အခန်း (၉၉)
Vol. 8 Ch. 99
ဘာတွေဖြစ်နေကြတာလဲ?
ငါတစ်ခုခုများလုပ်လိုက်မိလို့လား?
အစအဆုံး ဘယ်ဝိညာဥ်တပ်သားကိုမှ မမြင်ခဲ့ရပါဘူး၊ ငါ့ဘာသာငါ ဗျပ်စောင်းလေးထိုင်တီးနေတာပဲကို!
ငါ ဝိညာဥ်တပ်ကို ချေမှုန်းလိုက်တယ်လို့ သူကဘာလို့ပြောနေရတာလဲ?!
"စနစ်က မင်းကြောင်နေတာလား စက်ချို့ယွင်းနေတာလား" ယဲ့ကျွင်းလင်လှမ်းနောက်လိုက်သည်။
【တင်၊ မဟာကျိုးပြည်ထောင်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဝိညာဥ်တပ်ကို ပိုင်ရှင်ရဲ့ စောင်းတီးသံနဲ့ အခုလေးတင် ချေမှုန်းလိုက်ပါပြီ။ ဒီစနစ်က ကျွမ်းကျင်ပါတယ်၊ ကျေးဇူးပြုပြီး ဒီစနစ်ကို မေးခွန်းမထုတ်ပါနဲ့! သတိထားပါ၊ ဒီစနစ်က ငိုရင်မတိတ်တော့ပါဘူးနော်၊ အဟင့် အဟင့် ~】
စနစ်က တဟင့်ဟင့် ငိုချင်းချလျက် ရှင်းပြလာသည်။
ထိုအခါမှ ယဲ့ကျွင်းလင်အံ့သြသွားဟန်ရကာ ပြောလိုက်သည်။ "ငါသိပြီ"
ထို့နောက် သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး ၎င်းမှာ အလွန်ရှားပါးအဖိုးတန်ပါသော အဆင့်မြင့် နတ်ဘုရားအဆင့် ငါးပါးဒြပ်စင် ဝိညာဉ်အမြစ် ဖြစ်လေသည်။
ထိုကဲ့သို့သော ဝိညာဉ်အမြစ်မျိုးဖြင့်ဆိုလျှင် ဒြပ်စင် တာအိုကျင့်စဉ်များကို အလွယ်တကူ အသုံးပြုနိုင်ပြီး စွမ်းအားအဟုန်သည်ကား ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်သည်။
ဥပမာအားဖြင့် ရောင်ခြည်ငါးသွယ် အဆတ်မပြတ်ပြန်လည်မွေးဖွား၍ ဖျက်ဆီးချေမှုန်းခြင်းကျင့်စဥ် ကို ကြည့်လျှင် ယဲ့ကျွင်းလင်သည် ဝိညာဥ်အမြစ်များ၏အစွမ်းကြောင့် ထိုတိုက်ကွက်ကို ဆက်လက်အသုံးပြုနေသရွေ့ လူသတ်နိုင်စွမ်းက ပို၍ပို၍သာ တိုးတက်လာမည်ဖြစ်၏။
တစ်ကြိမ် ထုတ်သုံးလိုက်သည်နှင့် သဘာဝ ဘေးအန္တရာယ်ကြီးတစ်ခု ဆိုက်ရောက်သကဲ့သို့ ပျက်စီးသေကျေကြလိမ့်မည်!
"နားထောင်လို့ အရမ်းကောင်းတာပဲ! ဆရာသခင်က အရမ်းမိုက်တယ်!" ပုရှောင်ရှီးက ပထမဆုံး သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်သည်။
ယဲ့ကျွင်းလင်က တမင်တကာ ချောင်းဟန့်ကာ ခပ်ပေါ့ပေါ့တုံ့ပြန်လိုက်သည်။ "ငါပြောတယ်လေ၊ လက်ပါတဲ့ဘယ်သူမဆို တီးတတ်ပါလိမ့်မယ်လို့"
ဝှစ်ခနဲအသံနှင့်အတူ ဖူယွီဗျပ်စောင်းသည် တောက်ပစွာ ထွန်းလင်းလာပြီး နန်ကုန်းချန်ဖုန်းရှေ့သို့ ပြန်လည် ရောက်ရှိလာသည်။
ထိုအချိန်တွင် နန်ကုန်းချန်ဖုန်းသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်လုံးများ နီရဲကာ နောင်တတရားကို မြစ်ဖျားခံသော မျက်ရည်နှစ်ကြောင်း စီးကျလာသည်။ သူက ခပ်တိုးတိုးလည်း ရေရွတ်နေသေးသည်။ "ဘယ်လောက် ကောင်းလိုက်လေသလဲ? တကယ်ကိုအတုမရှိတဲ့ နတ်တေးသီချင်းပါလား၊ အံ့သြစရာပဲ၊ အံ့သြစရာ ပညာရှင်ပါပဲ!"
