← Chapters

စာပေသမားဝမ်ကျိုး။

Vol. 18 Ch. 210

စာပေသမားဝမ်ကျိုး။

Vol. 18 Ch. 210

ဧပြီလ (၄)ရက်နေ့သည် မဟာကျိုးရှိ သာမန်လူများအတွက် သာမာန်နေ့တစ်နေ့ ဖြစ်သည်။

သို့သော် မဟာကျိုးရှိ အင်အားစုကြီးများအတွက်မူ ထိုနေ့သည် အဓိပ္ပါယ်အမျိုးမျိုး ရှိသည်။

ကျွဲခေါင်းတောင်ထိပ်။ အင်ပါယာ မြို့တော်ဖြင့် မိုင်တစ်ရာဝေးသော တောင်ကုန်း တစ်ခုပေါ်တွင် စုရီတစ်ယောက် ဖြည်းညှင်းစွာ သွားလာနေသည်။

ထိုတောင်တန်းကို ကောင်းကင်မှ ကြည့်သော် ကျွဲခေါင်းပုံစံ ဖြစ်တည်နေသဖြင့် ကျွဲခေါင်းတောင်ထိပ်အဖြစ် ခေါ်ဝေါ်ခြင်း ဖြစ်၏။

တောက်တက်လမ်း တစ်နေရာတွင် ပျက်စီးယိုယွင်းနေသော ဘုံကျောင်းကြီးတစ်ခု တည်ရှိသည်။ ဘုံကျောင်းတံခါးသည် ပင့်ကူ အိမ်များ၊ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေ၏။

မြေနတ်ဘုရားကို ရည်စူးထားသော ရွှံ့ရုပ်ထုသည် မြေပြင်ပေါ် ပြိုကျနေခဲ့သည်။ ညနေစောင်းအချိန်တွင် လေပြင်းများ တိုက်ခတ်ပြီး မိုးဖွဲဖွဲကျလာ၏။

စုရီက ဆီစိမ်စက္ကူထီးကို ဆောင်းလျက် မိုး‌ရေအောက်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်း နေခဲ့သည်။

မနက်စောစော အင်ပါယာမြို့မှ ထွက်ခွာလာပြီး လမ်းတလျှောက် အနားယူခြင်း မရှိခဲ့ချေ။

ပျက်စီးနေသော ဘုရားကျောင်းရှေ့သို့ ရောက်သောအခါ ကောင်းကင်ပေါ် မော့ကြည့် လိုက်ကာ ဤနေရာတွင် ခဏအနားယူရန် ဆုံးဖြတ်တော့၏။

“ ချင်းဝမ် ... ။ ”

ဘူးသီးခြောက်အတွင်းမှ အဖြူရောင် အခိုးအငွေ့များ တဖျပ်ဖျပ် ပြေးထွက်လာပြီး ချင်းဝမ်ပေါ်လာသည်။

“ ဘာလိုချင်လို့လဲ တာအိုသခင်။ ”

“ ညစာ တစ်ခုခု သွားရှာပါ အဝေးကြီးတော့ မသွားနဲ့။ ”

စုရီမှ အမိန့်ပေးလိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက် အနီရောင် မီးခိုးတန်းသဖွယ် ပြောင်းလဲပြေးထွက်သွား၏။ စုရီက စက္ကူထီးကို သိမ်းလိုက်ပြီး တံခါးတွန်းဖွင့်ကာ ဘုံကျောင်းထဲ ဝင်လိုက်သည်။

တစ်ဆက်တည်းမှာပင် ကြိမ်ကုလားထိုင် ထုတ်ယူပြီး သက်တောင့်သက်သာ လှဲလျောင်း လျက် မြေပုံကို ထုတ်ယူကြည့်မိ၏။

အင်ပါယာမြို့နှင့် ကျောက်စိမ်း မြို့တော်ကြား မိုင်(၂၀၀၀) ကွာဝေးချေသည်။ လမ်းတစ်လျှောက် မြစ်များ၊ တောင်များနှင့် မြို့များစွာကို ဖြတ်သန်းရနိုင်၏။

သူ့ခရီးစဉ်အရ ကျောက်စိမ်းမြို့သို့ ရောက်ရှိရန် တောင်သုံးလုံး၊ မြစ်ကိုးစင်းနှင့် မြို့(၉)မြို့ ဖြတ်သန်းရပေမည်။

“ ငါးရက်အတွင်း ရွှေမိုးမခမြို့ကို ရောက်နိုင်တယ်။ ”

