← Chapters

မင်ဧကရာဇ်၏ အဆုံးအမများ

Vol. 113 Ch. 1481

မင်ဧကရာဇ်၏ အဆုံးအမများ

Vol. 113 Ch. 1481

အထွတ်အမြတ်တောင်တန်းတစ်သိန်းပေါ်တွင် အဘွားစစ်နှင့် ကျန်သူများသည် အဘိုးကြီးမာနှင့် တထာဂတကျန်းခုံးတို့ကို ကြည့်နေကြသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် ပြောင်းလဲမှုများ ဖြစ်ပွားခဲ့သည်မှာ ရက်နှစ်ဆယ်ကျော်ကြာခဲ့ချေပြီ။ ချင်မူ့အခြေအနေက တည်ငြိမ်နေသော်လည်း အဘိုးကြီးမာနှင့် တထာဂတကျန်းခုံး၏ အခြေအနေကတော့ ဟန်ပုံမရချေ။

တထာဂတကျန်းခုံး၏ စိတ်အခြေအနေမှာ မြင့်မားသော်လည်း သူ့သိုင်းအဆင့်ကတော့ နိမ့်ကျ၏။ ဤမဟာဗုဒ္ဓမှာ အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရချေသည်။

အဘိုးကြီးမာ၏ သိုင်းအဆင့်က ပိုမိုမြင့်မားသော်လည်း စိတ်အခြေအနေကတော့ ကျန်းခုံးအောက် နိမ့်ကျသည်။ ဤအဆင့်တွင် သူလည်း ပင်ပန်းနေပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် ယန်အာက အဘွားစစ်နှင့် ကျန်သူများဆီသို့ ပျံသန်းလာသည်။ “မကောင်းတာတစ်ခုခု ဖြစ်သွားပြီ… အထွတ်အမြတ်နယ်မြေကနေ အပင်ပေါက်လာတယ်”

“အထွတ်အမြတ်နယ်မြေကနေ အပင်ပေါက်လာတာ တဲ့လား”

အဘွားစစ်နှင့် အခြားသူများမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ယန်အာက ရှင်းပြ၏။ “အခုလေးတင် ကျွန်မအမေနဲ့ စကားပြောရင်း သူ့ကို အထွတ်အမြတ်နယ်မြေရဲ့ ရှုခင်းတွေ ကြည့်ဖို့ ခေါ်သွားခဲ့တာပါ …”

အားလုံးက မျက်မှောင်ကြုတ်လျက် တွေးလိုက်မိကြသည်။ “ဒီကောင်မလေးက မျက်ကန်းတစ်ယောက်ထက်တောင် ကန်း‌တာပဲ… အထွတ်အမြတ် တောင်တန်းတစ်သိန်းမှာ အထွတ်အမြတ်ဆိုတဲ့ စကားလုံးပါပေမယ့် ဟန်ပြသက်သက်ပဲလေ…. ဘယ်တုန်းကများ ဒီနေရာမှာ ရှုခင်းရှိလို့လဲ…”

ယန်အာက ဆက်ပြောနေသည်။ “... အထွတ်အ‌မြတ်တောင်တန်း အလယ်က ပင်မခန်းမဆီလည်း ရောက်ရော ခန်းမကို ဧရာမသစ်ရွက်ကြီးနှစ်ရွက်က မြှောက်တင်ပေးထားတာ တွေ့လိုက်ရတယ်… ပင်မခန်းမရဲ့ အုတ်မြစ်တွေကလည်း ကြေမွနေကြတယ်… အဲဒီသစ်ရွက်တွေက ကြီးမားလွန်းလို့ သူတို့ရဲ့အလယ်က သခင်လေးရဲ့ ခန်းမတောင် သနားစရာသေးသေးလေး ဖြစ်နေရော…”

ယန်အာသည် တရစပ်ပြောနေသဖြင့် မျက်ကန်းက ချက်ချင်း ဝင်ပြောလိုက်၏။ “အဘွားစစ်၊ ခင်ဗျားတို့ နေခဲ့ပြီး မူအာကို စောင့်ကြည့်ထားကြပါ… ကျုပ် သူနဲ့ လိုက်သွားပြီး ကြည့်လိုက်မယ်”

