ဤသစ်ပင်ကို ငါ စိုက်သည်
Vol. 113 Ch. 1488
ရှုရှန်းဟွာ၏ အော်ဟစ်သံကြောင့် အားလုံး ချင်မူ့အနားတွင် ကပျာကယာ စုဝေးလာကြသည်။ ချင်မူ့ခန္ဓာကိုယ်သည် ခြောက်သွေ့သွားသည့်တိုင် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကတော့ မခြောက်သွေ့သေးကြောင်း တွေ့လိုက်ကြရသည်။ ၎င်း၏မျက်ဆံက ဟိုဟိုသည်သည် လှုပ်ရှားနေသေး၏။
“အဆင်ပြေတယ်… အဆင်ပြေတယ်… လူစုခွဲကြ… ကိုယ့်နေရာကိုယ် သွားကြတော့”
မျက်ကန်းက လက်များ လွှဲရမ်း၍ လူစုကွဲသွားစေသည်။ “ဘာမှ ကြည့်စရာမရှိဘူး… သူ မသေသေးဘူး”
“နားကန်း ဒီနေရာမှာ မရှိတာ နှမြောစရာပဲ… မဟုတ်ရင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားလို့ရမယ့် ပန်းချီကားတစ်ချပ် ဆွဲလို့ရမှာ” အဘွားစစ်က နောင်တရနေဟန်ဖြင့် ရေရွတ်လိုက်သည်။
ချင်မူက သူမကို ခါးခါးသီးသီး စိုက်ကြည့်လိုက်ရာ အဘွားစစ်က ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။
လောကသစ်ပင်သည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို ဝါးမြိုနေဆဲဖြစ်သဖြင့် သူ့တွင် ကျင့်စဉ်စွမ်းအင်တစ်စက်မှ မကျန်တော့ပေ။ ထိုမျှသာမက သူ ကျင့်ကြံထားခဲ့သည့် မဟာတာအိုသင်္ကေတများနှင့် တာအိုတံဆိပ်များသည်လည်း ဘာမှမကျန်တော့သည်အထိ စုပ်ယူခံလိုက်ရ၏။
သူ၏မှော်စွမ်းအင်က ကောင်းကင်ဘုံများနှင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲရှိ ကောင်းကင်နန်းဆောင်များထဲတွင် ငုပ်လျှိုးနေခဲ့သည်။ သို့သော် အချိန်တိုအတွင်း ကောင်းကင်ဘုံအားလုံး ဖျက်ဆီးခံလိုက်ရသည့်အပြင် ဘိုးဘေးနန်းတော်ပင်လျှင် ကျုံ့၀င်လာချေပြီ။ သူ၏ကောင်းကင်နန်းဆောင်အားလုံး ပြိုလဲနေပြီး မည်သည့်ပင်ကိုစွမ်းရည်မှ မရှိသည့် စွမ်းအင်များအဖြစ် ပြောင်းလဲကာ လောကသစ်ပင်၏ စုပ်ယူခြင်း ခံနေရသည်။
ချင်မူ့မူလဝိညာဉ်မှာလည်း အလျင်အမြန် ကျုံ့ဝင်လာနေ၏။ နောက်ဆုံးတွင် စွမ်းအင်အားလုံး ဆုံးရှုံးသွားပြီး သေးငယ်သော ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားလေးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သစ်ပင်အောက်တွင် ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်တည်း ရပ်နေသည်။
အချိန်တိုအတွင်း ဘိုးဘေးနန်းတော်မှာ အဆုံးအစွန်အထိ ကျုံ့၀င်သွားခဲ့သောကြောင့် ကျောက်တုံးတွင်းလေးတွင်းနှင့် ထိုက်ယီ၏ ဥခွံအစိတ်အပိုင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ထို့နောက် ကျောက်တုံးတွင်းလေးတွင်းမှာ တစ်တွင်းပြီးတစ်တွင်း ပျောက်ကွယ်သွားပြီး နတ်ကျောက်တုံးများသည်လည်း လောကသစ်ပင်၏ စုပ်ယူခြင်းခံရသဖြင့် အမှုန့်ကြေကုန်ကြ၏။
ကျောက်တုံးတွင်လေးတွင်း ပျောက်ကွယ်သွားပြီးနောက် ထိုက်ချူဥခွံ၊ ထိုက်စုဥခွံ၊ ထိုက်ကျိဥခွံနှင့် ထိုက်ရှီဥတို့သာ ကျန်ရစ်ခဲ့သည်။
ခွမ်း….
