တောင်နှင့်မြစ်ကို ခွဲဖို့ ဓားတစ်လက်ရှိတယ်။
Vol. 18 Ch. 212
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
အဖိုးကြီးက မျက်လုံးများ ပြူးကျယ် သွားသည်။ သူ တည်ဆောက်ထားခဲ့သည့် မိုးကြိုးမီးလျှံ ဝင်္ကပါငယ်သည် ရှန်ရှင်း ကျွမ်းကျင်သူကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်၏။
ဝမ်ကျိုးသည်လည်း အနည်းငယ် မျက်ခုံးပင့်လျက် စိတ်လှုပ်ရှားစွာ သက်ပြင်းချ လိုက်သည်။
“ ဝင်္ကပါဆိုတာ ပြင်ပခွန်အား တစ်ခုပါ ... ။ ”
ဝမ်ကျိုးကို ထီးဆောင်းပေးနေသော လူထွားကြီးက ပြုံးလျက် မှတ်ချက်ပေးလိုက် တော့၏။ အဖိုးအိုခမျာ စကားမပြောနိုင်ချေ။
“ ဒင် ... ။ ”
ရုတ်တရက် မိုးသံလေသံများထက် တိုးညှင်းသော လေခွင်းသံတစ်သံကို စုရီမှ ကြားလိုက်ရတော့သည်။
ထို့ကြောင့် လက်တစ်ဖက်ဖြင့် စက္ကူထီးကိုကိုင်မှ ညာလက်က လေထဲသို့ ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။
“ ဝုန်း ... ။ ”
သူနှင့် ဆယ်ပေအကွာတွင် အနက်ရောင်လေဓားတစ်စင်း ပေါက်ကွဲသွား၏။ ယင်းသည် အစသာ ဖြစ်သည်။
“ ဒင် ... ။ ”
စူးရှသော လေခွင်းသံများ ထပ်မံ ပဲ့တင်ထပ်ကာ နေရာပေါင်းစုံမှ လေဓားများ လွင့်ပျံလာတော့သည်။
ထိုလေဓားများသည် ပုစဉ်းရင်ကွဲ အတောင်ပံများအလား ပါးလွှာနေခဲ့ပြီး မိုးမခ အရွက်များကဲ့သို့ ပေါ့ပါးလှ၏။
မိုးရေစက်များနှင့် အမှောင်ထုအောက်တွင် ရှာဖွေရန်ခက်ခဲချေပြီ။ ယင်းသည် အလစ်အငိုက် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ရာ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကိုပင် အခက်ကြုံစေနိုင်၏။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
စုရီက ရပ်လိုက်ရသည်။ ထို့နောက် အနက်ရောင် ဓားတစ်လက်ကို ဆွဲထုတ်ကာ ခုတ်ပိုင်းပစ်လိုက်၏။
“ ကျီး ... ။ ”
တစ်ဆက်တည်းမှာပင် မရဏ အငွေ့အသက်များ လွှမ်းခြုံလျက် ငရဲကမ္ဘာကြီး အလား ငှက်တစ်ကောင်၏ အော်မြည်သံများ ကြားလာရတော့သည်။
“ ဒါ ... ။ ”
ကျောက်ဆောင်တစ်ခုပေါ်တွင် ကုချင်းတီးနေသော အနက်ဝတ် အမျိုးသမီး ခမျာ အံ့သြမှင်သပ်သွားချေပြီ။
သူသည် ဤကုချင်းသံစဉ်ဖြင့် ဓားရည်ရွယ်ချက်များကို ပေါင်းစပ်ကာ အဝေးမှ ရန်သူများကို သတ်နိုင်၏။ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူပင် မလွတ်ချေ။
“ ဒင်း ... ။ ”
