← Chapters

မိုးကောင်းကင်၏ အမျက်ဒေါသ

Vol. 113 Ch. 1487

မိုးကောင်းကင်၏ အမျက်ဒေါသ

Vol. 113 Ch. 1487

“ကောင်းကင်နတ်အရှင်မူ၊ နင့်အကြံဉာဏ်တွေက ဘာလို့ အမြဲတမ်း ထူးဆန်းနေတာလဲ”

ကလေးမလေး ထိုက်ယီက ပြော၏။ “နင့်အကြံတွေက အမြဲ ထူးဆန်းနေချက်ပဲ … ဒါပေမဲ့ ကောက်ကျစ်မှုတွေနဲ့လည်း ပြည့်နှက်နေတယ်… တစ်ခါတလေကျရင် နင့်ရဲ့အကြံဉာဏ်တွေအတိုင်း လုပ်လိုက်ရင် အကြံဉာဏ်ကောင်းတွေ ဖြစ်လာလိမ့်မယ်လို့တောင် ဆွဲဆောင်ခံရတတ်တယ်”

ချင်မူ့မျက်လုံးများက လင်းလတ်တောက်ပသွားသည်။

ကလေးမလေးက နှာတစ်ချက် ရှုံ့လိုက်ပြန်၏။ “ဒါပေမဲ့ ငါ့အတွေ့အကြုံတွေ နင့်ရဲ့အကြံဉာဏ်တွေက အမြဲတမ်း နှိုင်းယှဉ်လို့မရအောင် ကောက်ကျစ်တယ်… မဟာဧကရာဇ်ဆိုတာ တာအိုတစ်ဝက်ရထားတဲ့သူ သတ်မှတ်လို့ရပေမယ့် နင့်အကြံဉာဏ်တွေကို နှစ်ကြိမ်သုံးကြိမ်လောက် နားထောင်မိပြီး သူ့ရဲ့ရုပ်ခန္ဓာ ပျက်စီးသွားခဲ့တယ်….ငါလည်း နင့်အကြံကို နားထောင်ပြီး ဖရိုဖရဲပုဆိန်ကို ငှားပေးခဲ့တယ် …. ရလဒ်အနေနဲ့ကတော့ လောကသစ်ပင်ကို ခုတ်ချပြီးတာတောင် ပြန်အသက်မသွင်းနိုင်ခဲ့ဘူး…”

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကလေးမလေးက သူ၏ ရှက်ကိုးရှက်ကန်းရယ်သံ ရပ်တန့်သွားသည်အထိ စောင့်နေပြီးနောက် ဆက်ပြော၏။ “ဒီတစ်ခါအကြံကရော ဆိုးရွားလွန်းတဲ့ အကြံ မဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ… ငါကိုယ်တိုင်တောင် လောကသစ်ပင်ကို ကယ်တင်နိုင်ပါတယ်လို့ မပြောရဲဘူး… ကယ်တင်နိုင်ရင်တောင်မှ အကျိုးဆက်တွေကို နင် သိလား”

ချင်မူ့မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက စပ်စုလိုက်သည်။ “နောင်တော်ပြောချင်တာ ဒီလောကသစ်ပင်က ကျွန်တော့် ကောင်းကင်ရတနာထဲ ရောက်ရင် ကောင်းကင်ရတနာတွေကို ပေါက်ကွဲသွားစေမယ့် အဓိပ္ပာယ်လား”

“နင့်ရတနာတွေကို ပေါက်ကွဲစေမှာတော့ မဟုတ်ဘူး… ဒီလောကသစ်ပင် ကြီးထွားလာတဲ့အခါကျရင် အမြစ်တွေက ဖြည်းဖြည်းချင်း ကြီးထွားလာတာ... အပင်ကတော့ အချိန်တစ်ခုအထိ ကြီးလာမှာမဟုတ်ဘူး”

ကလေးမလေးက သူ၏သံသယများကို ချက်ချင်းပင် လွင့်ပြယ်သွားစေသည်။ “တခြားကိစ္စကို ပြောနေတာ… ငါ့ရေပုံးထဲက ရေက သာမန်ရေမဟုတ်ဘူး… ငါ့တာအိုသစ်ပင်ရဲ့ သစ်စေးပဲ… တာအိုသစ်စေးက ညအချိန်ရောက်ရင် သိပ်သည်းလာပြီးတော့ နေ့အချိန်ရောက်ရင် ပျောက်ကွယ်သွားတယ်… တာအိုသစ်ပင်ပေါ်က သစ်ရွက်တိုင်းက ငါ့လမ်းစဉ်ပဲ… သစ်ရွက်တစ်ရွက်စီတိုင်းက တစ်ညကို သစ်စေးတစ်စက်ပဲ ဆုတောင်းပေးနိုင်တယ်… တာအိုသစ်စေးရဲ့ စုစုပေါင်းပမာဏက ပြောင်းလဲမသွားဘူး… အကြိမ်တိုင်း ဒီရေပုံးတစ်ပုံးစာပဲ ရတယ်… ဒီရေပုံးက ညအချိန်မှာ အနက်ရောင်တောင်တန်းတွေပေါ်မှာ အက်ကွဲသွားတဲ့ တောင်တန်းတွေကို ပြုပြင်ပြီး အရင်စကြ၀ဠာက သိုင်းပညာရှင်တွေ ခိုးဝင်မလာနိုင်အောင် တားဆီးပေးဖို့ လုံလောက်တယ်”

