← Chapters

ထူးဆန်းသော ကျောက်စာဟောစာတမ်း။

Vol. 18 Ch. 206

ထူးဆန်းသော ကျောက်စာဟောစာတမ်း။

Vol. 18 Ch. 206

( ဟမ့် ... သူက ငါ့သား မဟုတ်တော့ဘူးလား။ )

ဤသုံးသပ်ချက်က စုဟုန်လီကို အန္တရာယ်အချက်ပေးသံများ ကြားလိုက်ရ စေသည်။

“ မင်းရော တခြားထင်မြင်ချက်ရှိလား တာအိုရှာဖွေသူ။ ”

အဘိုးကြီးက စုဟုန်လီကို မေး၏။

“ မရှိဘူး ... ။ ”

အတွေးထဲ နစ်မျောနေရာမှ စုဟုန်လီက ပြန်ဖြေပြီး မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို နောက်ပို့လျက် ပြတင်းပေါက်ဆီ လျှောက်လှမ်း သွားလေသည်။

“ အဲဒီမိန်းမ ရီယုဖေးရဲ့ သွေးကို ... မသနားသင့်ဘူးဆိုတာ ငါသိနေတာ ကြာပြီ ကံမကောင်းစွာနဲ့ပဲ ငါသွေးတွေဟာ ဒီသားဆိုးရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်။ ”

ထိုနောက် အေးစက်သော အရိပ်အမြွက်ဖြင့်၊

“ မေ့လိုက်ပါ ... ၊ အတိတ်က ဒိလို အဖြစ်အပျက်တွေအကြောင်း မပြောပါရစေနဲ့ ... ဘာပဲဖြစ်ဖြစ် သားဆိုးကို သတ်ပစ်ဖို့ ငါ စိတ်ပိုင်းဖြတ်ထားတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဒီတစ်ခါတော့ စုရီက တော်တော် ဒုက္ခပေးခဲ့တာပဲ ... မဟာကျိုး တစ်ခုလုံးက ဒီကိစ္စကို စုမိသားစု ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြမှာ ငါကြောက်တယ်။ ”

“ ဟမ့် ... ငါ့သားဆိုးကို ငါသတ်တာ ဘာဖြစ်လဲ၊ ဒီလိုပြဿနာမျိုးကို မဖြေရှင်းနိုင်ရင် ငါစုဟုန်လီ တာအိုလိုက်ရှာနေတာ အဓိပ္ပါယ်မဲ့ သွားလိမ့်မယ်။ ”

စုဟုန်လီက ဂရုမစိုက်ဘဲ ပြောကြားလိုက်သည်။ ဤတစ်ကြိမ်တွင် အဖိုးအိုက မျက်ခုံးပင့်လိုက်ပြီး၊

“ မင်းကိုယ်တိုင် လှုပ်ရှားဖို့ စိတ်ကူးနေတာလား။ ”

-ဟု မေးမြန်းတော့၏။

“ မေလ ငါးရက်နေ့ မတိုင်ခင်အထိ ငါလှုပ်ရှားမှာ မဟုတ်ပါဘူး ... ငါ့ကတိကို စောင့်ထိန်းရမယ်။ ”

ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်သွားလေသည်။ အဆုံးတွင် အဖိုးအိုမှ၊

“ ကြည့်ရတာ ... သူက မင်းအပေါ် ရှန်ရှင်းသိုင်းသမား ဆယ်ပါးထဲက တစ်ပါးအဖြစ် မြင်နေပုံဘဲ။ ”

-ဟု ပြုံးလျက် ပြော၏။

စုဟုန်လီသည် ရှန်ရှင်းအဆင့်၌ ရပ်တန့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။

သို့သော် ၎င်းသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ တစ်ဦးတည်းသာ သိချေ၏။

“ ဒီအကြောင်း ပြောစရာ မရှိပါဘူး ... သူ့မှာပန်းတိုင်ရှိသလို ... ငါ့မှာလည်း စည်းကမ်း ရှိပါတယ် ... ငါ့စည်းကမ်းအတိုင်း မေလ (၅) ရက်နေ့မတိုင်ခင် ... သူ့ကို ငါသတ်မှာ မဟုတ်ဘူး။ ”

ဤသည်မှာ ပြင်းပျသော ယုံကြည်ချက် ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး သူ့စကားကို အမြဲ လိုက်နာချေ၏။

