← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

"ဧည့်သည်တော်များခင်ဗျား၊ ကြွရောက်ကြပါ!" စားပွဲထိုးက လက်ကို ဆန့်တန်းလျက် ကြိုဆိုလိုက်သည်။

ယဲ့ကျွင်းလင်နှင့်အဖွဲ့ တည်းခိုးခန်းတွင်းသို့ ဝင်သွားလိုက်ကြသည်။ မူလပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ရန် ခေါင်းစွပ်များကို ဝတ်ဆင်ထားသောကြောင့် ဧည့်သည်အများသည် သူတို့အဖွဲ့အား သိပ်အာရုံမစိုက်ခဲ့ကြပေ။

ရုတ်ရုတ်သဲသဲအဖြစ်မျိုးမလိုချင်သောကြောင့် သူတို့ဒီလို ရုပ်ဖျက်ထားရခြင်းပင်။ အထူးသဖြင့် အရှေ့ပိုင်းစီရင်စု၏ ကျင့်ကြံခြင်းကမ္ဘာတွင် ယဲ့ကျွင်းလင်နှင့် သူ၏အဖွဲ့ကို မှတ်မိရန် အလွန်လွယ်ကူသည်။ သူတို့လေးဦး အတူရပ်လိုက်လျှင်ပင် သေချာပေါက် ချက်ချင်းအာရုံစိုက်ခံရတော့မည်ဖြစ်၏။

"ဆရာသခင်၊ ဘာလို့ ကျွန်တော်တို့ ရုပ်ဖျက်ထားရတာလဲ?" နောက်မှ လိုက်လာသော ဟုန်ချန်ယဲ့သည် အချိန်အတော်ကြာ တွန့်ဆုတ်ပြီးမှ သတ္တိမွေးလျက် မေးမြန်းလိုက်သည်။

ဤနတ်ဆိုးဂိုဏ်းချုပ်လေး၏ အမြင်တွင် သူတို့အဖွဲ့သည် အကြွင်းမဲ့ အင်အားကို ပိုင်ဆိုင်ထားသောကြောင့် အပြင်ကမ္ဘာ၏ အမြင်ကို ဤသို့ဂရုတစိုက်ရှောင်ရှားနေရန် မလိုအပ်ပေ။ စကားအခန့်မသင့်သည်နှင့် မည်သူကိုမဆို နေရာတွင်ပင်ပညာပေးနိုင်သော အနေအထားတစ်ခုရှိလေသည်။

"အားရား၊ အခု ငါ အရမ်းနာမည်ကြီးနေပြီဆိုတော့ ငါ့ကိုမြင်တာနဲ့ စိတ်မထိန်းနိုင်တဲ့ ပရိသတ်တွေ အများကြီး ရှိလာမှာ သေချာတယ်လေ။ ပေါ်တင်ကြီးပတ်သွားလိုက်ရင် သူတို့အားလုံး ငါ့ဆီ လက်မှတ်လိုချင်လို့ ဝိုင်းအုံလာကြတော့မှာ ဘယ်လောက်စိတ်ရှုပ်စရာကောင်းလိုက်လဲ?" ယဲ့ကျွင်းလင်က သက်ပြင်းချလိုက်သည်။

ဤစကားကို ကြားသောအခါ။

ဟုန်ချန်ယဲ့ မေးမိသည်ကို အကြီးအကျယ်နောင်တရသွားလျက်။

သူသည် လမ်းတစ်လျှောက် အကြောင်းပြချက်များစွာကို တွေးတောခဲ့သော်လည်း ဤအကြောင်းပြချက်ကိုတော့ တစ်ကြိမ်တစ်ခါလေးတောင်မှ မတွေးခဲ့မိပါချေ!

"တကယ်ပဲ၊ သာမန်လူအတွေးနဲ့ သူ့ကိုခန့်မှန်းဖို့ကြိုးစားမိတာ ငါမှားတာပါ!"

"ငါ မှားသွားတာပါ! ကြောက်စရာကောင်းလောက်အောင် မှားသွားတာ!"

