← Chapters

ငါတို့က မိသားစု

Vol. 113 Ch. 1484

ငါတို့က မိသားစု

Vol. 113 Ch. 1484

ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သည့် လှိုင်းဂယက်များက ကျောက်စိမ်းမြို့တော်ဆီမှ ဖြာထွက်နေသည်။ ကောင်းကင်နတ်အရှင်ကိုးပါးဖြစ်သည့် ဟောင်၊ ဟွေ့၊ လန်၊ ကုန်း၊ ချန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ယန်၊ ရှစ်နှင့် ရှုတို့မှာ အပြင်းအထန် တိုက်ခိုက်နေကြသည်။ ကောင်းကင်နတ်အရှင်တို့၏ ကောင်းကင်နန်းဆောင်များက မဟာကောင်းကင်နတ်ဘုံကို ဖွဲ့တည်ထားကာ ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားတို့ကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေကြချေပြီ။

ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ပြီး ရွှမ်တုကောင်းကင်တာအိုကို သန့်စင်ခြင်းမှ ကောင်းကင်နတ်အရှင်ကိုးပါးသည် အကျိုးအမြတ်များစွာ ရရှိခဲ့သောကြောင့် သူတို့၏ခွန်အားမှာ တဖန်တိုးတက်ခဲ့ပြန်သည်။

သူတို့ တိုက်ခိုက်နေကြသည့် အကြောင်းအရင်းမှာ တခြားကြောင့် မဟုတ်၊ မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်၏ တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးကြောင့်ပင်။

ကမ္ဘာဦးတန်ခိုးရှင် သေဆုံးသွားပြီးနောက် သူ၏ပိုင်ဆိုင်မှုများသာ ကျန်ရစ်ခဲ့သည်။

တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးမှာ သူတို့ တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဖူးခဲ့သော အဆင့်တစ်ဆင့်ဖြစ်သဖြင့် မည်သို့ဆိုစေ ရအောင် ယူကြပေလိမ့်မည်။

ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ခဲ့ခြင်းက သူတို့၏ခွန်အားကို တိုးတက်စေခဲ့သည့်အလျောက် မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်ကို သတ်ဖြတ်ခဲ့ခြင်းကလည်း တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးများကို ရရှိစေနိုင်ပြီး အဆင့်တက်လာစေနိုင်သည်။

တိုက်ပွဲက လျှပ်တပြက် ဖြစ်ပွားခဲ့သော်လည်း အလျင်အမြန်ပင် ပြီးဆုံးသွားသည်။

တိုက်ပွဲ စတင်ဖြစ်ပွားသည့်နှင့် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ကုန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့က နတ်အရှင်မချန်းကို တစ်ပြိုင်နက် တိုက်ခိုက်ကြသည်။ နတ်အရှင်မချန်းတွင် ကြောက်မက်ဖွယ် အတိုက်အခိုက်စွမ်းအားကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားစီရင်ရာ ဓားမနှစ်လက် ရှိသော်လည်း ကောင်းကင်နတ်အရှင်ငါးပါး၏ တိုက်ခိုက်မှုကိုတော့ မတွန်းလှန်နိုင်ပေ။

နတ်အရှင်မချန်းက သူမ၏ခန္ဓာကိုယ်ကို နတ်ဓားမနှစ်လက်ဖြင့် ခြံရံထားသည်။ ဓားမနှစ်လက်ကား သွေးရောင်နဂါးနှစ်ကောင်ကဲ့သို့ သူမအား လှည့်ပတ်နေကြ၏။ သို့သော် သူမအရှေ့တွင် ပေါ်လာသော ကောင်းကင်နတ်အရှင်ကုန်းအား မသတ်ရက်ခဲ့ချေ။ ထို့နောက် ကောင်းကင်နတ်အရှင်ငါးပါးကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး နဂါးကို စီးကာ အလျင်အမြန် ထွက်ခွာသွားခဲ့ရသည်။

ရှစ်ချီလော်က သူ၏ရတနာသေတ္တာကို ဖွင့်လိုက်၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့က တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်လာသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးဦး၏ ကာကွယ်ပေးမှုနှင့်အတူ ရှစ်ချီလော်သည် တာအိုသစ်ပင်အောက်ရှိ တာအိုသစ်သီးထံ တိုက်ရိုက်ဦးတည်သွားချေပြီ။

သူက တာအိုပန်းပွင့်နှင့် တာအိုသစ်သီးအား လှမ်းယူတော့မည့်အချိန်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလေးပါးက အနောက်မှ ထွက်ပေါ်လာကြသည်။ သူတို့က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးပါးကို အနိုင်ယူကာ ကျန်တစ်ပါးက သူ့ထံ ပြေးဝင်လာ၏။

“ကောင်းကင်နတ်အရှင်ဟောင်မှာ ကောင်းကင်လက်နက်တွေ ဘယ်လိုလုပ် အများကြီး ရှိနေတာလဲ”