ချင်မူသည် သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသဖြင့် ရေရွတ်လိုက်၏။ “တခြားနည်းနဲ့ပြောရရင် ဒီတာအိုသစ်စေးကို သုံးပြီး လောကသစ်ပင်ကို ကယ်တင်လိုက်ရင် အရင်စကြ၀ဠာက သိုင်းပညာရှင်တွေ သေချာပေါက် ခိုးဝင်လာနိုင်မယ့်သဘောပေါ့”

ကလေးမလေးအသွင်ဖြင့် ထိုက်ယီက ခေါင်းညိတ်သည်။ “ဟုတ်တယ်… နင့်မှာ တားဆီးနိုင်စွမ်းရှိရင်တော့ ကိစ္စမရှိဘူး… ရေပုံးကို ငှားလိုက်လို့ရတယ်… နင့်အနေနဲ့ ခိုးဝင်လာတဲ့သူကို သွားသတ်လို့ရပေမယ့် အဲဒီလိုလုပ်နိုင်စွမ်း နင့်မှာ ရှိမနေဘူး”

ချင်မူမှာ အလွန်တရာ အရှက်ရသွားသည်။

ကလေးမလေးထိုက်ယီက သူ့ကို တစ်ချက်လှမ်းကြည့်၏။ “နင့်ကို မှန်တဲ့ လမ်းစဉ်ဆီ ညွှန်ပြပေးမယ်” သူမက အေးဆေးစွာ ရှင်းပြသည်။ “လောကသစ်ပင်ဆီ သွားပြီး လန်ယွီတျန်း၊ ရှုရှန်းဟွာနဲ့ တခြားသူတွေလို သိမြင်နားလည်လိုက်… အနာဂတ်မှာ အောင်မြင်မှုတချို့ ရလာရင် မဟာတာအိုသင်္ကေတတွေ သုံးပြီး နင့်ရဲ့ဘိုးဘေးနန်းတော်ထဲမှာ တာအိုသစ်ပင်တစ်ပင် စိုက်နိုင်လိမ့်မယ်… ဒီတာအိုသစ်ပင်နဲ့ တာအိုရတဲ့ အဆင့်အထိ ကျင့်ကြံနိုင်တဲ့အခါကျ အတိတ်တုန်းက နင်ကြိုးစားခဲ့တဲ့ရလဒ်တွေအားလုံးက အချဥ်းနှီးမဟုတ်မှန်း သဘောပေါက်လာလိမ့်မယ်… ဒီလိုတာအိုမျိုးက မဟာဧကရာဇ်လို ရေတွေနဲ့ ပြည့်နေတာ မဟုတ်ဘူး”

ချင်မူ့မျက်နှာအမူအရာမှာ အရှက်ရနေပြီး ပတ်ဝန်းကျင်အား ခိုးကြောင်ခိုးဝှက် ကြည့်နေသည်။ မည်သူမှမရှိကြောင်း တွေ့ရသည့်အခါတွင် ခါးကုန်း၍ ကလေးမလေး၏ နားထဲသို့ တိုးတိုးလေး ကပ်ပြော၏။ “ကျွန်တော် လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်… တခြားသူတွေကို ပြန်မပြောပါနဲ့.. အရိုးသားဆုံး ပြောရရင်….”

