ဖုန်းဖုန်းနှင့် ကျွင်းကျွင်း
Vol. 113 Ch. 1480
ရှုကျွင်းမှာ လှည့်ကြည့်လိုက်ပြီးနောက် ကြက်သီးမွေးညှင်းများ ထလာတော့သည်။ သစ်ပင်အောက်တွင် အသက်ရှိနေသည့် ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေပြီး သူတို့အား ပြုံးလျက် ကြည့်နေချေသည်။
သူတို့နှစ်ယောက်လုံး၏ မျက်နှာများ ဖြူဖတ်ဖြူလျော်သွားကြသည်။ ထိုပုဂ္ဂိုလ်မှာ ပြိုင်ဘက်ကင်းသော အလှတရားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သတိထားမိလိုက်၏။ သူမက သစ်ပင်အောက်မှ ထလိုက်ပြီး သူတို့အား လက်လှမ်းပြနေသည်။
နှစ်ယောက်သား အာရုံစူးစိုက်၍ ပြန်ကြည့်လိုက်ကြ၏။ ထိုအခါ အမျိုးသမီးက ပျောက်ကွယ်သွားပြီး ခြောက်သွေ့နေသော သစ်ပင်ထက်တွင် သစ်သီးတစ်လုံးက နေရာယူထားလေသည်။
“တာအိုသစ်သီး”
သူတို့နှစ်ယောက်လုံးမှာ ရင်တဒိန်းဒိန်း ခုန်သွားကြ၏။ ၎င်းက တာအိုသစ်သီးတစ်လုံးပင်။ ၎င်းတာအိုသစ်သီးမှာ ခြောက်သွေ့ရှုံ့တွနေသော်လည်း တာအိုစည်းချက်တို့ဖြင့် ပြည့်နှက်နေသည်။
“ခုနက အမျိုးသမီးက တာအိုသစ်သီးထဲက ဝိညာဉ်များလား”
နောက်ဆုံးတွင် ရေခဲလေတို့ တိုက်ခတ်နေခြင်း ရပ်တန့်သွားချေပြီ။
ဝေစွေ့ဖုန်းနှင့် ရှုကျွင်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တာအိုသစ်ပင်ဆီသို့ အတူတူ လျှောက်သွားလိုက်ကြသည်။ မနီးမဝေးသို့ရောက်သည့်အချိန်တွင် ရပ်လိုက်ကြ၏။
တာအိုသစ်သီးကား သစ်ပင်ပေါ်တွင် အသာအယာ လှည့်ပတ်နေလေသည်။ ထို့နောက် တာအိုသစ်သီးပေါ်ရှိ ရှုံ့တွနေသော အရေးကြောင်းများက ပိုပို၍ ပြတ်သားလာပြီး အစစ်အမှန် ဖြစ်လာ၏။
ဝေစွေ့ဖုန်းက သတိကပ်ထားသည်။
တဖြည်းဖြည်းချင်း တာအိုသစ်သီးမှာ သူတို့နှစ်ယောက်၏ မျက်လုံးထဲတွင် ဂြိုဟ်တစ်လုံးပမာ ကြီးမားလာသည်။ တာအိုသစ်သီးပေါ်ရှိ အရေးကြောင်းတစ်ကြောင်းစီတိုင်းက အလွန်တရာ ထူထဲနေပြီး သေးငယ်သော အရေးကြောင်းများဖြင့် ဖွဲ့စည်းထားကြ၏။ ၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ အင်မတန် ရှုပ်ထွေးလှသည်။
သို့သော် သေးငယ်သော အရေးအကြောင်းများထဲ၌ တာအိုသင်္ကေတတည်ဆောက်ပုံများ ပါဝင်နေ၏။
သူတို့လည်း တစ်လွှာပြီးတစ်လွှာ ကြည့်နေကြသည်။ တာအိုသစ်သီး၏ မျက်နှာပြင်ပေါ်ရှိ အရေးကြောင်းများသည် အဆုံးမရှိသော အသေးစိတ်အချက်အလက်များအား ဖော်ထုတ်ပေးနေ၏။ ကြည့်လေလေ ပို၍များပြားလေလေ ဖြစ်လာကာ ပို၍နက်နဲလာလေလေ အဖြေထုတ်ရန် ခက်ခဲလေလေပင်။
နှစ်ယောက်သား ကိုယ်တိုင်ပင် မသိလိုက်ဘဲ စျာန်ဝင်သွားကြည်။ တမူထူးခြားသည့် ပဟေဠိတစ်ခုကို ဖြေရှင်းနေကြရသည့်အလားပင်။ စပ်စုလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အသေးစိတ်အချက်အလက်များကို ကြည့်ရှုနေမိကြသည်။
