ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်
Vol. 113 Ch. 1478
သူတို့ဆီ ကြွမြန်းလာနေသော မဟာဗုဒ္ဓရှင်တော်မြတ်သည် ဆံပင်များကို နောက်တွင် စုချည်ထား၏။ သူ၏အသွင်အပြင်ကား ဘုန်းတော်ကြီးများနှင့် မတူ။ သင်္ကန်းမရုံထားသောကြောင့် သာမန်သေမျိုးတစ်ယောက်နှင့်ပင် တူနေသည်။ သို့သော် သူတို့ဆီ ကြွလာနေစဉ် ဗုဒ္ဓတစ်ပါး၏ ခံညားထည်ဝါသော အသံတော်မြတ်သည် ကြည်လင်စွာ ပျံ့နှံ့လာပြီး ဗုဒ္ဓရောင်ခြည်တော်တို့သည်လည်း သူ၏ဦးခေါင်းနောက်တွင် ကွန့်မြူးတောက်ပနေကြလေသည်။
ရောင်ခြည်တော်များအကြား၌ ဗုဒ္ဓကောင်းကင်ဘုံများ တစ်ဘုံပြီးတစ်ဘုံ ဖွဲ့တည်လာကာ စုစုပေါင်းကောင်းကင်ဘုံ ၂၈ ဘုံ ရှိလာသည်။ အလယ်တွင်တော့ မြင်းမိုရ်တောင်က နေရာယူထားပြီး ဗုဒ္ဓများက ကောင်းကင်ဘုံများထဲတွင် မြင့်မြတ်တည်ကြည်စွာ ရပ်နေတော်မူကြ၏။ သူတို့က ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုနေကြနေသောကြောင့် တိုက်ခိုက်နေကြသော ထော့ကျိုးနှင့် မျက်ကန်းမှာ ကျမ်းစာရွတ်သံကြောင့် စိတ်ထဲ တည်ငြိမ်အေးချမ်းသွားကြသည်။ နှစ်ယောက်သား ဆက်လက်မတိုက်ခိုက်ကြတော့ပေ၊
ဤမဟာဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးကြီးမာ၊ လူဆိုးထိန်းမာ၊ တထာဂတမာ ဖြစ်ချေ၏။
သူက ဗုဒ္ဓရောင်ခြည်တော်များနှင့်အတူ ကြွမြန်းလာပြီး ဗုဒ္ဓလမ်းစဉ်၏ ကောင်းကင်ဘုံ ၂၈ ဘုံမှာ ပိုပို၍ရှင်းလင်းပြတ်သားလာနေသည်။ ဗုဒ္ဓရတနာအမျိုးမျိုးက ကောင်းကင်ဘုံများထဲတွင် တည်ရှိနေကြပြီး ရတနာအလင်းရောင်တို့က သူတို့၏ပတ်ပတ်လည်တွင် ကွန့်မြူးတောက်ပကာ ထူးခြားလှပနေစေသည်။
အဘိုးကြီးမာက အားလုံးကို လျစ်လျူရှု၍ ချင်မူ့အနားသို့ လျှောက်သွားသည်။ ထို့နောက် လက်မြှောက်၍ ချင်မူ့အိပ်မက်ကမ္ဘာဆီသို့ လက်ညှိုးထိုးလိုက်သည်။
အိပ်မက်ကမ္ဘာမှာ ပွင့်သွား၏။ အဘိုးကြီးမာက ချင်မူ့အိပ်မက်ကမ္ဘာထဲသို့ ၀င်သွားပြီး ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်သွားသည်။ သူက တင်ပျဉ်ခွေထိုင်လိုက်လေသည်။
ဝီ…ဝီ.. ဝီ
တုန်ခါမှုများ ဖြစ်ပေါ်လာသည်။ ဗုဒ္ဓကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ၂၈ ဘုံက အဘိုးကြီးမာ၏ ဦးခေါင်းနောက်တွင် လှည့်ပတ်နေပြီး ချင်မူ့မူလဝိညာဥ်အနောက်၌ လွင့်မြောနေသည်။ ကောင်းကင်ဘုံများရှိ ဗုဒ္ဓများကလည်း ကျယ်လောင်စွာ ရွတ်ဖတ်နေကြ၍ ဗုဒ္ဓအသံတို့မှာ ကောင်းကင်ဘုံများတလျှောက် ပဲ့တင်ထပ်သွားကြသည်။
အဘိုးကြီးမာက မျက်လုံးများ ဖြည်းဖြည်းချင်း မှိတ်လိုက်သော်လည်း သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကမူ ပွင့်လာသည်။