သူ့မှာ ချိတုံချတုံဖြစ်နေမိသည်။ သို့သော်လည်း သတ္တိမွေး၍ ကလေး‌မလေးထိုက်ယီအား သူ၏နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်က ရှုရှန်းဟွာနဲ့ လန်ယွီတျန်းလောက် ဉာဏ်မကောင်းသလို ကျွန်တော့်ရဲ့ သိမြင်နားလည်နိုင်စွမ်းကလည်း သူတို့လောက် မမြင့်မားဘူး… ကျွန်တော့်တာအိုနှလုံးသားက သူတို့လောက် မခိုင်မာလောက်ဘူး”

ကလေးမလေးထိုက်ယီက စိတ်ပျက်သည့်ဟန်ဖြင့် မျက်ခုံးတစ်ချက် ဝှေ့လိုက်ရင်း သူ့အား ပျင်းရိစွာ ကြည့်နေသည်။ ဤအကြောင်းကို သူ သိထားခဲ့သည်မှာ ကြာလေပြီ။

ချင်မူက တုံ့ဆိုင်းစွာ ဆက်ပြော၏။ “သူတို့နဲ့အတူ လောကသစ်ပင်အောက်မှာ သိမြင်နားလည်ရင် သူတို့လောက် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး… ကျွန်တော်ရဲ့ လောကသခင်ခန္ဓာက အတုဖြစ်နေပြီး ရေတွေနဲ့ ပြည့်နေတယ်ဆိုတာ သူတို့ သိသွားကြလိမ့်မယ်… ခက်ခဲတဲ့လမ်းစဉ်ကို လျှောက်ပြီး လောကသစ်ပင်ကို သန့်စင်လိုက်မယ်ဆိုရင် ကျွန်တော့်ကို ချီးကျူးကြမှာပဲ … တကယ်ကို လောကသခင်ခန္ဓာပဲ ဆိုပြီးတော့လေ… ဒါကြောင့် လောကသစ်ပင်ကို မသန့်စင်နိုင်ရင်တောင်မှ စိုက်ပျိုးနိုင်အောင် လုပ်ရမယ်…”

“ဒါဆိုရင် ပျက်စီးသွားတဲ့ စကြ၀ဠာကနေ ဒီစကြ၀ဠာထဲ ခိုးဝင်လာကြမယ့် ကမ္ဘာဦးသိုင်းပညာရှင်တွေကို ရင်ဆိုင်ဖို့ပြင်ဆင်ပြီးပြီလား….” ထိုက်ယီက မေးလိုက်၏။

ချင်မူက တခဏကြာ တွန့်သွားသည်။

ထိုက်ယီက နှာခေါင်းရှုံ့လိုက်၏။ “နင်က သူတို့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး… သိုင်းအဆင့်အနိမ့်ဆုံး ပုဂ္ဂိုလ်ကတောင် ကောင်းကင်နတ်အရှင်ဆယ်ပါးအောက် နိမ့်ကျမနေဘူး.. ဒ့ါအပြင် အဲဒါက မဟာကပ်ဘေးကြီးကြောင့် အားနည်းနေတာ… ဒီစကြ၀ဠာကို ရောက်လာပြီး ဟင်းလင်းပြင်မှ မဟာတာအိုတံဆိပ် ခတ်နှိပ်လိုက်ရင် အထွတ်အထိပ်အခြေအနေအထိ ပြန်ရောက်သွားကြလိမ့်မယ်… အဲဒီအချိန်ကျရင် နင်မပြောနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါး ပူးပေါင်းသွားကြရင်တောင်မှ သူတို့နဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး”

ချင်မူက စိတ်ပျက်လက်မှိုင်ကျစွာ ခေါင်းငုံ့သွားပြီး ထွက်ခွာသွားသည်။ ထိုအခိုက်အတန့်တွင် ကလေးမလေး၏အသံက သူ့အနောက်မှ ပျံ့လွင့်လာသည်။ “ဒါပေမဲ့ အဖြေတစ်ခုတော့ ရှိတယ်”

ချင်မူက မျှော်လင့်ချက်အနည်းငယ် ရရှိသွားသော မျက်နှာဖြင့် လှည့်ကြည့်လာသည်။

ကလေးမလေးထိုက်ယီက သွားကျိုးလေးများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။ ငယ်သွားပေါက်နေသည်မှာ သိသာလေသည်။ “ဒီအချိန်အနေနဲ့ ရင်ဆိုင်ဖို့ ငါ ဒီနေရာကို စောင့်ကြပ်နေတာ… ကမ္ဘာဦးသိုင်းပညာရှင်တွေ ရောက်လာခဲ့ရင် ငါ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်မယ်”

ချင်မူ့မျက်လုံးများမှာ တောက်ပလင်းလက်လာတော့သည်။

“ဒါပေမဲ့ ဘာလို့ အဲ့လိုလုပ်ရမှာလဲ… ဒီအနက်ရောင်တောင်တန်းက နင် ပိုင်တာလေ… နင့်ကို ငါ အပိုင်ပေးခဲ့ပြီးပြီ”

