ဧည့်သည်များ ... ။
Vol. 18 Ch. 216
“ သိုင်းဦးလေး ရှေ့မှာ ... ဘုံကျောင်းပျက်တစ်ခု ရှိနေတယ်။ ”
ရွှေရောင်ဝတ်ရုံဖြင့် လူငယ်မှ အဝေးရှိ တောင်ကုန်းတစ်ခုကို ညွှန်ပြပြီး ဝမ်းသာအားရ ပြောကြားလိုက်သည်။
တောတောင်ထဲတွင် ညအိပ်ရန် အဆောက်အဦးတစ်လုံး ရှာတွေ့ခြင်းဟူသည် ကံကောင်းခြင်းပေပင်။
အဖိုးအိုက အနည်းငယ် စိတ်သက်သာရာ ရသွား၏။ ဤတစ်ကြိမ်တွင် တပည့်ငယ်များနှင့် အတူ ခရီးကြမ်းထွက်လာခြင်းဖြစ်သည်။
သို့သော် မီးလျှံရွှေဦးချိုကျားသစ်နှင့် ဆုံရလိမ့်မည်ဟု မထင်ထားချေ။ အဆုံးတွင် ၎င်းလက်မှ လွတ်လာသော်လည်း ခရီး မဆက်ချင် လောက်အောင် ပင်ပန်း နွမ်းနယ်လာခဲ့သည်။
များမကြာမီ သူတို့သည် တောင်ကုန်းသို့ ရောက်ရှိလာပြီး ပျက်စီးနေသောဘုံကျောင်းထံ လှမ်းဝင်လိုက်တော့၏။
“ ဟမ့် ... တစ်ယောက်ယောက် ရှိနေရတယ် သိုင်းဦးလေး။ ”
ပင်မခန်းမဆောင်နေရာ၌ တောက်လောင်နေသော မီးဖိုတစ်ခုကို မြင်ပြီး အပြာဝတ်လူငယ်က အံ့သြသွားသည်။
“ သတိထားပါ ... ။ ”
အဖိုးအိုခမျာ မျက်ဝန်းများ မှေးစင်းသွား ပြီးနောက် သတိကြီးစွာဖြင့် ဘုံကျောင်းထဲဦးစွာ လှမ်းဝင်လာခဲ့သည်။
“ လူငယ်တစ်ယောက်လား ... ။ ”
ခန်းမထဲ ဝင်လိုက်သည်နှင့် ကြိမ်ကုလားထိုင်ဖြင့် အိပ်နေသော လူငယ် တစ်ယောက်ကို မြင်လိုက်ရ၏။ အဖိုးအိုက လက်သီးဆုပ်ကို လက်ဖဝါးဖိကပ်ပြီး၊
“ ငါတို့ကို ဒီမှာ တစ်ညလောက် နေခွင့်ပေးလို့ရမလား သခင်လေး။ ”
-ဟု မေးမြန်းတော့သည်။
လူငယ်က ခေါင်းယမ်းပြီး၊
“ ဒီနေရာနဲ့ ဝေးဝေးနေဖို့ အကြံပေးချင်တယ်။ ”
-ဟု ပြန်ဖြေ၏။
အဖိုးအိုမှ မျက်ခုံးပင့်လိုက်သည်။ အပြာဝတ်လူငယ်က မျက်မှောင်ကြုတ်လျက်၊
“ ဒီဘုံကျောင်းက ပိုင်ရှင်မဲ့ပဲ ... ဘာလို့ တစ်ယောက်တည်း သိမ်းပိုက်ချင်ရတာလဲ။ ”
-ဟု မကျေမနပ်ဖြင့် ပြောကြား၏။
“ ဒီမှာ အန္တရာယ်များတယ်။ ”
“ အန္တရာယ်များလား ... ဒါဆို မင်းဘာလို့ ဒီမှာ နေနေသေးတာလဲ။ ”
ရွှေရောင်ဝတ်ရုံဖြင့် လူငယ်က စုရီ၏ သဘောထားကို မကျေနပ်သဖြင့် အေးစက်စွာ ဝင်ရောက် ထောက်ပြပြောကြားလေသည်။
စုရီက သူ့ထံ တစ်ချက်ပြန်ကြည့်ပြီး ဆက်မပြောတော့ချေ။ မျက်လုံးများမှိတ်ကာ ပြန်လည် အိပ်စက်သွားသည်။
