မိုးကြိုးပစ်ခံရလိမ့်မယ်
Vol. 113 Ch. 1486
ဆွေးနွေးပွဲပြီးသွားသည့်တိုင်အောင် ချင်မူသည် လက်မလျှော့ဘဲ လောကသစ်ပင်အား ဆက်လက်သန့်စင်နေသည်။ သူ၏ သိုင်းအခြေခံက များစွာတိုးတက်လာခဲ့သည့်အလျောက် မှော်စွမ်းအင်မှာလည်း သိပ်သည်းကာ လောကသစ်ပင်ကို သူ၏နယ်ပယ်ထဲတွင် လွှမ်းခြုံထား၏။ သို့သော် သန့်စင်ရန် အင်မတန် ခက်ခဲနေသေးသည်။
နှစ်ရက်ကြာပြီးနောက် လောကသစ်ပင်သည် သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ထဲတွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားစေပြန်၏။s
ချင်မူမှာ ကြောင်အနေသည်။ အားလုံးကလည်း တိတ်ဆိတ်စွာ ခိုးကြည့်နေကြသည်။
ချင်မူက သူ၏နယ်ပယ်ကို ရုတ်သိမ်းကာ ထွက်ခွာရန် ပြင်လိုက်သည်။
“ကောင်းကင်နတ်အရှင်မူ တော်တော်ခံစားနေရမှာပဲနော်” အားလုံးက တစ်ယောက်တစ်ပေါက် ရေရွတ်နေကြလေသည်။
မကြာမီ ချင်မူသည် အနက်ရောင်တောင်တန်းတစ်လုံးအား ပြုပြင်နေသော ထိုက်ယီကို သွားတွေ့၏။ ထိုက်ယီမှာ အိုမင်းရင့်ရော်နေပြီး ရေပုံးတစ်ပုံးကို ကတုန်ကယင် ကိုင်ထားသည်။
ချင်မူက ဦးညွှတ်အရိုအသေပေး၍ ထိုက်ယီလက်ထဲမှ ရေပုံးကို ယူလိုက်သည်။ ထို့နောက် မနေ့ညမှ ငလျင်ကြောင့် အက်ကွဲခဲ့သော အနက်ရောင်တောင်တန်းကို ကူညီပြင်ဆင်ပေးနေ၏။
ထိုက်ယီကလည်း ပျော်ရွှင်စွာဖြင့် ချင်မူပြင်ဆင်နေသည်အား ဘေးမှစောင့်ကြည့်နေသည်။
ချင်မူက အက်ကွဲသွားသော အနက်ရောင်တောင်တန်းအား ပြီးပြည့်စုံစွာ ပြင်လိုက်သည်။ ထို့နောက် ရေပုံးကို ချပြီးနောက် ထိုက်ယီအား ပြုံးလျက် ကြည့်လိုက်၏။
ထိုက်ယီမှာ ရေပုံးအား သိမ်း၍ ထွက်ခွာတော့မည့်အချိန်တွင် ချင်မူက အားတုံ့အားနာအပြုံးဖြင့် တားသည်။ “တာအိုနောင်တော်၊ နောင်တော့်ရဲ့ ဧရာမပုဆိန်ကြီးက တော်တော်ကောင်းတဲ့ပုံပဲ… ဘယ်လိုများ သွန်းလုပ်ခဲ့တာလဲ”
“အဲဒါက ဖရိုဖရဲတွေကနေ မွေးဖွားခဲ့တဲ့ ငါ့တာအိုလက်နက်လေ”
ထိုက်ယီက အေးအေးလူလူ ပြောသည်။ “ငါ မွေးဖွားပေးခဲ့တုန်းက ဒီရတနာကို အားကိုးပြီး လောကသစ်ပင်ကို ခုတ်ပစ်ခဲ့တယ်… တခြားရတနာဆိုရင် လောကသစ်ပင်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး…”