ကလေးမလေးထိုက်ယီက အေးဆေးတည်ငြိမ်စွာ ပြောသည်။ “နေ့တိုင်း အနက်ရောင်တောင်တန်းတွေကို ကြိုးကြိုးစားစားနဲ့ ပြင်ဆင်ခဲ့ပြီးပြီ… ဆိုတော့ ငါ့အတွက် မလုပ်နိုင်စရာတော့ မရှိဘူး…. ဒါပေမဲ့ တောင်တန်းတွေကို နေ့တိုင်း ပြုပြင်နေရတာက တကယ်ကို ပျင်းဖို့ကောင်းတယ်”

ချင်မူက ကပျာကယာ ပြောလိုက်သည်။ “ကျွန်တော်ပြုပြင်ပါမယ်… နောင်တော် စိတ်တိုင်းကျ ရက်တွေကြာတဲ့အထိ ကျွန်တော် ပြုပြင်ပေးပါမယ်”

ကလေးမလေးထိုက်ယီက မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ဆက်ပြော၏။ “နင့်ကိုလည်း အချိန်အကြာကြီး မပြုပြင်စေချင်ပါဘူး… နှစ်တစ်ဝက်လောက်ပဲ… ငါ အနက်ရောင်တောင်တန်းကနေ နှစ်တစ်ဝက်လောက် ထွက်ခွာပြီး လုပ်စရာတစ်ခု ရှိတယ်… နင် ညတိုင်း လောကသစ်ပင်ရဲ့ အမြင့်ဆုံးအထိ တက်ပြီးတော့ ငါ့တာအိုသစ်ပင်ရဲ့ သစ်စေးကို ယူရုံပဲ… နေ့ဘက်ကျရင် အဲ့ဒီသစ်စေးနဲ့ တောင်တန်းတွေကို ပြုပြင်ရမယ်… နှစ်ဝက်ကြာပြီး ငါ ပြန်လာတဲ့အချိန်ကျ နင် လွတ်လပ်ပါပြီ”

ချင်မူမှာ ဝမ်းသာပျော်ရွှင်သွားပြီ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ကလေးမလေးက တာအိုသစ်စေးများဖြင့် ပြည့်နှက်နေသော ရေပုံးနောက်တစ်ပုံးအား ထုတ်လိုက်သည်။

ချင်မူမှာ မယုံသင်္ကာစွာဖြင့် ကလေးမလေးကို ကြည့်ပြီးနောက် သူ့လက်ထဲရှိ ရေပုံးကို ပြန်ငုံ့ကြည့်လိုက်မိသည်။ သူက မေးလေသည်။ “နောင်တော်၊ နောင်တော့်ဆီမှာ ဘာလို့ တာအိုသစ်စေးနှစ်ပုံးတောင် ရှိနေရတာလဲ… တာအိုသစ်ပင်ပေါ်က တာအိုသစ်ရွက်အရေအတွက်က မပြောင်းလဲလို့ တစ်ကြိမ်မှာ တာအိုသစ်စေးတစ်ပုံးပဲ ရတယ်လို့ ပြောခဲ့တာမလား…”

“အင်း တစ်ပုံးပဲ ယူလို့ရတာလေ”

ကလေးမလေးက သူ၏မယုံသင်္ကာဖြစ်နေမှုကို ချက်ချင်းပင် ရှင်းပြသည်။ “ဒါပေမဲ့ နင်တို့ ဘိုးဘေးနန်းတော်ဆီ ပြန်မသွားခင်တုန်းက အနက်ရောင်တောင်တန်းတွေရဲ့ အဖြစ်အပျက်တွေက သိပ်ပြီးမပြင်းထန်လို့ ပြုပြင်ပြီးတိုင်း နည်းနည်းစီ ကျန်တယ်လေ… များလေလေ ကောင်းလေလေဆိုတော့ ရေပုံးတချို့ ချန်ထားတာ … ငါက အရင်တည်းက ချွေတာစုဆောင်းတတ်တဲ့သူဆိုတော့ အရေးကြုံလာရင် သုံးနိုင်အောင် သိမ်းထားရုံပါ”

ချင်မူ့မျက်လုံးထောင့်များ တွန့်သွားမိသည်။ “ဒါဆိုရင် အရင်စကြ၀ဠာကနေ ခိုး၀င်လာမယ့် ကမ္ဘာဦးသိုင်းပညာရှင်တွေနဲ့ နောင်တော် ရင်ဆိုင်စရာ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ”

ကလေးမလေးက အလျင်အမြန်ပင် ဖြောင့်မတ်တည်ကြည်စွာ ဖြေသည်။ “အေးပေါ့”

ချင်မူက မကျေမနပ် အသံတစ်ချက်ပြု၍ ရေပုံးကို ယူကာ ဦးညွှတ်အရိုအသေပေးလိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ် တာအိုနောင်တော်”

ကလေးမလေးက မျက်လုံးလေးများ မှိတ်သွားသည်အထိ ပြုံးလိုက်သည်။ “ဒေါသမထွက်ဘူးလား”