ထို့နောက် အံကြိတ်လျက် ကုချင်းကို ဆက်တီးရန် လက်ဆယ်ချောင်းလုံး တင်လိုက် တော့သည်။
“ မင်းအမှားကြီး ကျူးလွန်မိသွားပြီ၊ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ပစ်မှတ် အပေါ် လွဲချော်သွားရင် ... ချက်ချင်း ထွက်ပြေးသင့်တယ်။ ”
မောက်မာလွန်းသော မှတ်ချက်အချို့ ပဲ့တင်ထပ်လာပြီး အနက်ရောင် ဓားအလင်းက သူမအပေါ် ပြုတ်ကျလာချေပြီ။
“ ထောင်း ... ထောင်း ... ။ ”
ကုချင်းကြိုးများ တစ်ခုပြီးတစ်ခု ပြတ်တောက်သွားကာ တူရိယာကြီးခမျာ ထက်ခြမ်းကွဲသွားခဲ့၏။
သူမတွင်လည်း ထိုင်လျက်ဖြင့် နဖူး၊ နှာခေါင်း၊ နှုတ်ခမ်း၊ မေးစေ့၊ လည်ချောင်းနှင့် ရင်ဘတ်တို့ကို ဖြတ်လျက် အနီရောင် မျဉ်းတစ်ကြောင်း ပေါ်လာခဲ့၏။
“ ဓားကောင်းတယ် ... ။ ”
အနက်ဝတ် အမျိုးသမီးက ဝမ်းနည်း ကြေကွဲနေသော အသံဖြင့် မှတ်ချက်ပေးကာ ပြိုကျသွားတော့သည်။
ခန္ဓာကိုယ်ခမျာ ဖရဲသီးကဲ့သို့ နှစ်ခြမ်း ကွဲသွား၏။ မိုးရေစက်များကြောင့် မြေပြင်တွင် သွေးများ ပျံ့ကျဲလာချေပြီ။
တစ်ဖက်တွင် စုရီက လျစ်လျူရှုလျက် ဝမ်ကျိုးထံ ဆက်လျှောက်သွား၏။ မိုးရေစက် များက စက္ကူထီးပေါ် တဝုန်းဝုန်း ရိုက်ခတ် နေဆဲပေပင်။
“ ဖွဲ့စည်းမှု အသက်ဝင် ... ။ ”
လူသန်ကြီးက ရုတ်တရက် ထီးကိုပစ်ချလိုက်ပြီး မျောက်ဝံကြီးတစ်ကောင် ကဲ့သို့ ကောင်းကင်ပေါ် ခုန်တက်ကာ အော်ဟစ်လိုက်တော့၏။
“ ဝှစ် ... ။ ”
အနက်ရောင် အငွေ့အသက်များ ရစ်သိုင်းနေသည့် လူ (၁၈)ယောက် အမှောင်ရိပ် အတွင်းမှ ရုတ်ချည်းပေါ်လာသည်။
၎င်းတို့သည် အမျိုးသားနှင့် အမျိုးသမီးများ ဖြစ်ကာ ထုံထိုင်းထိုင်း အမူအရာမျိုးဖြင့် စုရီကို ဝိုင်းရံလိုက်တော့၏။
ထို့နောက်တွင် ၎င်းတို့ထံမှ အနက်ရောင် အခိုးအငွေ့များ ပေါက်ကွဲထွက်လာပြီး လေထဲရှိ လူသန်ကြီးရောင်ဝါနှင့် ပေါင်းစပ်သွားသည်။
ထို့ကြောင့် လူသန်ကြီးရောင်ဝါမှာ တစ်ဟုန်ထိုးမြင့်တက်လာပြီး မိုးရေစက်များပင် တိုးမပေါက်ဖြစ်လာတော့၏။
အလွန်ကြောက်စရာ ကောင်းချေပြီ။ ထိုရောင်ဝါသည် ရှဟိုလင်းနှင့် မျက်ခုံးဖြူဘုရင် တို့ထက် သာလွန်နေ၏။
ဆိုလိုသည်မှာ နေရာယူထားသော အထွတ်အထိပ် မဟာသခင်(၁၈)ပါး ခွန်အားကို ရယူထားခြင်းပေပင်။
ဝမ်ကျိုးက သူ့ရင်ခွင်ထဲရှိ ကြောင်မုတ်ကို ညင်သာစွာ ငုံ့နမ်း၏။ ဤလူသန်ကြီး အမည်မှာ ထျဲခုန်ဖြစ်သည်။
