သစ်ပင်အောက်တွင် ဟောပြောခန်း
Vol. 113 Ch. 1485
ကောင်းကင်နတ်အရှင်ရှောင် ထိုသို့ပြောလိုက်သည့်အခါတွင် နတ်အရှင်မယန်နှင့် နတ်ဧကရဇ်လန်ရွှမ်တို့မှာ တုန်လှုပ်ဆွံ့အသွားကြသည်။
ရှစ်ချီလော်တစ်ယောက်တည်းသာ အားရဝမ်းသာဖြင့် လက်ခုပ်တီးနေသည်။ သူသည် ရင်ထဲ ထိသွားသည့်အလား မျက်လုံးထဲတွင် မျက်ရည်များပင် ဝဲလာနေ၏။ “အမှန်ပဲ… ငါတို့အားလုံးက မိသားစုတစ်စုတည်းပဲလေ … မိသားစုဆိုတာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်ကြသင့်တယ်”
သခင်မယွမ်မုသည် ဖျက်စီးခြင်းနတ်ဘုရားမ မဟုတ်လော။ သခင်မယွမ်မု၏ လူဝင်စားမှ ဤသို့စကားမျိုး ထွက်လာလိမ့်မည်ကို ကောင်းကင်နတ်အရှင်ရှောင် မျှော်လင့်ထားပြီးဖြစ်၏။
“နင့်ကို ကောင်းကင်နတ်အရှင်ယွဲ့ နှင်ထုတ်လိုက်တာ မဟုတ်ဘူးလား”
“နင်က ခြောက်နှစ်တောင် ပျောက်သွားခဲ့တာ… ဒီခြောက်နှစ်အတွင်းမှာ အရေးကြီးတဲ့ကိစ္စအတော်များများကို လွတ်သွားခဲ့တယ်…” ထိုက်ကျိရှေးဟောင်းနတ်ဘုရားမက ပြောသည်။
ကောင်းကင်နတ်အရှင်ရှောင်က သက်ပြင်းချလိုက်သည်။ ခြောက်နှစ်အတွင်း တစ်လောကလုံးအပေါ် သက်ရောက်စေသည့် အပြောင်းအလဲများနှင့် အရေးကြီးကိစ္စရပ်တချို့ကို သူ လွဲချော်ခဲ့ရသည်။ သူ ပြန်ရောက်လာသည့်အခါ တစ်လောကလုံးသည် အလျင်အမြန်ပင် ပြောင်းလဲသွားခဲ့ချေပြီ။ အတိတ်တုန်းကဆိုလျှင် ခြောက်နှစ်ကျော်အထိ တံခါးပိတ်ကျင့်ကြံပြီးနောက်၌ပင် တစ်လောကလုံးမှာ ယခင်အတိုင်းသာ မပြောင်းမလဲရှိနေခဲ့သည်။
ယခုတွင်တော့ ခြောက်နှစ်အတွင်း ကမ္ဘာဦးဘုံ၏ ကောင်းကင်နတ်အရှင်များကား တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြ၏။ ဘိုးဘေးနန်းတော်လည်း ပွင့်လာခဲ့သည်။ ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် ဘိုးဘေးနန်းတော်၏အနောက်ဘက်ကိုလည်း ဖွင့်ခဲ့၏။ သားရဲကမ္ဘာကို တည်ထောင်ပြီး လုံရှောင်သည် သားရဲကမ္ဘာအရှင်သခင် ဖြစ်လာခဲ့သည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားများ မွေးဖွားလာပြီး ကောင်းကင်နယ်စားမင်း သေဆုံးကာ ကောင်းကင်နတ်အရှင်ဟုန်၏ တာအို ပျောက်ကွယ်သွားခဲ့သည်။ ရွှမ်တုကိုလည်း အင်အားကြီးမားသော ပုဂ္ဂိုလ်များက ခွဲဝေယူခဲ့ကြသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ပေါ်လာခြင်းကတော့ အဓိကအဖြစ်အပျက်ပင်။
ယခင်ခေတ်တုန်းက ထိုသို့ဖြစ်ရပ်ကြီးများသည် နှစ်ထောင်သောင်းပေါင်းများစွာ ကြာသည့်တိုင်အောင် ဖြစ်ပွားတတ်သည်မဟုတ်ပေ။ သို့သော် ယခုတွင်တော့ ခြောက်နှစ်အတွင်း အားလုံးဖြစ်ပွားခဲ့ကြချေပြီ။ နားလည်ရန်ပင် ခက်ခဲလေသည်။
ဤခေတ်၏ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းသဖြင့် နှစ်အနည်းငယ်မျှ တံခါးပိတ်ကျင့်ကြံခြင်းကပင် အရာအားလုံးနှင့် အဆက်ပြတ်သွားစေနိုင်၏။
“ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲမှာ အံ့သြစရာကောင်းတဲ့အရာတွေအများကြီး တွေ့ကြုံခဲ့ရတယ်…. ထူးဆန်းတဲ့ အတွေ့အကြုံတွေလည်း ရခဲ့တယ်… ဒါကြောင့် ငါ့ရဲ့ သိုင်းအခြေခံနဲ့ တာအိုနှလုံးသားက အတော်ကို တိုးတက်လာခဲ့ပြီ”
ကောင်းကင်နတ်အရှင်ရှောင်က ပြီးခဲ့သည်နှစ်အနည်းငယ်အတွင်း တွေ့ကြုံခဲ့ရသည်များကို ပြန်လည်စဉ်းစားရင်း သက်ပြင်းချလိုက်မိသည်။ “တစ်ယောက်ယောက်သာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ငါ့အတွေ့အကြုံတွေကို စာအုပ်ရေးမယ်ဆိုရင် တော်တော်ထူတဲ့စာအုပ်တစ်အုပ် ဖြစ်လိမ့်မှာပဲ …. ငါ့အတွေ့အကြုံတွေက ထူးဆန်းပြီး အံ့ဩစရာကောင်းလွန်းတယ်”
သူ့အနေဖြင့် ကမ္ဘာဦးသစ်ပင်၏ ကာကွယ်ပေးမှု ရှိခဲ့၍သာ ဖရိုဖရဲနေရာဟင်းလင်းပြင်ကို ခုခံကာ ၎င်း၏လျှို့ဝှက်ချက်များကို လေ့လာရှာဖွေနိုင်ခဲ့သည်။
ထိုနေရာတွင် ယခင်စကြဝဠာ၏ အပျက်အစီးများအား တစ်ခုပြီးတစ်ခု တွေ့မြင်ခဲ့ရပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစားကိုလည်း ရင်ဆိုင်ခဲ့ရသည်။ မတူညီသော တာအိုနိယာမများစွာ ကိန်းဝပ်နေသော တခမ်းတနား တာအိုသစ်ပင်ကြီးတစ်ပင်ကိုလည်း တွေ့မြင်ခဲ့ရ၏။
ပို၍အရေးကြီးသည်မှာ ထူးဆန်းသောဖြစ်ရပ်တစ်ခုပင်။ ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲတွင် သေးငယ်သောစကြ၀ဠာလေးများသည် တစ်ခုပြီးတစ်ခု မွေးဖွားပြီးနောက် ကြီးထွားကာ ညှိုးငယ်သေဆုံးသွားတတ်ကြ၏။
ယင်းသို့ မွေးဖွားခြင်းနှင့် ပျက်စီးခြင်းတို့မှာ အပြင်သူများ မမှန်းဆနိုင်သော အမြန်နှုန်းတစ်ခုဖြင့် ဖြစ်ပွားနေခြင်းပင်။
ကောင်းကင်နတ်အရှင်ရှောင်သည် ထိုမြင်ကွင်းကိုမြင်ခဲ့ရတုန်းက ဖော်ပြ၍မတတ်နိုင်အောင် အံ့အားသင့်ခဲ့ရ၏။
ထိုစကြဝဠာငယ်လေးများထဲတွင် သက်ရှိများ နေထိုင်သည့်အပြင် သူ့ကဲ့သို့ ရှေးဟောင်းနတ်ဘုရားများနှင့် အခြားပုဂ္ဂိုလ်များပင် တည်ရှိနေကြောင်း တွေ့ခဲ့ရသည်။ ထိုသူတို့တွင် ရန်ငြိုးများ၊ အချစ်နှင့် အမုန်းများ ရှိကြသော်လည်း သက်တမ်းကတော့ တို့တောင်းလွန်း၏။
သူတို့မှာ ကောင်းကင်နတ်အရှင်ရှောင်ကိုပင် သတိမထားမိသည်အထိ တိုတောင်းသော ဘဝတစ်ခုကို နေထိုင်ခဲ့ကြရသည်။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ထိုစကြဝဠာငယ်လေးများထဲတွင် တာအိုရရှိပြီးသော ပုဂ္ဂိုလ်များကိုပင် တွေ့မြင်ခဲ့ရခြင်းပင်။ စကြ၀ဠာ ပျက်စီးသွားလျှင် ထိုသူများပင် မည်သည့်အရာမှ မလုပ်နိုင်ဘဲ ပျက်စီးခြင်းနှင့်အတူ သေဆုံးသွားကြ၏။
အရာအားလုံးက အိပ်မက်တစ်ခုအလားပင်။ ဖျက်ဆီးခြင်း ခံလိုက်ရပါက ဆက်လက် မတည်မြဲနိုင်တော့ပေ။
ထိုအချိန်တွင် သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အတွေးတစ်စ ဝင်လာခဲ့သည်။