ထိုက်စုဥခွံမှာ ရုတ်တရက် အက်ကွဲသွားပြီး လောကသစ်ပင်၏ ကြိတ်ချေခြင်း ခံလိုက်ရ၏။ ၎င်းမှာ ပြိုင်ဘက်ကင်းအောင် သန့်စင်သော ထိုက်စုတာအိုအဖြစ်ပြောင်းလဲကာ လောကသစ်ပင်၏ စုပ်ယူခံလိုက်ရချေပြီ။
ထိုက်စုဥရေကြည်များပင်လျှင် စုပ်ယူခံလိုက်ရ၏။
အလန့်တကြား အော်ဟစ်သံများက ကောင်းကင်ထက်၌ ပျံဝဲနေသော ထိုက်ရှီဥထံမှ ထွက်ပေါ်လာသည်။ ဥသည် ထွက်ပြေးရန် ကြိုးစားနေသော်လည်း ချင်မူ့ကောင်းကင်ရတနာက မကြီးမားတော့ပေ။ လောကသစ်ပင် ဖုံးလွှမ်းထားသည့် နေရာသာ ကျန်ရစ်တော့သဖြင့် သူ မည်မျှပြေးပါစေ မလွတ်မြောက်နိုင်ချေ။
ခွမ်း… ခွမ်း..
ထိုက်ချူဥခွံနှစ်ခုကလည်း အလိုအလျောက် အက်ကွဲသွားကြသည်။
ထို့နောက် ထိုက်ကျိဥခွံနှစ်ခု ဖျက်ဆီးခံလိုက်ရ၏။
ထိုက်ယီဥခွံတစ်ခုတည်းသာ လောကသစ်ပင်၏ ဖျက်ဆီးခြင်း မခံရသေးပေ။
ဝှစ်…
ထိုက်ရှီဥက ပြေးလာကာ ထိုက်ယီဥခွံထဲတွင် ဝင်ပုန်းလိုက်သည်။ လောကသစ်ပင်၏ အမြစ်များက ဆန့်တန်းလာကြချေပြီ။ ထိုက်ရှီဥက လှိမ့်ထွက်၍ ဥခွံအောက်တွင် ပုန်းရင်း ဥခွံကို ထောက်ပံ့ကာ ကျုံ့၀င်နိုင်ရန် ကြိုးစားနေသည်။
ခွမ်း… ခွမ်း… ခွမ်း
တစ်စုံတစ်ခုက ဥခွံကို ဝါးမြိုနေသည့်အလားပင်။ သေးငယ်သော အက်ကွဲကြောင်းများက ထိုက်ယီဥခွံပေါ်တွင် ပေါ်လာကြသည်။
မကြာမီ အက်ကွဲကြောင်းများက ပိုပို၍သိပ်သည်းလာကြသည်။ ထိုက်ရှီရှေးဟောင်းနတ်ဘုရားဥမှာ အခြေအနေမဟန်တော့ကြောင်း သိလိုက်သည်။ ထို့နောက် ထိုက်ယီဥခွံမှာ အက်ကွဲသွား၏။ ဥခွံအပိုင်းအစများမှာ လောကသစ်ပင်၏ စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရပြီး ထိုက်ယီတာအိုအဖြစ် ပြောင်းလဲကာ စုပ်ယူခံနေရသည်။
ဥထဲရှိ ထိုက်ရှီရှေးဟောင်းနတ်ဘုရားမှာ မူးလဲတော့မတတ် ဖြစ်သွားသည်။ လောကသစ်ပင်အမြစ်များက သူ့ထံ ပြေးဝင်လာနေကြချေပြီ။ ၎င်းတို့သည် သူ့အား ကြိတ်ချေ၍ ဥထဲရှိ ချီအဆီနှစ်များအား စုပ်ယူပေတော့မည်။
ဥရေကြည်ကိုသာ စုပ်ယူသွားပါက ကိစ္စမရှိသော်လည်း လောကသစ်ပင်သည် သူ့ကိုပါ စုပ်ယူသွားလျှင်ရော။ မွေးပင် မမွေးဖွားလိုက်ရဘဲ သေဆုံးရတော့မည်လား။
သူ့အနောက်တွင် အမြစ်များက လက်တံကြီးများကဲ့သို့ လှုပ်ရှားရင်း သူအားဆွဲနေကြသည်။ အမြစ်များ သူ့ကို ဆွဲယူနိုင်တော့မည်အချိန်တွင် ထိုက်ရှီဥသည် အလင်းရောင်ထဲမှ ပျံထွက်လာ၏။
သူက အလင်းရောင်ထဲမှ ပျံထွက်လာပြီး ထိုအလင်းရောင် တောက်ပနေသည့် နေရာသည် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးဖြစ်မှန်း တွေ့လိုက်ရသည်။ မျက်လုံးက ပွင့်လာပြီး သူ ထွက်ပြေးနိုင်အောင် အလင်းတန်းတစ်တန်း တောက်ပစေခဲ့ခြင်းပင်။