ရှစ်ချီလော်သည် စဉ်းစားရန် အချိန်မရှိသောကြောင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို သူ၏အသိစိတ်အလျဉ်ဖြင့် ထိန်းချုပ်လိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် သူ ဖန်တီးခဲ့သော လက်နက်တစ်ခုဖြစ်၍ တစ်ပါးချင်းစီ၏ ခန္ဓာကိုယ်များတွင် လျှို့ဝှက်တံခါးပေါက်များ ထားရှိကာ တခြားကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်းများကို ထောက်လှမ်းစေနိုင်ခဲ့၏။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုပင် လုယူကာ ကောင်းကင်နတ်အရှင်များအား သတ်ဖြတ်ရန် လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်ခဲ့ပေသည်။

သို့သော် ရှစ်ချီလော်မှာ သူ၏အသိစိတ်အလျဉ် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် တစ်ခုခုလွဲမှားနေမှန်း ချက်ချင်း ခံစားလိုက်ရ၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်လျှို့ဝှက်တံခါးပေါက်မှ မရှိပေ။

“ဒီကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ငါ ဖန်တီးခဲ့တာ မဟုတ်ဘူး”

ရှစ်ချီလော်မှာ ကြက်သီးမွေးညှင်းများ ထသွားသည်။ သူ၏ဝိညာဉ်မှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ချေမွခြင်းကို ခံလိုက်ရ၏။

သူက ဝိညာဉ်ကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ တိုက်ကွက်က သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်လာခဲ့ချေပြီ။ ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကြီးက သူ၏ကောင်းကင်နန်းဆောင်ကိုပင် ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည်။

ဤသည်မှာ ထိုက်စု၏ ရတနာမှ ဖန်ဆင်းထားသော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ဖြစ်သည်။ ရှစ်ချီလော် ဖန်တီးထားသည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ မဟုတ်ပေ။ အမှတ်တမဲ့ ဖြစ်သွားခဲ့သဖြင့် ရှစ်ချီလော်မှာ အတော်လေးအထိနာသွားသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ဒဏ်ရာရခဲ့သည့်အချိန်မှစ၍ များစွာအထင်သေးခံခဲ့ရသည်။ သို့သော် ရွှမ်တုတိုက်ပွဲတွင် အစွမ်းပြနိုင်ခဲ့၍ ကောင်းကင်နတ်အရှင်များအကြားတွင် အကျိုးအမြတ်အများဆုံး ရယူနိုင်ခဲ့သည်။ ကောင်းကင်နတ်အရှင်ကုန်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကိုလည်း ဖိနှိပ်နိုင်ခဲ့၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့၏ ထောက်ပံ့ပေးမှုကိုပါ ထည့်ပေါင်းလိုက်လျှင် သူသည် ကောင်းကင်နတ်အရှင်များအကြား အင်အားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ချေပြီ။

သို့သော် ရွှမ်တုတိုက်ပွဲ၌ပင်လျှင် သူ၏ပိုင်ဆိုင်မှုအားလုံး ထုတ်မပြခဲ့ပေ။

ထိုက်စုရတနာသည် မည်သည့်ရတနာမျိုးဖြစ်စေ၊ ဖန်ဆင်းခြင်းလက်နက်ဖြစ်စေ မည်သည့်အရာမဆိုအဖြစ် အသွင်ပြောင်းနိုင်၏။ ကောင်းကင်နတ်အရှင်ဟောင် ဤရတနာကို ရခဲ့စဉ်အခါက ကျန်ကောင်းကင်နတ်အရှင်များသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြရင်း သူ့ကို လျစ်လျူရှုထားခဲ့ကြသည်။ သူက အခွင့်အရေးကို အသုံးချ၍ ပိုင်ဆိုင်မှုအားလုံး ထုတ်ကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါးအဖြစ် ဖန်ဆင်းခဲ့လေသည်။

ရှစ်ချီလော်မှာ ဒဏ်ရာရသွားသည်နှင့် အသက်အန္တရာယ်ရှိမှန်း သဘောပေါက်သွားသည်။ သူက လက်ခါ၍ တာအိုသစ်သီးနှစ်လုံးအား နတ်အရှင်မယန်ဆီ ပစ်လိုက်သည်။

နတ်အရှင်မယန်က လက်မြှောက်ကာ တာအိုသစ်သီးများကို ဖမ်းယူလိုက်သည်။ တာအိုသစ်သီးများ သူမလက်ထဲ ရောက်သည့်အချိန်တွင် ကောင်းကင်နတ်ရှင်ငါးပါးဖြစ်သော ဟောင်၊ ဟွေ့၊ ရှု၊ ကုန်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့က နတ်ဧကရာဇ်လန်ရွှမ်အား အပြင်းအထန် ဒဏ်ရာရစေပြီးဖြစ်သည်။ သူတို့က သူမအား ဝိုင်းတိုက်ခိုက်ကြတော့သည်။