ချင်မူက ပါးစပ်ဟလိုက်သော်လည်း သူ ဘာမှမပြောနိုင်ခင်မှာပင် ထိုက်ယီ၏ မုတ်ဆိတ်မွှေးကြီးက တုန်ခါသွားပြီး ခပ်ပြတ်ပြတ် ပြောလိုက်သံ ထွက်လာသည်။ “မင်းကို အဲဒီရတနာ မပေးနိုင်ဘူး”
ချင်မူက ကပျာကယာ ရှင်းပြသည်။ “အပိုင်တောင်းတာ မဟုတ်ပါဘူး… ခဏလောက်ပဲ ငှားမှာပါ… နောင်တော့်ကို ပြန်ပေးပါမယ်”
ထိုက်ယီက သူ့ကို အကဲခတ်လိုက်ပြီး မယုံသင်္ကာမေးသည်။ “မင်းက ဘာလုပ်မလို့လဲ”
ချင်မူသည် နှုတ်ဆိတ်နေ၏။
“ခဏလောက် ငှားလိုက်လို့လည်း အရှုံးတော့ မရှိပါဘူးလေ”
ထိုက်ယီက သူ၏လက်ထဲမှ အလွန်တရာသေးငယ်သော ပုဆိန်တစ်လက်ကို ထုတ်လိုက်သည်။ သို့သော် ၎င်းမှာ ချင်မူ့အရှေ့တွင်တော့ နှိုင်းယှဉ်မရနိုင်အောင် ကြီးမားနေသည်။ သူက ပြောသည်။ “မင်း နေ့တစ်ဝက်ပဲ သုံးလို့ရတယ်… နေ့တစ်၀က် ကုန်သွားရင် ဒီပုဆိန် ငါ့ဆီ ပြန်ပြီး ပျံလာလိမ့်မယ်”
ချင်မူက ချက်ချင်း ကျေးဇူးတင်လိုက်ရင်း ဧရာမပုဆိန်ကြီးကို ဆွဲယူသွားသည်။ အစပိုင်းတွင် မလေးလံသော်လည်း ပို၍ခပ်ဝေးဝေးသို့ ရောက်လာလေလေ လေးလံလာလေလေပင်။ နောက်ဆုံးတွင် ချင်မူမှာ အမောဆို့လာသဖြင့် အနားယူလိုက်ရတော့သည်။
‘ပုဆိန်က လေးလိုက်တာ… ငါ လောကသစ်ပင်နား မရောက်ခင်မှာတင် နေ့တစ်ဝက် ကုန်သွားလောက်တယ်”
သူက နဖူးမှ ချွေးများကို သုတ်ပြီး စိတ်ထဲမှ တွေးနေသည်။ ‘ထိုက်ယီ ငါ့ကို အရူးလုပ်ပြီး နေ့တစ်ဝက် ငှားလိုက်တာများလား… နည်းနည်းလောက် ပေါ့ပေါ့လေး ဖြစ်လို့မရဘူးလား”
သူ ထိုသို့တွေးလိုက်စဉ် ပုဆိန်မှာ ပေါ့သွားသဖြင့် ချင်မူသည် ဝမ်းသာပျော်ရွှင်သွားတော့သည်။ သူက ဧရာမပုဆိန်ကြီးကို သယ်လျက် လောကသစ်ပင်ထံသို့ ပျံသန်းနေသည့်အလား ခုန်ပေါက်သွားလေသည်။ စိတ်ထဲတွင်လည်း တွေးနေသည်။ “ငါ ပေါ့ပါစေလို့ တွေးလိုက်တဲ့အချိန်မှာပဲ ပေါ့သွားတယ်… ဘယ်လိုတောင်းဆိုမှုမဆို လိုက်လျောနိုင်တဲ့ ရတနာတစ်ပါးများလား’
သူ ထိုသို့တွေးနေစဉ် ပုဆိန်မှာ ပို၍ပေါ့လာပြန်၏။
ချင်မူမှာ အံ့သြဝမ်းသာဖြစ်နေတော့သည်။ သူက ပုဆိန်ကြီးကို သူ့အရှေ့တွင် ထား၍ တွေးလာသည်။ “ဓားရှည်ကြီးတစ်လက်ဆိုရင်တော့…”