ကောင်းကင်နတ်အရှင်ရှောင်မှာ ပတ်ဝန်းကျင်သို့ ကြည့်ရင်း စကြ၀ဠာကြီးငယ် အရွယ်အစားအမျိုးမျိုးသည် ဤဖရိုဖရဲနေရာဟင်းလင်းပြင်ထဲတွင် မွေးဖွားပြီး သေဆုံးနေကြကြောင်း တွေ့မြင်နေရသည်။ သူ၏နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်ဖွယ် အတွေးက ပို၍ပင် အားကောင်းလာပြီး ထိန်းချုပ်၍ မရနိုင်တော့ပေ။
“ဒါက ကြောက်စရာဖြစ်တည်မှုတစ်ခုအတွက် စမ်းသပ်နယ်မြေပဲ… ဒီနေရာက စကြ၀ဠာငယ်လေးတွေကို ဖျက်ဆီးကြည့်ရင်း စကြ၀ဠာ ပျက်စီးသွားရင်တောင်မှ သူ အသက်ရှင်ကျန်ရစ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေတာ”
သူ့မှာ ထိုကြောက်မက်ဖွယ်ဖြစ်တည်မှုကို နေရာတိုင်းတွင် ရှာဖွေခဲ့သည်။ ခြောက်နှစ်ကြာ ရှာဖွေပြီးသည့်တိုင် ဖရိုဖရဲနေရာဟင်းလင်းပြင်၏ အဆုံးသို့ မရောက်ရှိနိုင်ခဲ့ပေ။
လမ်းတလျှောက်တွင် ထူးဆန်းသော မြင်ကွင်းများကိုသာ မြင်တွေ့ခဲ့ရ၏။ ပြန်လည်မရှင်းပြတတ်သော မြင်ကွင်းများက ဤသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု၏ စမ်းသပ်နယ်မြေဖြစ်သည်ဟုသာ သူ့အား ပို၍သေချာလာစေသည်။
သူ့မှာ အန္တရာယ်များစွာတွေ့ကြုံခဲ့ရပြီး သေဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ဤဖြစ်တည်မှုက သေသွားခဲ့ပြီလား မသေသေးဘူးလား သူ မသိသော်လည်း သိချင်စိတ်ကြောင့် ဤနေရာဟင်းလင်းပြင်ကို ဆက်လက်ရှာဖွေနေခဲ့မိသည်။
ကောင်းကင်နယ်စားမင်း သေဆုံးသွား၍ ကောင်းကင်တာအို၏ ပူဆွေးဝမ်းနည်းမှုက ဖရိုဖရဲနေရာဟင်းလင်းပြင်သို့ ရောက်လာသည့်အခါမှသာ ရုတ်တရက် အသိဝင်သွားပြီး လွတ်မြောက်နိုင်မည့်လမ်းကို ရှာတွေ့ခဲ့ခြင်းပင်။
သူ ထွက်လာခဲ့ပြီးနောက် ခြောက်နှစ်ကြာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိခဲ့ရသည်။ ထိုအချိန်တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သည် ချိပ်တံဆိပ်များကို ဖောက်ထွက်ကာ ပေါ်ပေါက်လာခဲ့၏။ ပြင်းထန်သော အလင်းတန်းတစ်တန်းက ဘိုးဘေးနန်းတော်၏အကာအရံကို ထိုးဖောက်သွားခဲ့သည်။
သူ၏နှလုံးသားထဲတွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ဖရိုဖရဲနေရာဟင်းလင်းပြင်နှင့် နှိုင်းယှဉ်၍ရနိုင်သော နေရာတစ်ခုပင် ဖြစ်သည်။ ၎င်းတို့နှစ်ခုမှာ သူ၏အာရုံကို ဆွဲဆောင်နေသော ဤစကြ၀ဠာ၏ ဆန်းကြယ်မှုနှစ်ခုပင်။
ဤအရာအားလုံးကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ကောင်းကင်နတ်အရှင်ရှောင်၏ တာအိုနှလုံးသားတိုးတက်လာမှုမှာ တိုင်းတာ၍ မရနိုင်တော့ပေ။ ထိုမျှသာမက သူရရှိခဲ့သည့် အကျိုးအမြတ်များက ဤအတိုင်းအတာအထိသာ မဟုတ်ပေ။