သူမအနောက်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပေါင်းစည်း၍ ထိုက်ကျိသဲခုံကို ဖွဲ့တည်လိုက်သည်။ ဤရတနာ၏ စွမ်းအားမှာ အထွတ်အထိပ်အထိ မြင့်တက်သွားကာ ယန်နှင့်ယန်ဖွဲ့တည်လာပြီး ထိုက်ကျိအဖြစ် ပေါင်းစည်းသွားသည်။ ထိုက်ကျိတာအိုများ ပေါ်ထွက်၍ တာအိုတစ်သောင်း မွေးဖွားကာ အရာအားလုံး ဖွဲ့တည်လာကြသည်။

ချက်ချင်းဆိုသလို သဲခုံထံမှ လောကတစ်စင်း ထွက်ပေါ်လာသလိုပင်။ နေမင်း၊ လမင်းနှင့် ကြယ်တာရာများက လင်းလက်စွာ တောက်ပနေကြပြီး မဟာတာအိုတို့က ပေါများနေကြ၏။

ထိုအခိုက်အတန့်တွင် ဧရာမခေါင်းလောင်းကြီးတစ်လုံးက ကောင်းကင်နတ်အရှင်ဟောင်အနောက်တွင် ပေါ်ထွက်လာသည်။ ၎င်းက ဝုန်းခနဲ အသံကြီးနှင့်အတူ ထိုက်ကျိသဲခုံအား ဝင်တိုက်သွားချေသည်။

၎င်းက ထိုက်စု၏ ရတနာပင်။ ဤရတနာကား အသွင်သဏ္ဌာန် ပုံသေမရှိသည့်အလျောက် မည်သည့်ပုံစံမဆို ပြောင်းလဲနိုင်၏။ ဤအခိုက်အတန့်တွင် ခေါင်းလောင်းပုံသဏ္ဌာန် ရှိနေပြီး အပြင်နံရံတွင် ငှက်များ၊ သားရဲများ၊ ပိုးမွှားများနှင့် ငါးများ၏ အသွင်သဏ္ဍာန်တို့အား ခတ်နှိပ်ထားသည်။ ခေါင်းလောင်းအတွင်းနံရံကိုတော့ ကြယ်တာရာများနှင့် နဂါးငွေ့တန်းများက ၀န်းရံထားကြ၏။ ဧရာမခေါင်းလောင်းကြီးက ထိုက်ကျိသဲခုံနှင့် ဝင်တိုက်သွားသော်လည်း စွမ်းအားချင်း မယှဉ်နိုင်ပေ။ ခေါင်းလောင်းကြီးမှာ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။

ခေါင်းလောင်းကြီး ပျက်စီးသွားသည့်အခိုက်အတန့်တွင် ထိုက်စုတာအိုက စုစည်းလာသည်။ ပျက်စီးနေသည့် ခေါင်းလောင်းကြီးက ဧရာမဒယ်အိုးကြီးတစ်လုံး အသွင်ပြောင်းသွား၏။ ဒယ်အိုးကြီးအောက်ရှိ ဖရိုဖရဲချီတို့က ၎င်းကို မြှောက်တင်လိုက်ကာ ထိုက်ကျိသဲခုံနှင့် တဖန်ဝင်တိုက်သွားပြန်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ငါးပါးသည် ပူးပေါင်း၍ စွမ်းအားအကြီးဆုံးသော တိုက်ကွက်များ ထုတ်ဖော်လိုက်ကြရင်း ၎င်းတို့ကို ထိုက်ကျိသဲခုံတွင် ခတ်နှိပ်လိုက်ကြ၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ နှစ်ယောက်အဖြစ် ပြန်ခွဲလိုက်ရသည်။ သူတို့က ဘယ်ညာတစ်ဖက်တစ်ချက်စီတွင် နေရာယူ၍ နတ်အရှင်မယန်အား မြို့ထဲမှ ခေါ်ထုတ်သွားတော့သည်။

ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းလှည်းဘီးက ပျံထွက်လာသည်။ ဝေါခနဲ အသံနှင့်အတူ နတ်အရှင်မယန်၏ လက်တစ်ဖက်မှာ ဖြတ်တောက်ခံလိုက်ရချေပြီ။ ထိုလက်၏ လက်ဖဝါးထဲတွင် တာအိုသစ်သီးတစ်လုံး ရှိနေသည်။

နတ်အရှင်မယန်တွင် တာအိုသစ်သီးတစ်လုံး ကျန်နေသေးသဖြင့် ကျန်ကောင်းကင်နတ်အရှင်ငါးပါးက သူမအား လိုက်ဖမ်းကြသည်။ ရုတ်တရက် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက လက်ဆန့်တန်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးသည် လှည့်ပတ်သွားပြီး နေရာဟင်းလင်းပြင်မှာလည်း ထိုက်ကျိစက်၀န်းကဲ့သို့ လည်လာသည်။

ကောင်းကင်နတ်အရှင်ငါးပါးလည်း အလျင်အမြန် ရပ်တန့်၍ ထိုက်ကျိစက်၀န်းကို ဖျက်ဆီးလိုက်ကြ၏။ သူတို့မော့ကြည့်လိုက်သည့်အခါ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် နတ်အရှင်မယန်မှာ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

