← Chapters

ကံကောင်းပါစေ

Vol. 113 Ch. 1479

ကံကောင်းပါစေ

Vol. 113 Ch. 1479

“တပ်မှူးကြီးဆိုတဲ့ အတိုင်းပါပဲ..”

ရှုကျွင်းက ချီးကျူးလိုက်သည်။ “မင်းရဲ့ ဒီသိုင်းကွက်နဲ့ဆို ငါတို့ စိတ်ပူစရာမလိုတော့ဘူး…ဒါပေမဲ့ ငါကလည်း ဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးတာပဲလေ… အတိတ်တုန်းက လမ်းအတိုင်း မလျှောက်သရွေ့ အကောင်းပကတိအတိုင်း ပြန်ထွက်လာနိုင်လိမ့်မယ်…”

ဝေစွေ့ဖုန်းက ပြောသည်။ “မျှော်လင့်ရတာပါပဲ”

“ဘာအဓိပ္ပာယ်လဲကွ မျှော်လင့်ရတာပဲဆိုတာ… ဖက် ဖက် ဖက်… ကံကောင်းပါစေ”

ရှုကျွင်းက ကျယ်လောင်စွာ ရယ်မောလျက် ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်သို့ ဦးစွာ ဝင်ရောက်သွားသည်။

‌ဝေစွေ့ဖုန်းက သူ့နောက်မှ လိုက်လာကာ အလွန်တရာ စိတ်လှုပ်ရှားနေလေသည်။ ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်သည် ကောင်းကင်နတ်ဘုံမှ ကျောက်စိမ်းမြို့တော်နှင့် ကွဲပြားနေကြောင်း တွေ့လိုက်ရသည်။

ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်မှာ ပျက်စီးယိုယွင်းနေချေပြီ။ ချိပ်တံဆိပ်ကို ဖောက်ထွက်လာသော ကြီးမားကျယ်ပြန့်သည့် မဟာတာအိုအရှိန်အဝါများအပြင် ထူးဆန်းသည့် သေခြင်းအရှိန်အဝါတစ်ခုလည်း ရှိနေသည်။ ဤအရှိန်အဝါ၏ သက်ရောက်မှုအောက်တွင် သူ ကျင့်ကြံထားခဲ့သော မဟာတာအိုစည်းမျဉ်းများမှာ ပြိုလဲပျောက်ကွယ်တော့မည်ဟု ခံစားနေရ၏။

ဤသည်က မဟာတာအိုပျက်သုဥ်းခြင်း၏ အရှိန်အဝါပင်။ သူ၏မဟာတာအိုနိယာမများမှာ အဆက်မပြတ် ပုံပျက်လာနေပြီး မဟာာတာအိုကောင်းကင်နတ်သိုင်းများ၏ စွမ်းအားကို တဖြည်းဖြည်း ဆုံးရှုံးလာနေ၏။

သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်လည်း ကျူးကျော်ခံနေရသလို ခံစားနေရသည်။ အစက သူ၏သက်တမ်းသည် ကောင်းကင်နှင့် မြေကြီးတည်မြဲနေသလောက် တည်တံ့နေမည့် အတိုင်းအတာ ရှိခဲ့၏။ သို့သော် ယခုတွင်တော့ သူ၏သက်တမ်း အဆုံးသတ်တော့မည့်အလား ခံစားနေရသည်။ ဤနတ်ဘုရားမြို့ထဲတွင် နေနေသည့် စက္ကန့်တိုင်းတွင် သူ၏သက်တမ်းမှာ တစ်ရက်ချင်းစီ လျော့ကျလာနေချေပြီ။

နတ်ဘုရားမြို့ထဲသို့ ၀င်ရောက်သွားလေလေ သူ၏သက်တမ်းလျော့ကျလာနှုန်းက ပိုမိုမြန်လာလေလေ ဖြစ်နေသည်။

ဝေါ…

လေပူတစ်ချက်က တိုးဝှေ့တိုက်ခတ်သွားကာ မြေပြင်ပေါ်ရှိ အရိုးခေါင်းတချို့ကို နေရာရွေ့သွားစေ၏။ ရှုကျွင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူက ဝေစွေ့ဖုန်းကို ဆွဲခေါ်၍ ခပ်သွက်သွက် လျှောက်သွား၏။ သူတို့သည် ခြောက်သွေ့နေသော သစ်ပင်တစ်ပင်ရှေ့သို့ ရောက်လာပြီး ထိုနေရာတွင် ရပ်ကာ လေပူကို ရင်တုန်စွာ စိုက်ကြည့်နေကြသည်။