“ဘာကို ဒေါသထွက်ရမှာလဲဗျာ”

ချင်မူက ပြုံး၏။ “တာအိုနောင်တော်က ကျွန်တော့်ကို တာအိုသစ်စေး ရေပုံးတစ်ပုံး ငှားခဲ့တဲ့အပြင် အရင်စကြ၀ဠာက သိုင်းပညာရှင်တွေထွက်လာပြီး တစ်လောကလုံးကို အနှောင့်အယှက်ပေးမှာကိုလည်း တားဆီးခဲ့တယ်… ကျေးဇူးတင်ရမှာကို ဒေါသထွက်စရာ အကြောင်းမရှိပါဘူး… တာအိုနောင်တော် လှည့်စားတာခံခဲ့ရလို့ ကျွန်တော့်ရဲ့ဉာဏ်ပညာက နောင်တော်နဲ့ မယှဉ်နိုင်ဘူးလို့ တွေးနေမိတာပါ…. ဒါပေမဲ့ နှလုံးသားထဲမှာတော့ တကယ်ကို ပျော်ရွှင်မိပါတယ်”

ကလေးမလေးထိုက်ယီက ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်က ရှုရှန်းဟွာနဲ့ လန်ယွီတျန်းလောက် ဉာဏ်မကောင်းသလို နင့်ရဲ့သိမြင်နိုင်စွမ်းကလည်း သူတို့လောက် မမြင့်မားဘူး … တာအိုနှလုံးသားကလည်း သူတို့ထက် အားနည်းနေတဲ့အပြင် သူတို့လောက်လည်း မချောဘူး… ဒါပေမဲ့ နင်က လူသားစစ်စစ်ပဲ… လန်ယွီတျန်းက တန်ခိုးရှင်၊ ရှုရှန်းဟွာကတော့ နတ်ဘုရားတစ်ပါး... နင်ကတော့ တကယ် စစ်မှန်တဲ့လူတစ်ယောက်လို့ ဆိုရမယ်”

ချင်မူမှာ သူ ပြောနေသည့် တန်ခိုးရှင်၊ နတ်ဘုရားနှင့် လူသားစစ်စစ်တို့အနက် မည်သူက အင်အားအကြီးဆုံးမှန်း မသိသော်လည်း ချီးကျူးနေသည်ဟု ထင်သဖြင့် ရိုကျိုးစွာ လက်ခံကာ ရေပုံးကို သယ်ရင်း ထွက်ခွာသွားတော့သည်။

လောကသစ်ပင်ဆီသို့ ပြန်ရောက်လာသည့်အခါ သူက ခုတ်ပစ်ခဲ့သည့် ပထမလောကသစ်ပင်ကို သူ၏ကိုယ်ပိုင်ကောင်းကင်ရတနာထဲသို့ ထည့်လိုက်၏။ ထို့နောက် ဘိုးဘေးနန်းတော်ထဲတွင် ဆက်လက်စိုက်ပျိုးနေသည်။

လောကသစ်ပင်၌ ရပ်နေကြသူများမှာ ကြောက်လန့်နေကြသည်။ ချင်မူ သစ်ပင်ခုတ်ရန် ပြန်ရောက်လာခြင်းမဟုတ်ကြောင်း တွေ့လိုက်ရတော့မှ စိတ်အေးသွားကြလေသည်။

ချင်မူက တည်တည်တန့်တန့်ဖြင့် သူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ဖြန့်ကျက်လိုက်သည်။ ခုတ်ခံလိုက်ရသည့် သစ်ပင်က သူ့ကောင်းကင်ရတနာထဲရှိ ဘိုးဘေးနန်းတော်တွင် တည်ရှိနေသည်။ ၎င်း၏သစ်ကိုင်းများနှင့် သစ်ရွက်များက ညှိုးခြောက်နေကြကာ အသက်မရှိကြတော့ပေ။

သူသည် သစ်ပင်အမြစ်ကို ဂရုတစိုက် ရေဖြန်းနေ၏။ မနီးမဝေးရှိ ကျောက်တုံးတွင်းထဲတွင် ထိုက်ရှီဥက ကျောက်တုံးတွင်းထဲရှိ ယဇ်ပလ္လင်ထဲတွင် ထောင်လျက် ရပ်နေသည်။ ဥက ဖြည်းဖြည်းချင်း စက်ဝိုင်းတစ်၀က် လှည့်ပတ်သွားပြီးနောက် ထိုက်ရှီအသံ ထွက်ပေါ်လာ၏။ “ဒီသစ်ပင်က သေနေပြီလေ… ကယ်လို့ မရတော့ဘူး… အဲဒါဘာကြီးလဲ… ငါ့ ကျွေးဦး”