အဖိုးအိုက ထိုစကား၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်သည်။ မေလ (၅)ရက်နေ့၌ သားအဖ အချင်းချင်း သတ်သော ဇာတ်ဝင်ခန်း တစ်ပုဒ်ကို ပြသပေလိမ့်မည်။

“ သူက မင်းနဲ့တူတယ်။ ”

ထိုမှတ်ချက်ကြောင့် စုဟုန်လီက ပြုံးလိုက်သည်။ တစ်ဆက်တည်းမှာပင် အဝေးရှိ ကြယ်ရောင်များထံ ငေးလျက်၊

“ တာအိုအစ်ကို၊ မင်း ဒီအကြောင်း ဆက်မပြောနဲ့ ငါသူ့ကို အခွင့်အရေးပေးပြီးပါပြီ ကံမကောင်းစွာနဲ့ပဲ သူ ဒါကို တန်ဖိုးမထားတာမို့ ငါစိတ်ပြောင်းတော့မှာ မဟုတ်ဘူး။

သားအဖ တော်စပ်မှုကို အသုံးပြုပြီး ကရုဏာပြရန် ဖြားယောင်းသွေးဆောင်လိုသည့် အဖိုးအိုခမျာ ထပ်မပြောတော့ဘဲ ခေါင်းယမ်း လိုက်တော့သည်။

***

မဟာကျိုးအင်ပါယာ၊ ဧကရာဇ်နန်းတော်။ ခမ်းနားထည်ဝါသော နန်းဆောင်တစ်ခု အတွင်း ဧကရာဇ်ဥသျှောင်နှင့် ဧကရာဇ်ကျိုးတို့ နှစ်ဦး ထိုင်နေ၏။

ဧကရာဇ်ဥသျှောင်က မီးခိုးရောင် ဝတ်ရုံ ဆင်မြန်းထားပြီး ကျောက်စိမ်းဆံထိုးဖြင့် ဆံပင် ရှည်ရှည်များကို ချည်နှောင်ထားသည်။

စိတ်နေစိတ်ထားသည် ကျောက်စိမ်ကဲ့သို့ ကြည်လင်ပြီး ထင်းရှူးပင်ကြီးကဲ့သို့ ကြံခိုင်သော အသွင်အပြင်မျိုး ပိုင်ဆိုင်ထားသည်။

ထူးခြားချက်မှာ မျက်လုံးများသည် တစ်ဖက်လူ၏ နှလုံးသားကို မြင်နိုင်သကဲ့သို့ အလွန်စူးရှသည့် ရွှေရောင်ဖျော့ဖျော့ စွမ်းအားတစ်ခု ရှိနေခြင်းပေပင်။

“ အရှင်မင်းကြီး၊ ဒီကိစ္စက စုမိသားစုရဲ့ မိသားစုအရေးလို မရိုးရှင်းတော့ပါဘူး ငါ့အမြင် အရတော့ စုရီအကြောင်း စုံစမ်းစစ်ဆေးဖို့ ကျွမ်းကျင်သူတွေ စေလွှတ်သင့်နေပါပြီ။ ”

နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့် အနက်ရောင်၀တ်စုံဖြင့် ဧကရာဇ်ကျိုးက ၎င်း၏ အကြံပြုချက်ကို တုန့်ပြန်ခြင်း မပြုချေ။

ယင်းအစား ပြုံးလျက်၊

“ ဒီကောင်လေးက မဟာကျိုးရဲ့ ဘုရင်နှစ်ပါးနဲ့ သူရဲကောင်းတွေကို သတ်ပစ်ပြီး သူ့ကိုယ်သူ တည်ဆောက်နေတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ အရှင်မင်းကြီး ... ဒါက တော်ဝင်နန်းတော်အတွက် ဘေးအန္တရာယ် တစ်ခုပဲ မဟုတ်လား။ ”

ထိုစကားကြောင့် ဧကရာဇ်ကျိုး မျက်နှာပေါ်ရှိ အပြုံးများ မှိန်ဖျော့သွားကာ၊

“ စုရီမှာ တစ်ခုခုမှားနေပြီလို့ ... မင်းသံသယ ရှိနေတာလား။ ”

-ဟု တုန့်ပြန် ဆွေးနွေးလာ၏။

ဧကရာဇ် ဥသျှောင်က ခေါင်းညိတ်ပြပြီး၊

“ ကျင့်ကြံမှုလမ်းကြောင်းမှာ အခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းယူဖို့ ဆိုတာ ... ခက်ခဲတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး ...