လေပူက အရိုးခေါင်းများကို ဖြတ်သွားသောကြောင့် အရိုးခေါင်းတစ်ခုက သစ်ပင်အောက်ခြေသို့ လိမ့်လာ၏။

ဝေစွေ့ဖုန်းက လက်ဆန့်တန်းပြီး လေကို ခံစားကြည့်တော့မည်အချိန် ရှုကျွင်းက ပုတ်ချလိုက်သည်။

“ဒီလေကို ထိလို့မရဘူး”

ရှုကျွင်းမှာ အလွန်အမင်း စိုးရိမ်ပူပန်နေ၏။ သူက အက်ကွဲနေသော အသံဖြင့် ပြောသည်။ “ဒီလေကို အပူငြိမ်သက်လေလို့ ငါတော့ ခေါ်တယ်… မင်း သွားထိလိုက်ရင် မင်းရဲ့ မူလဝိညာဉ် ပြာကျသွားလိမ့်မယ်”

ဝေစွေ့ဖုန်းမှာ ဒိန်းခနဲ ရင်ခုန်သွားမိသည်။ သူက အလျင်အမြန် မေးလိုက်သည်။ “အပူငြိမ်သက်လေက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ”

“အရင်တုန်းက ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ဟာ ဒီနေရာကို စူးစမ်းလေ့လာဖို့ သိုင်းပညာရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေအများကြီးကို ခေါ်လာခဲ့ကြတယ်… ဒီလိုလေမျိုးကို တွေ့ကြုံဖူးတာ ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့တာပေါ့… သစ်ပင်အောက်မှာ ပုန်းနိုင်ခဲ့တဲ့သူတွေက လွဲပြီး ကျန်တဲ့သူတွေအကုန် သေကုန်တယ်”

ရှုကျွင်းက ပုဆိန်တစ်လက်ထုတ်လိုက်ကာ အရိုးခေါင်းအပေါ် ထုရိုက်လိုက်သည်။ ၎င်းအရိုးခေါင်းမှာ ဖန်ဆင်းရှင်အရိုးခေါင်း ဖြစ်ပေလိမ့်မည်။ သစ်ပင်ဆီသို့ ရောက်ရှိလာသည့်အချိန်တွင် ၎င်းမှာ ဂလွတ်ဂလွတ် အသံများနှင့်အတူ ခြေလက်လေးဖက်နှင့် အရိုးစုများ ပေါက်လာ၏။ ရှုကျွင်းက ပုဆိန်ဖြင့် ထုချလိုက်လေသည်။

“ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်ဆီးခံခဲ့ကြရတာ”

ရှုကျွင်းက သက်ပြင်းတစ်ချက် ချလိုက်၏။ သူက လက်လွှဲရမ်းပြီး ကြေမွသွားသည့် အရိုးစုကို အဝေးသို့ လွှတ်ပစ်လိုက်သည်။ ထို့နောက် မှင်သေသေ ဆက်ပြော၏။ “အသိစိတ်အလျဉ် နည်းနည်းလေးတောင် မကျန်ခဲ့ဘူး…. ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုလည်း ဖျက်ဆီးခံခဲ့ရတယ်”

ဝေစွေ့ဖုန်းမှာ မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော အရိုးများအား ဇဝေဇဝါကြည့်နေမိသည်။

ရှုကျွင်းက ပြော၏။ “ငါတို့နောက်က သစ်ပင်ရဲ့ သက်ရောက်မှု ခံခဲ့ရတာပဲ… ဒီသစ်ပင်က ကောင်းကင်နတ်အရှင်မူ အရင်က ပြောခဲ့ဖူးတဲ့ တာအိုသစ်ပင် ဖြစ်ရမယ်… ကလောကသစ်ပင်လို့လည်း ခေါ်တယ်… မဟူရာသစ်ပင်ကြီးက လောကသစ်ပင်တစ်ပင်ပဲ… ဒီသစ်ပင်က သေသွားပြီဆိုပေမယ့် စွမ်းအားကတော့ ကျန်နေသေးတယ်…. သူက အပူငြိမ်သက်လေကို ကာကွယ်ပေးနိုင်တယ်.. ဒါပေမဲ့ ဒီသစ်ပင်ကို လုံးဝ ထိလို့မဖြစ်ဘူး… ငါတို့သစ်ပင်အောက်ကို ထွက်ပြေးခဲ့တုန်းက တချို့သူတွေဆိုရင် ဒီသစ်ပင်နဲ့ ထိမိပြီး ပြောင်းလဲသွားခဲ့ကြတာ”