ဥက ယဇ်ပလ္လင်ပေါ်မှ ခုန်ချ၍ ခုန်ဆွခုန်ဆွဖြင့် သစ်ပင်အောက်ခြေသို့ ရောက်ရှိလာသည်။ ချင်မူ ရေဖြန်းနေစဉ် ထိုက်ရှီဥက ဘေးတစ်စောင်းအနေအထားဖြင့် သူ၏လုပ်ရပ်များကို အကဲခတ်နေပုံသည်။ “အမြစ်တွေမရှိတော့ရင် ဒီသစ်ပင်ကို ကယ်လို့မရဘူး… မင်းရေပုံးထဲက ရေကို ငါ့နည်းနည်း တိုက်လိုက်ပါလား‌ဟေ…”

ချင်မူက နှာခေါင်းရှုံ့လိုက်၏။ “အမြစ်မရှိတဲ့ သစ်ပင်က ရေမစုပ်နိုင်ဘူးဆိုရင် ခင်ဗျားမှာလည်း ပါးစပ်မရှိတော့ သောက်လို့ မရဘူးလေ”

ထိုက်ရှီဥက *စပ်ဖြဲဖြဲ* ပြုံးလိုက်သည်။ “ငါ့မှာ ပါးစပ် မရှိပေမယ့် ကျောက်တုံးတွင်းရဲ့ စွမ်းအားကို စုပ်ယူနိုင်တယ်လေ”

“အဲဒါဆိုရင် ဒီသစ်ပင်လည်း တူတူပဲ”

ချင်မူက ဂရုတစိုက် ရေလောင်းနေရင်း ပြောသည်။ “ဧရာမသစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားသွားရင်တော့ အသက်ပြန်သွင်းနိုင်လောက်မှာ မဟုတ်ပေမယ့် ဒီသစ်ပင်က အပင်ပေါက်ပဲ ရှိနေသေးတာ… မြေဩဇာတွေ ရရင် အမြစ်ပေါက် လာနိုင်သေးတယ်”

ထိုက်ရှီဥက ရေပုံးဘေးသို့ ကပ်လာ‌သောကြောင့် ချင်မူက ကန်ထုတ်လိုက်သည်။ တခဏကြာသော် ထိုက်ရှီက ပြန်ကပ်လာပြန်သည်။ ချင်မူက ထပ်ကန်လိုက်ပြန်သည်။

“မင်း မပေးရင် ငါလည်း မပေးရုံပေါ့”

ထိုက်ရှီဥက အဝေးသို့ ခုန်ထွက်၍ သူ၏ ကိုယ်ပိုင်ကျောက်တုံးတွင်းထဲရှိ ယဇ်ပလ္လင်ဆီသို့ ပြန်သွားသည်။ သူက ယဇ်ပလ္လင်ပေါ်တွင် ကျကျနန နေရာပြန်ယူလိုက်ကာ တဗျစ်ဗျစ် တတောက်တောက် ထိုင်ပြောနေတော့သည်။ “သစ်ပင်မှာ အမြစ်မရှိဘဲနဲ့ ဘယ်လိုလုပ် ရေစုပ်ယူနိုင်မှာလဲ…ငါ ကျောက်တုံးတွင်းရဲ့ စွမ်းအားကို ထိန်းချုပ်နေတာနော်… မင်း ဖြန်းလိုက်တဲ့ ရေတွေကို ငါ စုပ်ယူလို့ရတယ်”

ချင်မူက မကြားချင်ယောင် ဆောင်ထား၏။ ထိုက်ရှီဥသည် ကျောက်တုံးတွင်းစွမ်းအားကို ထိန်းချုပ်ရင်း ချင်မူဖြန်းပက်နေသည့် တာအိုသစ်စေးများအား ခိုးယူနိုင်ရန် အကောင်းဆုံး ကြိုးစားနေသည်။ ထိုအခိုက်အတန့်တွင် ဥမှာ ဂနာမငြိမ်ဖြစ်လာပြီး ယဇ်ပလ္လင်ပေါ်မှ ဝှစ်ခနဲ ခုန်ထွက်လာပြန်သည်။ ၎င်းက လေ‌ပေါ် ခုန်တက်လိုက်ပြီး ယဇ်ပလ္လင်ထက်သို့ ပြန်မဆင်းသက်ရဲတော့ပေ။ “တစ်ခုခုက ငါ့ကျောက်တုံးတွင်းရဲ့စွမ်းအားကို ခိုးယူနေတယ်… ထူးဆန်းလိုက်တာ… ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ”

