← Chapters

မိုးကြိုးမီးလျှံ ဝင်္ကပါ။

Vol. 18 Ch. 211

မိုးကြိုးမီးလျှံ ဝင်္ကပါ။

Vol. 18 Ch. 211

“ ငါ့ကို ခေါ်ဖို့ ကြိုးစားနေတာလား။ ”

စုရီ၏ အနည်းငယ် အံ့အားသင့်သွားသော အမူအရာကြောင့် စာပေသမား ဝမ်ကျိုးမှ ပြုံး၏။

“ ဟုတ်ပါတယ်၊ ငါ့ရဲ့ ရိုးသားမှုကို ပြဖို့အတွက် အာမခံချက် နှစ်ခုရှိတယ် ပထမ အာမခံချက်က ... မင်းငါ့အဖွဲ့ထဲဝင်ရင် စုမိသားစုက မင်းကိုထပ်ပြီး ရန်ပြုဝံ့တော့မှာ မဟုတ်ဘူး ... ။ ”

ထို့နောက် လက်ညှိုး နှစ်ချောင်း ထောင်ပြကာ၊

“ ဒုတိယအချက်က၊ မင်းကို မူလတာအိုနယ်ပယ်ထဲ လျှောက်လှမ်းဖို့ ဝိညာဉ် တာအို နယ်ပယ် ကျွမ်းကျင်သူရဲ့ လမ်းညွှန်မှုပေးနိုင်တယ် ...

... မင်းရဲ့ အရည်အချင်းအရ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူရဲ့ လမ်းညွှန်မှုတွေကြောင့် အနာဂတ်မှာ ...

... ဝိညာဉ်တာအို နယ်ပယ်အထိပါ ရောက်နိုင်လိမ့်မယ် ဒါက ဒီဝမ်ရဲ့ ရိုးသားမှုပဲ ကျေးဇူးပြုပြီး စဉ်းစားပေးပါ သခင်လေး။ ”

ဝမ်ကျိုးမှ ယဉ်ယဉ်ကျေးကျေးဖြင့် ယုံကြည်မှုရှိစွာ ပြောကြားလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ စည်းရုံးနေသည်မှာ စုရီဖြစ်နေ၏။

အခြားသူများအတွက် ကောင်းကင်လမ်း အကယ်ဒမီဟူသည် ကြီးစွာသော တောင်ကြီး တစ်လုံးဖြစ်သည်။

စုရီမှ ယင်းကို မသိချေ။ သိခဲ့လျှင်ပင် စိတ်ဝင်စားမည် မဟုတ်သဖြင့် စားပွဲခုံအပေါ် လက်ချောင်းများ ခေါက်ကာ၊

“ မင်း အမှန်တရားကို ကြားချင်လား။ ”

-ဟု ပြန်မေးလိုက်သည်။

“ သခင်လေး၊ မင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တာ ငါသိတယ် ... ပြောပါ နားထောင် နေပါတယ်။ ”

“ တကယ်တော့ ... မင်းရဲ့ အာမခံချက်တွေက ငါ့မျက်လုံးထဲမှာ ဟာသပဲ။ ”

“ ဟာသလား ... ။ ”

ဝမ်ကျိုး၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်လိုက် တော့၏။ စုရီမှ ခဏမျှစဉ်းစားပြီး၊

“ မင်း မသိတာဖြစ်လို့ ... ငါက ခြွင်းချက်ထားပြီး နောက်ထပ် စကားနည်းနည်း ထပ်ပြောပြမယ်။ ”

“ ဟမ့် ... မောက်မာလိုက်တာ။ ”

ဝမ်ကျိုးတစ်ယောက် အနည်းငယ် ပြုံးမိပြန်သည်။ ရယ်ရမည်လော။ ငိုရမည်လော မသိတော့ချေ။

တစ်ဖက်လူသည် မာနနှင့် အသက်အရွယ် မလိုက်ချေ။ မည်သို့သော အကြောင်းပြချက်မျိုး ပေးမည်ကို သိချင်လာ၏။

“ ဒီခရီးစဉ်က စုမိသားစုနဲ့ သွားတွေ့ဖို့ ... ငါတစ်ယောက်တည်း သွားနေတာကို ... မင်း မေ့နေပုံရတယ် ... ဒါဆို ငါဘာလို့ မင်းရဲ့ အကူအညီလိုအပ်နေမှာလဲ။ ”