လူငယ်နှစ်ယောက်က ထိုအပြုအမူကို အရှုံးပေးခြင်းအဖြစ် မြင်သွားကာ ဂုဏ်ယူစွာ ဝင်ထိုင်တော့၏။
အဖိုးအိုသည် တစ်ခုခု မှားနေသည်ဟု ခံစားမိသော်လည်း နွမ်းနယ်နေသောကြောင့် ၎င်းတို့နှင့်အတူ ထိုင်ချလိုက်သည်။
ထို့နောက်တွင် အဖိုးအိုသည် တရားထိုင်လျက် ကျန်လူငယ်လေးယောက်မှာ ဝိုင်နှင့် အသားများကို ထုတ်ယူစားသောက် လိုက်ကြသည်။
“ သခင်လေး ... မင်းတစ်ခုခု စားချင်လား။ ”
မိန်းကလေးက တွန့်ဆုတ်စွာဖြင့် စုရီထံ ကြည့်ကာမေးလိုက်သည်။ စုရီမှ ပြန်မဖြေနိုင်မီ အပြာဝတ်လူငယ်က မျက်မှောင်ကြုတ်ပြီး၊
“ ညီမရှောင်ဟီ၊ ဒီလူက ... ငါတို့ကို မောင်ထုတ်ခဲ့တာ မမေ့ပါနဲ့ ... ဒါဆို မင်းက သူ့ကိုစားစရာ ဝေမျှဖို့ စီစဉ်နေတာလား။ ”
-ဟု ဟန့်တားတော့၏။
ထိုမြင်ကွင်းကြောင့် ရွှေရောင်ဝတ် လူငယ်မှသက်ပြင်းချလိုက်ကာ၊
“ ရှောင်ဟီ ... မင်းဟာ ကမ္ဘာကြီးကို မမြင်ဖူးသေးဘူး ... ဘယ်လောက် သစ္စာမဲ့တဲ့ သူတွေရှိလဲ မင်းသိလား ... ဒီလို သူစိမ်းတွေနဲ့ တွေ့တဲ့အခါ ရင်းနှီးအောင် မနေပါနဲ့။ ”
-ဟု ဝင်ရောက် သတိပေး၏။
“ ဒါပေမယ့် သခင်လေးက လူဆိုးနဲ့ မတူပါဘူး။ ”
“ ဟမ့် ... လူတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ပြီး သူ့နှလုံးသားကို မင်းမြင်နိုင် လို့လား ... ။ ”
“ မှန်တယ်၊ စောစောက သူ ပြောသလိုပဲ ဒီနေရာက အရမ်း အန္တရာယ်များတယ် ... ဒါဆို သူဘာလို့ ဒီမှာနေနေတာလဲ ... အန္တရာယ်ကို ဂရုမစိုက်ဘူးလို့ မပြောနဲ့။ ”
“ ဟမ့် ... တကယ် အန္တရာယ်ရှိတယ် ဆိုရင်တောင် ... ငါတို့အပေါ် သိုင်းဦးလေးက အကာအကွယ် ပေးနိုင်ပါသေးတယ်။ ”
မိန်းကလေး ရှောင်ဟီမှ တစ်ခုခု ပြောချင်သော်လည်း ချီတုံချတုံဖြစ်သွားပြီး ပါးစပ်ပိတ်သွား၏။
သူမ၏ စီနီယာအစ်ကိုတို့သည် တဆိတ် ရန်လိုလွန်းချေပြီ။ ထိုအခိုက် ကြိမ်ကုလားထိုင် ပေါ်တွင် အိပ်နေသောစုရီက မျက်လုံးဖွင့်ကာ အမှောင်ထဲ လှမ်းကြည့်လိုက်သည်။
“ ဝူး ... ။ ”
ရုတ်တရက် အေးစက်သော လေပြင်းအချို့ တိုက်ခတ်လာပြီး မြက်ပင်များနှင့် သစ်ရွက်များ ယိမ်းထိုးသွား၏။
ပိန်ပိန်ပါးပါးနှင့် အနက်ဝတ် အမျိုးသားတစ်ယောက် ဘုံကျောင်းတံခါးဝ၌ ထွက်ပေါ်လာသည်။
သူ ပေါ်လာသည်နှင့် ကြောက်စရာ ကောင်းသော အေးစက်ပြီး သွေးဆာနေသည့် ရောင်ဝါတစ်ခု ချက်ချင်း ပျံ့နှံ့လာပြီး မီးဖိုပင် ငြိမ်းသွားတော့၏။