အဘွားစစ်က ခေါင်းညိတ်လိုက်ပြီး ရွှေအက လှမ်းပြောသည်။ “ငါလည်း လိုက်ကြည့်မယ်”

ယန်အာက သူတို့နှစ်ယောက်ကို အထွတ်အမြတ်တောင်တန်း၏ အလယ်ဗဟိုသို့ ခေါ်သွားသည်။ သူတို့မရောက်ခင်မှာပင် ဧရာမသစ်ရွက်ကြီးနှစ်ရွက်သည့် လက်ဖဝါးကြီးများအလား ချင်မူ့နန်းဆောင်အား မြှောက်တင်ပေးထားကြောင်း တွေ့လိုက်ရလေသည်။

၎င်းသစ်ရွက်နှစ်ရွက်သည် မီးကျွမ်းထားသော မဟူရာသစ်ငုတ်တိုကြီးမှ ထွက်လာခြင်းပင်။ မဟူရာသစ်ပင်ကြီးမှာ ထိုက်ယီ ခုတ်ပိုင်းသည်ကို ခံခဲ့ရပြီး မီးလောင်တိုက်သွင်းခံခဲ့ရ၏။ မီးမလောင်သွားသည့် အသက်ရစ်ကွင်းများသာ ကျန်ရစ်ခဲ့ပြီး အနက်ရောင်တောင်တန်းတစ်သိန်းအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင် အလယ်ဗဟိုရှိ တောင်တန်းမှ ဧရာမသစ်ရွက်ကြီးနှစ်ရွက် ပေါက်နေချေပြီ။ ၎င်းက အမှန်တကယ် ထူးဆန်းလှသည်။

ဤအခိုက်အတန့်၌ သစ်ရွက်နှစ်ရွက်၏ ပတ်ပတ်လည်တွင် လူတရုံးရုံး ဖြစ်နေကြသည်။ ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ မင်ဧကရာဇ်နှင့် ကျန်သူများလသည်း သစ်ရွက်ကြီးများ၏ အမြစ်အနားတွင် ပျံဝဲကာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်လဲ စစ်ဆေးနေကြသည်။

သစ်ရွက်နှစ်ရွက်၏ အလယ်တွင်တော့ အထွတ်အမြတ်တောင်တန်းတစ်သိန်း၏ နန်းဆောင်က နေရာယူထား၏။ ၎င်းက ချင်မူ နေထိုင်သောနေရာပင်။ ထိုက်ယီသည်လည်း ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံသခင်ကို ဤနေရာတွင် တွေ့ဆုံခဲ့ဖူး၏။

ခန်းမ၏ အရွယ်အစားမှာ မသေးငယ်သော်လည်း သစ်ရွက်နှစ်ရွက်နှင့် ယှဉ်လိုက်သည့်အခါတွင်တော့ အလွန်တရာ သေးငယ်သွားသည်။ သနားစရာပင်ကောင်းသည်ဟု ယန်အာ ပြောခဲ့သည်မှာ အံ့သြစရာ မရှိပေ။

သူတို့နှစ်ယောက်က သစ်ရွက်ကြီးများ၏ အောက်ခြေသို့ ရောက်ရှိလာကြပြီး မော့ကြည့်လိုက်ကြသည်။ နှစ်ယောက်သား အံ့ဩမှင်သက်သွားကြ၏။ သစ်ရွက်များ၏ သင်္ကေတများမှာ မဟာတာအိုသင်္ကေတများနှင့် တူပြီး ဖော်ပြ၍မရနိုင်အောင် ထူးခြားဆန်းကြယ်နေကြသည်။ သစ်ရွက်များဆီမှ အသက်စွမ်းအင်တို့ ထွက်ပေါ်လာနေပြီး ထိုနေရာတွင် ရပ်နေလျက်ပင် သူတို့၏မျက်နှာများ တောက်ပလာနေသည်ကို ခံစားနေကြရ၏။

