ခန္ဓာကိုယ်အပေါ် ဖိချလိုက်ကြ၏။ လူတစ်ယောက်ပြီးတစ်ယောက်က ဖိထားသကဲ့သို့ ထော့ကျိုးမှာ မြေပြင်တွင် ပြားပြား၀ပ်ကာ မလှုပ်နိုင်ဖြစ်နေသည်။
“ထော့ကျိုး၊ နင်က ဒဏ်ရာ အပြင်းအထန် ရထားတော့ ဖြစ်ကြောင်းကုန်စင် သိသေးတာ မဟုတ်ဘူး”
အဘွားစစ်က ဒေါသတကြီး အော်လိုက်သည်။ သူမက လေးကြိုးကို ဆွဲလိုက်ရင်း အိပ်မက်ကမ္ဘာထဲတွင် ကူးစက်ခံနေရသော ချင်မူပိစိလေးများဆီသို့ ဆက်လက်စိုက်ကြည့်နေ၏။ သို့သော် သူမ၏လေးကမူ ကောင်းကင်ဘုံများ၏ အလယ်ဗဟို၌ ရှိနေသော ချင်မူ့မူလဝိညာဥ်ကို ချိန်ရွယ်ထားလေသည်။
“ငါ မသိဘူး”
ထော့ကျိုးက မြေပေါ်တွင် လေးဘက်ကုန်း၍ ထရပ်ရန် ကြိုးစားနေသည်။ သို့သော် ပေါက်ကွဲသံတချို့ ထပ်မံကြားလိုက်ရပြီး မြေနှင့် ကပ်သွားပြန်သည်။
ထော့ကျိုးမှာ အားကုန်ကြိုးစားနေပြီး သူ၏မျက်လုံးများကလည်း သွေးချင်းနီနေ၏။ သူက အော်ဟစ်ကြိမ်းမောင်းနေသည်။ “စစ်ယိုယို၊ မကောင်းတဲ့မိန်းမ ... ဘာလို့ နင် မူအာ့ကို ပစ်ရမှာလဲ ငါ မသိဘူး… ဒါပေမဲ့ မူအာ့ကို သွားကောက်ခဲ့တာက နင်ဆိုပေမယ့် အမြဲတမ်း သူ့ကို အဝေးပို့ခဲ့တဲ့သူက နင် ဆိုတာကို ငါ သိတယ်… သူ့ကို ပျိုးထောင်ရတာ အလုပ်ရှုပ်တယ်လို့ ထင်တာက အမြဲတမ်း နင် ဖြစ်ပြီးတော့ ပြန်ခေါ်ခဲ့ရတဲ့သူကတော့ အမြဲတမ်း ငါပဲ…”
သူသည် သံလိုက်ဓာတ်ကောင်းကင်နတ်သိုင်းမှ ရုန်းမထွက်နိုင်သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ “မူအာ့ကို ငါ စောင့်ရှောက်ခဲ့ရတာ... မူလဝိညာဉ်-နေ အလဲအလှယ် သိုင်းကွက်”
သူ၏ခန္ဓာကိုယ်က မလှုပ်ရှားတော့ပေ။ ထိုစဉ် မူလဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။ ၎င်းသည် သံလိုက်ဓာတ်ကောင်းကင်နတ်သိုင်းမှ လှစ်ခနဲ လွတ်မြောက်သွားပြီး အဘွားစစ်ဘေး၌ ချက်ချင်းပေါ်လာ၏။ ထို့နောက် နတ်လေးကို ဆွဲယူလိုက်သည်။
အဘွားစစ်က နတ်လေးကို ကိုင်ထားပြီး လှည့်ကြည့်လိုက်၏။ သူမ၏ဝတ်ရုံ လှုပ်ရမ်းသွားပြီး သံလိုက်ဓာတ်ကောင်းကင်နတ်သိုင်းက မရေမတွက်နိုင်သော ကြယ်တာရာများအဖြစ် ပြောင်းလဲသွားသည်။ ကြယ်တာရာများအကြားရှိ ကြယ်တာရာစွမ်းအင်တို့က အပေါ်အောက် ရွေ့လျားနေသည့် သံကြိုးများကို ဖွဲ့တည်လာစေ၏။ ၎င်းတို့က တစ်ကြိုးနှင့် တစ်ကြိုး ရစ်ပတ်သွားရင်း မဟာပိုက်ကွန် ကောင်းကင်ဘုံတစ်ခုကို ဖွဲ့တည်လိုက်သည်။
ထော့ကျိုး၏ မူလဝိညာဉ်က မဟာပိုက်ကွန်ကြီးကို ဖြတ်သန်းသွားသော်လည်း အထဲတွင် ပိတ်မိမနေချေ။ ထိုအစား ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားပြီး ဒေါသတကြီး လှမ်းပြော၏။ “ငါ့ကြောင့်သာ မဟုတ်ရင် နင် မူအာကို တခြားသူတွေဆီ ပေးလိုက်တာကြာပြီ… သူ့ကို သတ်ချင်ရင် ငါ့ကို အရင်သတ်လိုက်”
သူ၏မူလဝိညာဉ်က ရုတ်တရက် ပြန့်ကားလာကာ နှိုင်းယှဉ်၍မရနိုင်အောင် ခမ်းနားကြီးကျယ်လာသည်။ ၎င်းက ကြယ်တာရာများကို ဖယ်ရှား၍ စစ်မြေပြင်ကို ပြောင်းလဲနေစေပြီး အဘွားစစ်၏ ကောင်းကင်နတ်သိုင်းများကို နှောက်ယှက်နေ၏။ ကောင်းကင်သူခိုးလမ်းစဉ်၏ အန္တိမသိုင်းကွက်က သူ၏ခန္ဓာကိုယ်ပေါ်၌ ထင်ရှားစွာ ထွက်ပေါ်နေသည်။