ထိုမေးခွန်းကြောင့် ဝမ်ကျိုးခမျာ မျက်ခုံးပင့်လိုက်တော့၏။

“ ဒုတိယ အချက်အနေနဲ့ ဝိညာဥ်တာအို နယ်ပယ် ကျွမ်းကျင်သူက ... ငါ့ကို လမ်းညွှန်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး။ ”

ဤတစ်ကြိမ်၌ စုရီတစ်ယောက် သူ့အထင်အမြင်သေးမှုကို ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။ ဝမ်ကျိုး၏ အပြုံးများ အနည်းငယ် အေးခဲသွားစေသည်။ ခဏအကြာတွင် ခေါင်းယမ်းလျက်၊

“ သခင်လေးစု ငယ်ငယ်ရွယ်ရွယ်နဲ့ မောက်မာတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူအပေါ် ...

... မင်းရဲ့အမြင်က ငါထင်ထားတာ ထက်တောင် ပိုမိုက်မဲနေတယ်လို့ ဘာကြောင့် ခံစားနေရတာလဲ။ ”

-ဟု တုန့်ပြန်လိုက်၏။

စုရီက နှုတ်ဆိတ်နေခဲ့သည်။ သူ့အတွက် ဆက်ရှင်းပြရန် ပျင်းလွန်း၏။ “အဝိဇ္ဇာ” ဟူသော စကားလုံးသည် ဤကဲ့သို့သော အချိန်အခါမျိုး၌ အပြည့်အဝ အဓိပ္ပါယ်ဆောင်နေသည်။

အမှန်အတိုင်းပြောသော်မှ အချည်းနှီး ပြောဆိုခြင်းဟု မှတ်ယူပေလိမ့်မည်။ ဝမ်ကျိုးမှ ဝိုင်တစ်ခွက် ငှဲ့သောက်လိုက်ပြီး စုရီကို ကြည့်နေခဲ့သည်။

ထင်ရှားသည်မှာ သူသည်လည်း ဝိညာဉ် တာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူ မည်မျှ ထိတ်လန့်စရာ ကောင်းနေသည်ကို စုရီနှင့် ငြင်းခုံရန် အလွန်ပျင်းနေခဲ့၏။

သူပြော​လျှင်ပင် တစ်ဖက်လူသည် နားမလည်နိုင်ချေဟု ယူဆမိသည်။ စုရီသည် ငယ်လွန်းနေသေးချေပြီ။

“ မင်းငါ့ကို ဘယ်လိုတွေ့တာလဲ။ ”

“ ဟား ဟား ဟား ... သခင်လေး ဧပြီလလေးရက်နေ့မှာ အင်ပါယာမြို့တော်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းကို ... လူတိုင်း သိပြီးသားပါ။ ”

“ ဒါပေမယ့် ... ငါဘယ်လမ်းကနေ သွားမယ်ဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ”

“ မဟုတ်ဘူး၊ တစ်ယောက်ယောက် သိတယ်။ ”

“ ဘယ်သူလဲ ... ။ ”

“ ရှစ်ဖန်းခန်းမ ... ။ ”

စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ ဝမ်ကျိုးမှ အနည်းငယ် ပြုံးလိုက်ကာ၊

“ မင်းမြို့ကနေ ထွက်လာပြီးတည်းက ရှစ်ဖန်းရဲ့လျှပ်စီးငှက်တွေက ကောင်းကင်ကနေ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ ...

... သူတို့က အရမ်း မျက်စိစူးရှပြီး ... တစ်စုံတစ်ယောက်အပေါ် ပစ်မှတ်ထားလိုက်ရင် မင်းဘယ်နေရာပဲ ရောက်နေနေ မင်းရဲ့နေရာကို ချက်ချင်း ရှာနိုင်တယ် ...