နဝမအဆင့် ဝိညာဉ်သားရဲထက် ပို၍ အစွမ်းထက်သော ဝိညာဉ်သားရဲတစ်ကောင်မှ လူ့သားအသွင် ခံယူထားခြင်းဖြစ်၏။
၎င်း၏ စစ်မှန်သော ပုံစံသည် ကြမ်းတမ်းသော မျောက်ဝံတစ်ကောင် ပေပင်။ ယောကျ်ား၊မိန်းမ (၁၈)ယောက်သည်လည်း မျောက်ဝံများဖြစ်၏။
၎င်းတို့နေရာယူထားသော ပုံစံကို ‘ခြောက်ထောင့်ကြယ် ချီစုစည်းမှု ဖွဲ့စည်းမှု’ -ဟု ခေါ်တွင်သည်။
ဤဖွဲ့စည်းမှုဖြင့် ထျဲခုန်သည် ၎င်းမဟာသခင်(၁၈)ပါးနှင့် ညီမျှသော မျောက်ဝံ များ၏ စွမ်းအားကို ရယူနိုင်၏။
ဝမ်ကျိုးသည်ပင် အစွမ်းအထက်ဆုံး ဝှက်ဖဲကို မသုံးဘဲ ထျဲခုန်အပေါ် အနိုင်ယူရန် မဖြစ်နိုင်တော့ချေ။
“ သတ် ... ။ ”
ထျဲခုန်မှ တောင်ကြီးတစ်လုံးကဲ့သို့ ကောင်းကင်မှ ခုန်ချလာသည်။ ရောင်ဝါကြောင့် မိုးစက်များခမျာ သူသွားရာ လမ်းတစ်လျှောက် ပြန်ကန်လွင့်စင်ကုန်၏။
“ ဝူး ... ။ ”
၎င်း၏ လက်သီးကြီးသည်လည်း တောင်ကြီးတစ်လုံးကဲ့သို့ လေဟာနယ်ကို ခွင်းလျက် စုရီပေါ် ပြုတ်ကျလာသည်။
သို့တိုင် စုရီမှ ခေါင်းရမ်းသည်။ သူသည် မဟာသခင် ပထမအဆင့် ဖြင့်ပင် ရှဟိုလင်းနှင့် မျက်ခုံးဖြူဘုရင်ကို သတ်ပစ်ခဲ့သည်။ ယခုတွင် ဒုတိယအဆင့် ဖြစ်၏။
“ ဝှစ် ... ။ ”
ထျဲခုန်ထိုးနှက်လာသော လက်သီးစွမ်းအားထက် မနိမ့်သော ဓားအလင်း တစ်လက် ပြေးထွက်သွားသည်။
“ ခရစ် ... ။ ”
သွေးနီရောင် လက်သီးအလင်းမှာ ထိုဓားအလင်းနှင့် ထိချိန်၌ သစ်ပုပ်ပင်ကဲ့သို့ ချက်ချင်း ပျံ့ကျဲသွားသည်။
“ ဟမ့် ... ။ ”
လေထုအလယ်ရှိ ထျဲခုန်သည်ပင် ပြင်းထန်သော တွန်းကန်အားကြောင့် လက်သီး ပြန်ရုတ်ကာ လက်နှစ်ဖက်ကို ကြက်ခြေခတ် ကာလိုက်ရသည်။
ချက်ချင်း သွေးရောင် အတားအဆီး အလွှာတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းကို တားဆီးတော့၏။
“ ခရစ် ... ။ ”
သို့သော် သွေးရောင်အတားအဆီးခမျာ ပြင်းထန်စွာလှုပ်ခါလျက် ပင့်ကူမျှင်များသဖွယ် အက်ကြောင်းများ ထွက်ပေါ်လာသည်။
“ ဝုန်း ... ။ ”
အဆုံးတွင် သွေးရောင်အတားအဆီး အလွှာခမျာ ပေါက်ကွဲသွားတော့၏။ ဖွဲ့စည်းမှု ပုံစံအဖြစ် နေရာယူထားသော (၁၈)ယောက် သည်လည်း ယိမ်းထိုးသွားပြီး ထျဲခုန်မှ မြေပြင်ပေါ် ဆင်းသက်လိုက်ရသည်။
“ မဟာသခင် ပထမအဆင့်က တစ်စုံတစ်ယောက်မှာ ... ဒီလိုခွန်အားမျိုးရှိနေ တာလား ... ။ ”
ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသော ဝမ်ကျိုးကိုသက်ပြင်းချလျက် ညည်းတွားမိစေသည်။