သို့သော် အပြင်မှ ကြည့်လျှင် တာအိုသစ်သီးကား လုံးဝပြောင်းလဲမှုမရှိမှန်း သူတို့ မသိကြပေ။ ပြောင်းလဲသွားသည်မှာ သူတို့ကိုယ်တိုင်သာဖြစ်သည်။
သူတို့နှစ်ယောက်မှာ တဖြည်းဖြည်း ကျုံ့ဝင်လာနေပြီး တာအိုသစ်သီးနှင့် နီးကပ်လာနေ၏။ တဖြည်းဖြည်း သေးငယ်နီးကပ်လာကြရာ တာအိုသစ်သီး၏ ဝါးမြိုခြင်း ခံရပေတော့မည်။
ရုတ်တရက် ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့မှာ တာအိုသစ်သီး၏ မသိသာသည့် အရာတစ်ခုကို တွေ့မြင်လိုက်ရသည်။ တာအိုသစ်သီးအလယ်ဗဟိုတွင် အမျိုးသမီးတစ်ဦး လှဲလျောင်းနေလေသည်။
သူမက တာအိုသစ်သီးထဲတွင် အိပ်စက်နေပြီး အိပ်မောကျနေသော အသွင်အပြင်လေးမှာ ချစ်စရာကောင်းလွန်း၏။
“ဝေ…”
ရှုကျွင်း သူ့အသိစိတ်အလျဉ်ကို ထုတ်လွှတ်လိုက်ရင်း ရုတ်တရက် သတိပေးလိုက်သည်။ “ဒီမိန်းမ ဆွဲဆောင်တာ မခံရစေနဲ့” ထို့နောက် သူ့အသိစိတ်အလျဉ်က ဝေစွေ့ဖုန်း၏ စိတ်အား တိုက်ခိုက်၍ နှိုးလိုက်သည်။
ဝေစွေ့ဖုန်းမှာ ငေးငိုင်လျက် ရေရွတ်လိုက်မိသည်။ “အလှပဂေးတစ်ယောက်ပါလား… ကျွယ်ဝူချိန်အလှအောက် နိမ့်ကျမနေဘူး”
သူ့မှာ ချက်ချင်း သဘောပေါက်သွားသည်။ “ရှုကျွင်းက ဘာလို့ပြုစားမခံရတာလဲ.. သူ့တာအိုနှလုံးသားက ငါ့ထက် အားကောင်းလို့လား”
ရှုကျွင်း၏ အလှအပခံစားတတ်မှုသည် သာမန်လူများနှင့် ကွဲပြားမှန်း သူ မသိရှာပေ။ ရှုကျွင်း၏ မျက်လုံးထဲ၌ ထိုအမျိုးသမီးသည် ရွက်ကြမ်းရေကျိုသာ ဖြစ်၏။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး တာအိုသစ်သီး၏ အတွင်းပိုင်းထဲသို့ ရောက်ရှိနေသည်အား သတိထားမိသွားကြသည်။ သူတို့ လှည့်ကြည့်လိုက်ကြသည့်အခါ အတောမသပ်နိုင်သော တာအိုသင်္ကေတများက ရောယှက်လျက် သူတို့အား ဤထူးဆန်းသော တာအိုသစ်သီးထဲတွင် ချိပ်ပိတ်ထားကြောင်း တွေ့လိုက်ကြရသည်။
သူတို့မှာ ထိုနေရာတွင် ရပ်နေကြရပြီး အပြင်လောက၏ အလင်းရောင်ကို လုံးဝမမြင်ရတော့ပေ။ မဆုံးမရှိသော တာအိုသင်္ကေတများကိုသာ မြင်နေရ၏။
တာအိုသင်္ကေတများသည် သံကြိုးများကဲ့သို့ အရပ်လေးမျက်နှာတွင် တည်ရှိနေကြသည်။ ၎င်းသင်္ကေတများတွင် ကိန်းဝပ်နေသည့် စွမ်းအားက ဧကရာဇ်ပလ္လင်အဆင့် ဝေစွေ့ဖုန်းကိုပင် ကြက်သီးမွေးညင်းများ ထသွားစေ၏။ သူ၏နှလုံးသားထဲတွင် ကြောက်စိတ်ပင် ပေါက်ဖွားလာတော့သည်။
ရှုကျွင်းမှာလည်း အလားတူပေ။ သူက အသံကုန် အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့အသက်ကို ကယ်ခဲ့ပေမယ့်… မင်းကိုတော့ ငါ ပြန်မကယ်နိုင်တော့ဘူး”
ဝုန်း….