ဧရာမပုဆိန်ကြီးက ပြောင်းလဲမသွားပေ။ အသံတစ်သံက ၎င်းမှ ထွက်ပေါ်လာ၏။ “ဆက်တွေးမနေနဲ့တော့… ပုဆိန်တစ်လက်ပဲသက်သက်ပဲ… တောင်းဆိုချက်အကုန်ကို လိုက်လျောနေတာမဟုတ်ဘူး… ပုဆိန်ပေါ့သွားအောင် မင်းကို ကူညီပေးနေတာ”
ချင်မူမှာ မကျေမနပ် ဖြစ်သွားမိသည်။
ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ မင်ဧကရာဇ်နှင့် ကျန်သူများမှာ လောကသစ်ပင်အောက်တွင် သိမြင်နားလည်၍ အသိဉာဏ်များ ဖလှယ်နေကြည်။ ထိုစည် ချင်မူသည် ဧရာမပုဆိန်ကြီးတစ်လက်ကို ဆွဲယူရင်း ကြယ်တံခွန်တစ်စင်းအလား လောကသစ်ပင်ဆီသို့ ဦးတည်သွားနေကြောင်း တွေ့လိုက်ကြရ၏။
လူတိုင်း အလောတကြီး ထရပ်လိုက်ကြပြီး ချင်မူ သစ်ပင်အောက်သို့ ပုဆိန်အား ဆွဲယူသွားနေသည်ကို ကြည့်နေကြသည်။ သူ၏ရုပ်ခန္ဓာက ကြီးထွားလာပြီး ကြွက်သားများက တောင့်တင်းလာ၏။ သူက ဟိန်းဟောက်လျက် လောကသစ်ပင်အပေါ် ခုတ်ချလိုက်လေသည်။
အားလုံးမှာ ငေးကြောင်သွားကြသည်။ ဧရာမချင်မူကြီးသည် ပုဆိန်ကို ထပ်မံလွှဲရမ်းကာ နောက်ထပ် အကြိမ်တစ်ဒါဇင်ခန့် ခုတ်ချလိုက်ရာ လောကသစ်ပင်တစ်ဝက်နီးပါး ပြိုလဲလုဆဲဆဲ ဖြစ်သွားသည်။
အဘွားစစ်က တုန်ရီနေသော လေသံဖြင့် လှမ်းတားသည်။ “မူအာ၊ မခုတ်နဲ့… မိုးကြိုးပစ်တာ ခံရလိမ့်မယ်”
ရှုရှန်းဟွာကလည်း သူမအနောက်မှ အော်ဟစ်သည်။ “ဂိုဏ်သခင်ဟောင်း၊ မင်း ဒီသစ်ပင်ကို ခုတ်လိုက်ရင် မိုးကောင်းကင်က မင်းကို အပြစ်ပေးလိမ့်မယ်”
ကျန်သူအားလုံးမှာလည်း မျက်နှာများ ဖြူဆုတ်ကုန်ကြပြီး ကြက်သေသေနေကြသည်အထိ ကြောက်ရွံ့နေကြတော့သည်။
ချင်မူက ဧရာမပုဆိန်ကြီးဖြင့် ဆက်ခုတ်နေရာ ဝုန်းခနဲ ကျိုးအက်သံကြီးနှင့်အတူ လောကသစ်ပင်မှာ နှစ်ပိုင်းခုတ်ခံလိုက်ရတော့သည်။
လောကသစ်ပင်၏ ဧရာမခန္ဓာကိုယ်ကြီးက တိမ်တိုက်များဆီမှ လဲကျလာကာ အချိန်အတော်ကြာသည့်အခါ အနက်ရောင်တောင်တန်းတစ်သိန်းအား ဝင်တိုက်သွားသည်။ ၎င်းကြောင့် ကောင်းကင်နှင့် မြေကြီးပင်လျှင် တုန်လှုပ်သွား၏။