“ သတ် ... ။ ”
ထျဲခုန်က နှောင့်နှေးခြင်းမပြုဝံ့ဘဲ ကြေးတုတ်တစ်ချောင်းထုတ်ယူပြီး မြေပြင်ပေါ် နင်းကာ ထပ်မံပြေးဝင်လာခဲ့သည်။
“ ဝှီး ... ။ ”
တောင်နှင့်မြစ်များ တုန်ယင်စေသည့် လက်ကိုင် တုတ်ရိုက်ချက်ဖြစ်၏။ လေဟာနယ် တစ်လျှောက် ပုံပျက်လာတော့သည်။
စုရီက သူ့လက်ထဲရှိ ဆီစိမ်စက္ကူထီးကို ပြန်မော့ကြည့်ပြီး မသိမ်းရန် ဆုံးဖြတ်လိုက်၏။ ဤသို့မဟုတ်သော် တိုက်ပွဲအပြီးတွင် အရိုင်းမြေ ကိုးပါး၏ တာအိုတစ်သောင်းသခင်သည် ရေနစ် နေသော ကြွက်စုတ်ဖြစ်သွားပေမည်။
“ ငါ့မှာ တောင်တွေနဲ့ ပင်လယ်တွေကို ခွဲဖို့ ဓားတစ်လက်ရှိတယ်။ ”
စုရီက အမှောင်နတ်ဓားကို မြှောက်လျက် ပေတစ်ရာရှည်သော ဓားအလင်းကို ထုတ်လွှတ် လိုက်၏။
ဤသည်မှာ ဒုတိယအဆင့် မဟာသခင်၏ စွမ်းအားအပြည့် ဖြစ်သည်။ အမှောင်နတ်ဓားက ဝိညာဉ်စွမ်းအင်များကို စုပ်ယူတော့၏။
ဓားကိုယ်ထည်ရှိ ငရဲမီးတောက်ငှက်မိစ္ဆာ ဝိညာဉ်သန္ဓေသားက သွေးရနံ့ကို ရရှိနေသော ငမန်းတစ်ကောင်ကဲ့သို့ ကူးလူးလာသည်။
ထိုအချိန်တွင် ဝမ်ကျိုးသည်လည်း ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။
“ ဂါး ... ။ ”
လူသန်ကြီးထျန်ခုန်က ထိုဖိအားကို သတ်ဖြတ်လိုသော ရောင်ဝါများဖြင့် ရူးသွပ်စွာ တွန်းလှန်ပစ်၏။
ထို့နောက် လေထုအလယ် မူလ နတ်ဆိုးမျောက်ဝံကြီးအဖြစ် ပြန်လည်ခံယူ လိုက်လေသည်။
“ ရွှပ် ... ။ ”
သို့သော် ပေတစ်ရာရှည်သော ဓားအလင်းတစ်လက်က သူ့လက်ကိုင်တုတ်ကို ဖြစ်ကာ ကောင်းကင်ပေါ် ထိုးတက်သွား၏။ မြေပြင်ပေါ်အဆင်းမီ မျောက်ဝံကြီးခမျာ နှစ်ပိုင်းကွဲသွားသည်။
“ ဘုန်း ... ။ ”
သွေးများနှင့် အတွင်းအင်္ဂါများ မိုးအဖြစ် ရွာကျလာ၏။ သေဆုံးသွားသည့် မြင်ကွင်းသည် ခွေးသေကောင်ကို ဗိုက်ဖွင့်ကဲ့သို့ လွယ်ကူလွန်းချေပြီ။
မြေပြင်၌ ကျောက်တုံးများ ဖွာလန်ကျဲကုန်၏။ ခြောက်ထောင့်ကြယ်အသွင် ဖော်ဆောင်ထားသည့် (၁၈)ယောက်သည်လည်း တုံ့ပြန်မှုများ ခံစားလိုက်ရသည်။
အရပ်ရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံလျက် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးကျကုန်ကာ နာကျင်စွာ ညည်းညူလိုက်ကြ၏။
တစ်စုံတစ်ယောက်သည် ကိုယ်တိုင်မျက်စိဖြင့် မမြင်သော် ယုံနိုင်ဦးမည် မဟုတ်ချေ။
ဤအရာသည် အသက်(၁၇)နှစ်အရွယ် ဒုတိယအဆင့် မဟာသခင်တစ်ပါး၏ စွမ်းအား ဖြစ်ချေပြီ။