“သူတို့ကို လိုက်ဖမ်းစရာမလိုဘူး”

ကောင်းကင်နတ်အရှင်‌ဟောင်က နတ်အရှင်မယန်၏ လက်ကို ကောက်ယူလိုက်ရင်း ပြုံးနေသည်။ “ငါတို့တွေအကုန်လုံးက ကောင်းကင်နတ်အရှင်ဆယ်ပါးမလား… ခဏခဏ တွေ့နေရဦးမှာပဲလေ…. သူတို့ကို အနာဂတ်မှာ အသုံးချလို့ ရသေးတယ်… အကုန်သတ်ပစ်စရာ မလိုဘူး”

ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် ကျန်သူများလည်း ရပ်လိုက်ကြ၏။ ကောင်းကင်နတ်အရှင်ဟွေ့က ရှေ့သို့တက်၍ တာအိုပန်းပွင့်ကို ကောက်ယူလိုက်သည်။ သူက ၎င်းကို တာအိုသစ်ပင်ပေါ်တွင် တင်ပြီးနောက် မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်၏ တာအိုသစ်ပင်အား ကောင်းကင်နတ်အရှင်ဟောင်ထံ သယ်သွား၏။

ကောင်းကင်နတ်အရှင်ဟောင်သည် သူအား စိတ်ဝင်တစား စိုက်ကြည့်နေသည်။ တာအိုပန်းပွင့်နှင့် တာအိုသစ်ပင်အား သယ်လာသည်ကို မြင်လျှင် ပြုံးလျက် ချီကျူးလေသည်။ “မင်းရဲ့သစ္စာရှိမှုက ချီးကျူးလောက်ပါပေတယ်”

ကောင်းကင်နတ်အရှင်ရှုက ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူ၏အရှေ့တွင် ရပ်နေသည်။

“ကျန်ကောင်းကင်နတ်အရှင်တွေက တာအိုသစ်သီးက ကောင်းတာလို့ ထင်ပေမယ့် တာအိုပန်းပွင့်ကလည်း မဆိုးပါဘူး… ဒါပေမဲ့ ငါတို့အတွက် တကယ်အသုံးဝင်တာက တာအိုသစ်ပင်ပဲ… တာအိုသစ်ပင်ဆိုတာ မရှိရင် သစ်သီးက ဘယ်က ပေါ်လာမှာလဲ”

ကောင်းကင်နတ်အရှင်ဟောင်က မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်၏ တာအိုသစ်ပင်အရှေ့သို့ လျှောက်သွားပြီး အေးအေးလူလူ ပြောသည်။ “ဒီနေရာက တာအိုသစ်ပင်က ခြောက်သွေ့နေတဲ့အပြင် မဟာတာအိုလည်း ဖယ်ရှားခံထားရတော့ သိပ်အသုံးမဝင်တော့ဘူး… ဒါပေမဲ့ ဒီတာအိုသစ်ပင်ကတော့ ကောင်းသေးတယ်… ပိုင်ရှင်က ထူးကဲပြီး တခြားသူတွေထက် အဆင့်မြင့်တယ်ဆိုတာ ပြနေတာပဲ”

ကောင်းကင်နတ်အရှင်လေးပါးမှာ တိတ်ဆိတ်နေကြပြီး တာအိုသစ်ပင်ကို ကြည့်နေကြ၏။ သူတို့သည် တာအိုသစ်ပင်၏ တာအိုသစ်သီးကို လိုချင်သော်လည်း ထုတ်မပြောရဲကြပေ။

“တာအိုသစ်သီးက တာအိုအဆင့်ကို မြှင့်တင်ပေးနိုင်တယ်… ငါ့ရဲ့ နောင်တော်လန်ရွှမ်က တစ်လုံး ရခဲ့ပြီး သူ့ရဲ့တာအိုကျင့်စဉ်စနစ် သိုင်းအဆင့်ကို ကောင်းကင်ဘုံ ၂၈ ခု အထိ မြှင့်တင်နိုင်ခဲ့တယ်… ဒါပေမဲ့ သူ့တာအိုအဆင့်က အတုကြီးပဲ… တာအိုသစ်သီးကို အားကိုးပြီး သိုင်းအဆင့် မြှင့်တင်ခဲ့တာ… စွမ်းအားကြီးသယောင် ရှိပေမယ့် အပြင်ပန်းပဲ... အထဲမှာတော့ အားနည်းတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ဆက်ပြောသည်။ “တာအိုသစ်ပင်ကတော့ မတူဘူး….. တာအိုသစ်ပင်က တာအိုရတဲ့ဖြစ်စဉ်ကို မှတ်တမ်းတင်ပေးတာ… သစ်သီးကို ရတာကောင်းပေမယ့် အခြေခံတော့ ခိုင်လိမ့်မှာမဟုတ်ဘူး… တခြားသူရဲ့ တာအိုရတဲ့ ဖြစ်စဉ်ကို ကြည့်တာက ငါတို့အတွက် အကျိုးအမြတ် အများဆုံးပဲ”