“ ဘယ်သူလဲ ... ။ ”
တရားထိုင်နေသော အဖိုးအိုက သတိကြီးစွာဖြင့် ချက်ချင်း ထရပ်လိုက်သည်။ သို့သော် အနက်၀တ်အမျိုးသားမျက်နှာကို မြင်လိုက်ရချိန်၌ ထိတ်လန့်သွားတော့၏။
“ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ။ ”
အပြာဝတ်လူငယ်၊ ရွှေရောင်၀တ်လူငယ်နှင့် အခြားသူများသည်လည်း ထိတ်လန့်သွားကြ တော့သည်။
“ စီနီယာ ... ငါက ထာဝရငြိမ်းအေးခြင်း အကယ်ဒမီရဲ့ ဝမ်ကျန်းယွမ်ပါ ... တပည့်တွေနဲ့ အတူ ခရီးကြမ်းထွက်လာတာပါ မင်းနာမည် သိရမလား စီနီယာ။ ”
နားလည်မှုလွဲမှားခြင်း မဖြစ်စေရန် အဖိုးအိုက သူ့နောက်ခံကို ထုတ်ဖော် မိတ်ဆက် လိုက်လေသည်။
သို့သော် အနက်၀တ် အမျိုးသားက သူ့ကို လုံးဝလျစ်လျူရှုထားပြီး ကြိမ်ကုလားထိုင်ပေါ် ထိုင်နေသော စုရီထံ ကြည့်လိုက်သည်။
“ သခင်လေးစု ... ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ ... ငါ့နာမည် စစ်ထူခုံပါ ... မင်းကို အနှောက်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
စစ်ထူခုံက ပြုံးပြီး မိတ်ဆက်သည်။ အေးစက်ပြီး သွေးဆာသော ရောင်ဝါကြောင့် ထိုအပြုံးသည် အနည်းငယ် ကြောက်စရာ ကောင်းနေခဲ့၏။
“ သွေးသောက်ဓား ... ။ ”
အနက်၀တ် အမျိုးသား နာမည်ကို ကြားချိန်တွင် အဖိုးအိုဝမ်ကျန်းယွမ်တစ်ယောက် တုန်လှုပ်သွားတော့၏။
တစ်ဖက်လူသည် လူမြင်ကွင်းမှ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ကျွမ်းကျင်သူတစ်ဦးပေပင်။
မဟာဝေ တပ်သားတစ်သောင်းကို ဓားတစ်လက်ဖြင့်သတ်ကာ သွေးသောက်ဓား ဘွဲ့ကို ရရှိထား၏။
ထိုသို့သောလူမျိုးသည် ဆိတ်ညံသော အရပ်တွင် ပေါ်လာသည်မှာ ယုံနိုင်ဖွယ်မရှိချေ။ သို့သော် စုရီသည် ထိုင်လျက်ဖြင့်၊
“ မင်း အဖော်တွေ ခေါ်လိုက်။ ”
-ဟု ပြောကြားလိုက်သည်။
စစ်ထူခုံတစ်ယောက် အနည်းငယ် မျက်ခုံးပင့်လျက်၊
“ သခင်လေး ... မင်းမှာ ထက်မြက်တဲ့ မျက်လုံးတွေရှိတယ် ရိုးရိုးသားသား ပြောရရင် သခင်လေးလို ကျွမ်းကျင်သူမျိုးကို ဘယ်သူမှ လျစ်လျူမရှုဝံ့ပါဘူး။ ”
“ ဒါဆိုရင် မင်းသူငယ်ချင်းတွေကို ဘာလို့ မခေါ်သေးတာလဲ။ ”