တထာဂတကိုယ်တော်၏ မျက်လုံးသည် ဗုဒ္ဓမျက်လုံး ဖြစ်ပြီး အမြဲတမ်းပိတ်နေခဲ့၏။ အခြေအနေ အလွန်တရာ အရေးကြီးမှသာ ပွင့်လာတတ်သည်။
ဗုဒ္ဓမျက်လုံး ပွင့်လာသည့်အချိန်တွင် ဗုဒ္ဓအလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ဗုဒ္ဓချင်မူပိစိလေး၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွား၏။ အိပ်မက်ကမ္ဘာထဲရှိ ဗုဒ္ဓချင်မူလေးမှာ ရွတ်ဖတ်နေခြင်း ချက်ချင်း ရပ်သွားသည်။
အိပ်မက်ကမ္ဘာထဲရှိ အခြားချင်မူပိစိလေးများလည်း ချက်ချင်း ပါးစပ်ပိတ်သွားကြချေပြီ။ တချို့က ပါးစပ်ဖွင့်ရန် ကြိုးစားနေကြသော်လည်း ပါးစပ်ဟလိုက်သည်နှင့် အလိမ်အညာများသာ ထွက်လာကြသည်။ မီလော့နန်းတော်မှ ကမ္ဘာဦးတန်ခိုးရှင်၏ ကျမ်းစာရွတ်ဖတ်သံများ မရှိတော့ပေ။
တထာဂတကိုယ်တော်မာ၏ မျက်လုံးများက စေ့စေ့ပိတ်ထားသော်လည်း မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကတော့ လှုပ်ရှားနေရင်း အိပ်မက်ကမ္ဘာထဲရှိ ချင်မူပိစိလေးများအား ရပ်တန့်နေစေသည်။ “မူအာ၊ ရက်အနည်းငယ်လောက် တောင့်ခံနိုင်အောင် ငါ ကူညီပေးနိုင်တယ်… ဒါပေမဲ့ ငါလည်း အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ဘူး… ညီတော်ကျန်းခုံး ရှိတယ် .. သူ့ရဲ့ဗုဒ္ဓနှလုံးသားက သိပ်ကိုထူးချွန်နေပြီ… သူက မဟာမိုးခြိမ်းသံကျောင်းတော်မှာပဲ သီတင်းသုံးနေတာဆိုတော့ သူ့ရဲ့ဗုဒ္ဓသဘာ၀က မဟာဗြဟ္မာအဆင့်အထိ ရောက်နေပြီ… ထော့ကျိုး၊ သူ့ကို သွားပင့်လိုက်”
ထော့ကျိုးမှာ စိတ်အားတက်ကြွလာပြီး သူ၏မူလဝိညာဉ်က ရုပ်ခန္ဓာထဲသို့ ချက်ချင်း ဝင်သွားသည်။ ရုတ်တရက် သူ၏ပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး မျက်ကန်း၏ အလန့်တကြား အော်ဟစ်သံကလည်း တစ်ဆက်တည်း ထွက်လာသည်။ သူ၏အဝတ်အားလုံး အခိုးခံလိုက်ရချေပြီ။ ခြေအိတ်ပင် မကျန်ခဲ့ချေ။
မျက်ကန်းမှာ ခန္ဓာကိုယ်အောက်ပိုင်းအား လုံထော်ဖြင့် အလျင်အမြန် ကာလိုက်ရင်း ဒေါသတကြီး ဆဲတော့သည်။ “ထော့ကျိုး၊ မင်းက လူတွေကို ရိုက်နှက်မယ့်အစား ငါ့ကိုပဲ အပြစ်ပုံချတယ်နော်”
ထော့ကျိုးသည် ထွက်ခွာသွားပြီး မျက်ကန်း၏ အတွင်းခံ၊ ခြေအိတ်များနှင့် အပြင်ဝတ်ရုံများကို နေရာတိုင်းတွင် ပြန့်ကျဲကာ ထားခဲ့လေသည်။
ရွှေအက အဝတ်တစ်စုံ ယူလာပေးသဖြင့် မျက်ကန်းမှာ ခပ်ဝေးဝေးတစ်နေရာသို့ အမြန်သွား၍ ဝတ်လိုက်ရသည်။ သူက ဒေါသတကြီး အော်နေသည်။ “ငါ လုပ်လိုက်ရ... ခွေးကောင်ထော့ကျိုး… အဘွားစစ် သူ့ကို ရိုက်မှာစိုးလို့ ကူညီလည်း ပေးရသေးတယ်… အဘွားစစ်ရဲ့ အဝတ်တွေကို ခိုးဖို့တော့ သတ္တိမရှိဘူးမလား”