နတ်အရှင်မယန်၊ နတ်ဧကရာဇ်လန်ရွှမ်၊ ရှစ်ချီလော်နှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် သူ့ကို ကြည့်နေကြပြီး သူ၏ပုံပန်းသွင်ပြင်မှာ ယခင်နှင့်မတူသလို ခံစားနေကြရသည်။ သို့သော် မည်သည်က ကွဲပြားနေသည်ကိုတော့ တပ်အပ် မပြောတတ်ကြပေ။
ကောင်းကင်နတ်အရှင်ရှောင် သူတို့၏ခေါင်းဆောင်ဖြစ်လာမည်ကို ထုတ်ပြောရန် မလိုဘဲ အားလုံး သဘောတူလိုက်ကြသည်။
ဤအချိန်တွင် လောကသစ်ပင်အပင်ပေါက်မှာ ပိုပို၍ ကြီးထွားသန်မာလာနေချေပြီ။ တစ်နေ့လျှင်တစ်ခါ တုန်ခါ၍ ကြီးထွားလာနေသည်။ အထွတ်အမြတ်နယ်မြေထဲရှိ ပုဂ္ဂိုလ်တချို့မှာ လောကသစ်ပင်၏ တာအိုသင်္ကေတများကို လေ့လာသင်ယူနေကြပြီး တချို့သူများကတော့ သစ်ရွက်ပုံစံများကို စူးစမ်းလေ့လာနေကြသည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းက အပင်အောက်တွင် ထိုင်လျက် လောကသစ်ပင်၏ မဟာတာအိုကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေကြသည်။
လောကသစ်ပင် ပြန်လည်အသက်ဝင်လာခြင်းက လူတိုင်းကို အလုပ်ရှုပ်နေစေသည်။ သို့သော် တချို့သူများက မကြာမကြာ သတိရသွားတတ်၏။ “ဝေစွေ့ဖုန်းနဲ့ ရှုကျွင်း ပြန်မလာသေးဘူးနော်”
သို့သော် ထိုကိစ္စကို မေ့သွားတတ်ကြပြီး ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်၍ အလုပ်များနေတတ်ကြသည်။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က နားလည်သိမြင်နေခြင်းမှ မကြာမကြာ နိုးထလာတတ်ကြပြီး ရရှိခဲ့သည့်အောင်မြင်မှုများကို ဖလှယ်ကြသည်။ လန်ယွီတျန်းက ပြောသည်။ “ဒီလောကသစ်ပင်မှာ ကိန်းဝပ်နေတဲ့ မဟာတာအိုက တကယ်ကို ကျယ်ပြန့်နက်နဲတယ်… အချိန်တိုအတွင်း နားလည်ဖို့ ခက်တယ်… တစ်ယောက်ယောက်သာ လုံးဝသိမြင်နားလည်သွားရင် မဟာတာအို ဖြစ်လာလိမ့်မယ် မဟုတ်လား”
ရှုရှန်းဟွာက ပြော၏။ “ငါတို့ခေတ်ရဲ့ အတွေးအခေါ်တွေ မဟုတ်တဲ့ မဟာတာအိုတချို့ ကိန်းအောင်းနေတာ ငါအာရုံခံမိတယ်… ငါတို့ခေတ်မှာ အဲ့ဒီလို မဟာတာအိုစည်းမျဉ်းတွေ မရှိဘူး… အရင်စကြ၀ဠာရဲ့ မဟာတာအိုများလား…”
သူတို့နှစ်ယောက်တွင် အဖြေရှာရခက်သော မေးခွန်းများစွာ ရှိနေကြသည်။
လောကသစ်ပင်သည် အဘယ်ကြောင့် ယခင်စကြဝဠာ၏ မဟာတာအိုဖြင့် တံဆိပ်ခတ်နှိပ်ထားခံရသနည်း။ လောကသစ်ပင်နှင့် တာအိုအရှင်သခင်ဖြစ်လာသော ပုဂ္ဂိုလ်တစ်ဦးသည် မည်သို့ဆက်နွယ်နေသနည်း။
တာအိုရရှိပြီးနောက် သိုင်းအဆင့်များတွင် ကွာခြားချက်များ ရှိလိမ့်မည်လော။
တာအိုရရန် လျှောက်လှမ်းနိုင်မည့် လမ်းစဉ်က တစ်ခုတည်းလား။
သူတို့နှစ်ယောက်မှာ နှစ်တစ်သန်းအတွင်း ပါရမီအထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း အကြံကုန်နေကြသည်။
“ဂိုဏ်းသခင်ချင် ဘယ်ရောက်သွားတာလဲ”
ရှုရှန်းဟွာက ချင်မူ့ကို သတိရသွားသဖြင့် ချက်ချင်း မေး၏။ “သူ့အကူအညီနဲ့သာ ဆိုရင် ပိုမြန်လောက်တယ်”
လန်ယွီတျန်းက နှုတ်ခမ်းဆူပြသည်။ “အစ်ကိုကြီးက ဟိုမှာလေ”