ထိုသို့မဟုတ်ဘဲ လောကသစ်ပင်အမြစ်များ၏ ဆွဲယူခြင်း ခံလိုက်ရပါက သေချာပေါက် အနိစ္စရောက်သွားလိမ့်မည်။
ထိုက်ရှီဥမှာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည့်အချိန် မြေပြင်ပေါ်၌ ခြောက်သွေ့နေသော အလောင်းတစ်ကောင်ပမာ လဲကျနေသော ချင်မူ့ကို တွေ့လိုက်ရသည်။ သူက ချင်မူ့ဘေးသို့ အလျင်အမြန် ဆင်းသက်သွားသည်။ အောက်ရောက်သည့်အခါ ချင်မူ့ခန္ဓာကိုယ်မှာ တောင့်တင်း၍ မလှုပ်ရှားနိုင်တော့သော်လည်း မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက လှုပ်ရှားနေသေးမှန်း တွေ့လိုက်ရ၏။
ထိုက်ရှီဥမှာ သူ့ဘေးတွင် ရပ်နေပြီး အံ့ဩမှင်သက်နေသည်။ “အမြဲတမ်း လျှောက်စပ်စုတာ အခုတော့ ဒုက္ခလှလှတွေ့ပြီမလား… လောကသစ်ပင်က ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို စုပ်ယူတော့မှာ… ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအို မရှိတော့ရင် မင်းကိုပဲ စုပ်ယူသွားလိမ့်မယ်”
သူ ထိုသို့ပြောလိုက်စဉ် ချင်မူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်သည် စုပ်ယူစရာ မရှိတော့သဖြင့် ရပ်တန့်သွား၏။
ချင်မူ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် သူ့ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားအပြင် ကျန်ရှိသည့်အရာဟူ၍ လောကသစ်ပင်သာ ရှိတော့သည်။ မည်သည့်အရာမှ မတည်ရှိတော့ပေ။
ကံကောင်းစွာဖြင့် ချင်မူသည် စုဆောင်းထားခဲ့သည့် ရတနာအများစုကို ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် မဟုတ်ဘဲ သူ၏ဒေါင်လိုက်မျက်လုံးထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ ထိုရတနာများမှာ လောကသစ်ပင်၏ ဝါးမြိုခြင်းမခံရဘဲ ကျန်ရှိနေဆဲပင်။
ရုတ်တရက် လောကသစ်ပင်က ချင်မူ့ဝိညာဉ်သန္ဓေသားနှင့် မူလဝိညာဉ်ကိုပါ စုပ်ယူလာချေပြီ။
ထိုအခိုက်အတန့်တွင် အံ့ဩဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပွားသွားခဲ့၏။
ချင်မူမှာ သစ်ပင်နှင့် တစ်သားတည်းဖြစ်လာသလို ခံစားလိုက်ရသည်။ သူ၏မူလဝိညာဉ်ကား လောကသစ်ပင်နှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားပုံရပြီး သစ်ကိုင်းများ၊ သစ်ရွက်များနှင့် အမြစ်များကိုပင် မြင်တွေ့နေရသည်။