... ဒီနည်းနဲ့ မင်းရဲ့တည်နေရာကို သိလိုသူတွေအတွက် စျေးကြီးကြီးနဲ့ သတင်း ရောင်းကြလိမ့်မယ်။ ”

“ မင်းကို အရင်ဆုံးရှာတွေ့ဖို့ ငါ့အတွက် တတိယတန်း ဝိညာဉ်ကျောက်တုံး ငါးရာတိတိ ပေးခဲ့ရတယ်။ ”

ဝမ်ကျိုးက အနည်းငယ် နာကျင်စွာဖြင့် ​ရှင်းပြလာသည်။

“ ရှစ်ဖန်းခန်းမ ... ။ ”

စုရီတစ်ယောက် မျက်ဝန်းများ အနည်းငယ် မှေးစင်းသွား၏။ သူ့ခရီးစဉ်သည် ၎င်းတို့အတွက် ငွေတွင်းကြီးဖြစ်နေပုံရသည်။

“ ဒါပေမယ့် မင်းစိတ်မပူပါနဲ့ ငါတို့နဲ့ ပူးပေါင်းလိုက်ရင် ဒီအန္တရာယ်တွေ အကုန်လုံး မျက်စိတစ်မှိတ်အတွင်း ပျောက်သွား ပါလိမ့်မယ်။ ”

“ ဟား ဟား ဟား ... မဟုတ်ဘူး၊ ဒါက အရမ်းကောင်းတယ်။ ”

“ ဟမ့် ... ။ ”

“ ရိုးရိုးသားသား ပြောရရင် ... လမ်းတစ်လျှောက်လုံး ငါစဉ်းစားနေတာ တစ်ခု ရှိတယ် ... ​​ငါ့ကို သတ်ချင်တဲ့လူတွေ ... ငါ့ကို ရှာမတွေ့ခဲ့ရင် ...

... ဘာလုပ်ရမလဲ ဆိုတာကိုပေါ့ ... အခုတော့ရှစ်ဖန်းခန်းမက ငါ့ကို ကူညီနေတာမို့ စိတ်သက်သာရာ ရသွားပြီ။ ”

“ ..... ။ ”

ထိုစကားကို ကြားပြီးနောက် ဝမ်ကျိုးခမျာ လုံးဝအံ့အားသင့်သွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။

ဤအခြေအနေအောက်တွင် သူ ကမ်းလှမ်းခဲ့သော အရာများကို တစ်ဖက်လူမှ လက်ခံလိမ့်မည်ဟု မူလက ထင်ခဲ့၏။ ယခုကဲ့သို့ ခေါင်းမာနေလိမ့်မည်ဟု မထင်ထားမိချေ။

“ မင်းပိုင်တဲ့ အင်အားစုအကြောင်း ပြောပြလို့ ရမလား။ ”

စုရီက မေးသည်။ ဝမ်ကျိုးမှ ဝမ်းသာအားရဖြင့်၊

“ မင်းဝင်ဖို့ သဘောတူရင် ငါသိသမျှကို ငါပြောပြမယ်။ ”

-ဟုပြန်ဖြေ၏။

“ ငါငြင်းရင် ဘယ်လိုလုပ်မလဲ ... ။ ”

ထိုအဖြေကြောင့် ဝမ်ကျိုးက မျက်ဝန်းများ မှေးစင်းလျက် သက်ပြင်းချကာ၊

“ သခင်လေးစု၊ မင်းလေးလေးနက်နက် စဉ်းစားဖို့ မျှော်လင့်ပါတယ် ... ရိုးရိုးသားသား ပြောရရင် မင်းလိုတောက်ပတဲ့ အနာဂတ်ရှိတဲ့ လူငယ်တစ်ယောက်ကို ဒီတောထဲမှာ မြှုပ်နှံ မထားခဲ့ချင်ဘူး။ ”

လေထုတစ်ခုလုံး ရုတ်ချည်း တင်းမာလာတော့၏။ ထိုအချိန်တွင် တစ်ချိန်လုံး စားပွဲခုံပေါ်တွင် ပျင်းရိနေသော ကြောင်မုတ်က စုရီထံ ခေါင်းထောင်ကြည့်သည်။

“ မင်း စမ်းကြည့်ပါလား။ ”

စုရီက ပြုံးကာ ဖိတ်ခေါ်လိုက်သည်။ ဝမ်ကျိုးမှ နှုတ်ဆိတ်သွား၏။ ခဏအကြာတွင် သက်ပြင်းချလျက်၊

“ အမှန်တော့ မင်းဒီကို မလာသင့်ဘူး သခင်လေးစု ဒီတည်းခိုခန်က ထောင်ချောက် ဆိုတာ မင်းသိသင့်တယ်၊ ငါ့အဖွဲ့ထဲမှာ ...