သူ၏မျက်နှာအမူအရာမှာ ထူးဆန်းလာသည်။ “တခြားသူတစ်ယောက်လို ဖြစ်သွားကြတာပဲ… တိတိကျကျပြောရရင်… လူသားတစ်ယောက်ပေါ့… အဲဒီသူက ငါတို့ရဲ့ သိုင်းပညာရှင်အတော်များများကို သတ်ခဲ့ကြတယ်…”

“ထူးဆန်းလိုက်တဲ့နေရာပဲ…” ဝေစွေ့ဖုန်းမှာ ကြက်သီးမွေးညှင်းများ ထလာပြီး အင်္ကျီပြင်ဝတ်လိုက်သည်။

အပူချိန် လျော့ကျသွားပြီးနောက် နှစ်ယောက်သား ခြောက်သွေ့နေသော သစ်ပင်ကြီးဆီမှ ထွက်ခွာလာခဲ့၏။ ဝေစွေ့ဖုန်းမှာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ရာ ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်တွင် ပြိုကျနေသောခန်းမများနှင့် အဆောက်အဦးပျက်များ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ ထိုအဆောက်အဦးများအပေါ်ရှိ မဟာတာအိုပုံစံများပင်လျှင် ပျက်ယွင်းနေပြီဖြစ်သောကြောင့် ဝိုးတဝါး မျဥ်းကြောင်းများသာ ကျန်ခဲ့တော့သည်။

ပျက်စီးနေသော နံရံများတွင် ကမ္ဘာဦးဖရိုဖရဲချီများ ရှိနေသေးသည်။ ၎င်းက သေးငယ်သော ရေအိုင်လေးတစ်အိုင်ကဲ့သို့ အလွန်တရာ လေးလံ၏။ ကမ္ဘာဦးဖရိဖရဲချီတို့ အေးခဲနေသည်ကိုပင် တွေ့ခဲ့ရသည်။

သူတို့ဖြတ်လာသည့်အချိန်တွင် အေးခဲနေသော ကမ္ဘာဦးဖရိုဖရဲချီတို့မှ အဖြူရောင်မီးခိုးငွေ့များ ထလာသည်။ ၎င်းက မျက်နှာမမြင်ရနိုင်သည့် ဦးခေါင်းကြီးတစ်ခုအလားပင်။ အေးစက်နေသော အာငွေ့တချို့ကို သူတို့ထံ ရှူထုတ်နေသည်။

ရှုကျွင်းက ဝေစွေ့ဖုန်းအား အလျင်အမြန် ဆွဲခေါ်လိုက်ပြီး လေအေးများကို ရှောင်တိမ်းကာ ပြေးတော့သည်။ သူက ခပ်သွက်သွက် ပြောသည်။ “အဲဒါက ရေခဲလေပဲ… ကမ္ဘာဦးဖရိုဖရဲတွေ သိပ်သည်းသွားတာကနေ ဖြစ်တည်လာတာ… မင်းခန္ဓာကိုယ်အပေါ် ရေခဲလေ တိုက်ခတ်သွားရင် အကုန်လုံး အရည်ပျော်သွားပြီး ဟင်းလင်းပြင် ဖြစ်သွားလိမ့်မယ်”

ဝေစွေ့ဖုန်းမှာ သူ့နောက်လိုက်၍ အသက်လုကာ ပြေးလွှားနေရသည်။ အကွာအဝေးတစ်ခုအထိ ပြေးလာပြီးနောက် ဝေ‌စွေ့ဖုန်း၏ မျက်နှာအမူအရာမှာ မှုန်သုန်လာ၏။ သူ့အရှေ့တွင် ထောင်သောင်းချီသော နန်းဆောင်များကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့မှာ ပျက်စီးယိုယွင်းနေသော်လည်း အတိတ်တုန်းက ခမ်းနားခဲ့မှုကို မြင်တွေ့ရနိုင်သေး၏။