... ဒါပေမယ့် ဒီလိုအောင်မြင်ဖို့အတွက် လူတစ်စုံတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က အရမ်း သန်မာနေရမယ်။ ”

“ ဝိညာဉ်တာအို နယ်ပယ် ... ။ ”

ထို့နောက် ဧကရာဇ်ကျိုးတစ်ယောက် မျက်လုံးများ အနည်းငယ် မှေးစင်းသွားကာ၊

“ ဒီအဆင့် ကျွမ်းကျင်သူမျိုး မဟာကျိုးမှာ မရှိပါဘူး။ ”

-ဟု ငြင်းဆန်လိုက်၏။

“ မဟာကျိုးမှာ မရှိပေမယ့် ... မိုးပြာတိုက်ကြီးမှာ မရှိဘူးလို့ မဆိုလိုပါဘူး မိုးပြာတိုက်ကြီးရဲ့ စစ်မှန်တဲ့အုပ်စိုးရှင်က မဟာရှပဲ၊ မဟာရှမှာ ရှိနိုင်ပါတယ်။ ”

မိုးပြာတိုက်ကြီးတွင် အင်ပါယာပေါင်း ရာနှင့်ချီရှိသည်။ ၎င်းတို့အနက် မဟာရှသည် အချမ်းသာဆုံး အင်ပါယာ ဖြစ်၏။

သူတို့၏ ထိန်းချုပ်မှုအောက်တွင် ပြည်နယ်ပေါင်း ငါးဆယ်ကျော်သည်။ ယင်းက မိုးပြာတိုက်ကြီး၏ ဧရိယာတစ်ဝက်ပေပင်။

၎င်းတို့၏ တော်ဝင်မိသားစုသည် မိုးပြာတိုက်ကြီးကို ခြိမ်းခြောက်နိုင်သော ဝိညာဉ် တာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူများစွာ ပိုင်ဆိုင်ထားသည်။

မဟာချင်၊ မဟာဝေနှင့် မဟာကျိုးဟူသည် မဟာရှရှေ့တွင် ကျေးကျွန်အင်ပါယာအဆင့်သာ ရှိ၏။

“ ဒါပေမယ့် မဟာရှလို အင်ပါယာရဲ့ ကျင့်ကြံသူတစ်ယောက်က ငါတို့မဟာကျိုးကို ဘာလာလုပ်မှာလဲ ... ငါ့အမြင်အရတော့ စုရီမှာ တခြားအရာ တစ်ခုခု ရှိနေတာပဲ ဖြစ်မှာပါ။ ”

အဆုံးတွင် ဧကရာဇ်ကျိုးက ခေါင်းရမ်း လိုက်တော့သည်။ ထို့နောက် ကောင်းကင်ကို ငေးမောနေရာမှ ပြန်လှည့်လာပြီး၊

“ စုဟုန်လီ ငယ်ငယ်က အမှောင်နတ်ဆိုး တောင်တန်းကနေ ကောင်းချီးတစ်ခု ရခဲ့ဖူးတယ် ဒါကြောင့် သူ့ခွန်အားက အရှိန်အဟုန်နဲ့ တိုးတက်လာတာပါ။ ”

-ဟု ပြောကြားလိုက်သည်။

“ အရှင်မင်းမြတ် ... စုရီက သူ့အဖေရဲ့ အတွေ့အကြုံမျိုး ရထားတယ်လို့ မင်းပြောချင် နေတာလား။ ”

ဧကရာဇ် ဥသျှောင်က မျက်မှောင်ကြုတ်လျက် ပြန်မေး၏။ ဧကရာဇ် ကျိုးမှ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ကာ၊

“ မေးခွန်းကောင်းတယ် ... မင်းမေးခွန်းကို စုဟောင်လီက ပြန်ဖြေပေးလိမ့်မယ်။ ”

-ဟု ပြန်လည် ပြောကြားလေသည်။

ထို့နောက် လျှို့ဝှက်သော အပြုံးမျိုးဖြင့်၊

“ ငါကျေနပ်လောက်တဲ့ အထိ ... ။ ”