ကံကောင်းထောက်မစွာဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဘိုးဘေးနန်းတော်ဆီသို့ ရွှေ့ပြောင်းခဲ့ကြသူများသည် အနက်ရောင်တောင်တန်းများ၏ အစွန်းတွင်သာ နေထိုင်ကြသဖြင့် သစ်ပင်ကြီးကြောင့် ပိမသွားကြပေ။ သို့သော် လောကသစ်ပင် ပြိုလဲခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သော လှိုင်းဂယက်များက သူတို့နေထိုင်နေသည့် နေရာများအထိ သက်ရောက်မှု ရှိ၏။ လေပြင်းများက တစ်ရက်နှင့် တစ်ည ကြာသည်အထိ တိုက်ခတ်နေပြီးနောက်မှ ရပ်တန့်သွားကြသည်။
လောကသစ်ပင်ဘေးတွင် ချင်မူက ဧရာမပုဆိန်ကြီးကို ချလိုက်ပြီး ဖန်ဆင်းကောင်းကင်နတ်သိုင်းအား အလျင်အမြန် အသက်သွင်းကာ ဖန်ဆင်းခြင်းလမ်းစဉ်ဖြင့် သစ်ငုတ်တိုမှ အပင်ပေါက်လာအောင် ကြိုးစားလိုက်သည်။
သို့သော် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို မည်မျှပင်အသက်သွင်းပါစေ သစ်ငုတ်တိုသည် အပင်မပေါက်လာခဲ့ပေ။
ချင်မူမှာ မှင်သက်သွားကာ အချိန်အတော်ကြာသည်အထိ မလှုပ်မရှား ရပ်နေမိသည်။
ကျန်သူများမှာလည်း အချိန်အတော်ကြာ ရပ်နေမိကြသည်။ လောကသစ်ပင်ကို ခုတ်ပိုင်းပစ်ခဲ့သည့် နောက်ဆုံးသူမှာ ထိုက်ယီ ဖြစ်၏။ သူသည် ဖရိုဖရဲပုဆိန်ကို လွှဲရမ်း၍ ယခင်စကြ၀ဠာမှ ပုဂ္ဂိုလ်များ ဤစကြ၀ဠာသို့ မလာရောက်နိုင်စေရန် လောကသစ်ပင်အား ခုတ်လှဲပစ်ခဲ့သည်။
လောကသစ်ပင်သည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ချိပ်တံဆိပ် ပျက်စီးသွားခြင်းကြောင့် ပြန်လည်အသက်ဝင်လာခဲ့၏။ ထိုက်ယီက သစ်ပင်ကို ခုတ်ရန် ထပ်မံရောက်ရှိလာသော်လည်း ချင်မူက တားဆီးခဲ့သည်။ ချင်မူသည် လောကသစ်ပင်အား မသန့်စင်နိုင်သောကြောင့် ရှက်ရွံ့ကာ ထိုက်ယီထံမှ ပုဆိန်ငှား၍ ခုတ်ပစ်လိုက်မည်ဟု ထင်မထားခဲ့ကြပေ။
“ကျွန်တော် သစ်ပင်ကို ခုတ်ပစ်ချင်ခဲ့တာ မဟုတ်ဘူး”
ချင်မူက အသိစိတ်ဝင်လာပြီး အားလုံးဘက်သို့ လှည့်ကြည့်ကာ ဗလုံးဗထွေး ရှင်းပြသည်။ “အရှက်ရပြီး ဒေါသထွက်နေတာလည်း မဟုတ်ဘူး… ဒီသစ်ပင်ကို ခုတ်ပြီး ကျွန်တော့်ရဲ့ ဘိုးဘေးနန်းတော် ကောင်းကင်ရတနာထဲမှာ ပြန်စိုက်မလို့ လုပ်ခဲ့တာ… ခုတ်ပြီးရင် ပြန်လည်အသက်သွင်းလို့ရမယ် ထင်လို့… နောက်တစ်ပင် ထပ်ပေါက်လာမယ် ထင်လို့…”
အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်ကုန်ကြသည်။