သစ်ကိုင်းများက သူ၏လက်မောင်းများအလား ဖြစ်လာပြီး သစ်ရွက်များကတော့ သူ၏လက်ဖဝါးများကဲ့သို့ပင်။ အမြစ်များကတော့ အာရုံကြောများအလား ၊ အပြင်ရှိအရာအားလုံးကို အာရုံခံစားနေရသည်။
ထိုမျှသာမက သူ၏ခန္ဓာကိုယ်သည် မဟာတာအိုတို့ဖြင့် ဖွဲ့စည်းထားကြောင်း ခံစားလိုက်ရ၏။ ထိုမဟာာတာအိုတို့က သူ ပင်ပန်းခက်ခဲစွာ လေ့လာခဲ့ရသည့် မဟာတာအိုများပင် ဖြစ်ကြသည်။ ဖန်ဆင်းခြင်း၊ အသိစိတ်အလျဉ်၊ အမျိုးမျိုးသော မွေးရာပါမဟာတာအိုများနှင့် ကျင့်ကြံပြီးမှ ရရှိသော မဟာတာအိုအမျိုးမျိုးတို့ပင်။
တချို့သော မဟာတာအိုတို့မှာ သူ စတင်စူးစမ်းလေ့လာဆဲဖြစ်သည့် ထိုက်စု၊ ထိုက်ကျိ၊ ထိုက်ချူနှင့် ထိုက်ရှီမဟာတာအိုများ ဖြစ်ကြသည်။ တချို့ကတော့ သူတစ်ခါမှ မထိတွေ့ဖူးသည့် ထိုက်ယီမဟာတာအိုကဲ့သို့ မဟာတာအိုများ ဖြစ်၏။
ယခုတွင် မဟာတာအိုအားလုံးသည် သူ၏အာရုံနှင့် အသိစိတ်အလျဉ်များ ဖြစ်လာသကဲ့သို့ အလွန်တရာ ကြည်လင်ပြတ်သားလာပြီး မဟာတာအိုများထဲတွင် ကိန်းအောင်းနေသော ဆန်းကြယ်မှုများသည်လည်း သူ၏အတွေးများ ဖြစ်လာကြသည်။
သူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် လောကသစ်ပင်သည် ရုတ်တရက် ညင်သာစွာ တုန်ခါလာ၏။
ဖရိုဖရဲများ ဖြစ်ပွားသွားပြီးနောက် တဒင်္ဂအတွင်း သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသည် စကြဝဠာအသစ်ဖန်ဆင်းဖြစ်တည်လာမှုအား ကြုံတွေ့လိုက်ရဟန်တူ၏။
စကြ၀ဠာ ဖြစ်တည်လာသည့် အခိုက်အတန့်တွင် အရာခပ်သိမ်း ဆိတ်သုဉ်းနေခဲ့သည်။ ဒဏ္ဍာရီထဲက အန္တိမဟင်းလင်းပြင်ကဲ့သို့ မရှိမှု,သည်သာ ကြီးစိုးနေချေသည်။
သို့သော် နောက်တစ်ခဏတွင် ဤစကြဝဠာ၌ ချီ စတင်မွေးဖွားလာခဲ့သည်။ ဤချီသည် မွေးရာပါမူလချီဖြစ်ပြီး သူ၏ကောင်းကင်ရတနာထဲတွင် ဖွဲ့တည်လာချေပြီ။
မွေးရာပါချီ ဖွဲ့တည်လာခြင်းက စကြ၀ဠာကို သိပ်သည်းပျစ်ခဲနေသော ကမ္ဘာဦးရေကြည်သဖွယ် အရှင်းသန့်စင်နေသော စွမ်းအင်ပမာ ဖြစ်လာစေသည်။ ထိတွေ့နိုင်သော စွမ်းအင်များနှင့် မထိတွေ့နိုင်သော စွမ်းအင်တို့အားလုံးကား ဤစကြ၀ဠာတွင် ပြည့်နှက်သွားကြ၏။
စွမ်းအင် တည်ရှိလာလျှင်ချင်း စကြ၀ဠာသည် လျင်မြန်စွာ ကားထွက်လာ၏။ ထိုအခါ နေရာဟင်းလင်းပြင် ဖြစ်တည်လာကာ ကမ္ဘာဦးဒြပ်ထုများသည် စိမ့်ထွက်နေသော စွမ်းအင်များနှင့်အတူ မရေမတွက်နိုင်သည့် နယ်ပယ်များ ဖြစ်လာကြသည်။ နယ်ပယ်တို့သည် အသွင်သဏ္ဍာန် ရှိပါသော်ငြား ကိုင်တွယ်ထိတွေ့၍ မရပေ။