သို့သော် ထိုနန်းဆောင်များအရှေ့တွင် ခြောက်သွေ့နေသည့် သစ်ပင်တစ်ပင် တည်ရှိနေသည်။

တာအိုသစ်ပင်များ တစ်ပင်ပြီးတစ်ပင်…

သူ့မျက်လုံးထဲတွင် တာအိုသစ်ပင်ရာပေါင်းများစွာ ရောင်ပြန်ဟပ်နေကြသည်။ ဝေစွေ့ဖုန်းမှာ တံတွေးတစ်လုတ် မြိုချလိုက်မိ၏။ သူ၏လည်ချောင်းထဲတွင် ခြောက်သွေ့နေပြီး အံ့သြလွန်းသဖြင့် မည်သည့်အရာကိုမှ မတွေးတောနိုင်တော့ပေ။

ရှုကျွင်းက သူ့အား ခြောက်သွေ့နေသော တာအိုသစ်ပင်ဆီသို့ ခေါ်လာကာ ချက်ချင်း ရပ်တန့်လိုက်သည်။ သူက ရေခဲလေဘက်သို့ လှည့်ကြည့်လိုက်၏။

ဝေစွေ့ဖုန်းက သူ့ဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေသည်။ ရှုကျွင်းက သတိပေးလေသည်။ “မထိနဲ့နော်*

ဝေစွေ့ဖုန်းက ခေါင်းတဆတ်ဆတ် ညိတ်သည်။

ရှုကျွင်းက ရေခဲလေဆီသို့ စိုက်ကြည့်နေခြင်းမှ အကြည့်မလွှဲဘဲ ပြော၏။ “အရင်တုန်းက နတ်ဘုရင်ပိုယန်က ငါတို့ရဲ့အစ်ကိုကြီး ဖြစ်ခဲ့တယ်… သူ့ရဲ့ အသိစိတ်အလျဉ်က သိပ်ကို အားကောင်းလွန်းတာ … ငါ့ထက်တောင် နည်းနည်းပိုပြီး သန်မာသေးတယ်… သူက လုံရှောင်ကို အဓိက အားကိုးခဲ့တယ်… လုံရှောင်နဲ့ ပူးပေါင်းပြီး ဒီရေခဲလေကို စုံစမ်းခဲ့ကြတယ်… ရေခဲလေ တိုက်ခတ်သွားတိုင်း ဒြပ်၀တ္ထုမှန်သမျှ အရည်ပျော်ပြီး မလှုပ်ရှားနိုင်တော့ဘူးတဲ့… ဒြပ်၀တ္ထုကို ဖွဲ့တည်ထားတဲ့ အမှုန်တွေအားလုံး ဘယ်တော့မှ ထပ်ပြီး မပြိုကွဲနိုင်တော့တဲ့အထိ ပြိုကွဲသွားကြတယ်… အဆုံးထိ ပြိုကွဲသွားတဲ့အခါ သူတို့ကြားက အကွာအဝေးက အဆုံးမသတ်တော့ဘူး…”

ဝေစွေ့ဖုန်းမှာ ထိုသို့အခြေအနေကို ပုံပင် မဖော်ကြည့်နိုင်ပေ။

“ဒါက ဟင်းလင်းပြင်ပဲ… ၃၅ ခုမြောက် ဟင်းလင်းပြင်ကတောင် ဒီဟင်းလင်းပြင်လောက် စွမ်းအားမကြီးဘူး”

ရှုကျွင်းက နှုတ်ခမ်းသပ်လိုက်သည်။ “၃၅ ခုမြောက် ဟင်းလင်းပြင်အထက်မှာ နောက်ထပ်ဟင်းလင်းပြင်တစ်ခု ရှိလိမ့်မယ်လို့ ပိုယန်နဲ့ လုံရှောင် ခန့်မှန်းခဲ့ကြမိတယ်… ဒီရေခဲလေကြောင့် လွင့်သွားခဲ့တဲ့ ဟင်းလင်းပြင် ဖြစ်ဖို့များတယ်… သူတို့က အဲ့ဒါကို အန္တိမဟင်းလင်းပြင်လို့ ခေါ်ပြီး ဒီမြို့ထဲက ရေခဲလေဟာ အန္တိမဟင်းလင်းပြင်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ခန့်မှန်းခဲ့ကြတယ်… ဒီလေက အန္တိမဟင်းလင်းပြင်မှာ သေဆုံးခဲ့ကြတဲ့ တစ္ဆေတွေကြောင့် လွင့်ထွက်လာခဲ့တာ ဖြစ်လောက်မယ်…”