စုရီက တစ်ကိုယ်တည်း ရေရွတ် လိုက်တော့သည်။ မြေပုံကို သိမ်းပြီးနောက် ဘူးသီးခြောက်ထုတ်ကာ ရေအနည်းငယ် မော့သောက်လိုက်၏။

ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာကာ မိုးသည်းလျက်မိုးရေစက်များက ဘုံကျောင်း အခင်းကျောက်ပြားများအပေါ် တဝုန်းဝုန်းကျဆင်းနေသည်။

ဆိတ်သုဉ်းနေသော တောင်တန်း၏ ပျက်စီးနေသော ဘုံကျောင်းအတွင်း မိုးရွာသော ညနေခင်းကို ငေးကြည့်ပြီး စုရီတစ်ယောက် တိတ်ဆိတ်နေခဲ့သည်။

သို့သော် ဗိုက်ဆာလာသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုမိန်းကလေး ချင်းဝမ်သည် မဟာသခင်တစ်ယောက်နှင့် ယှဉ်နိုင်နေပြီဖြစ်၏။

သားကောင်ဖမ်းရန် ဤမျှ မကြာသင့်ချေ။ ထိုအခိုက်အတန့်တွင် အနီရောင် အရိပ်တစ်ရိပ် ဘုံကျောင်းအတွင်း လွင့်ပျံလာသည်။

သူ မျှော်လင့်နေသော ချင်းဝမ်ပေပင်။ ၎င်းလက်ထဲတွင် ကြီးမားသော ရွှေစပါးအုံးမြွေ တစ်ကောင်ကို ကိုင်ထားပြီး၊

“ တာအိုသခင်၊ မင်းကို စောင့်ခိုင်းရလို့ တောင်းပန်ပါတယ်။ ”

-ဟု ပြောကြားလာသည်။

“ ဘာလို့ ဒီလောက်ကြာနေတာလဲ။ ”

ချင်းဝမ်မှ ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြီး၊

“ လမ်းမှာ ယုန်နဲ့သမင်တွေ အများကြီးတွေ့ပါတယ် အရမ်းသနားစရာ ကောင်းတာနဲ့ မသတ်ဘဲ သင့်တော်တဲ့ သားကောင်ကို ရှာနေခဲ့တာပါ။ ”

-ဟု ပြန်ဖြေ၏။

စုရီက နဖူးကို လက်ဖြင့် ကုပ်လျက်၊

“ မင်းအတွက် တကယ်ခက်ခဲစေမိပြီ။ ”

-ဟု ခေါင်းခါလိုက်တော့သည်။

ထို့နောက် ရွှေစပါးအုံးမြွေကို မီးကင်ရန် အလုပ်ရှုပ် သွားတော့၏။ များမကြာခင် မီးဖိုကြီး တစ်ဖိုတွင် ‌ရွှေစပါးအုံးမြွေကြီးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး တံကျင်ဖြင့် ကင်လေသည်။

ချင်ဝမ်က တစ်ဖက်တွင် ဂရုတစိုက် ထိုင်နေပြီး တံကျင်ကို ကျွမ်းကျင်စွာ လှည့်ကင် ပေးနေ၏။

မိုးများ ပိုသည်းလာပြီး တံစက်မြိတ်မှ ရေတံခွန်တစ်ခုလို စီးဆင်းလာသည်။ စုရီက မြွေသားကင်ကို စားသုံးလျက် တံခါးဝသို့ မော့ကြည့်လိုက်၏။

ရုတ်တရက် ဘုံကျောင်းအပြင်ဘက်မှ တိုးဖျော့ဖျော့ ခြေအသံတစ်စုံက လျင်မြန်စွာ ချည်းကပ်လာနေသည်။

များကြာမီ ကောက်ရိုးမိုးကာအင်္ကျီနှင့် ဝါးဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦး အသွင်ပေါ်လာ၏။ ၎င်းက စုရီကို တိုက်ရိုက် ဦးညွှတ်ကာ၊

“ သခင်လေးစု၊ ငါ့သခင်က ဒီကနေ မိုင်(၂၀)ဝေးတဲ့ နဂါးတံတား တည်းခိုဆောင်မှာ မင်းကို ဧည့်ခံဖို့ စောင့်နေပါတယ် ​​... ။ ”

-ဟု ပြောကြားလိုက်တော့သည်။

သူ့အသံသည် မိုးခြိမ်းသံများ ကဲ့သို့ ကျယ်လောင်ပြီး ကျိုးနေသော ကြွေပြားများကို အနည်းငယ် တုန်ခါသွားစေခဲ့၏။