-ဟု ဖြည့်စွက် ပြောကြားလာတော့၏။

ဧကရာဇ်ဥသျှောင်ခမျာ မတူညီသော အမြင်များ ရှိသော်လည်း ဧကရာဇ်ကျိုးဟူသည် ဆုံးဖြတ်ချက်ချ ပြီးသည်နှင့် ပြောင်းလဲသူမျိုး မဟုတ်သဖြင့် ပါးစပ်ပိတ်လိုက်ရသည်။

***

ထိုစကားသည် စုဟန်လီနားသို့ ချက်ချင်းရောက်ရှိလာ၏။ တာအိုဝတ်ရုံဝတ် အဖိုးအိုက တစ်ခုခုမှားနေပြီဟု ခံစားမိကာ၊

“ ဒါက ... မင်းကို လေးစားပုံပြတယ်လို့ ထင်ရပေမယ့် ငါ့အမြင်အရ နည်းနည်းတော့ အေးစက်နေသလိုပဲ။ ”

-ဟု မှတ်ချက်ပေးလေသည်။

စုဟန်လီက အတွေးထဲ နစ်မျောနေရာမှ၊

“ ကျင့်ကြံသူတွေနဲ့ တော်ဝင် မိသားစုတွေကြားမှာ ရှိတတ်တဲ့ ပဋိပက္ခမျိုးပါပဲ ငါ့မျက်လုံးထဲမှာတော့ တန်ခိုးအာဏာဆိုတာ ခွန်အားပဲ ...

... ရာထူး ဘွဲ့ထူးတွေအပေါ် ... လိုချင်တပ်မက်ဖို့တောင် မထိုက်တန်တော့ဘူး ဒါပေမယ့် သူ့အမြင်မှာ ငါ့ကို သူ့လက်အောက်ခံ အဖြစ် ... မှတ်ယူနေတုန်းပဲ ...

... လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း သူ့အမိန့်ကိုမနာခံဘဲ လောကီရေးရာတွေကို ငါ လျစ်လျူရှုခဲ့တယ် ... အင်ပါယာအတွက် အကျိုးဆောင်ပေးဖို့ကို ...

... အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ် ... ဒါကြောင့်သူ့ကို စိတ်ပျက်စေခဲ့ပုံပဲ အထူးသဖြင့် အမှောင်နတ်ဆိုးတောင်တန်းကနေ ဘယ်လို အခွင့်အရေးမျိုး ငါရခဲ့လဲဆိုတာ ... သူ အမြဲ သိချင်နေတယ်။ ”

လက်ရှိဧကရာဇ်သည် မူလတာအို နယ်ပယ်ကို ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ သို့သော် ထိုခြေလှမ်းသည် သူ့ကို သုံးနှစ်ပြည့်အောင် ရပ်တန့်နေစေ၏။

စုဟုန်လီ၏ စကားများကြောင့် တာအို ဝတ်ရုံဝတ် အဖိုးအိုခမျာ အမူအရာ အနည်းငယ် ပြောင်းသွားပြီး၊

“ အမှောင်နတ်ဆိုး တောင်တန်းကနေ တာအိုရှာဖွေသူ ရလာတဲ့ အခွင့်အရေးကို ... သူ လိုချင်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

စုဟုန်လီမှ ပြုံးသည်။

“ ဧကရာဇ်ကျိုးရဲ့ နှလုံးသားကို ... ဘယ်သူများ မြင်နိုင်မှာလဲ ငါ့အခွင့်အရေးကို သူ မက်မောနေတယ်လို့ ထင်ရင်မှားလိမ့်မယ်။ ”

“ ငါတကယ် မသိတော့ဘူး ... ဒီမိုးပြာတိုက်ကြီးရဲ့ ထိပ်ဆုံးမှာ အမှန်တကယ် ရပ်တည်နိုင်တဲ့လူက အင်ပါယာရှင် မဟုတ်ဘူး တာအိုကျင့်ကြံသူတွေပါ။ ”

“ ဟားဟားဟား ... တာအိုအစ်ကို၊ မင်းဟာလောကီရဲ့ တန်ခိုးအာဏာကိုပိုင်ဆိုင်ပြီး သက်ရှိအားလုံးကို ခြိမ်းခြောက်နိုင်တဲ့ ကျင့်ကြံမှု ကိုလည်း ပိုင်ဆိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ။”