မရေမတွက်နိုင်သော တာအိုသင်္ကေတများက သူတို့ကို ဖုံးလွမ်းသွားကြချေပြီ။ ရှုကျွင်းမှာ သေပြီအထင်ဖြင့် မျက်လုံးများ စေ့နေအောင် မှိတ်ထား၏။ သို့သော် နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြီးအား သူ၏ပတ်ပတ်လည်တွင် ခံစားလိုက်ရသည်။ ၎င်းက တာအိုသစ်သီး၏ တာအိုသင်္ကေတများကို ခုခံပေးထားလေသည်။
“ဝေစွေ့ဖုန်းက စွမ်းအားကြီးလိုက်တာ...”
ရှုကျွင်းမှာ အံ့သြဝမ်းသာ ဖြစ်နေသည်။ “သူ့မှာ ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
သူ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူတို့အရှေ့၌ ကျောက်ယန်ခန်းမအား တွေ့လိုက်ရ၏။ ဝေစွေ့ဖုန်းသည် ကျောက်ယန်ခန်းမကို ထုတ်ကာ တာအိုသင်္ကေတများ၏ တိုက်ကွက်ကို ခုခံနေလေသည်။
ကျောက်ယန်ခန်းမတွင် မည်သည့်စွမ်းအားမှ မပါသော်လည်း ချိပ်တံဆိပ်အလွှာပေါင်းများစွာ ရှိ၏။ တာအိုသစ်သီး၏ တာအိုသင်္ကေတများက ပေါက်ကွဲထွက်လာပြီး ကျောက်ယန်ခန်းမရှိ ချိပ်တံဆိပ်အားလုံး၏ စွမ်းအားကို အသက်သွင်းလိုက်ချေသည်။
ကျောက်ယန်ခန်းမမှ ချိပ်တံဆိပ်များသည် ကမ္ဘာဦးခေတ်မှ ယနေ့အထိ ခေတ်အဆက်ဆက် သိုင်းပညာရှင်အားလုံး၏ ချိပ်တံဆိပ်များအား စုစည်းထားခြင်း မဟုတ်လော။ မဟာဧကရာဇ်မှ ထိုက်ချူ၊ ထိုက်ချူမှ ကောင်းကင်နတ်အရှင်ဆယ်ပါးတို့သာမက မရေမတွက်နိုင်သော ဖန်ဆင်းရှင်များ၊ ရှေးဟောင်းနတ်ဘုရားများနှင့် ဧကရာဇ်သိုင်းပညာရှင်တို့၏ ချိပ်တံဆိပ်များ ပါဝင်ကြသည်။ ဤအခိုက်အတန့်တွင် ထိုချိပ်တံဆိပ်တို့၏ စွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာကြသည်။
ရှုကျွင်း၏မျက်နှာပေါ်ရှိ အံ့သြဝမ်းသာနေသော အရိပ်အယောင်များပင် ပျောက်ကွယ်မသွားသေးခင် ဝေစွေ့ဖုန်းက လျှပ်တပြက် ခုန်ထွက်လာသည်။ မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းသင်္ကေတများက သူတို့နှစ်ယောက်၏ ပတ်ပတ်လည်တွင် ရစ်သိုင်းလှည့်ပတ်သွားကြသည်။ သူက ခပ်မာမာ အော်ဟစ်လိုက်၏။ “မြန်မြန်ထွက်သွားကြစို့”
ဝုန်း…