ရှုရှန်းဟွာလည်း အလျင်အမြန် လှမ်းကြည့်လိုက်ရာ လောကသစ်ပင်၏ တစ်ဖက်ခြမ်းရှိ ချင်မူ့ကို တွေ့လိုက်ရသည်။ သူသည် ကောင်းကင်ရတနာနယ်ပယ်ကို ထုတ်လွှတ်၍ ဖြန့်ကျက်ထား၏။
သူ့နယ်ပယ်ထဲရှိ ဘိုးဘေးနန်းတော်က လောကသစ်ပင်အမြစ်အောက်၌ ပြန့်ကားနေသည်။ ကောင်းကင်နန်းဆောင်များက အပင်ပေါက်ကို ဝန်းရံထားပြီး မူလဝိညာဉ်များ ၎င်းတို့ထဲတွင် ထိုင်နေကြသည်။ သူတို့က အကျဉ်းထောင်ကိုးထပ်စင်မြင့်ပေါ်တွင် ရပ်လျက် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို အသက်သွင်းနေကြကာ လောကသစ်ပင်၏ အပင်ပေါက်ပေါ်တွင် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားနေကြသည်။
ရှုရှန်းဟွာမှာ ကြောင်အသွားပြီး ရေရွတ်လိုက်မိသည်။ “သူ ဘာလုပ်နေတာလဲ”
“လောကသစ်ပင်ကို သန့်စင်ပြီး သူ့ရတနာအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာလေ”
လန်ယွီတျန်းမှာလည်း မရေမရာဖြစ်နေသည်။ “လောကသစ်ပင်က အပင်ပေါက်အရွယ်မှာပဲ ရှိသေးတော့ သန့်စင်ဖို့ အသင့်တော်ဆုံးအခြေအနေပဲ… နည်းနည်းလောက်သာ ကြီးလာရင် သူ့ရဲ့နယ်ပယ်ထဲမှာ လောကသစ်ပင် ဆံ့တော့မှာမဟုတ်ဘူး… ဒါကြောင့် အခုအချိန် သန့်စင်တာက အားထုတ်ရသက်သာပြီး အောင်မြင်နိုင်ခြေလည်း များတယ်”
ရှုရှန်းဟွာ လှမ်းကြည့်လိုက်သည့်အခါ ချင်မူ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်မှာ အဆုံးအစွန်အထိ ဖြန့်ကျက်ထားသည့်တိုင် လောကသစ်ပင်ထိပ်သည် သူ့နယ်ပယ်ကောင်းကင်ရှိ အမိုးခုံးနှင့် တိုက်နေသေးကြောင်း တွေ့လိုက်ရ၏။ နောက်တစ်ကြိမ် ကြီးထွားလာပါက သူ၏နယ်ပယ်အမိုးခုံးကို ဖောက်ထွက်သွားတော့မည့်ပုံပင်။
သို့ထိတိုင် ချင်မူသည် ခေါင်းမာစွာဖြင့် ဤအပင်ပေါက်ကို သန့်စင်ရန် ကြိုးစားနေသေး၏။
သူ့မဟာတာအိုကို လောကသစ်ပင်တွင် ခတ်နှိပ်ရန် ကြိုးစားနေသည်သာမက သူ၏ဝိညာဉ်သန္ဓေသားကိုလည်း သစ်ပင်ထဲတွင် စတေးရန် ကြိုးစားနေသည်။ အကြိမ်ကြိမ် ရှုံးနိမ့်နေသည့်တိုင် လုံးဝစိတ်ဓာတ်ကျမသွားပေ။
ရှုရှန်းဟွာမှာ အတော်လေးအံ့အားသင့်နေမိသည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦးက ရေပုံးငယ်တစ်ပုံးကို သယ်ကာ ဘေးမှ ဖြတ်သွားသည်။ သူမ၏ပုံစံက အလွန်တရာ မာထန်နေပြီး ခေါင်းတရမ်းရမ်းဖြင့် နှာခေါင်းရှုံ့နေသည်။ “တုံးလိုက်တာ.. သစ်ပင်တစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ… ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီ” သူမက ထိုသို့ကဲ့ရဲ့ပြီးနောက် ထွက်ခွာသွား၏။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းက သူမထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် အကြည့်ပြန်ရုတ်လိုက်ကြသည်။
ရှုရှန်းဟွာက မေး၏။ “ဂိုဏ်းသခင် အောင်မြင်မယ် ထင်လား..”