ထိုမေးခွန်းကြောင့် တာအိုဝတ်ရုံဝတ် အဖိုးအိုတစ်ယောက် တိတ်ဆိတ်သွားတော့၏။ ပြန်မဖြေနိုင်တော့ချေ။

***

လျှို့ဝှက်ဆန်းကြယ်မှုကြောင့် ကျော်ကြားလှသည့် ရှီဖန်းခန်းမသည် အင်ပါယာ ပြည်နယ်သခင်စံအိမ်၏ လူသတ်ပွဲသတင်းကို ညတွင်းချင်း ကြေညာပေးခဲ့သည်။

ဤသတင်းသည် မဟာကျိုးရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများစွာကို နိုးထလာစေသည်။

အမှောင်ထုတွင် ထွန်းလင်းနေသော ကြယ်တံခွန်ကဲ့သို့ စုရီအမည်ကို လူတိုင်းသိရှိ ကုန်တော့၏။

“ ဒါဆို ... ငါ့ရဲ့ မက်မွန်သီးသုံးလုံးကို ယူသွားတဲ့ ကောင်လေးပေါ့။ ”

ဆံပင်နှင့် မုတ်ဆိတ်မွေး ဖြူဖြူများဖြင့် ကြည်လင်သော မျက်လုံးများ ပိုင်ဆိုင်ထားသည့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးက အဂ္ဂိရတ် မီးဖိုတစ်လုံး ရှေ့တွင်ထိုင်လျက် ရေရွတ်လိုက်တော့သည်။

သူသည် ပင်လယ်ဘုရင်ဖြစ်၏။ လောကီရေးရာများကို လျစ်လျူရှုခဲ့ပြီး အဂ္ဂိရတ် တာအိုအပေါ် နှစ်မြုပ်ထားခဲ့သည်။

သို့သော် ယနေ့ညတွင် ရှစ်ဖန်းခန်းမမှ ထုတ်ပြန်သောသတင်းသည် လုပ်လက်စများကို ရပ်တန့်ကာ အနည်းငယ် စိတ်လှုပ်ရှားစေခဲ့၏။

“ ငါ မျှော်လင့်ထားသလိုပါပဲ ... ဒီလောကကြီးမှာ ပုံမှန်မဟုတ်တဲ့ အရာတွေ ပိုများလာနေပြီ ... ။ ”

လွန်ခဲ့သော အနှစ်သုံးဆယ်က ရေခဲစိမ်း နတ်ဆိုးတောင်တွင် သူရရှိခဲ့သော ကျောက်ပြား တစ်ချပ်ကို ပြန်သတိရလာသည်။

( တစ်နေ့တွင် ချိပ်ပိတ်ထာသော စွမ်းအားတစ်ခု လွတ်မြောက်လာလိမ့်မည်။ ချည်နှောင်ခံထားရသော အရာရာတိုင်း ထိုနေ့တွင် လွတ်မြောက်မည်။

အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေတဲ့ သွေးလွှမ်းသော မြင်ကွင်းက ယခင်ထက်ပိုပြီး ကြောက်စရာ ကောင်းလာမည်။ )

ယင်းသည် မိုးပြာတိုက်ကြီး၏ ရှေ့ဖြစ်နိမိတ်ဟောစာတမ်းတစ်ခု ဖြစ်ပေမည်။ ၎င်းကို မည်သူ ချန်ထားခဲ့သည် မသိချေ။

သို့တိုင် ထိုစာသားများသည် အိပ်မက်ဆိုးတစ်ခုလို နှစ်များတလျှောက် သူ့ကို ‌ခြောက်လှန့်ထားခဲ့သည်။

ထို့‌နောက် အဝေးမှ လေထုအတွင်း တင်းကြပ်သော ခံစားချက်အချို့ ရရှိလာသဖြင့် ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည်။

ဤအရာများသည် သူ့အသိအမြင်ထက် ကျော်လွန်နေသဖြင့် တစ်စုံတစ်ယောက်ထံပါးမှ အဖြေရှာလို၏။

“ ဝှစ် ... ။ ”

များမကြာခင် အဖိုးအို၏ ပုံရိပ်သည် အဂ္ဂိရတ်မီးဖိုကြီးရှေ့မှ ရိပ်ခနဲ ပျောက်ကွယ်သွား တော့သည်။

All Chapters