ရုတ်တရက် ဗလတောင့်တောင့် လူတစ်ယောက်သည် ဧရာမပုဆိန်ကြီးအား ထမ်းလျက် လမ်းလျှောက်လာသည်ကို မျက်ကန်း တွေ့လိုက်ရသည်။ ထိုသူက သစ်ရွက်ကြီးနှစ်ရွက်ဆီသို့ ရောက်ရှိလာပြီး ပုဆိန်ကြီးကို မြှောက်သည်။ ထို့နောက် သစ်ရွက်အမြစ်ကို ခုတ်ချတော့မည့်အလား နှစ်ကြိမ်တိတိ ချိန်ရွယ်နေလေသည်။

“ဟိတ်လူ… မင်း ဘာလုပ်နေတာလဲ”

မင်ဧကရာဇ်က ပျံသန်းသွားပြီး ဒေါသတကြီး မေးသည်။ “မင်းက ဘယ်သူလဲ… ဘာလို့ တခြားတစ်ယောက်ရဲ့ သစ်ပင်ကို အကြောင်းအရင်း မရှိဘဲ ခုတ်နေရတာလဲ”

မျက်ကန်းနှင့် ရွှေအမှာ မျက်နှာများ ဖြူဆုတ်သွားကြသည်။ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် အခြားသူတို့၏ မျက်နှာများမှာလည်း အလားတူပင်။ ဗလတောင့်တောင့် ပုဂ္ဂိုလ်၏ ကြွက်သားများမှာ တောင့်တင်းနေပြီး သူ၏ရုပ်ခန္ဓာက ကောင်းကင်နှင့် မြေကြီးကို ဆွဲဖြဲပစ်နိုင်သည့် ဘီလူးကြီးတစ်ကောင်နှင့် တူ၏။ သူ့လက်ထဲရှိ ပုဆိန်မှာ အေးစက်သော အလင်းရောင်တို့ဖြင့် တောက်ပနေပြီး ကောင်းကင်နှင့်မြေကြီးကို ခုတ်ပိုင်းနိုင်သော စွမ်းအားတို့ ပါရှိနေသယောင်ပင်။ ထိုသူမှာ တခြားသူမဟုတ်ဘဲ ထိုက်ယီပင်။

မင်ဧကရာဇ်သည် ချိမင်ခေတ်တွင် အထူးချွန်ဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သော်လည်း ထိုက်ယီကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် တွေ့ဆုံရသည့်အခါတွင်တော့ ထိုပုဂ္ဂိုလ်ထံမှ ဆံနွယ်တစ်ချောင်းက သူ၏ ခါးထက်ပင် ထူထဲပေလိမ့်မည်။

ထိုက်ယီ၏ ရုပ်ခန္ဓာအပြင် သူ၏ဆံနွယ်တစ်ချောင်းကလည်း အမှန်ပင် မင်ဧကရာဇ်၏ ခါးထက် ထူထဲ၏။

ထိုက်ယီက ပုဆိန်ကို ဖယ်လိုက်ရင်း မင်ဧကရာဇ်အား ကြည့်လိုက်သည်။ သူ၏အသံက ခေါင်းလောင်းသံအလား ဟိန်းထွက်လာ၏။ “သစ်ပင်ခုတ်ဖို့ လာတာလေ”

“သိပ်ကို ယုံကြည်ချက်ရှိနေပါလား”

မင်ဧကရာဇ်မှာ ဒေါသထွက်နေသဖြင့် မာမာထန်ထန် မေးနေသည်။ “ဒါက မင်းပိုင်တဲ့နယ်မြေလား”

ထိုက်ယီက ပုဆိန်ကို ချ၍ လက်ကိုင်အား မှီထား၏။ သူက ‌ခေါင်းရမ်းလိုက်ပြီး ဖြေသည်။ “ငါပိုင်တဲ့နယ်မြေ မဟုတ်ဘူး…”

မင်ဧကရာဇ်က နှာခေါင်းရှုံ့၍ ပြော၏။ “သစ်ပင်ကရော မင်းသစ်ပင်လား”

အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြပြီး မည်သည့်အသံမှ မထွက်ရဲကြပေ။