“ကျုပ် ရှက်လွန်းလို့ ဒေါသထွက်နေတာ လုံးဝမဟုတ်ဘူး… ခင်ဗျားတို့ အပင်ငုတ်တိုလေးတွေအကြောင်း သိတယ်မလား… သစ်ကိုင်းတစ်ခက်ကို ချိုးပြီး မြေကြီးမှာ စိုက်ထားလိုက်ရင် နောက်ထပ်သစ်ပင်တစ်ပင် ထပ်ပေါက်လာတယ်လေ… လောကသစ်ပင်ကို နှစ်ပင်ခွဲမလို့ စီစဉ်ထားခဲ့တာ…”
ချင်မူက မျက်လုံးများပြူးကျယ်နေပြီး အဘွားစစ်ဆီ လှမ်းကြည့်သည်။ အဘွားစစ်က ချောင်းဟန့်လိုက်ကာ ပြော၏။ “ရှင်းပြစရာမလိုပါဘူး မူအာ… ငါတို့ နားလည်ပါတယ်”
ချင်မူက မျက်နှာကြီးမည်းမှောင်သွားကာ ထော့ကျိုးဘက်သို့ ကြည့်လိုက်သည်။ ထော့ကျိုးက မုတ်ဆိတ်ကို ပွတ်ကာ ဘေးသို့ ကြည့်နေ၏။ သူက နှာတစ်ချက် မှုတ်လိုက်သည်။ “သူခိုးတွေမှာတောင် ကိုယ်ပိုင်လမ်းစဉ်တွေ ရှိသေးတာပဲ… ဒါပေမဲ့ လိုချင်တာမရလို့ ရှက်ပြီး သစ်ပင်ကို ခုတ်လိုက်တာကတော့ မဖြစ်သင့်ဘူး”
ချင်မူမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး လဲကျနေသည့် လောကသစ်ပင်အပင်ပေါက်ဆီသို့ လျှောက်သွားသည်။ အပင်ပေါက်သည် အမြစ်အားလုံး မရှိတော့သည့်အပြင် ၎င်း၏ သစ်ကိုင်းများနှင့် သစ်ရွက်များကလည်း ညှိုးခြောက်လာကြချေပြီ။
သူက အပင်ပေါက်ကို သူ၏ကောင်းကင်ရတနာနယ်ပယ်ထဲ ထည့်၍ ဘိုးဘေးနန်းတော်ထဲတွင် စိုက်ပျိုးရန် ကြိုးစားလိုက်သည်။ သို့သော် ဧရာမ တွင်းကြီးတစ်တွင်း တူးကာ အပင်ပေါက်အား ကျောက်တုံးတွင်းလေးတွင်းနှင့် ၀န်းရံလိုက်သည်တိုင် သစ်ရွက်များက ပြန်အသက်ဝင်မလာကြပေ။ ၎င်း၏သစ်ကိုင်းသစ်ရွက်များလည်း ခြောက်သွေ့နေကြသည်။
ရုတ်တရက် ဖရိုဖရဲပုဆိန်က လေပေါ်မြောက်တတ်သွားသည်။ ပုဆိန်ကြီးက လေထဲတွင် တစ်ပတ်လည်ကာ ဟင်းလင်းပြင်အလွှာများကို ခွဲလိုက်၏။ ထို့နောက် အစအနပင် မကျန်ဘဲ ဟင်းလင်းပြင်အလွှာအနက်ပိုင်းထဲအထိ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သိသိသာသာပင် အချိန်စေ့သွားပြီ ဖြစ်၏။ ထိုက်ယီအတွက် ပုဆိန်ကို ပြန်ယူရန် အင်မတန် လွယ်ကူလှသည်။
အားလုံးက လောကသစ်ပင်သစ်ငုတ်တိုကို ဝိုင်းကာ ရပ်နေကြ၏။ အလွန်တရာထူထဲသော သစ်ငုတ်တိုပေါ်တွင် ပုဆိန်ခုတ်ထားသော အရာများ ရှိနေသည်။ လောကသစ်ပင်၏ တာအိုစည်းချက်မှာ အစက ရှည်လျားပြီး တာအိုသံများ ညံနေခဲ့၏။ သို့သော် ၎င်းတို့အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