လန်ယွီတျန်းက ခေါင်းခါရမ်းသည်။ “ကျွန်တော် ဘယ်လိုလုပ် သိပါ့မလဲဗျာ… ဒါပေမဲ့ လောကသစ်ပင်ကို အရင်ကတည်းက မခုတ်ခဲ့သင့်ဘူးမလား…. အပင်ပေါက်အခြေအနေမှာ သန့်စင်လို့ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ…. ဒါပေမဲ့ ဒီသစ်ပင်ကို သန့်စင်တာက ထိုက်ယီပြောသွားသလိုလည်း ဖြစ်နိုင်တယ်… ပုရွတ်ဆိတ်တစ်ကောင်က အပင်တစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေသလိုပဲ”
သူတို့နှစ်ယောက်လုံးက ပြိုင်တူ ခေါင်းခါလိုက်ကြသည်။ သိပ်ပြီး မျှော်လင့်ချက်မထားကြပေ။
ရှုရှန်းဟွာက မေး၏။ “ဂိုဏ်းသခင် ထိုက်ယီဆီက ငှားထားတဲ့ တာအိုသစ်ရွက်ကို ပြန်ပေးပြီးပြီလား”
လန်ယွီတျန်းက ခေါင်းရမ်းပြသည်။ “ပြန်မပေးသေးဘူး…အစ်ကိုကြီးက တစ်ခွန်းတောင် မဟတော့တာ… မေ့သွားတဲ့အတိုင်းပဲ… ထိုက်ယီလည်း မပြောဘူး… သူလည်း မေ့သွားတဲ့ပုံပဲ”
ရှုရှန်းဟွာက တခဏတွေးတောနေပြီးနောက် ပြော၏။ “အဲဒါဆို ဂိုဏ်းသခင် လောကသစ်ပင်ကို သန့်စင်နိုင်မယ်လို့ ထိုက်ယီ မျှော်လင့်ထားတဲ့ အဓိပ္ပာယ်ပဲ… ထုတ်မပြောတာပဲ ရှိတာ…. ဒါပေမဲ့ အပြစ်တင်နေတုန်းပဲ”
“ကောင်းကင်နတ်အရှင်မူရဲ့ ခေါင်းမာတဲ့ပုံစံက တကယ့်ကို တုံးအလွန်းတဲ့ သမင်လေးတစ်ကောင်လိုပဲနော်” မင်ဧကရာဇ်၏ အသံက ပေါ်ထွက်လာသည်။
ဤအခိုက်အတန့်တွင် မင်ဧကရာဇ်၏ ပုံပန်းသွင်ပြင်မှာ ယခင်ကနှင့် မတူတော့ပေ။ အတိတ်တုန်းက ဝိညာဉ်တစ်ခုသာ ရှိခဲ့သော်လည်း ယခုတွင် ရုပ်ခန္ဓာတစ်ခုကိုပါ ပိုင်ဆိုင်ထားချေပြီ။ သို့သော် ဤရုပ်ခန္ဓာက အနည်းငယ်ထူးဆန်းနေပြီး ခန္ဓာကိုယ်ပေါ်တွင် သစ်သားသွေးကြောများပင် ရှိနေသည်။
ချင်မူသည် လောကသစ်ပင် သစ်ခေါက်တစ်ခုကို ခွာ၍ သူ့အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးရန် ထိုက်ယီအား အတော်လေး တောင်းဆိုခဲ့ရသည်။ သစ်ရွက်၏ သစ်စေးများကိုလည်း သူ၏သွေးအဖြစ် အသုံးပြုခဲ့၏။
ဤခန္ဓာကိုယ်မှာ အလွယ်တကူ မလှုပ်ရှားနိုင်ဘဲ အချိန်မရွေး အမြစ်တွယ်၍ အပင်ပေါက်လာလိမ့်မည်ကို မင်ဧကရာဇ်အနေဖြင့် စိုးရိမ်နေရသည်။ အပင်ပေါက်လာမည့် အရိပ်အယောင်များပင် ရှိနေသည်ဟု ခံစားနေရလေသည်။
ချင်မူက စုစုပေါင်းခန္ဓာကိုယ်နှစ်ခု ဖန်တီးခဲ့သည်။ တစ်ခုက မင်ဧကရာဇ် အသုံးပြုရန် ဖြစ်သော်လည်း ကျန်တစ်ခုကိုတော့ ထုတ်မပြောခဲ့ပေ။
သူက မင်ဧကရာဇ် သေဆုံးခဲ့သော နေရာသို့ လူများလွှတ်၍ သူ၏ အသွေးနှင့်အသားကို ရှာဖွေစေခဲ့သည်။ အသွေးအသားတို့ ရှာတွေ့သောအခါ ဖန်ဆင်းခြင်းစွမ်းရည်နှင့်အတူ မင်ဧကရာဇ်၏ အသွေးနှင့်အသားကို သုံး၍ ဤသို့ အသွေးအသား ပိုင်ဆိုင်သည့် သစ်သားခန္ဓာကိုယ်တစ်ခုအဖြစ် ဖန်ဆင်းပေးခဲ့၏။
အပြည့်အ၀ အသက်၀င်လာသော မင်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ ယခင်ကထက် သေချာပေါက် ပိုမိုသန်မာလေသည်။
မင်ဧကရာဇ်က ခက်ခက်ခဲခဲဖြင့် ခြေထောက်များကို လှုပ်ရှားကာ သူတို့နှစ်ယောက်နားသို့ လျှောက်လာကာ ဦးညွှတ်အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင်ယွီ၊ ကောင်းကင်နန်းဆောင်အဆင့်မှာ အဆင့်တစ်ခုကို အာရုံခံမိတယ်လို့ပြောခဲ့တယ်နော်.. အဲ့ဒီကောင်းကင်ပင်လယ်လို့ ခေါ်တဲ့ အဆင့်ကို တည်ဆောက်ပြီးသွားပြီလား… ကျုပ်က သေရာကနေ အသက်ဝင်လာတာဆိုတော့ အစကနေ ပြန်ကျင့်ကြံမှရမယ်… မဟုတ်ရင် ဒီခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး..”