ထိုက်ယီက ထပ်မံခေါင်းရမ်းသည်။ “ငါ့သစ်ပင်လည်း မဟုတ်ဘူး”

“မင်းပိုင်တဲ့ နယ်မြေလည်း မဟုတ်ဘူး… မင်းရဲ့ သစ်ပင်လည်း မဟုတ်ဘူးဆိုရင် တခြားသူတွေရဲ့ သစ်ပင်ကို လိုက်ခုတ်ရအောင် မင်းမှာ ဘာလုပ်ပိုင်ခွင့်တွေ ရှိလို့လဲ”

မင်ဧကရာဇ်က နှာခေါင်းရှုံ့ကာ ဆက်ပြော၏။ “တခြားသူတွေရဲ့ ပိုင်နက်ထဲ ပုဆိန်ကြီး ထမ်းလာပြီး သစ်ပင်ခုတ်ဖို့ ကြိုးစားနေတာ… ဘယ်နေရာသွားမေးကြည့် သွားမေးကြည့် အဓိပ္ပာယ်ကိုမရှိဘူး… အကြောင်းပြချက်ပေး… အကြောင်းပြချက်မပေးနိုင်ရင် ခုတ်ခွင့် မရှိဘူး”

ထိုက်ယီမှာ ကြောင်အသွားပြီး ရှိနေကြသူအားလုံးကို ကြည့်လိုက်သည်။

အားလုံးမှာ ဝေ့လည်ကြောင်ပတ် လျှောက်ကြည့်ကုန်ကြကာ သူနှင့်မျက်လုံးချင်း မဆုံရဲကြပေ။ မင်ဧကရာဇ်က လက်သီးဆုပ်လိုက်ပြီး ကြည်လင်ပြတ်သားစွာ ပြော၏။ “ဒီအပင်ပေါက်က ကောင်းကင်နတ်အရှင်မူရဲ့ မိသားစုအပိုင်ပဲ… မြေကြီးကလည်း ကောင်းကင်နတ်အရှင်မူတို့ မိသားစုပိုင်တာ….မင်း ခုတ်ပစ်ချင်ရင် ကောင်းကင်နတ်အရှင်မူရဲ့ ခွင့်ပြုချက်မရှိဘဲ ခုတ်ပစ်လို့မရဘူး…. ရွှမ်းရှို့၊ ၀မ်ယွမ်… ငါ့ကို လွှတ်စမ်း… ဒီလူက သန်မာပေမယ့် ကောင်းကင်နဲ့ မြေကြီးဆိုတာ တရားမျှတရတယ်… ငါ့ကို ဆွဲမထားနဲ့… ဒီလူက စွမ်းအားကြီးပေမယ့် ငါ သူ့ကို မကြောက်ဘူး… ကောင်းကင်နတ်အရှင်မူရဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး

ဟွာရွှမ်းရှို့နှင့် ၀မ်ယွမ်တို့က သူ့ကို ဆွဲခေါ်နေကြသဖြင့် မင်ဧကရာဇ်က ရုန်းနေ၏။ သူက ဒေါသတကြီး ပြောနေဆဲပင်။ “မင်းတို့နှစ်ယောက်ကလည်း လူကောင်းတွေကို အနိုင်ကျင့်ပြီး လူယုတ်မာတွေကို မြှောက်ပင့်တတ်တာလား… ငါ့ကို လွှတ်လို့ ပြောနေတယ်လေ… ဒီလူနဲ့ ဖြေရှင်းရမယ်ကွ”

ထိုက်ယီက တခဏတွေးတောပြီးနောက် ထိုင်ချလိုက်သည်။ “မင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်… ငါ ကောင်းကင်နတ်အရှင်မူကို ဒီနေရာပေးခဲ့တာ… မူလ ပိုင်ရှင်က ငါပဲ… အခုကတော့ ဧည့်သည်တစ်ယောက်ပေါ့… သစ်ပင်ခုတ်ဖို့ သူ့ခွင့်ပြုချက် လိုတယ်တဲ့လား … ထားလိုက်ပါတော့…. အရင်ဆုံး မခုတ်သေးဘူး… သူ နိုးလာတဲ့အခါ ဆက်ပြောကြတာပေါ့”

