သစ်ပင်ကို ခုတ်မှာလား
Vol. 113 Ch. 1483
အဘွားစစ်မှာ ချင်မူ၏ အိပ်မက်အလွှာများ တစ်လွှာပြီးတစ်လွှာ ကျုံ့ဝင်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ချင်မူ့မျက်လုံးများ ပွင့်လာသဖြင့် သူမမှာ ဝမ်းသာပျော်ရွှင်သွားတော့သည်။
နောက်ဆုံးအိပ်မက်အလွှာများ လွင့်ပြယ်တော့မည့်အချိန်၌ တထာဂတမာနှင့် တထာဂတကျန်းခုံးတို့ တပြိုင်နက် နိုးထလာကြသည်။ သူတို့က ရှေ့သို့ ခြေတစ်လှမ်း လှမ်းတော်မူကာ သူ၏အိမ်မက်ကမ္ဘာမှ ထွက်ခွာလိုက်ကြသည်။
အိပ်မက်များသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ချင်မူ့မူလဝိညာဉ်က သူ့အနောက်၌ ရပ်လျက် သူတို့နှစ်ဦးအား ကျေးဇူးတင်စွာ ရှိခိုးလေသည်။
တထာဂတကျန်းခုံးက ချက်ချင်း ပြန်လည်အရိုအသေပေးပြီးနောက် သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။ “နောင်တော်”
သူက ချင်မူ့ကို ပြန်လက်ညှိုးထိုး၏။ “ညီတော်၊ မင်းက ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ”
ချင်မူမှာ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ သူတို့နှစ်ယောက် ပင်ပန်းနွမ်းနယ်နေကြမှန်း မြင်လျှင် သူက ချက်ချင်း သွားအနားယူစေသည်။ အဘွားစစ်က လမ်းလျှောက်လာပြီး နတ်လေးအား သူ့ဆီ ပြန်ပေးသည်။ “မူအာ၊ အခက်အခဲ အဆင်ပြေသွားပြီလား”
ချင်မူက ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးက မီလော့နန်းတော်က ကမ္ဘာဦးတန်ခိုးရှင်ကို ဖြောင့်မတ်မှန်ကန်စွာနဲ့ သတ်ဖြတ်ပစ်ခဲ့ကြပြီ… ကျွန်တော့်ရဲ့ အခက်အခဲကို နောက်ဆုံးတော့ ဖြေရှင်းပေးခဲ့ကြတယ်လေ”
အဘွားစစ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း ချီးကျူးလိုက်သည်။ “အဲဒီကောင်းကင်နတ်အရှင်ကိုးပါးက တကယ်ကို ဖြောင့်မတ်မှန်ကန်တာပဲ… နောင်တစ်ချိန်ကျရင် နင် သူတို့ကို သေချာကျေးဇူးတင်ရမယ်နော်”
ချင်မူလည်း တုံ့ပြန်လိုက်သည်။ “သူတို့ မနာမကျင်ဘဲ သေရအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”
“ဒါဆိုရင် ငါ စိတ်အေးပါပြီ” အဘွားစစ်က စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်၏။