အဆုံးမရှိသော အလင်းတန်းများက ထူးဆန်းသော တာအိုသစ်သီးဆီမှ ဖြာထွက်လာကြသည်။ ပြင်းထန်လှသော လှိုင်းဂယက်များက တာအိုသစ်သီးကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပျံ့ထွက်သွားကြ၏။ တခဏအတွင်း ကြောက်မက်ဖွယ်စွမ်းအားက ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်မှ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ဧကရာဇ်များ၊ ရှေးဟောင်းနတ်ဘုရားများနှင့် ကမ္ဘာဦးခေတ်မှ သိုင်းပညာရှင်များ ထားရစ်ခဲ့သည့် ချိပ်တံဆိပ်အားလုံးကို ကြေမွသွားစေသည်။ ၎င်းက ပြိုင်ဘက်ကင်းအောင် ရှေးကျသည့် ဤနတ်ဘုရားမြို့အား ဘိုးဘေးနန်းတော်ထဲတွင် အလိုအလျောက် ပေါ်လာစေသည်။
ဤကျယ်ပြောသော နတ်ဘုရားမြို့ထဲတွင် ကြောက်မက်ဖွယ် သက်ရောက်မှုကြီးတစ်ခုက ကွင်းဆက်တုံ့ပြန်မှုကြီးအား ဖြစ်ပေါ်လာစေသည့်ပုံပင်။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော လှိုင်းဂယက်များ အသက်ဝင်လာကြပြီး တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်ကြသည်။
အထွတ်အမြတ်တောင်တန်းတစ်သိန်းဆီမှ လူများပင်လျှင် ဘိုးဘေးနန်းတော်၏ ကွင်းပြင်များဆီမှ အလင်းတန်းများ ကောင်းကင်သို့ ပြေးတက်နေကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်းတို့က ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုကို တုန်လှုပ်သွားစေပြီး တိမ်တိုက်များကို ဖယ်ရှားလျက် ဘိုးဘေးနန်းတော်၏ အကာအရံကို ဖောက်ထွက်သွားကြ၏။
ကောင်းကင်နတ်ဘုံတွင် စောင့်ကြပ်နေကြသော အစောင့်များသည် ကမ္ဘာမြေနှင့် တောင်တန်းများ တုန်လှုပ်သွားသည်ကို ခံစားလိုက်ကြရသည်။ ကောင်းကင်နတ်ဘုံတစ်ဘုံလုံးမှာလည်း အဆက်မပြတ် တုန်ခါလာသည်။ ကောင်းကင်နတ်ဘုံရှိ မြေကြီးမှာ နှစ်ခြမ်းကွဲသွားသောကြောင့် နန်းဆောင်အားလုံး ပြိုလဲလုနီးပါးဖြစ်ကုန်သည်။
နတ်ဘုရားများမှာ မတ်မတ်ပင် မရပ်နိုင်ကြချေ။ ထိုအခိုက်အတန့်၌ တုန်လှုပ်ချောက်ချားဖွယ်ရာ တာအိုအလင်းရောင်တစ်ခုက ကောင်းကင်ထက်သို့ ပျံတက်သွားသည်အား တွေ့လိုက်ရသည်။ ထိုတာအိုအလင်းရောင်တို့က ချိတ်ဆက်သွားပြီး ဘိုးဘေးနန်းတော်ကောင်းကင်ထက်တွင် ဧရာမသစ်ပင်ကြီးတစ်ပင်အား ဖွဲ့တည်လိုက်၏။
ကောင်းကင်နတ်ဘုံကို စောင့်ရှောက်နေကြသော ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့က ငေါက်ခနဲ ထရပ်၍ ကောင်းကင်နတ်ဘုံမှ ဖရိုဖရဲအဖြစ်အပျက်များကို ထိန်းချုပ်နေကြသည်။ ကောင်းကင်နတ်အရှင်နှစ်ပါးလုံး ကောင်းကင်ရှိ အလင်းတန်းဆီသို့ မော့ကြည့်လိုက်ကြသည့်အချိန်တွင် မျက်နှာများပျက်သွားကြသည်။ ကြယ်တာရာများမှာ ထိုအလင်းတန်းများကြောင့် မူလနေရာများမှ တွန်းထုတ်ခံနေရပြီး ကောင်းကင်အဖြစ်အပျက်များမှာ ဝရုန်းသုန်းကား ဖြစ်နေကြသည်။