နောက်ဆုံး၌ စကြဝဠာ အကန့်အသတ်တစ်ခုအထိ ပြန့်ကားသွားသည့်အခါ ကမ္ဘာဦးဒြပ်ထုများက အတူတကွ စုဝေးသွားကြပြီး လင်းလတ်တောက်ပနေသော ကြယ်တာရာအဖြစ် ဖွဲ့တည်လိုက်သည်။ ၎င်းတို့က တစ်ခုကိုတစ်ခု လှည့်ပတ်နေသည့် နဂါးငွေ့တန်းများအား ထိုက်ကျိစက်၀န်းများ လည်ပတ်နေသည့်ပမာ ထွက်ပေါ်လာစေတော့သည်။
ရှေးအကျဆုံးမြေထုကတော့ ဘိုးဘေးနန်းတော် ဖြစ်လာ၏။ လောကသစ်ပင်သည် ၎င်းတွင် အမြစ်တွယ်ပြီးနောက် မဟာတာအိုများက လှိုင်လှိုင်ပေါကြွယ်ဝနေသည်။
ထို့နောက် ဘိုးဘေးနန်းတော်ထဲ၌ ကောင်းကင်မုခ်၀လေးခု ထောင်မတ်လာ၏။ နဂါးသွဲ့ရေကန်မှ နဂါးသွဲ့စင်မြင့် ပေါ်ထွက်လာသည်။ အသတ်အဖြတ်အရှိန်အဝါများက စုဝေးလျက် နတ်ဘုရားစီရင်ရာစင်မြင့်အသွင်သဏ္ဍာန် ဖြစ်တည်လာ၏။ ကြယ်အလင်းရောင်များက စုဝေးကာ နဂါးငွေ့တန်းနှင့် ကောင်းကင်ပင်လယ်ကို ဖော်ဆောင်လိုက်သည်။
ကောင်းကင်ပင်လယ်သည် အဆုံးမရှိသော ကြယ်တာရာကောင်းကင်ကို ရောင်ပြန်ဟပ်နေပြီး ရွှမ်တု ထွက်ပေါ်လာချေပြီ။ ကောင်းကင်တာအိုတို့က ရွှမ်တုကြယ်တာရာများကို စုစည်းပြီး နယ်ပယ်တစ်ခုချင်းစီသို့ ဖြန့်ကျက်လိုက်သည်။ ဒြပ်ထုတို့ကား ထိုကောင်းကင်ဘုံတဖြစ်လဲ နယ်ပယ်များ၌ ဖြစ်တည်လာကြတော့သည်။
ဤအခိုက်အတန့်တွင် ကမ္ဘာဦးဘုံ ထွက်ပေါ်လာပြီး ယိုတု တည်ရှိလာသည်။ ၀င်ရိုစွန်းလေးခုလည်း မွေးဖွားလာကြ၏။
ကောင်းကင်ဘုံများရှိ ကြယ်တာရာများနှင့် ကြယ်တာရာအစုအဝေးများထဲတွင် ရှေးဟောင်းနတ်ဘုရားများ တစ်ပါးပြီးတစ်ပါး မွေးဖွားလာကြသည်။ ကောင်းကင်နယ်စားမင်းက ထိပ်ဆုံးတွင် ရပ်တည်နေပြီး မြေအောက်ဘုံအရှင်သခင်က အောက်ဆုံးတွင် မင်းမူသည်။ အမိကမ္ဘာမြေက အလယ်ဗဟိုတွင် နေရာယူထားပြီး စကြ၀ဠာ၏ နတ်မင်းလေးပါးလည်း တည်ရှိနေသည်။
ကောင်းကင်နယ်စားမင်း၏ ခြေဖဝါးအောက်၌ ကောင်းကင်ယင်ကမ္ဘာရှိပြီး မြေအောက်ဘုံအရှင်သခင် ခြေဖဝါးအောက်တွင်တော့ အဆုံးသတ်မြို့ပျက် တည်ရှိနေသည်။
ချင်မူ့မူလဝိညာဉ်သည် အချိန်တစ်ခုတွင် လောကသစ်ပင်ဆီမှ ကွဲထွက်သွားခဲ့၏။ သူက လောကသစ်ပင်အောက်တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ စကြ၀ဠာ၏ အဆင့်ငါးဆင့်တွင် မွေးဖွားလာခဲ့သော မဟာတာအိုငါးခုသည် ဘိုးဘေးနန်းတော်ထဲတွင် ကျောက်တုံးတွင်းငါးတွင်းကို ဖွဲ့တည်နေသည်အား တွေ့လိုက်ရ၏။
ကျောက်တုံးတွင်းများထဲတွင် နတ်ကျောက်တုံးများ ပေါ်ထွက်လာ၍ ကျောက်တုံးတွင်းအနက်ပိုင်းများထဲတွင် မြှုပ်နှံနေရာယူနေကြသည်။ မဟာတာအိုစွမ်းအား ကိန်းဝပ်နေသော ရောင်စုံအလင်းတန်းများက ထိုနေရာတွင် ပျံ့နှံ့ဖြာထွက်နေလေသည်။
သူ အလိုချင်ဆုံးဖြစ်သည့် ထိုက်ချူကျောက်တုံးတွင်းပင်လျှင် ဖွဲ့တည်နေချေသည်။