ချင်မူမှာ တိမ်တိုက်များနှင့် မြူခိုးများကို ဖယ်ရှားလိုက်ပြီးနောက် နေလုံးကြီးအား တွေ့ခဲ့ရသည့်အလား စိတ်ဓာတ်တက်ကြွနေတော့သည်။ သူလည်း သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်၏။ “အစ်ကိုကြီးနဲ့ ရှုကျွင်းက တကယ်ကို အသုံးဝင်တာပဲ… သူတို့နှစ်ယောက် ကျောက်ယန်ခန်းမက ချိပ်တံဆိပ်ကို ချိုးဖျက်ပြီးတာနဲ့ ကျောက်စိမ်းမြို့တော်က ထွက်လာခဲ့ကြမယ် ထင်တာ… ကောင်းကင်နတ်အရှင်ကိုးပါးသာ ကျောက်ယန်ခန်းမထဲ မဝင်ခဲ့ရင် ကျွန်တော် ဒုက္ခရောက်နေပြီ”
သူက ဝမ်းသာစွာ ဆက်ပြော၏။ “သူတို့နှစ်ယောက် ကောင်းကောင်းလုပ်နိုင်ခဲ့မယ် ထင်မထားခဲ့မိဘူး … ကောင်းကင်နတ်အရှင်ကိုးပါးလည်း ကျောက်ယန်ခန်းမထဲ ၀င်ပြီးတော့ ကမ္ဘာဦးတန်ခိုးရှင်ကို ဖယ်ရှားသတ်ဖြတ်နိုင်ခဲ့ပြီ… အစ်ကိုကြီးနဲ့ ရှုကျွင်း ပြန်ရောက်လာကြပြီလား”
အဘွားစစ်က ခေါင်းခါရမ်းသည်။ “မရောက်ကြသေးဘူး… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က ဒီနေရာနဲ့ တော်တော်လေးဝေးတော့ အပြန်လမ်းမှာပဲ ရှိဦးလိမ့်မယ်… သူတို့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ရောက်သွားခဲ့တုန်းက အတော်လေးဝရုန်းသုန်းကားဖြစ်ခဲ့တာ… ကောင်းကင်မှာတောင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားတာ တော်တော် ကြောက်စရာကောင်းတယ်”
ချင်မူလည်း ဝိုင်းကြီးပတ်၍ လျှောက်နေရင်း ပြုံးနေသည်။ “ကျောက်စိမ်းမြို့တော်ထဲဝင်တုန်းက ကောင်းကင်နတ်အရှင်ကိုးပါး တစ်ခုခုရှာတွေ့ခဲ့လား သိချင်မိတယ်… ဒါဆိုရင် ကျောက်စိမ်းမြို့တော်ရဲ့ လျှို့ဝှက်ချက်တွေက…”
အဘွားစစ်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ “နင် ထောင်ချောက်ကနေ အခုလေးမှ လွတ်လာတာနော်… သမင်တစ်ကောင်လို အကျင့်နဲ့ ဒီကောင်စုတ်လေးကတော့ သေခြင်းဆိုတဲ့ စကားလုံးကို နားမလည်ဘူးပဲ … ကျောက်စိမ်းမြို့တော် ပွင့်လာပြီးတော့ အဖြစ်အပျက်နောက်တစ်ခု ဖြစ်သွားခဲ့သေးတယ်… ယန်အာပြောတာကတော့ နင့်ရဲ့ အထွတ်အမြတ်နယ်မြေမှာ အပင်ပေါက်လာတယ်တဲ့… သွားကြည့်လိုက်တာ ကောင်းမယ်”
ချင်မူမှာ ရှုကျွင်းနှင့် ဝေစွေ့ဖုန်းကိစ္စကို ချက်ချင်း အာရုံမရှိတော့ဘဲ အံ့သြမှင်သက်စွာ မေးလိုက်သည်။ “အထွတ်အမြတ်နယ်မြေကနေ အပင်ပေါက်လာတာတဲ့လား…. အဲ့ဒါ ဘာအဓိပ္ပာယ်လဲ”
“ငါလည်း ဘယ်သိမလဲအေ… ဒီနေရာမှာပဲ တစ်ချိန်လုံးစောင့်နေခဲ့ရတာကို… အနက်ရောင်တောင်တန်းကနေ ဘယ်လိုလုပ် အပင်ပေါက်လာလဲ မသိဘူး”
သူတို့နှစ်ယောက်သား စကားတပြောပြောဖြင့် အနက်ရောင်တောင်တန်းတစ်သိန်း၏ အလယ်ဗဟိုသို့ သွားနေကြသည်။