သူ၏စကားကြောင့် ကျန်ကောင်းကင်နတ်အရှင်လေးပါးက ခေါင်းတဆတ်ဆတ် ညိတ်နေကြသည်။

နတ်ဘုရားမထိုက်စုပင်လျှင် စိတ်ထဲတွင် ချီးကျူးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ဟောင်ကို ရွေးချယ်ခဲ့တာက အရွေးမှန်သွားတဲ့ပုံပဲ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စွမ်းဆောင်ရည်နဲ့ ပါရမီတွေက တခြားကောင်းကင်နတ်အရှင်တွေထက် မြင့်မားတယ်… ထိုက်ကျိရှေးဟောင်းနတ်ဘုရားကတော့ မွေးဖွားလာပေမယ့် နတ်အရှင်မယန်ကို ရွေးချယ်ခဲ့တယ်… သူတို့တော့ အရွေးမှားသွားပြီ… ထူးဆန်းလိုက်တာ… သူတို့နှစ်ယောက်က နတ်အရှင်မယန်ကို ဘာလို့ ရွေးခဲ့တာပါလိမ့်”

သူမသည် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ရည်ရွယ်ချက်က မမှန်းဆနိုင်ဖြစ်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်၍ တာအိုသစ်သီးအား ကောင်းကင်နတ်အရှင်ဟွေ့ဆီ ‌ပစ်ပေးလိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့မှာ ၀မ်းသာပျော်ရွှင်သွားသော်လည်း လက်မခံရဲပေ။

ကောင်းကင်နတ်အရှင်ဟောင်က မှင်သေသေ ပြောသည်။ “ရွှမ်တုတိုက်ပွဲက မင်းအတွက် ဘာအကျိုးအမြတ်မှ မရစေခဲ့ဘူး… ဒီတာအိုသစ်သီးက ရစေတဲ့ အကျိုးအမြတ်တွေက ရွှမ်တုတိုက်ပွဲအောက် နိမ့်ကျမှာမဟုတ်ဘူး… မင်းကို နှစ်သိမ့်တဲ့အနေနဲ့ ပေးတာလို့ မှတ်လို့ရတယ်…”

ကောင်းကင်နတ်အရှင်ဟွေ့မှာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ကျလာမိသည်။

ကောင်းကင်နတ်အရှင်ဟောင်က တာအိုပန်းပွင့်ကို ယူ၍ ကောင်းကင်နတ်အရှင်ရှုအား ပေး၏။ သူက ပြုံးလျက် ပြောသည်။ “အနာဂတ်မှာ အခွင့်အရေးတွေအများကြီး ရလာဦးမှာပါ… ကျုပ်တို့ ယွမ်တုကို သိမ်းပိုက်တဲ့အခါကျ တာအိုမိတ်‌ဆွေရှုက အကျိုးအမြတ်တွေ ပိုရပါလိမ့်မယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က ပြုံးလျက် ဝင်ပြောသည်။ “ကျုပ်က ရွှမ်တုမှာ အကောင်းဆုံး အကျိုးအမြတ်ကို ရခဲ့ပြီးပြီ‌ဆိုတော့ ဒီတစ်ခါ အကျိုးအမြတ်ကို မယူတော့ပါဘူး…”

ကောင်းကင်နတ်အရှင်ဟောင်က ရယ်လိုက်သည်။ “ကျောက်စိမ်းမြို့တော်က အကောင်းဆုံးအကျိုးအမြတ်ပဲလေ… အဆုံးမရှိဘူး….ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ အကျိုးအမြတ်က ဘယ်ယှဉ်နိုင်ပါ့မလဲ… ကျုပ် အကြွေးတင်သွားပါပြီ… အကြွေးတင်သွားပါပြီ…”

ကောင်းကင်နတ်အရှင်ဟောင်သည် တာအိုသစ်ပင်တစ်ပင်လုံးကို ကောင်းကင်နတ်အရှင်ကုန်းအား ပေးလိုက်၏။ တာအိုသစ်ပင်အား သူမကို ပေးလျှင် သူ့အတွက် မည်သည့်အကျိုးအမြတ်မှမ မရှိတော့သည်မဟုတ်ပါလော။

“ဒီတာအိုသစ်ပင်နဲ့ တာအိုမိတ်ဆွေကုန်းရဲ့ ကျောက်တုံးတွင်းကို လဲကြတာပေါ့… ဘယ်လို ထင်ပါသလဲ တာအိုမိတ်ဆွေကုန်း…” ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် မေးလေသည်။

၎င်းကို ကြားလျှင် ‌ထိုက်စုမှာ စိတ်သက်သာရာ ရသွားသည်။ “ငါ လူကဲခတ်မမှားဘူး…. ကောင်းကင်နတ်အရှင်ဟောင်က လုံး၀ ငါ့လက်အောက်မှာ ရှိတယ်…. ငါ သန်မာလေလေ သူ့အတွက် အကျိုးအမြတ်များလေလေပဲ… အခု ငါ့အတွက် ထိုက်စုကျောက်တုံးကိုတောင် ယူပေးဖို့ ကြိုးစားနေပြီ…”