ချင်မူက သစ်ပင်ထိပ်ဖျားကို ယူ၍ သစ်ငုတ်တိုပေါ်တွင် နေရာချလိုက်သည်။ သူက မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ လောကသစ်ပင်ကို ပြန်တည်ဆောက်ရန် ကြိုးစားနေသော်လည်း အသုံးမဝင်ပေ။
မပြောင်းလဲသော ကောင်းကင်နတ်သိုင်းသည် ပြိုင်ဘက်ကင်း မဟုတ်ပေ။ ၎င်း မစွမ်းဆောင်နိုင်သော အရာများလည်း ရှိ၏။
ဧရာမသစ်ပင်ကြီးမှာ ဘေးသို့ လဲကျသွားပြီး ချင်မူမှာ သစ်ငုတ်တိုပေါ်တွင် မေးထောက်လျက် ထိုင်နေသည်။ သူသည် ငေးကြောင်နေ၏။
“လူစုခွဲစမ်း… ကိုယ့်နေရာကိုယ် ပြန်ကြတော့”
မျက်ကန်းက အားလုံးကို နှင်ထုတ်သည်။ “လုပ်စရာရှိတာလုပ်ကြ… ဒီနေရာမှာပဲ စုမနေကြနဲ့”
ချင်မူမှာ လောကသစ်ပင်ကို ခုတ်ချခဲ့မိသဖြင့် နှလုံးသားထဲတွင် မအီမသာဖြစ်နေသည်။ ထို့ကြောင့် ချင်မူ စိတ်တည်ငြိမ်စေရန် အားလုံးကို ထွက်ခွာသွားစေ၏။
မကြာမီ ကောင်းကင်မှာ ဖြည်းဖြည်းချင်း မည်းမှောင်လာသည်။
နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများက မဟူရာသစ်ပင်ကြီး၏ ပတ်ပတ်လည်မှ ထွက်ပေါ်လာ၏။ ၎င်းက စကြ၀ဠာပျက်စီးခြင်း၏ ကပ်ဘေးမြင်ကွင်းပင်။ ယခင်စကြ၀ဠာမှာ ဖျက်စီးခဲ့ရစဉ်တုန်းက ဟိန်းဟောက်ရင်း ရှင်သန်နိုင်ရန် ကြိုးစားရုန်းကန်ခဲ့ခြင်း ဖြစ်၏။
ချင်မူက သစ်ငုတ်တိုပေါ်တွင် ထိုင်ရင်း ရေရွတ်နေသည်။ “မီးရှို့ဖို့ လွယ်တယ်… ငါ မီးမှ မရှို့ခဲ့တာ… ဘယ်လိုလုပ် သေသွားတာလဲ…”
သူ ထိုနေရာတွင် ထိုင်နေစဉ် မဟူရာသစ်ပင်ကြီး၏ အပြင်ဘက်ကို ခပ်ရေးရေး မြင်ရနိုင်၏။ ယခင်စကြ၀ဠာမှ တာအိုရခဲ့သော ပုဂ္ဂိုလ်များသည် ဟိန်းဟောက်မာန်မဲလျက် အားကုန်သုံးကာ လောကသစ်ပင်အပေါ် တက်နေကြသည်။
စကြ၀ဠာပျက်စီးခြင်း မဟာကပ်ဘေးကြီးနှင့် တွေ့ဆုံခဲ့ရသည့်အခါတွင် တာအိုရခဲ့သော ထိုပုဂ္ဂိုလ်များမှာ ပုရွက်ဆိတ်များသဖွယ် သစ်ပင်အပေါ် အလုအယက် တက်ကာ ကပ်ဘေးအား ရှောင်တိမ်းနိုင်ရန် ကြိုးစားနေကြသည်။ သို့သော် လောကသစ်ပင်မှာ ခုတ်ပိုင်းခံခဲ့ရသဖြင့် ယခင်စကြ၀ဠာမှ မလွတ်မြောက်နိုင်တော့ပေ။