“ မင်းရဲ့သခင်က ဘယ်သူလဲ။ ”

စုရီက ကြိမ်ကုလားထိုင်တွင် အနားယူလျက်မှ ဝါးဦးထုပ်ဆောင်းထားသည့် အမျိုးသားကို ပြန်မေးလိုက်၏။

“ မင်းရောက်လာတဲ့အခါ သိလိမ့်မယ်။ ”

“ ဒီလို ... မိုးတွေ အရမ်းရွာနေတဲ့ အချိန်မျိုးမှာ မင်းရဲ့သခင်က ငါ့အတွက် ပွဲတစ်ပွဲ စီစဉ်ပေးနေတာလား စိတ်ဝင်စားစရာပဲ။ ”

“ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ ... ။ ”

“ မလိုက်ရင် ဘာဖြစ်မလဲ။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်၏။

“ မင်းမှာ ကျောက်စိမ်းမြို့တော်ကို တစ်ယောက်တည်း သွားရဲတဲ့ ... သတ္တိရှိနေလို့ ငါ့သခင်ရဲ့ ပွဲကိုလည်း လာဖို့ မကြောက်ဘူးလို့ ပြောပါတယ်။ ”

ထို့နောက် စကားကို ခဏရပ်ကာ ဝါးဦးထုပ်ဆောင်းထားသော အမျိုးသားက၊

“ သခင်လေးစု မင်းငြင်းရင် ... နည်းလမ်းနှစ်ခုထဲက တစ်ခုကို ရွေးခွင့်ရှိတယ် လို့ ငါ့သခင်က ပြောပါတယ်။ ”

-ဟု ဖြည့်စွက် ပြောကြားလိုက်၏။

“ ဘယ်လို နည်းလမ်းနှစ်မျိုးလဲ။ ”

ဝါးဦးထုပ် ဆောင်းထားသည့် အမျိုးသားကအေးစက်သော အကြည့်များဖြင့်၊

“ မင်းငါ့ကို သတ်တာပဲ ဖြစ်ဖြစ်၊ ငါ့သခင် အသတ်ကို ခံရတာပဲ ဖြစ်ဖြစ် ... ။ ”

“ ရွှပ် ... ။ ”

စုရီက လက်ချောင်းကို တောက်ထုတ် ပစ်လိုက်၏။ ဓားအလင်း လေထဲပျံသန်းလျက် ဝါးဦးထုပ်ဆောင်ထားသည့် အမျိုးသားထံ ပျံသန်းသွားသည်။

“ ဘောင်း ... ။ ”

ဝါးဦးထုပ်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး အမျိုးသားခမျာ ရုတ်တရက် တောင့်တင်းသွား တော့၏။

“ ငါ့ကို မသတ်တဲ့အတွက် ... ကျေးဇူးတင်ပါတယ် သခင်လေး။ ”

‌ကျောရိုးတစ်လျှောက် အေးစက်သော ချွေးများဖုံးလွှမ်းလာကာ စိတ်ဝိညာဉ်တစ်ခုလုံး တုန်ရင်နေခဲ့သည်။

“ လမ်းပြပါ ... ။ ”

စုရီက ကြိမ်ကုလားထိုင်ပေါ်မှ မတ်တပ်ထရပ်ပြီး ချင်းဝမ်ကို ဘူးသီးခြောက် အတွင်း ဝင်စေလိုက်၏။

***

ဝေးလံခေါင်သီသော တောင်တက်လမ်း တစ်နေရာတွင် အဆောက်အအုံကြီး တစ်လုံးနှင့် ကျောက်တုံးမဏ္ဍပ်ကြီး ငါးခုတည်ရှိသည်။

သို့သော် အလယ်ဗဟိုရှိ အဆောက်အအုံ၌သာ မီးအလင်းရောင်အချို့ လင်းလက်နေ၏။

“ ကျွီ ... ။ ”

ဝါးဦးထုပ်ကို ဆောင်းထားသည့် အမျိုးသားက ထိုအရပ်သို့ ဦးတည်သွားချေပြီ။ တံခါးတွန်းဖွင့်သောအခါ အပူလှိုင်းများက အပြင်သို့ ရိုက်ခတ်လာ၏။