ရွှမ်တုတွင် ကောင်းကင်နတ်အရှင်ဟောင်၊ ရှစ်ချီလော်၊ နတ်အရှင်မယန်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်အရှင်မချန်း၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့မှာ ကောင်းကင်တာအိုနှင့် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်အား သန့်စင်နေကြသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်မှာလည်း တုန်လှုပ်လာပြီး ရွှမ်တုရှိ ကုဋေချီသော ကြယ်တာရာများမှာ ဖရိုဖရဲ ပျံ့နှံ့ကုန်ကြသည်။
ရွှမ်တုအား စောင့်ကြပ်နေကြသည့် ကောင်းကင်နတ်ဘုံစစ်တပ်များမှာလည်း ပြန့်ကြဲသွားသော ကြယ်တာရာအစုအဝေးများကြောင့် အလားတူ ဖရိုဖရဲဖြစ်သွားကြသည်။ ကောင်းကင်နတ်မြစ်ပေါ်ရှိ ကောင်းကင်နတ်မြစ်ရေတပ်မှ စစ်သင်္ဘောတို့သည်လည်း လှိုင်းလုံးများကြောင့် လွင့်ထွက်ကုန်ကြ၏။ မရေမတွက်နိုင်သော ကောင်းကင်စစ်သားများနှင့် တပ်မှူးများမှာ ကောင်းကင်ပေါ်သို့ မြောက်တက်ကုန်ကြကာ ခန္ဓာကိုယ်များအား မထိန်းချုပ်နိုင်တော့ပေ။
“ဘိုးဘေးနန်းတော် ပြောင်းလဲသွားပြီ”
ကောင်းကင်နတ်အရှင်ခုနစ်ပါးက ထရပ်လိုက်ပြီး ဘိုးဘေးနန်းတော်အား ငုံ့ကြည့်လိုက်ကြသည်။ နတ်ဧကရာဇ်လန်ရွှမ်က အလန့်တကြား ထအော်၏။ “ကျောက်ယန်ခန်းမ… ကျုပ် ကျောက်ယန်ခန်းမမှာ ထားခဲ့တဲ့ ချိပ်တံဆိပ် ထိခံလိုက်ရပြီ”
“ငါ့ချိပ်တံဆိပ်ရောပဲ”
နတ်အရှင်မချန်းမှာ မျက်နှာအကြီးအကျယ် ပျက်သွားနေသည်။ သူမက အလျင်အမြန် ထရပ်လိုက်ပြီး ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်နှင့်အတူ ထွက်ခွာသွားသည်။ သူမ၏ ဒေါသတကြီး ကြိမ်းဝါးလိုက်သောအသံက ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် သေချင်နေပြီပေါ့လေ”
ကျန်ကောင်းကင်နတ်အရှင်များလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူမနောက်မှ ဘိုးဘေးနန်းတော်ဆီသို့ လိုက်သွားကြသည်။
ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ထဲတွင် ကျောက်ယန်ခန်းမသည် တာအိုသစ်ပင်တစ်ပင်ထဲတွင် နစ်မြုပ်လေ၏။ သစ်ပင်၏ တာအိုသစ်သီးက ကျောက်ယန်ခန်းမထဲတွင် ချိတ်ဆွဲနေသည်။ တာအိုသစ်သီးနှင့် ကျောက်ယန်ခန်းမ၏ ကျန်ရှိသော ချိပ်တံဆိပ်မှာ ထိပ်တိုက် တိုက်ခိုက်နေကြဆဲ ဖြစ်၏။ ၎င်းတို့က တစ်ခုကို တစ်ခု ဖျက်ဆီးရန် ကြိုးစားနေကြလေသည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုက ပြိုလဲနေသော အဆောက်အဦးများအောက်မှ ယွစိယွစိ လှုပ်နေ၏။ ဝေစွေ့ဖုန်းနှင့် ခေါင်းကြီးကြီးရှုကျွင်းတို့က အပျက်အစီးများထဲမှ တိုးထွက်လာကာ ဖုန်ခါလိုက်ကြသည်။