“ သခင်လေး၊ မင်းက အရမ်းသတ္တိ ကောင်းလွန်းပါတယ် ... ဒါပေမယ့် စိတ်မပူပါနဲ့ ငါမှာ ပြောစရာ စကားအချို့ရှိတယ်။ ”
“ ဒါဆို မင်းအချိန်မဖြုန်းဘဲ တိုက်ရိုက်ပြောတာ ပိုကောင်းမယ်။ ”
ဤစကားများကို ပေါ့ပေါ့ပါးပါး ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စစ်ထူခုံအပေါ် ဤလူငယ်သည် အလေးအနက် မထားကြောင်း မြင်သာချေ၏။
ဘေးမှ ရပ်ကြည့်နေသော အဖိုးအိုနှင့် အဖွဲ့ခမျာ အံ့သြနေခဲ့တော့သည်။ လူငယ်သည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူထက်ပင် မောက်မာ လွန်းချေပြီ။
တစ်ဖက်တွင် စုရီစကားကြောင့် စစ်ထူခုံတစ်ယောက် မျက်ဝန်းများမှေးစင်း လာတော့သည်။
“ သခင်လေး ငါရိုးသားပါ့မယ် ... တကယ်တော့ မင်းရဲ့ကံကြမ္မာအတွက် ငါဒီကို လာခဲ့တာပါ ဒါပေမယ့် တခြားလူတွေနဲ့ မတူဘဲ မင်းနဲ့ လောင်းကစား လုပ်ချင်တယ်။ ”
“ လောင်းကြေးက ဘာလဲ။ ”
စုရီမှ စိတ်ဝင်တစား မေးသည်။
“ ငါ့နဲ့အတူ သူငယ်ချင်းလေးယောက် ပါလာတယ် သူတို့တစ်ယောက်စီက အလောင်း တောင်နဲ့ သွေးပင်လယ်ကို ဖြတ်ပြီး ထွက်လာတဲ့ လူတွေပါ ...
... ဒါပေမယ့် ငါတို့အားလုံးက ရှန်ရှင်း နယ်ပယ်ထဲမှာ နှစ်အတော်ကြာ ပိတ်မိနေခဲ့ပြီး အောင်မြင်မှုတွေကို ဆာလောင်နေကြတယ်။ ”
စစ်ထူခုံက သက်ပြင်းချကာ သူ့မျက်လုံးများ၌ ဝမ်းနည်းသော အရိပ်အမြွက် ထင်ဟပ်လာသည်။
အများအမြင်တွင် သူသည် ရှန်ရှင်းအဆင့် ကျွမ်းကျင်ပညာရှင် ဖြစ်ချေ၏။ မြေကြီးအဆင့် ရောက်ရန် ခြေတစ်လှမ်းသာလိုသည်။
သို့သော် ထိုအဆင့်သည် ကျော်လွှား၍မရနိုင်သော ကျောက်တောင်ကြီး ဖြစ်နေ၏။
ကျန်သူများသည်လည်း ထိုနည်းလည်းကောင်းပေပင်။ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ရာတွင် တစ်ယောက်မျှသာ မူလတာအိုနယ်ပယ်ကို ဖြတ်ကျော်နိုင်၏။
“ ငါတို့အမြင်အရ ... မင်းပိုင်ဆိုင်တဲ့ ကံကြမ္မာက ဒီအဆင့်အပေါ် ဖြတ်ကျော်နိုင်ဖို့ ငါတို့ကို ကူညီပေးနိုင်မဲ့ အလားအလာရှိတယ်။ ”
စုရီမှ ပျင်းရိစွာ နားထောင်နေဆဲပေပင်။ စစ်ထူခုံက ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်ပြီး အေးစက်သော အကြည့်ဖြင့် စုရီထံ စိုက်ကြည့်တော့၏။
“ ဒါကြောင့် သခင်လေးနဲ့ ငါတို့ လောင်းကြေးထပ်ပြီး အနိုင်အရှုံး ဆုံးဖြတ်ကြ ရအောင် ...