ဟုန်ချန်ယဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မိမိကိုယ်ကိုသာ နင့်နေအောင်အပြစ်ပြန်ဖို့လိုက်ကာ စိတ်ပိုင်းဆိုင်ရာပြိုလဲမှုလေးအား ပြန်လည်ရှင်းလင်းတည်ဆောက်လိုက်ရတော့သည်။

"စားပွဲထိုး၊ ဒီမှာ ဘာဟင်းလျာတွေ အကြံပြုချင်လဲ?" ယဲ့ကျွင်းလင်သည် ဒုတိယထပ်တွင် နေရာတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်ပြီး စားပွဲပေါ်တွင် လက်ချောင်းများကို ညင်သာစွာ တဒေါက်ဒေါက်ခေါက်လျက် မေးလိုက်သည်။

စားပွဲထိုးတစ်ယောက်က ဝမ်းသာအားရ ပြေးလာပြီး ပြောသည်။ "ဒီဧည့်သည်တော်ကတော့ ဟင်းလျာအတွက် နေရာရွေးချယ်မှု မှန်ကန်သွားပါပြီခင်ဗျာ၊ ကျွန်တော်တို့တည်းခိုခန်းရဲ့ အထင်ကရဟင်းလျာတချို့ကို အကြံပြုပါ့မယ်၊ အရသာက လုံးဝစစ်မှန်ကြောင်း အာမခံပါတယ်!"

သို့ပြောပြီး သူသည် စားသောက်ဖွယ်ရာစာရင်းကို ဖွင့်ကာ ဟင်းလျာများအား မိတ်ဆက်ပေးလိုက်သည်။ "ဒီဟင်းကို ကြည့်ပါဦး၊ ဒါကို ခြင်္သေ့ခေါင်းကင်လို့ ခေါ်ပါတယ်။ ဒီဟင်းလျာမှာပါဝင်တဲ့ ခြင်္သေ့ခေါင်းကို ဝိညာဉ်သန္ဓေအဆင့်ရှိ လေပြင်းမုန်တိုင်းခြင်္သေ့ဆီက ယူထားတာပါ။ ကျွန်တော်တို့ရဲ့ စားဖိုမှူးက သူ့ရဲ့ ခေါင်းကို ဖြတ်ပြီး ကမ္ဘာ့အမြုတေမီးနဲ့ ထပ်ခါထပ်ခါ ကင်ထားတာကြောင့် အပြင်ခွံက ကြွပ်ရွမွှေးပျံ့၊ အသားက နူးညံ့ပြီး အလွန်အရသာရှိပါတယ်!"

"ပြီးတော့ ဒီ ချိုချဉ်ငါးကြင်းဟင်းလျာမှာ ပါဝင်တဲ့ ငါးကြင်းကလည်း သာမန်ငါးအမျိုးအစားမဟုတ်ပါဘူး၊ စစ်မှန်တဲ့ နဂါးသွေးကြော အနည်းငယ် ရောစပ်ပါဝင်ပြီး အရသာက လူကို အရမ်းလန်းဆန်းကြည်လင်စေပါတယ်! အရမ်းလည်းမွှေးပျံ့တဲ့ ဟင်းတစ်မျိုးပါပဲ!"

"ပြီးတော့ ဒီ အမဲသားမွှေကြော်၊ ပါဝင်ပစ္စည်းတွေကို ဝိညာဥ်အဆင့်တက်ဖြင်း အဆင့်ရှိတဲ့ မိုးပြာနွားထီးဆီက ယူထားတာဖြစ်ပြီး ကျင့်ကြံသူတွေအတွက် ချီစွမ်းအင်နဲ့ သွေးစွမ်းအင်ကို တိုးတက်စေမယ့် အားဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး!"

…

စားပွဲထိုးသည် ဤအထင်ကရဟင်းလျာများကို မိတ်ဆက်နေစဉ် ယဲ့ကျွင်းလင်၏ အမူအရာကို တိတ်တဆိတ် အကဲခတ်နေသည်။

အကြောင်းမှာ ဤဟင်းလျာများ၏ ဈေးနှုန်းများသည် အလွန်ကြီးမြင့်သောကြောင့် ဤရက်ပိုင်းတွင် လူများစွာ တည်းခိုနေသော်လည်း ပုံမှန်အားဖြင့် မည်သည့် ကျင့်ကြံသူမျှ မတတ်နိုင်ကြပေ။ စားသောက်ဖွယ်ရာစာရင်းတွင် ဖော်ပြထားသော ဈေးနှုန်းများကို မြင်ပြီးနောက် ၎င်းတို့သည် လက်လျှော့သွားတတ်ကြသည်သာ။

ဒါပေမဲ့ ဒီတစ်‌ယောက်ကတော့ အနည်းငယ် ကွဲပြားပုံရသည်။

ယဲ့ကျွင်းလင်သည် မိုးထိအောင် ဈေးကြီးသော စားသောက်ဖွယ်ရာစာရင်းကို တွန့်ဆုတ်သွားခြင်းမရှိ၊ တခမ်းတနား ချဲ့ထွင်ပြင်ဆင်ထားသော စားသောက်ပွဲများကို သူများစွာမြင်ဖူးထားပြီးသားပင်။

မဟာကျိုးမင်းဆက်၏ နန်းတော်ဧည့်ခံပွဲတွင် ပြင်ဆင်ထားသော မည်သည့်ဟင်းလျာမဆို အလွန်တန်ဖိုးကြီးလှပြီး သာမန်ကြက်ဥခရမ်းချဉ်သီးကြော်တွင်ပင် ရွှေတောင်ပံပါ ဂဠုန်ဥများကို ထည့်သွင်းအသုံးပြုထားသည်ပင်!