သူတို့ ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် လူငယ်တစ်ယောက်အသွင်ဖြင့် ထိုက်ယီသည် အက်ကွဲနေသော တောင်တန်းတစ်ခုကို ပြုပြင်နေသည်အား တွေ့လိုက်ရ၏။
လူငယ်ထိုက်ယီက ရေပုံးကို ချ၍ အနက်ရောင်တောင်တန်းတစ်သိန်း၏ အထွတ်အမြတ်နယ်မြေ အလယ်ဗဟိုသို့ ကြည့်လိုက်သည်။ သူက ချင်မူ့ကို ပြော၏။ “ငါ မင်းကို စောင့်နေတာကြာပြီ… မြန်မြန်လာ”
ချင်မူက ဇဝေဇဝါဖြစ်သွားပြီး မေးခွန်းထုတ်ရန် ပြင်လိုက်သော်လည်း လူငယ်ထိုက်ယီမှာ အလုပ်ရှုပ်နေပြန်တော့သည်။
သူတို့နှစ်ယောက်သား အနက်ရောင်တောင်တန်းတစ်သိန်း၏ အထွတ်အမြတ်နယ်မြေအလယ်ဗဟိုသို့ ရောက်လာကြသည့်အခါ အဝေးတွင် အစိမ်းရောင်အပင်ပေါက်တစ်ပင် ပေါက်နေသည်အား တွေ့လိုက်ကြရသည်။ အပင်ပေါက်သည် ကိုက်ရာပေါင်းများစွာ ရှည်လျားသော်လည်း သစ်ရွက်ငါးရွက် ခြောက်ရွက်ခန့်သာ ရှိ၏။ သစ်ရွက်တစ်ရွက်ပေါ်တွင် နန်းဆောင်တစ်ခု ရှိပြီး ၎င်းကား ဤနေရာကို စောင့်ကြပ်နေသည့် ချင်မူ၏ နန်းဆောင်ခန်းမပင် ဖြစ်သည်။
ချင်မူနှင့် အဘွားစစ်တို့မှာ မျက်နှာအမူအရာများ မှုန်သုန်သွားကာ ခပ်မြန်မြန် လျှောက်နေကြသည်။ သူတို့နီးကပ်လာလေလေ အပင်ပေါက်မှာ ပို၍ကြီးမားလာလေလေပင်။ ၎င်း၏သစ်ကိုင်းများနှင့် သစ်ရွက်များက တိမ်တိုက်များအလား မြင့်မားနေပြီး လျှပ်စီးများက သစ်ရွက်များအပေါ် ပစ်ချနေကြ၏။
သို့သော် ဘိုးဘေးနန်းတော်၏ ကောင်းကင်လျှပ်စီးကပင် သစ်ရွက်နှင့် မယှဉ်နိုင်ပေ။ လျှပ်စီးတန်းတို့မှာ အပ်လေးတစ်ချောင်းအလား သေးငယ်နေပြီး အပင်ပေါက်ကို ထိခိုက်အောင် မလုပ်နိုင်။
ချင်မူက အပင်ပေါက်၏ အောက်ခြေသို့ ရောက်လာသည့်အခါ အပင်အောက်တွင် ထိုင်၍ လမ်းစဉ်သိမြင်နားလည်နေသော လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ကို တွေ့လိုက်ရသည်။ မျက်ကန်းနှင့် ရွှေအတို့က ဧရာမပုဆိန်ကြီးတစ်လက်ကို ကြည့်ရှုလေ့လာနေကြပြီး ကျန်သူများကတော့ ထူးဆန်းသော အပင်ပေါက်၏ သစ်ကိုင်းနှင့် သစ်ရွက်များအပေါ်မှ တာအိုသင်္ကေတများကို လေ့လာနေကြလေသည်။ သူတို့မှာ ဤအပင်ပေါက်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြသည်။
မင်ဧကရာဇ်ကတော့ မနီးမဝေးရှိ ဧရာမပုဂ္ဂိုလ်ကြီး၏အနား သစ်ပင်အောက်တွင် ရပ်နေသည်။ ထိုလူက သူ့ကို ငုံ့ကြည့်ကာ လျစ်လျူရှုထား၏။
ချင်မူက ရှေ့သို့တက်၍ စပ်စုလိုက်သည်။ “တာအိုနောင်တော်ထိုက်ယီ…”