... ဝင်္ကပါပညာရပ်ကို ကျွမ်းကျင်တဲ့ ပဉ္စမအဆင့် မဟာသခင်တွေရှိတယ် ... လုပ်ကြံ သတ်ဖြတ်မှုမှာ ကျွမ်းကျင်တဲ့ ရှန်ရှင်းအဆင့် သတ်ဖြတ်ရေးသမားတွေ ရှိတယ် ပြီးတော့ ... ။ ”

“ မြန်မြန်လုပ်ပါ ... ငါပျင်းလာပြီ။ ”

စုရီက တစ်ဖက်လူကို စကားပြီးအောင် မစောင့်တော့ဘဲ ပြောကြားလိုက်တော့သည်။ ဝမ်ကျိုးတစ်ယောက် စကားရပ်သွားကာ ဝိုင်ခွက်ကို ပြန်ချလိုက်၏။

ထို့နောက် ကြောင်မုတ်ကို ကောက်ပွေ့လျက်၊

“ သနားစရာကောင်းလိုက်တာ ... ။ ”

-ဟု ညည်းတွားလိုက်တော့သည်။

( ကြောင်မုတ်= အာဖရိကနှင့် အာရှ တောင်ပိုင်းမှ ကြောင်မျိုးစိတ်၊ ကြွက်မျက်နှာနှင့် ကြောင်။)

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ဝမ်ကျိုး ပုံသဏ္ဍာန်သည် ဝေဝါးလျက် ထိုင်ခုံပေါ်မှ ရိပ်ခနဲ ပျောက်ကွယ်သွားချေပြီ။

ခန်းမတစ်ခုလုံး မီးအိမ်များ တစ်လုံးပြီး တစ်လုံးငြိမ်းသွားကာ ထည်ဝါသောနန်းတော်က ချက်ချင်း အမှောင်ကျသွားသည်။

“ ဂျိန်း ... ။ ”

ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ခန်းမအတွင်း မီးတောက်များ လျှံတက်လာ၏။

လေပြင်းတိုက်သံ၊ မိုးခြိမ်းသံ၊ လျှပ်စီးနှင့် သတ်ဖြတ်လိုသော ရောင်ဝါများ ပြည့်နှက်သွား ချေပြီ။

လေ၊ မီး၊ မိုးကြိုး၊ မြူ စသည့် လေးပါးက အဖျက်စွမ်းအင်များအဖြစ် ပေါင်းစည်းသွားကာ ထိုင်ကျန်ရစ်သော စုရီအပေါ် ဖုံးအုပ်လာ၏။

“ ဟမ့် ... သနားစရာ ဝင်္ကပါလေးပဲ။ ”

ဤသည်မှာ သတ်ဖြတ်ခြင်း ဝင်္ကပါဖြစ်၏။ ခန်းမထဲဝင်ကတည်းကပင် မီးပုံး (၂၄)လုံးသည် ဝင်္ကပါဆုံမှတ်များ ဖြစ်ကြောင်း သူ တွေ့ရှိထားခဲ့သည်။

ကြမ်းပြင်ပေါ်ရှိ ကော်ဇောနီ၊ စားပွဲနှင့် ဝမ်ကျိုး ထိုင်နေသည့် အနေအထား အပါအဝင် အရာရာတိုင်း ဆန်းကြယ်မှုများ ရှိနေ၏။

ထို့ကြောင့် သတ်ဖြတ်ခြင်း ဝင်္ကပါ အသက်ဝင်လာသောအခါ ထိတ်လန့်ခြင်းမရှိဘဲ မတ်တပ်ထရပ်လျက် သူထိုင်ခုံကို နေရာ ရွေ့လိုက်တော့သည်။

“ ရွှပ် ... ။ ”

ထို့နောက် မီးအိမ်များ တဖျပ်ဖျပ် ပြန်လင်းလာစဉ် ဓားအလင်းများ တောက်ထုတ် ပစ်ခတ်လိုက်သည်။

“ ဘုန်း ... ။ ”

မီးအိမ်ကွဲထွက်သွား၏။ တဟုန်းဟုန်း တောက်လောင်လာသော မီးတောက်များသည် စုရီနှင့် သုံးပေအကွာ၌ ချက်ချင်း ရပ်တန့်သွား တော့သည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ထို့နောက် စုရီထံမှ ဓားအလင်းများစွာက အမှောင်ထုကို ဖြတ်သန်းလျက် အရပ်မျက်နှာ အသီးသီးသို့ ဆက်၍ပြေးထွက်သွား၏။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