လန်ယွီတျန်းက ပြော၏။ “ကောင်းကင်ပင်လယ်အဆင့်က တာအိုနှလုံးသားအဆင့်ရော၊ မှော်စွမ်းအင်အဆင့်ရော ဟုတ်တယ်.. ကျွန်တော်ကလည်း ကောင်းကင်ပင်လယ်အဆင့်မှာပဲ… ဒါပေမဲ့ ကျွန်တော့်ရဲ့လမ်းစဉ်က လက်ရှိ ကောင်းကင်ရတနာ ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်နဲ့ မတူဘူး… ကောင်းကင်မုခ်ဝလေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်နဲ့ ကောင်းကင်ပင်လယ်ကို ဘိုးဘေးနန်းတော်အဆင့်မှာ ပေါင်းစည်းထားတာ… ကောင်းကင်နန်းဆောင်အဆင့် ဆိုပြီး မရှိဘူး”
မင်ဧကရာဇ်က ရိုကျိုးစွာ မေးသည်။ “ကျုပ် မေးခွင့်ပြုပါ ကောင်းကင်နတ်အရှင်… ကျုပ် ကောင်းကင်နန်းဆောင်အဆင့်နဲ့ ပေါင်းစည်းမယ်ဆိုရင် ဘယ်လို ကျင့်ကြံရမလဲ”
လန်ယွီတျန်းက တခဏတွေးတောလိုက်ပြီးနောက် ဖြေသည်။ “အဲဒါဆိုရင် ကျွန်တော် ကြိုးစားကြည့်ပေးပါမယ်… အဲဒီအဆင့်နှစ်ဆင့်ကို ကောင်းကင်နန်းဆောင်အဆင့်မှာ ပေါင်းစည်းပြီးတော့ ရှင်းပြပ့ါမယ်…တာအိုမိတ်ဆွေဟွာ၊ အဘွားစစ်၊ တာအိုမိတ်ဆွေ၀မ်ယွမ်၊ မင်းသားယိုမင်းနဲ့ တာအိုမိတ်ဆွေရှုတို့က ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်မှာ အင်အားကြီး သိုင်းပညာရှင်တွေပဲ… သူတို့လည်း အကူအညီလိုအပ်နေတုန်းပဲ…. နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ အကျဉ်းထောင်ကိုးထပ်စင်မြင့်တွေကို အလေးနက်ဆုံး သိမြင်နားလည်ထားတာကတော့ ကျွန်တော်အစ်ကိုကြီးပဲ…. ကျွန်တော်ပြောခဲ့တာမှာ တစ်ခုခု အမှားအယွင်းရှိခဲ့ရင် သူတို့ကို မေးပြီး ပြင်ဆင်ရလိမ့်မယ်”
သူ၏အသိစိတ်အလျဉ်က လှိုင်းထသွားပြီး အားလုံးကို ဖိတ်ခေါ်လိုက်သည်။
မင်ဧကရာဇ်က ရေရွတ်၏။ “ဟာရွှမ်းရွှီနဲ့ ၀မ်ယွမ်ကလည်း အင်အားကြီး သိုင်းပညာရှင်တွေပဲလား”
သူ့မှာ ကလေးလေးနှစ်ယောက်ကို ကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေမိသည်။
ဟွာရွှမ်းရှို့က ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။
အားလုံးရောက်ရှိလာသည့်အချိန်တွင် ချင်မူကလည်း မူလဝိညာဉ်တစ်ခု စေလွှတ်လိုက်သည်။ အားလုံးက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ မတူညီသောအဆင့်များမှ နက်နဲမှုကို ရှင်းပြနေကြသည်။ အထွတ်အမြတ်နယ်မြေရှိ လူအားလုံးလည်း စုဝေးလာကြပြီး အသေအချာ နားထောင်နေကြလေသည်။
ဒုတိယမြောက်နေ့တွင် လောကသစ်ပင်က နောက်တကြိမ် တုန်ခါကာ ကြီးထွားလာပြန်သည်။ နောက်ဆုံးတွင် ၎င်းက ချင်မူ့ကောင်းကင်ရတနာနယ်ပယ်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားစေတော့သည်။
ချင်မူမှာလည်း ကူကယ်ရာမဲ့စွာဖြင့် လောကသစ်ပင်ကို ဆက်လက်သန့်စင်နေသည်။
လောကသစ်ပင်အောက်တွင် စည်ကားသိုက်မြိုက်နေကြ၏။ လူတိုင်းက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ မတူညီသောအဆင့်များကို ရှင်းပြနေကြသောကြောင့် အသီးသီး အကျိုးအမြတ်များရနေကြသည်။