ထိုက်ယီက ထရပ်လိုက်ပြီး ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီနယ်မြေက မင်းရဲ့ပိုင်နက်ဆိုတော့ ဒီနေရာမှာ ပေါက်တဲ့အပင်တွေကလည်း မင်းအပိုင်ပဲ… ဒီအပင်ကို ခုတ်ခွင့် တောင်းဖို့ မင်းကို စောင့်နေတာ”
ချင်မူက တုံ့ဆိုင်းစွာဖြင့် မေး၏။ “ဒီအပင်ပေါက်က…”
“ဒါက လောကသစ်ပင်ပဲ… စကြ၀ဠာပျက်စီးတဲ့အချိန်က အခုအထိ ဒီသစ်ပင်ကြီးဟာ သေဆုံးမသွားခဲ့ဘူး….. စကြ၀ဠာပျက်စီးတဲ့ ကပ်ဘေးတွေကိုလည်း ကျော်ဖြတ်ခဲ့တယ် … မရေမတွက်နိုင်တဲ့ သက်ရှိတွေ၊ တာအိုရပြီးသား တန်ခိုးရှင်တွေတောင် သေဆုံးခြင်းကို မလွန်ဆန်နိုင်ခဲ့ကြဘူး… ဒီသစ်ပင်တစ်ပင်ပဲ အသက်ရှင်ကျန်ခဲ့တာ”
ထိုက်ယီက ဆက်ပြောသည်။ “အဲဒါကို ငါ အတိတ်တုန်းက ခုတ်ပစ်ခဲ့ပြီး မီးရှို့ပစ်ခဲ့တယ်… ဒါပေမဲ့ အသက်ရှင်နေလိမ့်ဦးမယ် ထင်မထားခဲ့ဘူး… ဒီနေရာက မင်းရဲ့ ပိုင်နက်ဆိုတော့ ငါက ဧည့်သည်တစ်ယောက်ပဲ…. မင်းရဲ့သစ်ပင်ကို ခုတ်ချင်ရင် ငါ ခွင့်တောင်းရမယ်”
“လောကသစ်ပင်တဲ့လား”
ချင်မူ့ရင်မှာ တဒိန်းဒိန်း ခုန်လာတော့သည်။ သူက အလွန်တရာကြီးမားသော အပင်ပေါက်ကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။ “ဒါက မဟာကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်တဲ့ ရတနာတစ်ပါးလား”
သူ၏မျက်လုံးများထဲတွင် ဝေခွဲရခက်သော ခံစားချက်များ ပြည့်နှက်နေသည်။ သူအနေဖြင့် ဤကဲ့သို့ သစ်ပင်ကြီးတစ်ပင်အား သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခွင့် မရမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့ပြီး အမြဲတမ်း တွေ့ချင်ခဲ့ဖူးသည်။
သစ်ပင်ကို ခုတ်၍ မီးရှို့ရသည်မှာ လွယ်ကူ၏။ အနက်ရောင်အမြစ်များသာ ကျန်ခဲ့ပေလိမ့်မည်။ သို့သော် ဤသစ်ပင်သည် အမှန်တကယ် အသက်ပြန်ဝင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ကောင်းကင်နတ်အရှင်မူ၊ ဒီသစ်ပင်ကို ထားလိုက်ရင် အရင်စကြ၀ဠာ ၁၆ ခုက ကပ်ပါးကောင်တွေ ဒီစကြ၀ဠာထဲ ဝင်လာနိုင်ကြလိမ့်မယ်…. ငါတောင်မှ သူတို့ကို မတားနိုင်ဘူး”
ထိုက်ယီက ရှင်းပြသည်။ “ဒါပေမဲ့ ဒီသစ်ပင်ကို ခုတ်လိုက်ရင်တောင် လမ်းကို လုံးဝဖြတ်တောက်လိုက်နိုင်တာ မဟုတ်ဘူး…သူတို့ ရောက်လာဦးမှာပဲ… အချိန်တစ်ခုပဲ နှေးသွားလိမ့်မယ်…. ဒီသစ်ပင်ကို ခုတ်မလား၊ ဒီတိုင်းထားမလားက ဒီနယ်မြေရဲ့ ပိုင်ရှင်ဖြစ်တဲ့ မင်းအပေါ်မှာပဲ မူတည်တယ်”
ချင်မူသည် တခဏတုံ့ဆိုင်းနေပြီးနောက် လောကသစ်ပင်၏ အပင်ပေါက်ကို မော့ကြည့်နေ၏။