သူတို့ ကောင်းကင်နှင့်မြေကြီးအား လက်ညှိုးထိုး၍ အတောမသတ်နိုင်စွာ ဆဲဆိုနေကြသည်ကို ချင်မူ တွေ့မြင်နေရသည်။ သူတို့သည် လောကသစ်ပင်ကို ခုတ်ပိုင်းခဲ့သောသူကို ဆဲဆိုနေကြပြီး ကိုယ်ပိုင်တာအိုများ သုံးကာ ကျိန်စာတိုက်နေကြ၏။
“အဟက်…. အားနည်းတဲ့သူတွေပဲ သူများတွေကို ဆဲတာ”
သူက ခေါင်းငုံ့သွားပြီး ထပ်မံရေရွတ်လိုက်သည်။ “ငါ တမင်တကာလုပ်ခဲ့တာ မဟုတ်ဘူး… လောကသစ်ပင်ကို ခုတ်ပိုင်းဖို့က လွယ်လွန်းအားကြီးတယ်… လွယ်လွန်းနေရင် ငါ လုပ်နိုင်ခဲ့မှာမဟုတ်ဘူး”
သူသည် အပ်များအပေါ် ထိုင်နေရသကဲ့သို့ ကောင်းကင်ကြီး ပြန်လည်တောက်ပ၍ မဟူရာသစ်ပင်အပြင်ရှိ ကြောက်မက်ဖွယ်မြင်ကွင်းများ ပျောက်ကွယ်သွားသည့်အထိ ထိုနေရာတွင်ထိုင်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရင်းနှီးနေသော တုန်ခါမှုတစ်ခုက အထွတ်အမြတ်တောင်တန်းတစ်သိန်း၏ မြေအောက်မှ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော မိစ္ဆာများကား မိုးလင်းလာသဖြင့် အကြောဆန့်နေကြသည့်အလားပင်။
ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားသည်။ သူ့တင်ပါးအောက်ရှိ သစ်ငုတ်တိုက ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ သစ်ရွက်နှစ်ရွက်က သူ့ကို ဝှစ်ခနဲ မြှောက်တင်ပြီး လေထဲ ပစ်လွှတ်လိုက်သည်။
သူက မေးစေ့ကို ကိုင်ထားရင်း အောက်သို့ စပ်စပ်စုစု ငုံ့ကြည့်လိုက်မိသည်။ သူ၏ခန္ဓာကိုယ်မှာ ပိုပို၍မြောက်တတ်လာပြီး ဧရာမသစ်ရွက်ကြီးနှစ်ရွက်က သူ့အောက်တွင် ရှိနေသည်ကို ခံစားလိုက်ရ၏။
ချင်မူမှာ ခေါင်းမော့၍ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။
ဝုန်း…
သူ၏ကောင်းကင်ရတနာနယ်ပယ် ထွက်ပေါ်လာပြီး မူလဝိညာဉ်များလည်း ပေါ်ထွက်လာ၏။ ကောင်းကင်နန်းဆောင်များထဲရှိ မူလဝိညာဉ်များက ယခုလေးတင် ပေါက်လာသော အပင်ပေါက်ကို ချက်ချင်း သန့်စင်ကြတော့သည်။
အားလုံး သတင်းရသွားပြီး ပြေးလာကြသည့်အခါတွင် ချင်မူသည် ဝိညာဉ်သန္ဓေသားကို ထိန်းချုပ်၍ ယခုလေးတင် ပေါက်လာသော အပင်ပေါက်နှင့် ပေါင်းစည်းရန် ကြိုးစားနေကြောင်း တွေ့လိုက်ကြရ၏။