မင်ဧကရာဇ်က နှာတစ်ချက်မှုတ်၍ ဟွာရွှမ်းရှို့နှင့် ၀မ်ယွမ်ကို တွန်းထုတ်လိုက်သည်။ သူက လက်ချောင်းနှစ်ချောင်းကို မြှောက်၍ သူ၏မျက်လုံးများကို ညွှန်ပြပြီးနောက် မြေပြင်တွင် ထိုင်နေသော ထိုက်ယီထံ ပြန်ထိုးလိုက်သည့်။ “ငါ မင်းကို စောင့်ကြည့်နေမယ်… ငါ မမြင်ရတဲ့အချိန် တိုက်ခိုက်ဖို့ မကြိုးစားနဲ့… မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ… ဘာလို့ ငါ့ကို အဲ့လိုကြီး စိုက်ကြည့်နေကြတာလဲ”

အားလုံးက လေးစားအားကျစွာ သက်ပြင်းချလိုက်ကြသည်။ “ချိမင်‌ခေတ်က အကြမ်းတမ်းဆုံးခေတ်ဆိုတာ တကယ်ကို မှန်နေတာပဲ… မင်ဧကရာဇ်က မြင့်မြတ်တဲ့လောကတစ်ခုကို တွေ့မြင်ခဲ့ရတဲ့သူဆိုတော့ တရားမျှတမှုတွေနဲ့ ပြည့်နှက်နေတာ.. တာအိုရပြီးတဲ့ ထိုက်ယီလို ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ဆူပူကြိမ်းမောင်းလိုက်သေးတယ်”

ရှုရှန်းဟွာနှင့် လန်ယွီတျန်းက ရှေ့တက်၍ ထိုက်ယီအား မေးသည်။ “တာအိုနောင်တော်၊ ကျွန်တော်တို့ ဒီအပင်ပေါက်ကို မခုတ်ပစ်ရင် ဘယ်လိုအန္တရာယ်တွေ ရှိလာနိုင်လဲဗျ”

ထိုက်ယီက ဖြေ၏။ “ငါတို့ ခုတ်မပစ်လိုက်ရင် ဒီအပင်ပေါက်ရဲ့ အမြစ်တွေအားလုံး ပြန်အသက်ဝင်လာတဲ့အခါကျ အရင်စကြ၀ဠာရဲ့ အင်အားကြီးသိုင်းပညာရှင်တွေအားလုံး အမြစ်တွေကနေ ရောက်လာပြီး တစ်လောကလုံးကို ဒုက္ခပေးကြလိမ့်မယ်.. ဒီစကြ၀ဠာက အဲဒီလို အင်အားကြီးပုဂ္ဂိုလ်တွေရဲ့ နှိပ်စက်မှုကို အကြာကြီး မတောင့်ခံနိုင်ဘူး… ကပ်ဘေးကြီး ဖြစ်ပေါ်လာလိမ့်မယ်”

ရှုရှန်းဟွာက မေးသည်။ “ဒီအပင်ပေါက်ကို ခုတ်မပစ်ရင် ရနိုင်တဲ့ ကောင်းကျိုးတွေရော ရှိလား..”

ထိုက်ယီက ဖြေ၏။ “မခုတ်ပစ်ရင် ကောင်းကျိုးတချို့တော့ ရှိတယ်… ဒီသစ်ပင် ကြီးထွားပြီး သူ့ရဲ့အကိုင်းအခက်တွေ အန္တိမဟင်းလင်းပြင်အထိ ရောက်သွားရင် တာအိုရဖို့ ပိုလွယ်ကူလာလိမ့်မယ်…. စကြ၀ဠာဖျက်ဆီးခံရရင် တစ်ယောက်ယောက်က နောက်စကြ၀ဠာမှာ ပုန်းခိုနိုင်လိမ့်မယ်… ဒါပေမဲ့…”

သူက ခေါင်းခါရမ်းလိုက်သည်။ “အဲဒါတွေအားလုံးက သေးငယ်လွန်းတယ်..”