မီးအိမ်ပေါက်ကွဲသံများ ညံလာကာ၊ လေပြင်းများ ငြိမ်သက်သွားတော့သည်။ မြူနှင့် မိုးကြိုးများ အားလုံး ဒီရေကဲ့သို့ ပြန်လည် ဆုတ်ခွာသွား၏။

“ ဝုန်း ... ။ ”

အဆုံးတွင် မျက်စိတမှိတ်အတွင်း နန်းတော်ကြီးခမျာ ပျက်စီးပြိုကျသွားချေပြီ။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ကောင်းကင်နှင့် မြေကြီးမှာ မည်းမှောင်နေ၏။

တည်းခိုခန်းနှင့် ပေတစ်ရာအကွာတွင် ဝမ်ကျိုးက ကြောင်မုတ်ကို ရင်ခွင်ထဲပွေ့ကာ ညင်သာစွာ ပွတ်သပ်လျက် ထိုမြင်ကွင်းကို ကြည့်နေကာ၊

“ ဒီလောက် မာနကြီးတဲ့ လူငယ်မျိုး ငါမမြင်ဖူးဘူး ... နှမျောစရာ ကောင်းလိုက်တာ ။ ”

-ဟု ညည်းတွားလိုက်တော့သည်။

သူ့ဘေးတွင် အရပ် ဆယ်ပေခန့် မြင့်မားသော ဧရာမလူသန်ကြီးတစ်ယောက် ထီးတစ်လက်ကိုင်ကာ ရပ်နေခဲ့၏။

ထီးက ဝမ်ကျိုးအပေါ် မိုးရေစက်များ ကျဆင်းခြင်းမှ ကာကွယ် ပေးထားသော်လည်း သူ့ခန္ဓာကိုယ်ကိုမူ မိုးရေများဖြင့် စိုရွဲစေခဲ့သည်။ ဝမ်ကျိုးမှတ်ချက်ကြောင့် ၎င်းက ပြုံးလျက်၊

“ ငါတို့ သူ့ကိုမသတ်ရင် ... တခြား တစ်ယောက်ယောက်က သတ်ပစ်ပါလိမ့်မယ် ဒါဆို သူ့ရတနာတွေ ဖြုန်းတီးရာ ... ရောက်ကုန်မှာ။ ”

-ဟု တုန့်ပြန်တော့၏။

“ လူတွေက ငွေအတွက် သေပြီး ... ငှက်တွေက အစာအတွက်သေတယ် ဒီစကားက တကယ် မလိမ်ဘူးပဲ ... အစ်ကိုချုံးမင် ...

... မင်းရဲ့ မိုးကြိုးမီးလျှံဝင်္ကပါငယ်က အရမ်းကောင်းတယ် မသေရင်တောင် ဒဏ်ရာ အပြင်းအထန်ရသွားမှာပဲ။ ”

သူ့စကားဆုံးသည်နှင့် မူလ နှစ်ယောက်တည်း ရပ်နေသော ထိုနေရာတွင် အဖိုးအိုတစ်ယောက် ရုတ်ချည်းပေါ်လာ၏။

“ ဆရာဝမ် ... ၊ မင်းက ယဉ်ကျေး လွန်းနေပါပြီ ... ဒီအဖိုးကြီးရဲ့ ဝင်္ကပါပညာရပ်က အခြေခံပဲ ရှိပါသေးတယ်။ ”

-ဟု ကျိုးနွံစွာ ပြောကြားလိုက်၏။

သို့သော် မျက်နှာတွင် ထိုစကားနှင့် ဆန့်ကျင်ဘက် ဝင့်ကြွားမှုများ အပြည့် ရှိနေ ခဲ့သည်။

“ ဟမ့် ... ဒါအခြေခံတဲ့လား ငါ့အမြင်အရတော့ ဒီဝင်္ကပါက အရမ်းညံ့လွန်းပြီး အခြေခံလို့တောင် ခေါ်ဖို့မသင့်ပါဘူး။ ”

ရုတ်တရက် မိုးရေစက်များအောက်တွင် စက္ကူထီးတစ်လက် ဖွင့်ဆောင်းလျက် စုရီက တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့ချေပြီ။

All Chapters