ကောင်းကင်နတ်အရှင်ကုန်းမှာ အနည်းငယ် လန့်သွားသည်။ သူမက ဦးညွှတ်အရိုအသေပေးလိုက်ရင်း တုံ့ပြန်သည်။ “လဲချင်မိပါတယ်.. ဒါပေမဲ့ ကျောက်တုံးတွင်းရဲ့ ထွက်ကုန် ဆယ်ရာခိုင်နှုန်းကို ကောင်းကင်နတ်အရှင်မူဆီ ပေးရတာပါ… ကတိဖျက်လိုက်လို့ မဖြစ်ဘူး…”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် မှင်သေသေ ပြော၏။ “တာအိုမိတ်ဆွေကုန်း၊ သူ့ကို ကတိပေးထားရင်တော့ ပေးရမှာပေါ့… ကျုပ်ကို ကျောက်တုံးတွင်း ပေးရင် ဆယ်ရာခိုင်နှုန်း သူ့ဆီ ပြန်ရောက်စေရပါ့မယ်…. စိတ်မပူပါနဲ့ ခင်ဗျား အခက်မတွေ့စေရပါဘူး…”

ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “နောင်တော်ဟောင်၊ အခု ကျောက်ယန်ခန်းမမှာ ကောင်းကင်နတ်အရှင်မူရဲ့ အရိပ်အယောင်ကို မခံစားရဘူးနော်… ဒီနန်းတော်က တန်ခိုးရှင်ကို ရှင်းလင်းဖို့အတွက် ကျုပ်တို့ကို မျှားခေါ်ခဲ့ရတာ ဖြစ်ရမယ်…”

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းခါသည်။ “နန်းတော်ရဲ့ တန်ခိုးရှင်အကူအညီနဲ့ ကျုပ်တို့ကို သတ်နိုင်ဖို့ တွေးထားတဲ့အထိတော့ ဉာဏ်မတိမ်လောက်ပါဘူး… အခြားအကြံအစည် ရှိနေတာပဲ ဖြစ်ရမယ်…”

သူက မျက်မှောင်ကြုတ်၍ ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ ဤနတ်ဘုရားမြို့မှာ ကောင်းကင်နတ်ဘုံ၏ ကျောက်စိမ်းမြို့တော်နှင့် ဆင်တူသည်ကို တွေ့လိုက်ရ၏။ ‘ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွီနဲ့ တောင်နတ်မင်းရဲ့ ဝိညာဉ်ကို ကယ်ခဲ့ပြီးပြီ ဖြစ်ရမယ်… ဘာလို့ ငါတို့ကို ဒီနေရာဆီ မျှားခေါ်ခဲ့ရတာလဲ…’

သူသည် ပြိုင်ဘက်ကောင်း ထက်မြက်ကောင်းသော်လည်း ချင်မူ အဘယ်ကြောင့် သူတို့ကို ဤနေရာသို့ မျှားခေါ်ခဲ့သည်လဲ မမှန်းဆနိုင်ဖြစ်နေ၏။

သို့သော် ကောင်းကင်နတ်အရှင်ဟောင်အတွက်တော့ ဤနေရာမှာ ရတနာများဖြင့် ပြည့်နှက်နေ၏။ တာအိုသစ်ပင်တစ်ပင်နှင့် တာအိုသစ်သီးနှစ်လုံးက သူ့အတွက် စိတ်မကျေနပ်စေနိုင်ပေ။ ကြွယ်၀မှုအစစ်မှာ နတ်ဘုရားမြို့တစ်မြို့လုံးသာ ဖြစ်သည်။

“ငါ ဒီနတ်ဘုရားမြို့ကို ကောင်းကင်နတ်ဘုံဆီ ရွှေ့ပြီး ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော်အဖြစ် အသုံးပြုနိုင်ရင် ငါ့ရဲ့ခမည်းတော် ထိုက်ချူနဲ့ မဟာဧကရာဇ်က ဒီလိုစွမ်းအားမျိုးနဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး… ဒါက တကယ့်ကို စစ်မှန်တဲ့ ကောင်းကင်နတ်ဧကရာဇ်တစ်ပါးပဲ မဟုတ်ပေလား”

သူက ရှေ့ဆက်လျှောက်လာပြီး နတ်ဘုရားမြို့ကို ဆက်လက်လေ့လာနေသည်။ ကောင်းကင်နတ်အရှင်ဟွေ့က တာအိုသစ်သီးကို ကိုင်ထားပြီး နောက်ထပ်သစ်ပင်တစ်ပင်ပေါ်မှ တာအိုသစ်သီးဆီ လှမ်းကြည့်နေသည်။ တာအိုသစ်သီးမှာ စုတ်ပြတ်နေပြီး အထဲတွင် ကျောက်ယန်ခန်းမ၏ သတ်ဖြတ်ချိပ်ပိတ်ခံထားရသော အမျိုးသမီးတစ်ဦး၏အလောင်း ရှိနေ၏။

“ကောင်းကင်နတ်အရှင်ဟွေ့၊ သွားကြစို့”