ချင်မူသည် ကျောက်တုံးတွင်းအား ဘိုးဘေးနန်းတော်ရှိ ထိုက်ရှီကျောက်တုံးတွင်းကို တုပလျက် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ချင်မူ ရရှိခဲ့သော ထိုက်ရှီနတ်ကျောက်တုံးနှင့် ကျောက်တုံးရိုင်းတို့ကို ကျောက်တုံးတွင်းထဲတွင် ထည့်ထားပြီး ရှေးဟောင်းနတ်ဘုရားထိုက်ရှီအား စုပ်ယူခွင့်ပေးထား၏။

ထိုအခိုက်အတန့်တွင် ကျောက်တုံးတွင်းအောက်ခြေရှိ အရိပ်များမှာ တဖြည်းဖြည်း လှုပ်ရွလာကြပြီး ကျောက်တုံးတွင်း၏စွမ်းအားကို အဆက်မပြတ် ခိုးယူရန် ကြိုးစားနေချေပြီ။ ကျောက်တုံးတွင်းထဲရှိ ထိုက်ရှီနတ်ကျောက်တုံးများမှာမူ တဖြည်းဖြည်း အင်အားလျော့နည်းလာကာ အလင်းရောင်များ မှေးမှိန်လာကြသည်။

ခွမ်း….

နတ်ကျောက်တုံးတစ်လုံးက အက်လာပြီး မြေပေါ် ခွမ်းခနဲ ကျကွဲသွားသည်။ ထိုက်ရှီဥမှာက အလန့်တကြား အော်ဟစ်ရင်း လေထဲတွင် ပျံဝဲနေပြီး ပြန်ဆင်းမလာရဲပေ။

ခွမ်း… ခွမ်း… ခွမ်း

ထိုက်ရှီနတ်ကျောက်တုံး တစ်လုံးပြီးတစ်လုံးမှာ စွမ်းအားများ ကုန်ဆုံးကုန်ကာ အက်ကွဲလာကြ၏။ ထိုက်ရှီနတ်ကျောက်တုံးများ၏ အလင်းရောင်တို့မှာလည်း မှေးမှိန်လာကြချေပြီ။

ထိုက်ရှီဥမှာ ငိုမဲ့မဲ့ ပုံစံပေါက်နေသော်လည်း မျက်ရည်တော့ ထွက်မလာပေ။ သူက အော်ဟစ်နေတော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ အဲဒါ ဘယ်လို ရေတွေလဲ… ဒီသစ်ပင်ကို မိစ္ဆာတစ်ကောင် ဖြစ်လာအောင် လုပ်နေတာလား… မြန်မြန်ရပ်လိုက်တော့”

တစ်ချိန်တည်းမှာပင် ကျန်ကျောက်တုံးတွင်းများထဲတွင် မြှုပ်နှံထားသည့် နတ်ကျောက်တုံးများလည်း အက်ကွဲလာကြသည်။ လောကသစ်ပင်သည် ကျောက်တုံးတွင်းထဲရှိ နတ်ကျောက်တုံးများ၏ စွမ်းအားကို စုပ်ယူနေ၏။

လောကသစ်ပင်မှာ တာအိုသစ်စေးဖြင့် အာဟာရဖြည့်ခံနေရသဖြင့် အမြစ်များ ပေါက်လာမည်ဆိုပါက ကောင်းမွန်သောကိစ္စတစ်ရပ်ပင် ဖြစ်သည်။ သို့သော် ၎င်းက အခြားကျောက်တုံးတွင်းများ၏ စွမ်းအားကို စုပ်ယူနေသဖြင့် ချင်မူမှာ တွန့်ဆုတ်လာတော့သည်။

သူသည် ထိုက်ချူ၊ ထိုက်ကျိ၊ ထိုက်စုနှင့် ထိုက်ရှီတို့၏ မွေးရာပါ မဟာတာအိုများကို သိမြင်နားလည်နိုင်ခဲ့ခြင်းကြောင့် ကျောက်တုံးတွင်းလေးတွင်းကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏သိမြင်နားလည်ခြင်းက မပြီးပြည့်စုံသဖြင့် နတ်ကျောက်တုံးများ၏ စွမ်းအားကို ငှားယူထားရ၏။

လောကသစ်ပင်သာ ကျောက်တုံးတွင်းလေးတွင်းလုံးကို စုပ်ယူလိုက်ပါက သူ့အတွက် နစ်နာလိမ့်မည် မဟုတ်ပါလော။

ဤအခိုက်အတန့်မှာပင် သူ၏ကိုယ်ပိုင်စွမ်းအား အလျင်အမြန် လျော့ကျလာသည်ကို ခံစားလိုက်ရသဖြင့် ချင်မူမှာ ထိတ်လန့်တုန်လှုပ်သွားမိသည်။