... ငါတို့ရှုံးရင် စတုတ္ထတန်း ဝိဉာဉ်ကျောက်တုံး ဆယ်လုံးပေးမယ် မင်းရှုံးရင် မင်းရဲ့ကံကြမ္မာကို လွှဲပေး ... ဘယ်လိုလဲ။ ”
ထိုစကားဝိုင်းကို နားထောင်နေသော အဖိုးအိုဝမ်ကျန်းယွမ်မှ အံ့ဩသွား၏။ ရှန်ရှင်း အဆင့် ပညာရှင်ငါးဦးသည် လူငယ်တစ်ဦးနှင့် ဆက်ဆံရန် ရောက်ရှိလာခြင်းဖြစ်သည်။
စတုတ္ထအဆင့် ဝိညာဉ်ကျောက်တုံး ဆယ်လုံးဟူသည်မှာ တတိယတန်း ဝိညာဉ် ကျောက်တုံး တစ်ထောင် ဖြစ်သည်။
ကျင့်ကြံသူများအတွက် တတိယတန်း ဝိညာဉ်ကျောက်တုံးများသည် ရှားပါး အဖိုးတန် နေပြီ ဖြစ်၏။
စတုတ္ထတန်း ဝိညာဉ်ကျောက်တုံး အတွက်မူ ဆိုဖွယ်မရှိချေ။ ပို၍ပင် ရှားပါးသည်။ ယင်းသည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူများအတွက် အဆင့် တက်ရာတွင်သုံးရန် ရတနာအဖြစ် စုဆောင်းထားတတ်ကြသည်။
“ ဟမ့် ... ရှန်ရှင်းအဆင့် ကျင့်ကြံသူ ငါးယောက်က အတူတူလာပြီး ဒီလို ဝိညာဉ် ကျောက်တုံးလေးလောက်နဲ့ ကစားချင် နေတာလား ... ။ ”
စုရီအသံတွင် လှောင်ပြောင် အထင်သေးရိပ်များ ပြည့်နှက်နေ၏။ သို့တိုင် စစ်ထူခုံမှ ဒေါသထွက်ခြင်း မရှိချေ။
“ သခင်လေး၊ မဟာသခင်နယ်ပယ်မှာ မင်းပြိုင်ဘက်ကင်းပါတယ် ငါတို့လွယ်လွယ် မဆက်ဆံဝံ့ပါဘူး။ ”
“ သူ့လိုလူနဲ့ မင်းရဲ့အချိန်တွေကို ဖြုန်းတီးနေတာပဲ ညီလေးစစ်ထူခုံ ... ငါမင်းကို အရင်က သတိပေးခဲ့တာ မမေ့နဲ့ ... သူ့ကို တိုက်ရိုက်သတ်တာ အကောင်းဆုံးပဲ ... ။ ”
ရုတ်တရတ် အမှောင်ထုအတွင်းမှ အသံတစ်သံ ပဲ့တင်ထပ်ကာ လူတစ်ယောက် လှမ်းဝင်လာတော့သည်။
သူ ရောက်လာသည်နှင့် လောင်ကျွမ်းနေသော မီးတောင်ကြီးတစ်လုံး ကဲ့သို့ လေထုအတွင်း အပူရှိန်များ ရုတ်တရက် ကျဆင်းလာခဲ့၏။
ဤသည်မှာ လွန်ခဲ့သော ဆယ်စုနှစ် များစွာက နာမည်ကြီးခဲ့သည့် မျိုးဆက်ဟောင်း ကျွမ်းကျင်သူဖြစ်သည်။ ဘွဲ့အမည်မှာ ယန်မီးတောက်ပေပင်။
ထိုစဉ်က ပြည်နယ်သခင်အဖြစ် စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ သို့တိုင် စုရီက ထိုင်ရာမှ မထသေးချေ။
သူသည် တစ်ဖက်လူ၏ အထောက်အထားနှင့် ဘွဲ့အမည်ကို မသိသော်မှ မေးရန် ပျင်းရိနေခဲ့သည်။