ရှုကျွင်းက ဟိုဟိုသည်သည် ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ထဲတွင် အဆောက်အဦးများစွာ ပြိုလဲနေသည်အား တွေ့လိုက်ရသည်။ သူက ရေရွတ်လိုက်လေသည်။ “ဆိုတော့ ကောင်းကင်နတ်အရှင်မူက အလကားသက်သက် နာမည်ကြီးတာတော့ မဟုတ်ဘူး... မျိုးနဲ့ ရိုးနဲ့ကိုး … ဘယ်နေရာသွားသွား အရာအားလုံးကို ပျက်စီးစေနိုင်တဲ့ သူ့ရဲ့ စွမ်းအားက မင်းလောက်တော့ မကောင်းဘူးပဲ…”
ဝေစွေ့ဖုန်းက မှင်သေသေ တုံ့ပြန်လိုက်၏။ “ဒါပေါ့… ကျုပ်က နဂါးဟန်ခေတ် မတိုင်ခင်ထဲက အဆောက်အဦးတွေကို လိုက်ဖျက်ဆီးခဲ့တာလေ... ကျုပ်ကမှ တကယ် နာမည်ကြီးတာ…”
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ရယ်သံများကြားတွင် ရှုကျွင်းမှာ ပတ်ဝန်းကျင်သို့ အကဲခတ်လိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း အေးခဲလာ၏။ သူ၏ရယ်သံပင်လျှင် ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။ နောက်ဆုံးတွင် လုံးဝမကြားရတော့ပေ။
ကမ္ဘာဦးဖရိုဖရဲမြစ်ကြီးတစ်စင်းသည် သူတို့အရှေ့တွင် ပေါ်ထွက်လာနေသည်ကို တွေ့လိုက်ရ၏။ မြစ်ထဲတွင် ကမ္ဘာဦးဖရိုဖရဲစွမ်းအင်တို့ ပြည့်နှက်နေသည်။ ၎င်းက ကျယ်ပြောခမ်းနားပြီး မည်သည့်နေရာသို့ စီးဆင်းနေသည်လဲ မည်သူမှ မသိနိုင်ပေ။
ဝေစွေ့ဖုန်းက ရယ်လျက် ပြောနေသည်။ “ဒီတစ်ကြိမ် ကောင်းကင်နတ်အရှင်ဆယ်ပါး ကျောက်ယန်ခန်းမထဲ ၀င်ပြီး မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်ကို မသတ်မှာ စိုးရိမ်စရာ မလိုတော့ဘူး… ရှုကျွင်း၊ ကျွန်တော်တို့ သွားဖို့ အချိန်ကျပြီ… ရှုကျွင်း….”
သူက ရှုကျွင်း၏ မျက်နှာအမူအရာကို ကြည့်ကာ မယုံသင်္ကာ ဖြစ်လာသည်။ “ခင်ဗျား လမ်းပျောက်သွားတာတော့ မဟုတ်ဘူးမလား”
ရှုကျွင်း အသိစိတ်ဝင်လာပြီး ရယ်မောလိုက်သည်။ “ငါက လမ်းပျောက်စရာလား… ဟားဟား… ငါက ကမ္ဘာဦးခေတ်ရဲ့ နတ်ဘုရင်သုံးပါးထဲက တစ်ပါးပါ… လမ်းပျောက်စရာ အကြောင်းအရင်း မရှိဘူး… ဒီနေရာကို တစ်ခါမှ မရောက်ဖူးတာပဲ ရှိတယ်… ဧကရာဇ်ဝေ၊ မင်းရဲ့ မြေပုံက တကယ် အလုပ်ဖြစ်လား… တစ်ယောက်ယောက်က တကယ်ပဲ ငါတို့ကို လာကယ်မှာလား”