စားပွဲထိုး မိတ်ဆက်ပေးသော ဟင်းလျာများမှာလည်း ကြီးကြီးကျယ်ကျယ်နိုင်လှသည်ဆိုသော်ငြား သူတို့အတွက်တော့ စကားထဲထည့်ပြောရလောက်အောင် ထူးခြားသည်မဟုတ်!

"ဒါဆို ဒါလေးကရော ဘာပါလိမ့်? ရှုရှုက ဒါလေးကို အရသာရှိမယ်လို့ထင်တယ်!" ပုရှောင်ရှီးသည် စားသောက်ဖွယ်ရာစာရင်းတွင်ပါသော "နှင်းမြူကျောက်စိမ်းအသား" ဟုခေါ်သော ဟင်းလျာတစ်ခုကို လက်ညှိုးထိုးကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

စားပွဲထိုးက ပြုံးပြီး ရှင်းပြလိုက်သည်။ "ဒီဧည့်သည်တော်က တကယ်ကိုအမြင်ရှိတာပဲ။ ဒီဟင်းရဲ့ ပါဝင်ပစ္စည်းတွေကို အစွန်းရောက်ရေခဲကြွက်ဆီက ယူထားတာပါ။ အစွန်းရောက်ရေခဲကြွက်က ဟိုးအဝေးမြောက်ပိုင်းဒေသရဲ့ အေးစိမ့်တဲ့ အရပ်ကနေလာပြီး ရေခဲမြစ်တွေထဲ တွင်းတူးနေရတာကို ကြိုက်တယ်။ ကျွန်တော်တို့ စားဖိုမှူးရဲ့ ကျွမ်းကျင်တဲ့ ပြုပြင်မှုတွေအပြီးမှာတော့ ကြွက်သားက အရမ်းပြည့်ဖြိုးပြီး အနံ့အရသာနဲ့ စုံလင်ကြွယ်ဝနေတာပါပဲ။ လှီးဖြတ်ထားတဲ့ အသားတစ်ပိုင်းစီတိုင်းဟာ နှင်းပွင့်တွေလို ကြည်လင်နေလို့ ဒီနာမည်ခေါ်တွင်ခဲ့တာပါ၊ ဒီမှာ မီးဖိုတစ်ခု ထားပြီး အသားလတ်လတ်ဆတ်ဆတ် ကင်စားပြုတ်စားကြည့်ဖို့ အကြံပြုချင်ပါတယ်!"

ရှုရှု: "!!!"

မူလက အစားစားချင်စိတ်အပြည့်ဖြင့် တက်ကြွနေသောရှုရှုသည် ဤရက်စက်သော ရှင်းလင်းဖော်ပြချက်ကြောင့် အလွန်ကြောက်လန့်သွားပြီး နှလုံးသွေးကြောပိတ်ဆို့ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

"ဧည့်သည်တော်၊ ဒီဟင်း မှာမှာလားခင်ဗျ?" စားပွဲထိုးက ခပ်တွန့်တွန့်ဖြင့် မေးလိုက်သည်။

"မလိုချင်ဘူး! ရှုရှု မလိုချင်တော့ပါဘူး!" ရှုရှုသည် သူမ၏ လက်များကို ထပ်ခါထပ်ခါ ဝှေ့ယမ်းကာ ရှိုက်သံရောလျက် အကြောင်အကန်ငြင်းလေသည်။

"အာ ဟုတ်ပါပြီ" စားပွဲထိုးလည်း အူကြောင်ကြောင်ဖြစ်သွားရ၏။ ဒီကောင်မလေးက ဘာကိစ္စ ဒီလောက်လန့်သွားရတာလဲ?

ခဏလေး၊ ခေါင်းစွပ်အောက်ကမျက်နှာလေးက အမွေးတွေပါပြီး ကြွက်မျက်နှာလေးနဲ့ တူနေသလိုလိုပဲနော်?

စာစဉ်ပြီး၏

All Chapters