လောကသစ်ပင်သည် ကျောက်တုံးတွင်းလေးတွင်း၏ စွမ်းအားကိုသာမက သူ၏ကိုယ်ပိုင်စွမ်းအားကိုပါ စုပ်ယူလာလေပြီ။

လောကသစ်ပင်ကား မည်သည့်မဟာတာအိုဖြစ်စေ မငြင်းဆိုပေ။ ပြုံးပြုံးကြီး လက်ခံယူလိမ့်မည်သာဖြစ်သည်။

သူ၏ကောင်းကင်ရတနာများထဲရှိ ဆန်းကြယ်နက်နဲမှုများက လျော့ကျလာနေပြီး ကောင်းကင်ဘုံများထဲရှိ ကြယ်တာရာများ၏ မဟာတာအိုတို့မှာ လောကသစ်ပင်ထံ ပြေးဝင်နေကြ၏။ ရွှမ်တု၏ ကြယ်တာရာကောင်းကင်က အလျင်အမြန် ကျုံ့ဝင်လာပြီး မရေမတွက်နိုင်သော ကြယ်တာရာများမှာ ဝါးမြိုဆွဲယူခံနေရသကဲ့သို့ လောကသစ်ပင်ဆီ ရောက်ရှိကုန်ကြသည်။။

ထိုမျှသာမက ယွမ်တု၊ ယိုတုနှင့် ၀င်ရိုးစွန်းလေးခုပင်လျှင် ကျုံ့၀င်ကာ လောကသစ်ပင်ဆီ ဦးတည်လျက် ပြိုလဲနေကြ၏။

ကောင်းကင်ဘုံများရှိ ထောင်သောင်းပေါင်းများစွာသော ကမ္ဘာလောကများမှာလည်း တစ်ခုပြီးတစ်ခု စုပ်ယူခြင်း ခံနေရသည်။

ချင်မူသည် သူ၏မဟာတာအိုဖြင့် ကမ္ဘာလောကအသီးသီးမှ ရှေးဟောင်းနတ်ဘုရားတို့အား ဖွဲ့တည်ထားသောကြောင့် သူ၏ကောင်းကင်ရတနာထဲတွင် ရှေးဟောင်းနတ်ဘုရား နှစ်သောင်းနီးပါး တည်ရှိကြ၏။ သို့ထိတိုင် ဤအခိုက်အတန့်တွင် သူတို့အားလုံးမှာ ထွက်ပြေးရန် အခွင့်အရေးပင် မရရှိဘဲ လောကသစ်ပင်၏ ဝါးမြိုခြင်းခံနေကြရသည်။

ချင်မူမှာ အံ့သြမှင်သက်နေတော့သည်။ သူက ကောင်းကင်ရတနာနယ်ပယ်ကို အလျင်အမြန် ရုတ်သိမ်း၍ အနက်ရောင်တောင်တန်းကို ပြုပြင်နေဆဲဖြစ်သော ထိုက်ယီထံ ပြေးရန် ခြေတစ်လှမ်း လှမ်းလိုက်သည်။

ယခုတွင် ထိုက်ယီတစ်ယောက်တည်းသာ သူ့ကို ကယ်တင်နိုင်ချေပြီ။ ထိုက်ယီသည် ပုဆိန်ကြီးကို လွှဲရမ်း၍ သူ့ကောင်းကင်ရတနာထဲတွင် နှောင့်ယှက်နေသော လောကသစ်ပင်ကို ခုတ်ပိုင်းလိုက်သရွေ့ သူ့မှာ လောကသစ်ပင်၏ ဝါးမြိုခြင်း ခံရလိမ့်မည်မဟုတ်ပေ။

သို့သော် သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ ပကတိမျက်လုံးဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် ပိန်ကပ်လာသည်။

ချင်မူ ဒုတိယခြေလှမ်း လှမ်းလိုက်သည့်အချိန်တွင် အရိုးပေါ်အရေတင် ဖြစ်သွားချေပြီ။

တတိယမြောက်ခြေလှမ်း လှမ်းလိုက်သည့်အခါတွင်တော့ တစ်ကိုယ်လုံး ခြောက်သွေ့သွားပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။ သူ့မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာပြီး ခြောက်သွေ့နေသော အလောင်းတစ်လောင်းပမာ မလှုပ်မယှက် လဲကျနေတော့သည်။

ရှုရှန်းဟွာက ချင်မူ့ကို ပထမဦးဆုံး သတိထားမိသူ ဖြစ်ပြီး အလန့်တကြား အော်ဟစ်လိုက်သည်။ “သစ်ပင်ကို ခုတ်လိုက်လို့ ဂိုဏ်းသခင်ကို မိုးကောင်းကင်က အပြစ်ပေးနေပြီ”

All Chapters