ခန်းမကျယ်ကြီး တစ်ခုအတွင်းတွင် စားပွဲရှည်ကြီးတစ်လုံးနှင့် အရသာရှိလှသော ဟင်းလျာများ၊ သစ်သီးများနှင့် အဆာပြေ မျိုးစုံကို ပြင်ဆင်ထား၏။

အပြင်ဘက်တွင် လေထန်ပြီး အေးစက်နေသော်လည်း အတွင်း၌နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်စေသည်။

စားပွဲရှည်ကြီး၏ အဆုံးတွင် ဓားတစ်လက်ကဲ့သို့သော မျက်ခုံးမွှေးတစ်စုံဖြင့် အမျိုးသားတစ်ဦး ထိုင်နေ၏။

၎င်းရှေ့စားပွဲပေါ်တွင် ပျင်းရိနေသော ကြောင်နက်တစ်ကောင် လဲလျောင်း နေခဲ့သည်။ ၎င်းမှာ ကြောင်မုတ်ဖြစ်ပြီး စုရီဝင်လာသည်နှင့် ခေါင်း‌မော့ကာ စိုက်ကြည့်တော့၏။

“ ဆရာ၊ သခင်လေးစု ရောက်ပါပြီ။ ”

စားပွဲတွင်ထိုင်နေသော အမျိုးသားက ခေါင်းညိတ်ပြပြီးနောက် မတ်တတ်ထရပ်ကာ စုရီထံ ဦးညွှတ်လေသည်။

“ စာပေသမား ဝမ်ကျိုး ... သခင်လေးစုကို နှုတ်ခွန်းဆက်ပါတယ်။ ”

စာပေသမားဝမ်ကျိုးဟူသည် ကောင်းကင်လမ်း အကယ်ဒမီသခင် ဖြစ်ကာ ဘုရင်ဘွဲ့ကို ရရှိထား၏။

အသက် (၁၇)နှစ်တွင် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူဖြစ်လာပြီး (၂၇)နှစ်တွင် ဘုရင်ဘွဲ့ ရရှိခဲ့သည်။

ရှစ်ဖန်းခန်းမမှ ၎င်းအပေါ် နဂါးအသွင်အပြင်နှင့် ဖီးနစ်တစ်ကောင်ဟု ဖော်ညွှန်းထားသည်။

လက်ရှိအသက်သည် (၃၇)နှစ် ဖြစ်ပြီး ရှင်ရှင်းအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ အနှစ် နှစ်ဆယ် ရှိသွားပြီ ဖြစ်၏။

စုရီမှ ၎င်းကို စိတ်ဝင်စားခြင်းမရှိဘဲ စားပွဲခုံပေါ်ရှိ ကြောင်မုတ်ထံ စိတ်ဝင်တစား ပြန်ကြည့်နေခဲ့သည်။

“ ပြောပါ ... မင်းက ဘာလို့ ဒီမှာပွဲကျင်းပပြီး ငါ့ကိုစောင့်နေရတာလဲ။ ”

အဆုံးတွင် ခေါင်းညိတ်ပြလိုက်ပြီး စားပွဲတစ်ဖက်တွင် ခုံရွေးကာ ဝင်ထိုင်တော့၏။ စာပေသမားဝမ်ကျိုးက အနည်းငယ် ပြုံးလျက်၊

“ သခင်လေးစု ... ၊ မင်းက အရမ်း စိတ်မြန်တာပဲ ... ဒါဆို ငါဝေ့ဝိုက်မနေတော့ဘူး ငါမင်းနဲ့ ဆွေးနွေးစရာ နည်းနည်းရှိလို့ ဖိတ်ခေါ် လိုက်တာပါ။ ”

-ဟု ပြောကြားလိုက်သည်။

စုရီက မျက်ခုံးပင့်လျက်၊

“ ပြောပါ။ ”

-ဟု မေးဆတ်ပြလိုက်၏။

“ သခင်လေးစု အခြားသူတွေက မင်းရဲ့ကံကောင်းမှုနဲ့ လျှို့ဝှက်ချက်တွေအပေါ် စိတ်ဝင်စားကြပေမယ့် ... ငါကတော့ မင်းကို လူတစ်ယောက်လို တန်ဖိုးထားပါတယ်။ ”

စာပေသမားဝမ်ကျိုးမှ စကားခဏရပ်ပြီး စားရှေ့သို့ အနည်းငယ် ငုံ့ကိုင်းကာ ဝိုင်တစ်ခွက် ငှဲ့ပေးလျက်၊

“ ဒါကြောင့် မင်းကို ငါနဲ့အတူ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

All Chapters