လန်ယွီတျန်းက အားလုံးရှင်းပြသည်ကို နားထောင်ရင်း ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်နှင့် နတ်ဘုရားစီရင်ရာစင်မြင့်တို့ကို ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်နှင့် ပေါင်းစည်းရန် ကြိုးစားနေသည်။ သူက တစ်ခုချင်းရှင်းပြ၍ အားလုံးကို ဆက်သွယ်နေ၏။
တာအိုအလင်းရောင်တို့က ကမ္ဘာသစ်ပင်အောက်တွင် တောက်ပနေကြပြီး တာအိုအသံတို့က ကမ္ဘာသစ်ပင်ပတ်ပတ်လည်တွင် ညံနေကြသည်။ ကောင်းကင်ပေါ်မှ တာအိုပန်းပွင့်များ ကြွေကျလာသဖြင့် အားလုံးမှာ အံ့သြနေကြသည်။
တာအိုပန်းပွင့်များမှာ မြေပေါ်ရောက်သည်နှင့် လွင့်ပျယ်ပျောက်ကွယ်သွားကြသည်။ သို့သော် အားလုံးက ဤအခြေအနေကို အခွင့်ကောင်းယူ၍ အရာအတော်များများကို သိမြင်နားလည်နေကြ၏။
လောကသစ်ပင်အောက်ရှိ ဆွေးနွေးပွဲမှာ ပစ္စုပ္ပန်၌ ရှိသူများအတွက် ပညာဖလှယ်ခြင်းသာ ဖြစ်သော်လည်း အနာဂတ်မျိုးဆက်များအတွက်တော့ လွန်ခဲ့သည့်နှစ်တစ်သန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲအလား အရေးပါလေသည်။
ချင်မူနှင့် လန်ယွီတျန်းမှလွဲ၍ လောကသစ်ပင်အောက်ရှိ ကျန်သူများမှာ နာမည်မကြီးကြသော်လည်း အနာဂတ်တွင် ကောင်းကင်နတ်အရှင်များအဖြစ် လေးစားကြည်ညိုခံကြရမည်ဖြစ်သည်။
သူတို့ဖန်တီးလိုက်သည့် ကျင့်စဉ်စနစ်ကလည်း အနာဂတ်မျိုးဆက်များအပေါ် သက်ရောက်ပေလိမ့်မည်။
သို့သော် လောကသစ်ပင်အောက်ရှိသူများအတွက်တော့ ဤသည်မှာ သာမန်ဆွေးနွေးပွဲသာဖြစ်သဖြင့် နောက်ကွယ်မှ အဓိပ္ပာယ်ကို စဉ်းစားမနေကြပေ။
ထိုအခိုက်အတန့်တွင် ချင်မူ့အရှိန်အဝါက ရုတ်တရက် ထိုးတတ်လာသည်။ သူ့ကောင်းကင်ရတနာနယ်ပယ်ကလည်း နောက်တစ်ကြိမ် ပြန့်ကားလာကာ လောကသစ်ပင်အား သူ၏နယ်ပယ်ထဲ ဆွဲသွင်းလိုက်ပြန်၏။
သူကား နောက်ထပ်အဆင့်တစ်ဆင့်ဖြစ်သည့် ကောင်းကင်ပင်လယ်အဆင့်သို့ တက်သွားခဲ့ချေပြီ။ ဤသည်မှာ နဂါးသွဲ့ရေကန်နှင့် နတ်ဘုရားစီရင်ရာစင်မြင့်ကြားရှိ အဆင့်တစ်ဆင့်ဖြစ်သဖြင့် သူ့သိုင်းအခြေခံကို အတော်လေး တိုးတက်သွားစေ၏။ ကောင်းကင်ပင်လယ်တစ်စင်းက သူ၏ကောင်းကင်နန်းဆောင်များထဲတွင် ပေါ်လာပြီး ဘိုးဘေးနန်းတော်ထဲတွင်လည်း ဖွဲ့တည်လာကာ ကောင်းကင်နတ်မြစ်နှင့် ဆက်နွယ်သွားသည်။
ဘိုးဘေးနန်းတော်၊ ကောင်းကင်ပင်လယ်၊ ရွှမ်တု၊ ယိုတု၊ ယွမ်တု၊ အခြားကမ္ဘာလောကများနှင့် ကောင်းကင်နန်းဆောင်အားလုံးသည် ကောင်းကင်နတ်မြစ်နှင့် ဆက်နွယ်နေကြရာ သူ့သိုင်းအခြေခံနှင့် ခွန်အားကို တဟုန်ထိုး တိုးတက်သွားစေတော့သည်။
အဘွားစစ်၊ မျက်ကန်း၊ ရွှေအနှင့် ကျန်သူများမှာ ဤမြင်ကွင်းကို မြင်လျှင် ဝမ်းသာအံ့ဩနေကြ၏။ သူတို့က ပြိုင်တူချီးကျူးလိုက်ကြသည်။ “မူအာက သိပ်တော်တာပဲ…. ငါတို့ကို ကျော်တက်နိုင်တဲ့အပြင် သူ့ရဲ့ညီလေးကိုတောင် ကျော်တက်သွားပြန်ပြီ”