ထိုက်ချူကျောက်တုံးတွင်းထဲတွင် ဖရိုဖရဲများသာမက နတ်ကျောက်တုံးများလည်း ဖွဲ့တည်နေကြ၏။
ချင်မူမှာ ဤမြင်ကွင်းကို ငေးငိုင်လျက် ကြည့်နေမိသည်။ မွေးရာပါမဟာတာအိုငါးခုနှင့် သက်ဆိုင်သည့် သိမြင်နားလည်မှုများအားလုံး သူ့စိတ်ထဲသို့ ဝင်ရောက်လာကြသည်။ ၎င်းတို့ထဲမှ တချို့သည် သူ တစ်ကြိမ်တခါမှ မသိမြင် မနားလည်ဖူးသည့် အရာများဖြစ်ကြပြီး ယခုတွင်တော့ မွေးကတည်းက ရရှိခဲ့သော အသိပညာများအလား သူ့စိတ်ထဲ ဝင်ရောက်လာနေကြ၏။
“.... အဲဒီလောကသစ်ပင်က ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ချီကနေ မွေးဖွားလာခဲ့တဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ…. အခု အကြောက်တရားကို သိပြီမလား”
ထိုက်ရှီဥမှာ ချင်မူ့ဘေးတွင် တုန်ရီနေသေးသည်။ “ငါ ကြောက်ရင်တောင်မှ အသုံးမဝင်ဘူး… ငါ အခု မင်းကို မကယ်တင်နိုင်တော့ဘူး… အဲဒီထူးဆန်းတဲ့သစ်ပင်ကြီးကို ငါလည်း ဘာမှမလုပ်နိုင်ဘူး… ငါ့ ထိုက်ရှီကျောက်တုံးကိုတောင် စုပ်ယူခံလိုက်ရပြီးပြီ… နည်းနည်းတော့ တောင့်ခံထားဦးကွာ… ငါ ထိုက်ယီကို သွားရှာဦးမယ်… ငါလည်း သူ့လိုပဲ ဥကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးဆိုတော့ ငါ့ကို နည်းနည်းတော့ လေးစားလောက်ပါတယ်…”
သူ ခုန်ထွက်သွားတော့မည့်အချိန်တွင် ချင်မူက ငေါက်ခနဲ ထထိုင်ကာ သူ့ကို လှည့်ကြည့်၏။ “တာအိုနောင်တော်ထိုက်ရှီ၊ ကျွန်တော့်ကောင်းကင်ရတနာထဲ မြန်မြန်ဝင်လာခဲ့”
ထိုက်ရှီဥမှာ အလန့်တကြား ထခုန်ကာ ထွက်ပြေးတော့သည်။ “အလောင်းအတုကြီးဟေ့…အဲဒီမိစ္ဆာသစ်ပင်က ကောင်းကင်နတ်အရှင်မူရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ငါ့ကို လှည့်စားဖို့ ကြိုးစားနေပြီ… အလိမ်မခံဘူးကွ…”
ဝှစ်…
သူ ခုန်လိုက်သည့်အချိန်မှာပဲ အလင်းတန်းတစ်တန်းက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားမှ ထွက်ပေါ်လာပြီး ထိုက်ရှီဥပေါ်တွင် တောက်ပကာ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဆွဲယူလိုက်သည်။
ဥထဲရှိ ထိုက်ရှီရှေးဟောင်းနတ်ဘုရားမှာ ဒေါသထွက်နေသလို စိုးရိမ်ပူပန်နေမိသည်။ သူက ဥခွံကို လက်သီးဖြင့် ထိုးနေသော်လည်း မည်မျှပင် ကြိုးစားပါစေ အက်ကွဲမသွားချေ။
သူသည် ချင်မူနှင့် ပိုပို၍ နီးကပ်လာသဖြင့် ဥခွံ၏ အတွင်းနံရံသို့ ကပ်နေလိုက်သည်။ သူ၏ခြေထောက်က ဟိုဟိုသည်သည် ကန်နေသော်လည်း ချင်မူ့ကောင်းကင်ရတနာထဲသို့ ရောက်ရှိသွားသေး၏။
ဒုတ်….