သူ စကားမဆုံးသေးခင်မှာပင် မျက်ကန်းသည် သံလိုက်စွမ်းအင်များ ကျရောက်လာသည်ကို ခံစားလိုက်ရပြီး မြေပေါ်တွင် ပြားကပ်သွားကာ မထနိုင်တော့ပေ။
နောက်ထပ် ကောင်းကင်နတ်သိုင်းများက ဆင်းသက်လာပြန်၏။ မျက်ကန်းမှာ ခြေထောက်ဖြင့် ကန်နေရသည်။ နတ်လှံတံလုံထော်ပင်လျှင် ဖိနှိပ်ခံထားရချေပြီ။ သူ့မှာ ထော့ကျိုးကိုသာ ဆဲရေးနေတော့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ထော့ကျိုးသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြန်ရောက်လာ၏။ နက်မှောင်နေသော အမွှေးများနှင့် မိစ္ဆာမျောက်ဝံကြီးတစ်ကောင်ကိုလည်း သူနှင့်အတူ ခေါ်လာသည်။ မျောက်ဝံကြီးမှာ တောင်တန်းတစ်လုံးအလား ကြီးမားသည်။ သူ ခေါ်လာသည့်အချိန်၌ ဟောက်၍ အိပ်မောကျနေလေသည်။
မျက်ကန်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအာလျော့ကျသွားသည်ကို ခံစားလိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ သူ့မှာ ရက်အတော်ကြာ ဖိနှိပ်ခံထားရပြီး ထော့ကျိုး မိစ္ဆာမျောက်ဝံကြီးအား သယ်လာသည်ကို မြင်မှ အဘွားစစ်သည် စိတ်ပြေကာ သူ့အား လွှတ်ပေးလိုက်ခြင်းဖြစ်လိမ့်မည်။
“တထာဂတကျန်းခုံး ကျိန်းနေတာကို မင်း ခေါ်လာခဲ့တာလား” မျက်ကန်းက ရှေ့သို့လျှောက်သွားကာ မေးလိုက်သည်။
ထော့ကျိုးက ကျန်းခုံးကို ချင်မူ့ဘေးသို့ မ,သွားပြီး ချထားလိုက်သည်။ မိစ္ဆာမျောက်ဝံ ကျန်းခုံး၏ အမွှေးများမှာ ယခင်ကထက် ရှည်လျားနေသောကြောင့် သူ၏ပုံစံမှာ ဗုဒ္ဓနှလုံးသား ပိုင်ရှင် မဟာဗုဒ္ဓတစ်ပါးနှင့်မတူဘဲ ယိုတုမှ မိစ္ဆာမကောင်းဆိုးဝါးတစ်ကောင်နှင့်ပင် တူနေ၏။။
“သူက အိပ်နေတာလေ... တခြားဗုဒ္ဓနဲ့ ရသေ့တွေကလည်း အများကြီးဟာ... သူ့ကို နှိုးဖို့ ကြိုးစားပါသေးတယ်… ဘယ်လောက်နှိုးနှိုး မနိုးတာနဲ့ ခေါ်လာခဲ့လိုက်တာ”
ထော့ကျိုးက မကျေမနပ် ပြောနေသည်။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဗုဒ္ဓတွေနဲ့ ရသေ့တွေက တော်တော်ကပ်စေးနည်းတာပဲ.. လက်နက်တွေ ကိုင်ပြီး ငါ့ကို လိုက်ဖမ်းကြသေးတာ… တော်သေးတာပေါ့ အပြေးမြန်လို့”
မျက်ကန်းမှာ ဆွံ့အနေတော့သည်။
အဘိုးကြီးမာ၏ အသံက ချင်မူ့အိပ်မက်အလွှာများထံမှ ပျံလွင့်လာသည်။ “ညီတော်ကျန်းခုံးရဲ့ မှော်စွမ်းအင်နဲ့ သိုင်းအခြေခံက မမြင့်မားပေမယ့် သိုင်းအခြေခံနဲ့ စိတ်အခြေအနေကတော့ ငါ့ထက် သာလွန်တယ်… ဗုဒ္ဓအိုကြီးနဲ့ အနီးစပ်ဆုံးက သူပဲ… သူသာ ရှိရင် မူအာ နောက်ထပ်တစ်လလောက် တောင့်ခံနိုင်လိမ့်မယ်”
သူက ချင်မူ့မူလဝိညာဉ်၏ နှလုံးသားထဲတွင် ထိုင်နေပြီး သူ၏ခန္ဓာကိုယ်မှာ ပြိုလဲတော့မည့်အလား ယိမ်းယိုင်နေသည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဗုဒ္ဓမျက်လုံးမှာလည်း မှေးမှိန်လာသောကြောင့် ချင်မူပိစိလေးများ မရွတ်ဖတ်အောင် တားဆီးရသည်မှာ ခက်လာချေပြီ။