“ထော့ကျိုး၊ ပြဿနာမရှာစမ်းနဲ့”
မျက်ကန်းက ပျံတက်လိုက်ပြီး သူ၏ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသည်။ ၎င်းက အဘွားစစ်၏ ကောင်းကင်နတ်သိုင်းနှင့် ချက်ချင်း ဆက်နွယ်သွားပြီး ကောင်းကင်နတ်သိုင်းနှစ်ခုမှာ ပြီးပြည့်စုံစွာ ပေါင်းစည်းသွားတော့သည်။
မျက်ကန်းသည် အဘွားစစ်၏ သံလိုက်ဓာတ်ကြယ်အလင်းရောင်မှ ဖွဲ့တည်ထားသော ကြယ်တာရာများကို ငှားယူ၍ ၀င်္ကပါမျိုးစုံ ခင်းကျင်းကာ ထော့ကျိုးအား ပိတ်လှောင်လိုက်သည်။ သူ၏ ၀င်္ကပါအောင်မြင်မှုများမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အထူးချွန်ဆုံးဖြစ်သည့်အလျောက် ခိုင်ဧကရာဇ်ခေတ်၏ နံပါတ်တစ် ၀င်္ကပါသိုင်းပညာရှင်ဖြစ်သော ယန်ယွင်ရှီပင်လျှင် သူ့အား လေးစားရသည် မဟုတ်လော။
ထော့ကျိူးမှာ ဒေါသူပုန်ထနေတော့သည်။ သူ့မူလဝိညာဉ်၏ အမြန်နှုန်းက အဆုံးအစွန်အထိ မြင့်တက်သွားပြီး ခက်ထန်စွာ လှမ်းအော်၏။ “မင်းပထွေး ငါက ဒီအဆင့်အထိ ရောက်နေပြီ… မင်းလို မျက်ကန်းတစ်ကောင်ကို ကြောက်နေစရာလား”
မျက်ကန်းမှာ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ သူက ကြယ်တာရာများဆီ ပျံသန်းသွားကာ ၀င်္ကပါများအား ကိုယ်တိုင်ထိန်းချုပ်လိုက်သည်။ ထို့နောက် လုံထော်ကို အသက်သွင်းပြီး ဒေါသတကြီး ပြော၏။ “ချိပ်တံဆိပ်က ပျက်စီးသွားပြီ… ၀င်္ကပါကတော့ အသက်ဝင်နေသေးတယ်… မင်း ၀င်္ကပါအစီအရင်ကနေ လွတ်မြောက်နိုင်မယ် ထင်လို့လား”
သူတို့နှစ်ယောက်သား တိုက်ကွက်များဖလှယ်နေကြသဖြင့် လူရိပ်များမှာ ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြတ်ပြေးနေတော့သည်။
ရွှေအက ချင်မူ့အိပ်မက်ကမ္ဘာထဲသို့ လှမ်းကြည့်လိုက်ရာ ဤအချိန်အတိုအတွင်း အားလုံးနီးပါး ကူးစက်ခံခဲ့ရကြောင်း တွေ့လိုက်ရ၏။ နောက်ဆုံးတစ်ယောက်ဖြစ်သည့် ဗုဒ္ဓချင်မူပိစိလေးသာ မကူးစက်ခံရသေးပေ။
ဗုဒ္ဓချင်မူပိစိလေးသည် ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်ရင်း ကူးစက်ခံထားရသည့် ချင်မူပိစိလေးပေါင်းများစွာအား အတတ်နိုင်ဆုံး ကြိုးစား၍ ပြန်လည်တိုက်ခိုက်နေသည်။ သို့သော် သူ့ပါးစပ်မှ ရွတ်ဖတ်နေသည့် ဗုဒ္ဓကျမ်းစာများက မလုံလောက်တော့ပေ။
“ငါတို့ အခုမလှုပ်ရှားရင် နောက်ကျသွားလိမ့်မယ်” ရွှေအက သတ်ပြင်းချလိုက်ပြီး အဘွားစစ်အား ကြည့်လိုက်သည်။
အဘွားစစ်က အံတင်းတင်းကြိတ်၍ နတ်လေးကြိုးအား ဆွဲသည်။ သူမကား ချင်မူ့မူလဝိညာဉ်ထံ မြားပစ်၍ သတ်ဖြတ်ပေတော့မည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်တောင်တန်းများဆီမှ ဗုဒ္ဓအလင်းရောင်များ ဖြာထွက်လာကာ ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများအား ကြားလိုက်ရသည်။ အဘွားစစ် လှည့်ကြည့်လိုက်သည့်အခါ သက်လတ်ပိုင်းအရွယ် ဗုဒ္ဓရှင်တော်မြတ်တစ်ပါးသည် ဗုဒ္ဓရောင်ခြည်တော်များကြားမှ ကြွမြန်းလာနေကြောင်း တွေ့လိုက်ရ၏။
“အဘိုးကြီးမာ…”