အမိကမ္ဘာမြေကား စကြ၀ဠာရှိ ကမ္ဘာလောကအားလုံးကို ထောက်ကန်ပေးထားနိုင်သော ကမ္ဘာဦးသစ်ပင်ပင် ဖြစ်ခဲ့သည်။ သို့သော် သူ့အရှေ့ရှိ ဤသစ်ပင်ကြီးနှင့် ယှဥ်ပါက အမိကမ္ဘာမြေပင်လျှင် အနည်းငယ် နိမ့်ကျပေသည်။
ဤသစ်ပင်ကြီးမှာ သဘာဝအတိုင်း အလိုအလျောက် ပေါ်လာရန် ခဲယဉ်းသော နတ်ရတနာတစ်ပါးပင်။
စကြ၀ဠာအားလုံးကို ဆက်သွယ်ပေးနိုင်သော အရာလည်း ဖြစ်၏။
သို့သော် ဤသစ်ပင်ကြီးကြောင့် ကမ္ဘာခေတ်ဦးမှ ပုဂ္ဂိုလ်များသည် အမြစ်များမှ တိုးထွက်လာကာ မဟာကပ်ဘေးကြီးကို ရှောင်တိမ်း၍ နောက်ထပ်စကြ၀ဠာတွင် ကပ်ပါးခိုနိုင်ကြခြင်း ဖြစ်သည်။
၎င်းက ဆိုးရွားသော အခြေအနေ နောက်တစ်ခုကို ဖြစ်ပေါ်စေ၏။ စကြ၀ဠာအသစ်၏ သက်တမ်းမှာ သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
“အလေးချိန်နဲ့ စွမ်းအင် များလာနေပြီ… စကြ၀ဠာမှာရှိတဲ့ ဒြပ်ထုနဲ့ စွမ်းအင်ပမာဏက ပြောင်းလဲလို့မရဘူး… အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တဲ့သူတွေက စကြ၀ဠာရဲ့ စွမ်းအင်ကို များလာစေတာနဲ့ အတူတူပဲ”
ထိုက်ယီသည် ချင်မူ့အတွေးများကို ဖောက်ထွင်းသိမြင်နိုင်ပုံပေါ်၏။ “အင်အားကြီးမားတဲ့ သိုင်းပညာရှင်တွေများလေလေ စွမ်းအင်တွေ ပိုပြီးများလေလေပဲ…” သူက ဘေးတွင် ရပ်ကာ ပြော၏။ “တာအိုရခဲ့တဲ့ပုဂ္ဂိုလ်တွေက စွမ်းအင်အများဆုံး ရှိတဲ့သူတွေပဲ… တာအိုရခဲ့တဲ့သူတွေရဲ့ တာအိုသစ်ပင်က အန္တိမဟင်းလင်းပြင်မှာ တည်ရှိတဲ့အတွက် အဲဒီနေရာက စွမ်းအင်အများဆုံးရှိတဲ့ နေရာဖြစ်လာတယ်… တာအိုရပြီးတဲ့ပုဂ္ဂိုလ်တွေ ဒီစကြ၀ဠာမှာ ပိုများလာလေလေ အန္တိမဟင်းလင်းပြင် ပို၍မြန်မြန်ပျက်စီးလေလေပဲ… စကြ၀ဠာကပ်ဘေးကြီးက အန္တိမဟင်းလင်းပြင်ကနေ စတာ…”
ချင်မူက စိတ်ထိန်းလိုက်သော်လည်း သူ၏အကြည့်က နတ်သစ်ပင်ကြီးဆီမှ မခွာပေ။ သူ့ဆီမှ ခပ်တိုးတိုး ရေရွတ်သံ ထွက်ပေါ်လာသည်။ “နတ်သစ်ပင်ရဲ့ ထူးခြားဆန်းကြယ်မှု .... ကပ်ဘေးကြီးတောင် မဖျက်ဆီးနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ဖို့ ဖြစ်နိုင်မလား”
“နည်းလမ်းရှိခဲ့ရင် အရင်စကြ၀ဠာရဲ့ သိုင်းပညာရှင်တွေ တွေ့ခဲ့တာကြာပြီ… အသက်ရှင်ဖို့ လောကသစ်ပင်ကြီးကို အားကိုးနေကြတုန်းဆိုတော့ မတွေ့ခဲ့လောက်ဘူး” ထိုက်ယီက တုံ့ပြန်သည်။
ချင်မူက တစ်ယောက်တည်း ရေရွတ်နေသည်။
ရုတ်တရက် ပြင်းထန်လှသော တုန်ခါမှုများ ထွက်ပေါ်လာပြီး ကမ္ဘာသစ်ပင်၏ အပင်ပေါက်သည် ဝုန်းခနဲ ကြီးထွားလာချေပြီ။