ထိုက်ရှီဥသည် အသစ်စက်စက် ထိုက်ရှီကျောက်တုံးတွင်းအပေါ် ကျရောက်လာပြီး ယဇ်ပလ္လင်ထက်သို့ ဆင်းသက်သွားသည်။
ဥထဲရှိ ထိုက်ရှီရှေးဟောင်းနတ်ဘုရားမှာ ကြောင်အသွားသည်။ ဥက ယဇ်ပလ္လင်ပေါ်တွင် လှည့်ပတ်အကဲခတ်လိုက်ရာ ဤပလ္လင်သည် မူလပလ္လင်ထက်ပင် ပြီးပြည့်စုံနေမှန်း ခံစားလိုက်ရသည်။ ထိုမျှသာမက ကျောက်တုံးတွင်းသည်လည်း မူလကျောက်တုံးတွင်းထက် ပြီးပြည့်စုံ၍ ၎င်းတွင် ပါဝင်သော ထိုက်ရှီလမ်းစဉ်မှာလည်း ပြည့်စုံသန့်စင်နေကာ မည်သည့်အညစ်အကြေးမှ မပါရှိတော့ပေ။
သူ့မှာ အံ့သြဝမ်းသာဖြစ်နေတော့သည်။ တခဏမျှ ထွက်ပြေးရမည်ကို မေ့သွားပြီး အေးအေးဆေးဆေး နေရာယူလိုက်လေသည်။
ရုတ်တရက် လောကသစ်ပင်ကို မြင်လိုက်တော့မှ ဥမှာ တုန်လှုပ်သွားတော့သည်။ ၎င်းသည် ထွက်ပြေးချင်နေသော်လည်း နေရာအသစ်ကလေးကို ခွဲမသွားလိုသဖြင့် သတိထား၍ စောင့်ကြည့်နေ၏။
ထိုအခိုက်အတန့်တွင် ချင်မူ့မူလဝိညာဉ်သည် သစ်ပင်အောက်၌ ထိုင်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် သိမြင်နားလည်နေသလို တစ်ချိန်တည်းမှာပင် ကျင့်ကြံနေပုံရ၏။
‘ကောင်းကင်နတ်အရှင်မူက သိပ်သနားဖို့ ကောင်းတာပဲ… သူ ကြိုးကြိုးစားစား ကျင့်ကြံထားတဲ့ ကောင်းကင်နန်းဆောင်တွေအားလုံး မရှိတော့ဘူး…”
သူ ထိုသို့တွေးနေစဉ် မရေမတွက်နိုင်သော မဟာတာအိုသင်္ကေတများသည် ရောယှက်သွားရင်း အုတ်ခဲများ၊ ကျောက်တိုင်များ၊ ကျောက်လှေကားထစ်များ၊ နန်းဆောင်များအဖြစ် ပြောင်းလဲသွားကြောင်း မြင်တွေ့လိုက်ရသည်။
ခမ်းနားဆန်းကြယ်သော မဟာတာအိုသင်္ကေတမျိုးစုံသည် တစ်ခုပေါ်တစ်ခု ထပ်၍ အဆောက်အဦးများ၊ နန်းဆောင်များကို ဖွဲ့တည်နေကြလေသည်။ မကြာမီ ကောင်းကင်နန်းဆောင်တစ်ခု ထွက်ပေါ်လာ၏။
အဝေးတွင် ကောင်းကင်နန်းဆောင်များမှာ အလွန်လျင်မြန်စွာ တည်ဆောက်ခံနေရသည်။ ၎င်းတို့က ကျယ်ပြောသော ကောင်းကင်နတ်ဘုံတစ်ခုကို ဖြည်းဖြည်းချင်း ဖွဲ့တည်နေသည်။
ချင်မူ့ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း သွေးရောင်ပြန်သမ်းလာသည်။