ကောင်းကင်နတ်အရှင်ရှုက လှည့်ကြည့်လာပြီး ပြုံးလိုက်၏။ “အဲဒီတာအိုသစ်ပင်က ‌ညှိုးခြောက်နေပြီ… သူရဲ့ တာအိုသစ်သီးကလည်း အသုံးမဝင်တော့ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က အကြည့်ရုတ်လိုက်ကာ ကျန်ကောင်းကင်နတ်အရှင်လေးပါးနောက်မှ လိုက်သွားသည်။

သူတို့ထွက်ခွာသွားပြီး မကြာမီပင် နတ်အရှင်မချန်းမှာ သွေးအန်လျက် ထွက်လာသည်။ သူမက ခြောက်သွေ့နေသောသစ်ပင်အား ကြည့်၍ တာအိုသစ်သီးဆီ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “တာအိုမိတ်‌ဆွေ…”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက ရုတ်တရက် ထရပ်၍ သူမအား လှည့်ကြည့်လာသည်။ “တာအိုရပြီးသား ပုဂ္ဂိုလ်တစ်ယောက်က မဖြစ်စလောက်သူတွေနဲ့ ရောယှက်နေတာတဲ့လား.. သိက္ခာကျစရာ ကောင်းလိုက်တာ”

နတ်အရှင်မချန်းက နှာခေါင်းရှုံ့သည်။ “ရှင်ကလည်း တာအိုရထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲလေ… အဲဒီမဖြစ်စလောက်သူတွေ လက်ထဲကလွတ်အောင် သေချင်ယောင် ဆောင်နေရတာမလား… တာအိုမိတ်ဆွေ၊ ရှင့်ကိုယ်ရှင်တောင် မကာကွယ်နိုင်တာ ကျွန်မကို လှောင်ပြောင်နေစရာမလိုဘူး… ရှင့်ကို လာရှာတာ ပူးပေါင်းချင်လို့ပဲ”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက တုံ့ပြန်သည်။ “မဟာဧကရာဇ်၊ နင့်ရဲ့ လက်ရှိအခြေအနေကို မင်လော့နန်းတော်က ပေးအပ်ထားတာ… ပြန်အကြွေးဆပ်ဖို့ အချိန်ကျပြီ”

နတ်အရှင်မချန်းမှာ အံ့အားသင့်သွားမိသည်။ “ကျုပ်ကို မှတ်မိတယ်လား”

“မီလော့နန်းတော်ရဲ့ အရှင်သခင်က တစ်လောကလုံးမှာရှိတဲ့ ဆန်းကြယ်သားရဲတွေကို ဖမ်းဆီး၊ ဟင်းလင်းပြင်သားရဲတွေ ဖန်တီးပြီးတော့ နင့်ကို ပေးခဲ့တာလေ… ဟင်းလင်းပြင်သားရဲတွေကို ကံကောင်းထောက်မပြီး ရခဲ့တယ်များ ထင်နေတာလား”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ “မီလော့နန်းတော်အရှင်သခင်က နင် ပိုများတဲ့ သက်ရှိတွေနဲ့ ယဇ်ပူဇော်ပေးဖို့ မျှော်လင့်ခဲ့တာ… ဒါပေမဲ့ နင်က အသုံးမဝင်တဲ့အပြင် နင့်အတွက် ဖန်တီးပေးထားတဲ့ အကောင်းဆုံး အခြေအနေကိုတောင် ပျက်စီးပစ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“မီလော့နန်းတော်အရှင်သခင်… ဒီကျောက်စိမ်းမြို့တော်က...”

“ဒီမြို့က မီလော့နန်းတော်ပဲ..”

အခြားတစ်ဖက်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားများနှင့် နတ်အရှင်မယန်တို့သည် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်မှ လွတ်မြောက်လာခဲ့၏။ သူတို့က ထွက်ပြေးနေသော ရှစ်ချီလော်ကို လိုက်မှီလာခဲ့သည်။ ရှစ်ချီလော်မှာ ထိုပုဂ္ဂိုလ်သုံးယောက်ကို မြင်လျှင် အနည်းငယ်လန့်သွားမိသည်။ သူ့အတွက် အခြေအနေမကောင်းတော့ဟု ထင်လာမိလေသည်။

ရုတ်တရက် နတ်ဧကရာဇ်လန်ရွှမ်က သူ၏ အနားသို့ ပျံသန်းလာသည့်အခါမှသာ သက်ပြင်းချနိုင်တော့သည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ နတ်ဧကရာဇ်လန်ရွှမ် ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် နှလုံးသားထဲတွင် အေးခဲသွားသည်။ သူတို့က ရှစ်ချီလော်အား မသတ်ဖြတ်တော့ပေ။

ကောင်းကင်နတ်အရှင်သုံးပါးလုံးမှာ အသီးသီး ဒဏ်ရာများ ရရှိထားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်လျက် ခါးသီးစွာ ပြုံးလိုက်ကြ၏။