အသက်ရှိုက်စာအနည်းငယ်အတွင်း ကမ္ဘာသစ်ပင်မှာ နောက်ထပ်ကိုက်တစ်ရာအထိ မြင့်မားလာသည်။ ၎င်း၏ပင်စည်မှာလည်း ထူထဲလာ၏။ နောက်ထပ်သစ်ရွက်တစ်ရွက် ပေါက်လာသည်။
တုန်ခါမှုများ ပျောက်ကွယ်သွားပြီး ကမ္ဘာသစ်ပင် ကြီးထွားလာသည်မှာလည်း ရပ်တန့်သွား၏။
“မင်း မနိုးခင်တည်းက ဒီသစ်ပင်က အကြိမ်တော်တော်များများ တုန်ခါနေခဲ့တာ… တစ်နေ့ကို တစ်ကြိမ်ပေါ့… ကောင်းကင်နတ်အရှင်မူ၊ ဒီသစ်ပင် နေ့အချိန်မှာပဲ ဘာလို့ အသက်ဝင်လာပြီး ကြီးထွားလာသလဲဆိုတာ သိလား” ထိုက်ယီက မေးသည်။
ချင်မူက ခေါင်းခါရမ်းလိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “ပြောပြပေးပါ နောင်တော်”
“တစ်ယောက်ယောက်က ဒီသစ်ပင်ကို ပျိုးထောင်နေတာပဲ… လောကသစ်ပင်ရဲ့ အသက်ဝင်လာမှုနဲ့ ကြီးထွားလာမှုကြောင့် ဘိုးဘေးနန်းတော်က သေသွားတဲ့ သက်ရှိတွေကို ဝါးမြိုတဲ့ ဧရာမယဇ်ပလ္လင်ကြီးလိုလည်း ဖြစ်သွားခဲ့ပြီးပြီ… လန်ယွီတျန်း ကျောက်ယန်ခန်းမကို ယူလာခဲ့တုန်းကတောင် ဝေစွေ့ဖုန်းအနေနဲ့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ ပြန်ယူသွားခဲ့ရတယ်… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် ပြန်ပေါ်လာတာက အဲဒီပုဂ္ဂိုလ်ရဲ့ ထိန်းချုပ်မှုကြောင့် ဖြစ်နိုင်တယ်”
ချင်မူ ပါးစပ်အဟောင်းသားဖြစ်နေသော်လည်း ထိုက်ယီသည် မရပ်တန့်ပေ။ သူက မှင်သေသေဖြင့် ဆက်ပြော၏။ “ဘယ်ပြောလို့ရမလဲ.. မင်းရဲ့ ကမ္ဘာသစ်ပင်ကို ကာကွယ်ပေးချင်နေတဲ့ အတွေးတွေကလည်း အဲဒီပုဂ္ဂိုလ် ထိန်းချုပ်နေတာကြောင့်ဖြစ်နိုင်တယ်”
ချင်မူ့နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားမိသည်။ “နောင်တော်ပြောချင်တာ အရင်စကြ၀ဠာရဲ့ သိုင်းပညာရှင်လား… သူက ဘိုးဘေးနန်းတော်အထဲ ရောက်နေပြီလား”
ထိုက်ယီက ခေါင်းခါရမ်းသည်။ “ငါ မသိဘူး… ငါ့ပုံစံက အကုန်လုံး သိနေတဲ့ပုံပေါ်ပေမယ့် အမှန်တကယ်တော့ ငါ မသိသေးတဲ့အရာတွေ အများကြီး ရှိတယ်… ဥပမာဆိုရင်…”
သူက တခဏတုံ့ဆိုင်းနေပြီးနောက် ဆက်မပြောတော့ပေ။ “ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်က ငါမမြင်နိုင်တဲ့နေရာတစ်နေရာပဲ… သိပ်ကို ထူးဆန်းတယ်… အင်မတန် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခုက ငါ့ရဲ့အမြင်အာရုံကို ပိတ်ထားတာ ခံစားနေရတယ်… ကောင်းကင်နတ်အရှင်မူ၊ ဒီလောက်ထိ ပြောပြီးပြီဆိုတော့ သစ်ပင်ကို ခုတ်မှာလား၊ မခုတ်ဘူးလား..”