ဟင်းလင်းပြင်သည် ဟင်းလင်းပြင်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိ၏။ ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်သည့် မည်သည့်သက်ရှိဖြစ်စေ ရုပ်ဝတ္ထုဖြစ်စေ ဟင်းလင်းပြင်ဖြစ်သွားပေလိမ့်မည်။

ဟင်းလင်းပြင်ဆိုသည့်အရာမှာ ပုဂ္ဂိုလ်တစ်ဦး ဟင်းလင်းပြင်ထဲ ဝင်ရောက်လိုက်သည့်အချိန်တွင် ထိုသူ၏ ခန္ဓာကိုယ်သည် ပါးလွှာလာပြီး ရုပ်ခန္ဓာအစစ်မှ ပုံရိပ်ယောင်ဖြစ်သွားခြင်းပင်။

ခန္ဓာကိုယ်ကို ဖွဲ့တည်ပေးထားသည် ရုပ်ဝတ္ထုအမှုန်များက တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုမရှိတော့ဘဲ ဟင်းလင်းပြင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ ပြောင်းလဲသွားပေလိမ့်မည်။

ဤသို့အခြေအနေမျိုးက ဟင်းလင်းပြင်ဖြစ်တည်လာခြင်းပင်။

ချင်မူ့ တာအိုကျင့်စဉ်စနစ်၏ တတိယမြောက်ကောင်းကင်ဘုံသည် မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် ဖွဲ့တည်ခဲ့ခြင်းဖြစ်၏။ သူ အသုံးပြုခဲ့ရသည့်အကြောင်းအရင်းက ဟင်းလင်းပြင်နှင့် အသိစိတ်အလျဉ်ကြောင့် ဖြစ်သည်။ ၎င်းက သူ ဖန်ဆင်းရှင်မျိုးနွယ်ဆီမှ သိမြင်နားလည်ထားခဲ့သော တာအိုကျင့်စဉ်စနစ် ကောင်းကင်နတ်သိုင်းပင်။

ဝေစွေ့ဖုန်းက မှေးမှိန်နေသော အကြည့်များဖြင့် အဝေးသို့ လှမ်းကြည့်နေသည်။

ရှုကျွင်းက ရေခဲလေကို စိုက်ကြည့်နေပြီး ပျောက်ကွယ်သွားမည်ကို စောင့်ဆိုင်းနေ၏။ ရုတ်တရက် ဝေစွေ့ဖုန်းက သူ့အင်္ကျီလက်စကို ဆွဲလာသဖြင့် ရှုကျွင်းက ပြောသည်။ “နည်းနည်းလောက် ထပ်စောင့်လိုက်ဦး… ဒီလေက လုံးဝပျောက်ကွယ်မသွားသေးဘူး”

ဝေ‌စွေ့ဖုန်းက သူ့အင်္ကျီလက်စအား ထပ်ဆွဲလာသဖြင့် ရှုကျွင်းမှာ စိတ်မရှည်တော့ပေ။ “နည်းနည်းလောက်စောင့်လို့ ပြောနေတယ်လေ… ငါတို့ အခုအချိန် ထွက်သွားရင် လေထဲ ချက်ချင်း ရောက်သွားလိမ့်မယ်… သေသွားလိမ့်မယ်ကွ…”

ဝေ‌‌စွေ့ဖုန်းက မနေနိုင်သဖြင့် မေးလိုက်မိသည်။ “ရှုကျွင်း၊ ခင်ဗျား အရင်တစ်ခါ ဒီကိုရောက်လာခဲ့တုန်းက မြို့ထဲမှာ အသက်ရှင်နေတဲ့သူတွေ ရှိတာ တွေ့ခဲ့ရလား…”

“အသက်ရှင်နေတဲ့သူတွေနဲ့လား… ဒီမြို့က လူသေမြို့လေကွာ… အသက်ရှင်နေတဲ့သူတွေ မပြောနဲ့ တစ္ဆေကိုတောင် မတွေ့ခဲ့ရဘူး”

ရှုကျွင်းလည်း လှည့်ကြည့်လိုက်သည်။ ဝေစွေ့ဖုန်းက မျက်နှာပျက်စွာဖြင့် ကတုန်ကယင် ပြော၏။ “အရှေ့မှာ အသက်ရှင်နေတဲ့သူတစ်ယောက် ရှိနေသလိုပဲ…”

All Chapters