မိစ္ဆာမျောက်ဝံ ကျန်းခုံးက ရုတ်တရက် ထရပ်လိုက်သော်လည်း သူ၏မျက်လုံးများကတော့ ပိတ်ထားဆဲဖြစ်သည်။ သူက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ဟောက်ရင်း ချင်မူ့အိပ်မက်ထဲ ဝင်ရောက်သွား၏။
သူ ချင်မူ့အိပ်မက်ထဲ ရောက်သည့်အချိန်တွင် မြေပြင်တွင် လှဲ၍ တခေါခေါ် ဟောက်ကာ ဆက်အိပ်နေသည်။ သူသည် ဖိနှိပ်ရန် အဘိုးကြီးမာကဲ့သို့ ဗုဒ္ဓဓမ္မကို အသက်သွင်းနေစရာ မလိုအပ်ပေ။
အားလုံးက တစ်ယောက်ကို တစ်ယောက် စိုးရိမ်ပူပန်စွာ ကြည့်လိုက်မိကြသည်။ အိပ်မက်ထဲရှိ ချင်မူပိစိလေးများမှာလည်း အိပ်ပျော်နေကြောင်း တွေ့လိုက်ရ၏။ သူတို့အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။
အားလုံးမှာ ဤအခြေအနေကို မြင်တော့မှ စိတ်အေးသွားကြ၏။
အဘွားစစ်က နတ်လေးကို ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်သည်။ “အခု ဗုဒ္ဓနှစ်ပါး ကြွလာပြီဆိုတော့ ငါတို့နောက်ထပ်တစ်လ တောင့်ခံနိုင်သေးတယ်… ဂိုဏ်းသခင်ဝေ၊ ရှုကျွင်းနဲ့ ကျန်တဲ့လူတွေ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ရှာတွေ့ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးကို မျှားခေါ်နိုင်ပြီလား မသိဘူး….”
သူမက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
အထွတ်အမြတ်တောင်တန်းတစ်သိန်းထိပ်မှ ကောင်းကင်သို့ မော့ကြည့်လျှင် ရွှမ်တုကို မြင်ရနိုင်၏။
ကောင်းကင်နတ်အရှင်ဆယ်ပါးမှ အများစုသည် ရွှမ်တု၌သာ ရှိနေသေးကြသည်။ သူတို့က အကျိုးအမြတ်များ ခွဲယူကာ ကောင်းကင်တာအိုကို ဖိနှိပ်လျက် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို သန့်စင်နေကြ၏။
ရွှမ်တုမှ ဘိုးဘေးနန်းတော်သို့ ရောက်လာရန် အချိန်များစွာ ကြာပေလိမ့်မည်။
ဘိုးဘေးနန်းတော်အထက်ရှိ ကောင်းကင်နတ်ဘုံကို စောင့်ကြပ်နေသော ကောင်းကင်နတ်အရှင်များ ရှိသော်လည်း အင်အားမများပေ။
“ဒ့ါအပြင် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက အများစုက ဒဏ်ရာရထားကြတာ… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို တစ်လအတွင်း သွားနိုင်ကြပါ့မလား”
အဘွားစစ်မှာ တိုးညှင်းစွာ ရေရွတ်နေမိသည်။ “သူတို့ ကျောက်စိမ်းမြို့တော်ကို ရှာတွေ့ရင်တောင်မှ ကျောက်ယန်ခန်းမကို ချိုးဖျက်ပြီး မီလော့နန်းတော်ရဲ့ ကမ္ဘာဦးတန်ခိုးရှင်ကို သတ်နိုင်ကြပါ့မလား…”
သူမမှာ စိုးရိမ်ပူပန်နေမိသည်။
ဤအချိန်တွင်
ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့မှာ လေပြင်းများ တဟူးဟူး တိုက်ခတ်နေသည့်အကြားတွင် ရပ်နေကြ၏။ ရှုကျွင်း၏ မျက်ခုံးနှစ်ဖက်ကြားက ပွင့်လာပြီး ထိုက်ချူနတ်ကျောက်တုံးကို ထုတ်လိုက်သည်။ သူ့အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာကာ လေထဲတွင် ထူးဆန်းသောမြင်ကွင်းမျိုးစုံအား မြင်ယောင်ဖန်ဆင်းနေ၏။ သူက ခပ်တိုးတိုး ပြောသည်။ “ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်ကို ချိပ်ပိတ်ခဲ့တဲ့အထဲမှာ ငါ့ချိပ်တံဆိပ်လည်း ပါတယ်… အားလုံးက ကျောက်စိမ်းမြို့တော်မှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်ပြီး မတွေးတော့ဘူး ပြောကြပေမယ့် ဘယ်လိုလုပ်မတွေးဘဲ နေနိုင်မှာလဲ”
သူ့အနေဖြင့် ကျောက်စိမ်းမြို့တော်၏ ချိပ်တံဆိပ်အားလုံးကို မချိုးဖျက်နိုင်သော်လည်း သူ ချန်ထားခဲ့သည့် ချိပ်တံဆိပ်ကိုတော့ ချိုးဖျက်နိုင်သေး၏။
ရှုကျွင်း ချိပ်တံဆိပ်အား ချိုးဖျက်လိုက်သည့်အချိန်တွင် အဆုံးအသတ်မဲ့သော ရှေးဟောင်းအရှိန်အဝါကြီးတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ဘိုးဘေးနန်းတော်တစ်ခုလုံးအား တုန်ခါသွားစေသည်။
ဝုန်း… ဝုန်း
ကြီးမားကျယ်လောင်သော တုန်ခါသံများကြားရနိုင်ပြီး ရှေးဟောင်းနတ်ဘုရားမြို့တစ်မြို့၏ ထောင့်တစ်ထောင့်က ရုတ်တရက် သူတို့အရှေ့တွင် ပေါ်လာ၏။
ကျယ်ပြန့်လာသော မဟာတာအိုအရှိန်အဝါတို့က သူတို့ကို ဝင်တိုက်သွားသဖြင့် ဟန်ချက်ပျက်သွားကြသည်။ ဝေစွေ့ဖုန်းနှင့် ရှုကျွင်းနှစ်ယောက်လုံးမှာ သက်ရောက်မှုကြောင့် မျက်နှာများ ရှုံ့တွနေကြလေသည်။
မဟာတာအိုအရှိန်အဝါ ဖြတ်သန်းသွားပြီးနောက် ဝေစွေ့ဖုန်းက ခန္ဓာကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်ပြီး သူ့အရှေ့တွင် ပေါ်လာသော ခမ်းခမ်းနားနား အဆောက်အဦးများ၊ နတ်ဘုရားမြို့၏ ကြောက်မက်ဖွယ်မြင်ကွင်းကို ကြည့်လိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကျုပ် ညီလေးကို ကယ်ဖို့ကြောင့်သာ မဟုတ်ရင် သေတဲ့အထိ ရိုက်ခံရရင်တောင်မှ ဒီလိုနေရာမျိုးကို ဘယ်တော့မှ လာမှာမဟုတ်ဘူး…”
သူက မြို့ထဲသို့ ဝင်ရောက်မသွားခင် ဧရာမဒယ်အိုးကြီးတစ်လုံးအား ထားခဲ့သည်။ ဒယ်အိုးထဲတွင် ကြယ်တာရာသဲမှုန်တို့ဖြင့် ပြည့်နှက်နေပြီး အမွှေးတိုင်တစ်တိုင်ကို ထိုးစိုက်ထား၏။
ရှုကျွင်းမှာ နားမလည်ပေ။
ဝေစွေ့ဖုန်းက ပြောသည်။ “ကျုပ်တို့ ဝင်သွားပြီးရင် ဒီအမွေးတိုင်က ကျုပ်တို့သွားတဲ့လမ်းကို ကြာတာရာသဲမှုန်တွေပေါ်မှာ ရေးဆွဲထားလိမ့်မယ်… ကျုပ်တို့ ပိတ်မိသွားရင် တခြားသူတွေ အဲဒီလမ်းအတိုင်း လိုက်လာပြီး ကယ်နိုင်လိမ့်မယ်”