လန်ယွီတျန်းက ထပ်မံ မေးပြန်၏။ “ကျွန်တော်တို့ ခုတ်ပစ်လိုက်ရင် အရင်စကြ၀ဠာက သိုင်းပညာရှင်တွေ မလာနိုင်တော့ဘူးလား”

ထိုက်ယီက ‌ခေါင်းရမ်းသည်။ “အဲ့လိုတော့ မဟုတ်ဘူး… သူတို့ရောက်လာဦးမှာပဲ… ဒါပေမဲ့ အချိန်တစ်ခုအထိ နှောင့်နှေးသွားလိမ့်မယ်”

သူတို့နှစ်ယောက်က မည်သည့်မေးခွန်းမှ ထပ်မမေးတော့ဘဲ ထွက်ခွာသွားကြ၏။

ရွှေအ အရိပ်အခြေကြည့်၍ ချဥ်းကပ်လာပြီး ထိုက်ယီ၏ ခြေထောက်ဘေးတွင် ထိုင်လိုက်သည်။ သူက ဆေးတံတစ်ခုကို ထုတ်ကာ မီးမြှိုက်၏။ ထို့နောက် နှစ်ဖွာမျှ ရှိုက်ပြီးနောက် ထိုက်ယီအား ပေးသည်။

ထိုက်ယီ၏ ခန္ဓာကိုယ်ကြီးမှာ ကြီးမားလွန်းနေသည်။ သူက ခေါင်းငုံ့ကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ ထို့နောက် ဆေးတံကို ယူကာ နှစ်ဖွာရှိုက်လေသည်။

ရွှေအ၏ အရေးအကြောင်းများ ပြည့်နေသောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “တာအိုနောင်တော်၊ ကျုပ် ခင်ဗျားရဲ့ ပုဆိန်ကို ငှားကြည့်လို့ရမလား”

“ကြည့်ရုံပဲနော်”

ရွှေအက ချက်ချင်း ထရပ်၍ ပုဆိန်ပေါ်သို့ စိတ်လှုပ်တရှား ခုန်တက်လိုက်သည်။ သူက ပုဆိန်ပေါ်မှ တာကိုသင်္ကေတများကို အသေအချာ စစ်ဆေးလေ့လာရင်း လက်လွှဲရမ်းလိုက်၏။ “မျက်ကန်း… မျက်ကန်း… မင်းက တကယ် မျက်လုံး ကောင်းတာပဲ… မြန်မြန်လာပြီး ငါနဲ့အတူ လေ့လာ”

မျက်ကန်းက ချက်ချင်း မသွားပေ။ ထိုအစား ထိုက်ယီကို မေး၏။ “တာအိုနောင်တော်၊ မူအာ နိုးလာမှာလား”

ထိုက်ယီက ဆေးတံကို ရှိုက်ဖွာနေသည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်တွေက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ လာနေကြပြီ… ကျောက်စိမ်းမြို့တော်ထဲမှာ ငါ့ရဲ့အမြင်အာရုံကို ဖုန်းကွယ်ထားတဲ့ ကြောက်စရာပုဂ္ဂိုလ်တစ်ယောက် ရှိတယ်… ငါတောင်မှ အထဲမှာ ဘာတွေဖြစ်နေသလဲ မမြင်ရဘူး… ကောင်းကင်နတ်အရှင်တွေ ကျောက်ယန်ခန်းမထဲ ဝင်ပြီး မီလော့နန်းတော်ရဲ့ ကမ္ဘာဦးတန်ခိုးရှင်ကို သတ်မလား၊ မသတ်ဘူးလားတော့ ငါလည်း မသိနိုင်ဘူး”

မျက်ကန်းမှာ ဒိန်းခနဲ ရင်ခုန်သွားမိသည်။

ထိုက်ယီက ပြောသည်။ “ကောင်းကင်နတ်အရှင်ကိုးပါးတော့ ကျောက်စိမ်းမြို့တော်ဆီ ရောက်လာကြပြီ”

All Chapters