“ ညီအစ်ကိုစစ်ထူခုံ ... မင်းက သူ့ကို ကစားပွဲတစ်ခုနဲ့ ကမ်းလှမ်းပြီး အသက်ချမ်းသာ ပေးချင်နေတာ မဟုတ်လား ဒီနည်းလမ်းက အလုပ် မဖြစ်တာ မြင်သာနေပါပြီ။ ”
ထိုစဉ် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီး ရောင်အသွေး စုံလင်သော အ၀တ်အစားဖြင့် အမျိုးသမီးတစ်ဦး လှမ်းဝင်လာခဲ့သည်။
မျက်နှာပြင်အနှံ့ မိတ်ကပ်များ လိမ်းခြယ်ထားသော်လည်း အရေးအကြောင်း များကို ဖုံးကွယ်ထား၍မရချေ။
ဤသည်မှာ ခရမ်းရောင်ပန်းကလေး တုံဟွာဖြစ်သည်။ လွန်ခဲ့သော နှစ်သုံးဆယ်၌ သွေးသောက်ဓား၊ ယန်မီးတောက်နှင့် သူမ တို့သည် ကျော်ကြားသော ကျွမ်းကျင်သူများ ဖြစ်ခဲ့၏။
“ နှစ်ယောက် ကျန်သေးတယ်။ ”
“ ဟား ဟား ဟား ... ။ ”
စုရီက တံခါးဝကို စိတ်မရှည်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ့စကားဆုံးသည်နှင့် အရပ် ရှည်ရှည်ပိန်ပိန်နှင့် ဓားတစ်လက်ကဲ့သို့ လူတစ်ယောက် ရယ်မောလျက် လှမ်းဝင်လာ၏။
“ ခရစ် ... ။ ”
၎င်း၏ ကျယ်လောင်လွန်းသော ရယ်မောသံကြောင့် ပြတင်းပေါက်ဘောင်များ လှုပ်ခါကုန်ကာ အမိုးကြွေပြားများ အက်ကွဲကုန်သည်။
အဖိုးအိုဝမ်ကျန်းယွမ်နှင့် သူ့တပည့် လေးယောက်ခမျာ နားစည်ကိုဓားဖြင့် ခြစ်နေ သကဲ့သို့ သွေးများစီးကျလာ၏။
“ လူငယ်တွေ မောက်မာတာ မကောင်းဘူး။ ”
အဆုံးတွင် အနီနှင့်ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ယောက်က ခေါင်းရမ်းလျက် လှမ်းဝင်လာပြန်၏။
ဤသည်မှာ မိုးတိမ်ပြည်နယ် ခရမ်းရောင်တောင်တန်း လူသတ်သမား မိုချင်စန်း ဖြစ်ချေပြီ။
သူသည် သွေးဆာပြီး ရက်စက်သော အရူးတစ်ယောက် ဖြစ်၏။ သို့တိုင် စုရီမှ ၎င်းကို ဂရုမိစိုက်ဘဲ ထရပ်လိုက်ကာ၊
“ လူစုံပြီဆိုရင် အပြင်ထွက်ရအောင် ဒီမှာအပြစ်မဲ့တဲ့ လူတွေကို မထိခိုက်စေနဲ့ ... ။ ”
-ဟု ဆိုလိုက်တော့သည်။
ထို့နောက် လူတိုင်း ထွက်ခွာသွား ကြ၏။ အစမှအဆုံး မည်သူမျှ အဖိုးအိုဝမ်ကျန်းယွမ်နှင့် အဖွဲ့ထံ လှည့်မကြည့်ချေ။ ငါးနှင့်ပုဇွန်များကဲ့သို့ လျစ်လျူရှုထား ခဲ့ကြလေသည်။
***
Book-18