ချင်မူက ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး မကြာခဏ လောကသစ်ပင်ဆီသို့မော့ကြည့်နေသည်။ သူ၏နှလုံးသားထဲတွင် ချိတုံချတုံဖြစ်နေဆဲပင်။
ထိုက်ယီက တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေသည်။
အချိန်အတော်ကြာပြီးနောက် ချင်မူ၏ ဖရိုဖရဲဖြစ်နေသော စိတ်အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားပြီး သူ၏ခြေလှမ်းများကလည်း နှေးကွေးလာသည်။
နောက်ဆုံးတွင် နှင်းတမျှ ဖြူစွတ်သောမျက်လုံးများဖြင့် ထိုက်ယီဆီသို့ ကြည့်လိုက်၏။ သူက ပြုံးလျက် ပြောလိုက်သည်။ “တာအိုနောင်တော်၊ ခင်ဗျားဟာ ကျယ်ပြောနက်နဲတဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိတဲ့အတွက် ပြိုင်ဘက်ကင်းတယ်… ဆိုတော့ ကျွန်တော် တစ်ခုလောက် မေးချင်တယ်… အရင်စကြ၀ဠာက ကမ္ဘာခေတ်ဦးသိုင်းပညာရှင်တွေ ကမ္ဘာသစ်ပင်ရဲ့ အမြစ်တွေကနေတဆင့် ကျွန်တော်တို့ရဲ့ စကြ၀ဠာဆီ လာနိုင်ရင် ကျွန်တော်တို့ကရော အရင်စကြ၀ဠာတွေဆီ ပြန်သွားလို့ရလား”
ထိုက်ယီမှာ ငေးကြောင်သွားမိသည်။
သူ့အနေဖြင့် ဤမေးခွန်းကို တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
“မင်းပြောချင်တာ…” သူက ချင်မူ၏ တောက်ပနေသော မျက်လုံးများကို ကြည့်ရင်း အနည်းငယ် တွန့်သွားလေသည်။
“ကျွန်တော်ပြောချင်တာက သစ်ပင်ကို ခုတ်ခုတ်၊ မခုတ်ခုတ် အရင်စကြ၀ဠာက သိုင်းပညာရှင်တွေက ရောက်လာဦးမှာပဲလေ… ကျွန်တော်တို့ တားဆီးလို့ မရဘူးမလား… ဒီလောကသစ်ပင် ကြီးလာတာကို စောင့်ရင်ရော… ကြီးလာတဲ့အချိန်ကျ သူတို့ရဲ့ အရင်စကြ၀ဠာဆီ အရင်သွားပြီး တားကြမယ်လေ… သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ကြတာပေါ့”
ချင်မူက ပြူံး၏။ “ကျွန်တော်တို့ရဲ့ ခံစစ်မှာ အမှားမယွင်း မရှိဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး… ကျွန်တော်တို့ အရင်တိုက်ခိုက်ရင် သူတို့ရဲ့အားနည်းချက် ပေါ်လာမှာပဲ… အဲဒါဆိုရင် ခံစစ်တိုက်စစ်က ကွာသွားပြီလေ”
ထိုက်ယီက သူ့အနောက်ရှိ အပင်ပေါက်ကို အချိန်အတော်ကြာသည့်အထိ စိုက်ကြည့်နေ၏။ ထို့နောက် ပြောသည်။ “ကောင်းပြီလေ… မင်း တာအိုရတဲ့အချိန်ကျ ငါ မင်းကို အဲ့ဒီနေရာဆီ ပို့ပေးမယ်”
ချင်မူ့မျက်နှာထက်ရှိ အပြုံးက ချက်ချင်း အေးခဲသွားပြီး ရေရွတ်လိုက်သည်။ “နောင်တော်၊ ဒီကိစ္စက ရေရှည်ရှုထောင့်ကနေ ဆွေးနွေးဖို့ လိုသေးတယ်မလား”
ထိုက်ယီက လက်ဆန့်တန်း၍ ပုဆိန်ကို ကိုင်ကာ မျက်ကန်းနှင့် ရွှေအအား ခါထုတ်လိုက်သည်။ ထို့နောက် အစအနပင် မကျန်ဘဲပျောက်ကွယ်သွား၏။
“သစ်ပင်ခုတ်ဖို့က ဆွေးနွေးလို့ မရတဲ့ ကိစ္စ မဟုတ်ဘူးနော်..” ချင်မူက ကျယ်လောင်စွာ လှမ်းအော်သည်။
သို့သော် ထိုက်ယီမှာ ပျောက်ကွယ်သွားပြီဖြစ်၏။
ချင်မူက ဒေါသတကြီး ရေရွတ်လိုက်၏။ “အမြဲတမ်းနှေးကွေးနေတဲ့သူက အခုတော့ မြန်ချက်ပဲ”
သူက လောကသစ်ပင်ဘက်သို့ လှည့်ကြည့်ကာ မျက်လုံးများ တောက်ပလင်းလက်လာတော့သည်။
ထိုအခိုက်အတန့်တွင် ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ဘေးတွင် ဝေစွေ့ဖုန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ရှုကျွင်းအား ပြောနေ၏။ “စိတ်မပူပါနဲ့… ညီလေးက ကျုပ်တို့ကို သေချာပေါက်လာကယ်မှာ”