“မူအာ၊ နင့်ကောင်းကင်နတ်သိုင်းကို ရုတ်သိမ်းလိုက်” အဘွားစစ်၊ ရွှေအနှင့် အခြားသူများက သစ်ပင်အောက်မှ လှမ်းအော်ကြ၏။
ချင်မူက မကြားချင်ယောင်ဆောင်ထားပြီး အပင်ပေါက်ကို ဆက်လက်သန့်စင်နေသည်။ သို့သော် အပင်ပေါက်ကို သူ၏ တံဆိပ်ခတ်နှိပ်မရပေ။
ဆယ်ရက်ကြာပြီးနောက် လောကသစ်ပင်အပင်ပေါက်မှာ သူ၏ကောင်းကင်ရတနာနယ်ပယ်ကို ထိုးဖောက်၍ ကောင်းကင်သို့ ထိနိုင်သည့်အထိ ကြီးထွားနေချေပြီ။
ထိုအချိန်မှသာ ချင်မူသည် အပင်ပေါ်မှ ခုန်ဆင်းလာ၏။ အားလုံးက သူ စိတ်ပျက်လက်ပျက် ထွက်ခွာသွားသည်ကို ကြည့်ရင်း ခေါင်းကိုက်လာကြသည်။ “ကောင်းကင်နတ်အရှင်မူ ထိုက်ယီဆီ သွားပြီး ပုဆိန်များ ထပ်ငှားဦးမလို့လား… အခုထိ လကိမလျှော့နိုင်သေးဘူးလား”
ချင်မူက ထိုက်ယီဆီ သွားပြန်သည်။ ဤအခိုက်အတန့်တွင် ထိုက်ယီမှာ ကျစ်ဆံမြီးလေးနှစ်ချောင်း ကျစ်ထားသည့် ကလေးမလေးတစ်ယောက်အသွင် ဖြစ်၏။ သူမ၏နှုတ်ခမ်းပတ်ပတ်လည်တွင် နှပ်ချေးများ ပေကျံနေပြီး တောင်တစ်လုံးကို ပြုပြင်နေသည်။
“တာအိုနောင်တော်”
ချင်မူက ရေပုံးကို ယူ၍ အက်ကွဲသွားသော အနက်ရောင်တောင်တန်းအား ကူညီပြုပြင်ပေး၏။ ကလေးမလေးက နှာတစ်ချက်ရှုံ့လိုက်ရာ နှပ်ချေးတစ်တွဲက သူမနှာခေါင်းထဲ ပြန်ဝင်သွားပြီးနောက် ထပ်မံစီးကျလာပြန်သည်။
ချင်မူ့မျက်နှာထက်တွင် အပြုံးပန်းတို့ ဝေဆာနေ၏။ သူက အားနာစွာ ပြုံးလိုက်ပြန်သည်။ “တာအိုနောင်တော်၊ နောင်တော်ရဲ့ ရေပုံးထဲက ရေက အက်ကွဲသွားတဲ့ အနက်ရောင်တောင်တန်းတွေကို ပြုပြင်ပေးနိုင်တယ်နော်… အနက်ရောင်တောင်တန်းတွေက မီးကျွမ်းသွားတဲ့ လောကသစ်ပင် ဟုတ်တယ်မလား..”
ကလေးမလေးက သူမနှုတ်ခမ်းဘေးသို့ စီးကျန်နေသည့် နှပ်ချေးအား အားရပါးရ ပြန်ရှုံ့သွင်းလိုက်ပြန်သည်။ “နင် ဘာလိုချင်တာလဲ”
ချင်မူက အနက်ရောင်တောင်တန်းကို ပြုပြင်နေခြင်းအား ရပ်တန့်လိုက်ပြီး ရေပုံးထဲရှိ ရေကို ကြည့်လိုက်သည်။ ရေမျက်နှာပြင်ပေါ်တွင် သူ၏မျက်နှာက ရောင်ပြန်ဟပ်နေ၏။ “ဒါဆိုရင် အမြစ်မရှိတဲ့ လောကသစ်ပင်တစ်ပင်ကို နောင်တော့်ရဲ့ ရေပုံးထဲက ရေက ပြန်ပြုပြင်ပေးနိုင်လား… ကျွန်တော့်ရဲ့ ကောင်းကင်ရတနာနယ်ပယ်ထဲမှာ အမြစ်မရှိတဲ့ လောကသစ်ပင်တစ်ပင် ရှိနေတယ်”