“ကောင်းကင်နတ်အရှင်ဟောင်က အာဏာသိမ်းထားတာတောင်မှ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်ကြသေးဘူး… ဒီနေ့ ရှုံးနိမ့်ခဲ့တာက သတိပေးလိုက်တာပဲ”

နတ်ဧကရာဇ်လန်ရွှမ်က နတ်အရှင်မယန်နှင့် ရှစ်ချီလော်ကို ကြည့်၍ နှာခေါင်းရှုံ့ကာ ပြောသည်။ “ကျုပ်တို့ ကိုယ့်ဘာသာ တိုက်ခိုက်နေရင် ကောင်းကင်နတ်အရှင်ဟောင်က တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူသွားလိမ့်မယ်… နောက်ဆုံးမှာ တစ်လောကလုံးကို စုစည်းပြီး ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာလိမ့်မယ်… ကျုပ်တို့ကတော့ အကျဉ်းသားတွေဖြစ်ရင်ဖြစ် မဖြစ်ရင် မြုပ်စရာအုတ်ဂူတောင် မရှိဘဲ သေသွားကြရလိမ့်မယ်”

နတ်အရှင်မယန်က မှင်သေသေ တုံ့ပြန်သည်။ “နတ်ဧကရာဇ် ရှစ်ချီလော်ကို ဖမ်းပေးရင် ကောင်းကင်နတ်အရှင်ဟောင်ကို ငါတို့ ကြောက်နေစရာမလိုဘူး”

ရှစ်ချီလော်က ပြုံးလျက် လှမ်းပြောသည်။ “အစ်မတော်၊ ငါ့ကို သန့်စင်ပြီး နင်က ကောင်းကင်နန်းဆောင် ၃၆ ခုအထိ ကျင့်ကြံနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်… အဲဒီအချိန်ကျရင် နတ်ဧကရာဇ်လန်ရွှမ်က အကျဉ်းသားဖြစ်လာမှာလား…ခဲအိုနဲ့ ကုန်းယွင်ရဲ့ သားကို နင်က သဘောထားကြီးစွာနဲ့ လွှတ်ပေးထားနိုင်လို့လား”

နတ်အရှင်မယန်က နှာခေါင်းရှုံ့လိုက်ပြီး မည်သည်မှ ဆက်မပြောတော့ပေ။

နတ်ဧကရာဇ်လန်ရွှမ်မှာ ခေါင်းကိုက်လာသည်။ တစ်ယောက်က ကောင်းကင်နတ်ဧကရီ ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သခင်မယွမ်မု မဟုတ်လော။ သူတို့နှစ်ယောက်လုံးသည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးများစွာ ရှိကြ၏။ ပူးပေါင်းရန်မှာ မဖြစ်နိုင်ပေ။

သူ့အနေဖြင့် သူတို့နှင့် ပူးပေါင်းလိုသော်လည်း သူတို့အား သတိထားရပေလိမ့်မည်။ ဒီမဟာမိတ်ပတ်သက်မှုက သဲမှုန်များအလား အချိန်မရွေး လွင့်ပြယ်သွားနိုင်၏။

ထိုအခိုက်အတန့်တွင် ခပ်ဩဩအသံတစ်သံက အဝေးမှ ပျံ့လွင့်လာသည်။ ၎င်းအသံသည် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေ၏။ “ဟောင်အာသာ အာဏာရသွားရင် ကောင်းကင်နတ်ဧကရီလည်း သေလိမ့်မယ်…. ယွမ်မုလည်း သေလိမ့်မယ်… ဟောင်အာရဲ့ နောင်တော် လန်ရွှမ်လည်း သေရလိမ့်မယ်… မင်းတို့က အကျဉ်းသားဖြစ်လာနိုင်ခြေကို မရှိတာ”

သူတို့သုံးယောက်မှာ လန့်ဖြန့်သွားကြပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာလည်း မျက်နှာအမူအရာပြောင်းလဲသွားကြသည်။ သူတို့က အတူတကွ ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ “တာအိုနောင်တော်”

အသံက အလျင်အမြန်ပင် နီးကပ်လာသည်။ “ဒါပေမဲ့ စိတ်မပူဘဲ ပူးပေါင်းလိုက်ကြပါ… ဘာလို့လဲဆိုတော့ လန်ရွှမ်… မင်းက ငါ့ရဲ့သားတော် ဖြစ်ပြီးတော့… ကောင်းကင်နတ်ဧကရီနဲ့ ယွမ်မုက ငါ့ရဲ့မိဖုရားတွေပဲလေ”

ကောင်းကင်နတ်အရှင်ရှောင်က သူတို့ဆီ လျှောက်လာသည်။ သူ၏အရှိန်အဝါမှာ မှန်းဆ၍မရနိုင်ပေ။ သူက သူတို့ငါးယောက်အရှေ့သို့ ရောက်လာပြီး ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။ ထို့နောက် ရေရွတ်လိုက်၏။ “ငါတို့တွေက မိသားစုပဲ…. သိပ်ကို လိုက်ဖက်ညီတဲ့ မိသားစုပေါ့”

All Chapters