အသွေးအသားဖြင့်တည်ဆောက်ထားသော ခန္ဓာတစ်ခုလုံး အတွင်းအပြင်အလုံးစုံ ကြည်လင်သန့်စင်သွားပြီး စိတ်ဝိညာဉ်အား ရေချိုးသန့်စင်ပေးလိုက်သကဲ့သို့ ခံစားရလေသည်။
ဤအံ့ဖွယ် ဗျပ်စောင်းတီးပညာနှင့် နှိုင်းယှဉ်လျှင် သူ၏ မဖြစ်စလောက်သော ကျွမ်းကျင်မှုသည် စကားထဲထည့်ပြောလောက်စရာပင် မရှိတော့ပေ!
သနားစရာကောင်းလိုက်ပုံများ၊ သူကတော့ သူ့ကိုယ်သူ တော်လှတတ်လှချည်ရဲ့၊ ဗျပ်စောင်းဆရာကြီးလို့ ခေါ်ထိုက်လောက်ပေရဲ့ ဟု ထင်မှတ်ကာ ကျေနပ်အားရနေခဲ့ပြီး ထောင်ပေါင်းများစွာသော လူများ၏ လက်ခုပ်သံမှာ သူနှင့်ထိုက်တန်သောကောင်းချီးပင်ဖြစ်သည်ဟု ယူဆနေခဲ့သည်။ အမှန်စင်စစ် သူသည် ရေတွင်းထဲမှ ဖားသူငယ်ကဲ့သို့ မြင်နိုင်သမျှသော ကောင်းကင်သေးသေးလေးကိုသာ မော့ကြည့်နေမိခဲ့ခြင်းသာ ဖြစ်ပေ၏။
"ဆရာကြီး စောနကပြောတာ မှန်ပါတယ်၊ ကျွန်တော့်ရဲ့ ဗျပ်စောင်းပညာက တကယ်ကို ညံ့ဖျင်းလှပါတယ်! ရယ်စရာကောင်းတာက ကျွန်တော်က အရမ်း မာနကြီးပြီး ဆရာကြီးကို ဂီတသဘောတရားကိုတောင် နားမလည်တဲ့ အရိုင်းအစိုင်းလို့ ဆဲဆိုခဲ့မိတာပါ! ကျွန်တော် သေသင့်ပါတယ်! ကျွန်တော် တကယ်ကို သေသင့်ပါတယ်!"
နန်ကုန်းချန်ဖုန်းသည် အလွန်ရှက်ရွံ့လှစွာ မြေပေါ်သို့ ဒုန်းခနဲ ဒူးထောက်ချလိုက်ပြီး သူ၏ အချစ်ဆုံး ကူချင်ဗျပ်စောင်းကို ပွေ့ဖက်ကာ ဝမ်းနည်းပက်လက် ငိုကြွေးလေတော့သည်။
"ဆရာ နန်ကုန်း..." အိမ်ရှေ့မင်းသားသည် အဘိုးကြီး၏ပြိုလဲမှုကြောင့် အံ့အားသင့်သွားသည်။
"မဟုတ်ဘူး၊ ကျွန်တော်က ဆရာလို့ ခေါ်ခံထိုက်တဲ့သူ မဟုတ်ပါဘူး! ဒီဆရာကြီးကသာ တကယ့် ဆရာအစစ် ပညာရှင်အစစ်ပါ! ငါကဒီတိုင်း ကိုယ့်နေရာကိုယ်မသိတဲ့ အရူးတစ်ယောက်ပါ! သွက်သွက်ခါအောင်ကို ရူးနေခဲ့တာ!" နန်ကုန်းချန်ဖုန်းက စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်ပြန်သည်။
【တင်၊ ပိုင်ရှင်ဟာ ရွေးချယ်တာဝန်ကို ပြီးမြောက်အောင်မြင်လိုက်တဲ့အတွက် အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာ ဆယ်အိတ် ရရှိသွားပါပြီ!】
စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာပြီး ယဲ့ကျွင်းလင် တာဝန်ပြီးမြောက်သွားကြောင်း အသိပေးလိုက်သည်။
"အရှင်ယဲ့၊ မသေမျိုးအရိပ်ယဲ့၊ အရှင် သူ့ကို ဘယ်လို စီရင်ချင်သလဲ မေးလို့ရမလား" အိမ်ရှေ့မင်းသားက ယဲ့ကျွင်းလင်ဟာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိပြီးနောက် အမူအရာမှာ ပို၍ပင် ရိုရိုကျိုးကျိုးရှိလာကာ သတိကြီးကြီးဖြင့် မေးခွန်းထုတ်လိုက်ရ၏။
ယဲ့ကျွင်းလင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး "သူ့ကို လွှတ်သာပေးလိုက်ပါ" ဟု ပြန်ဖြေလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် မာန်တက်နေတဲ့အဘိုးကြီးကို အောင်အောင်မြင်မြင် အရှက်ခွဲလိုက်ပြီးပြီပဲ။ ထပ်သုံးစရာလည်း မရှိတော့ပါဘူး။
အိမ်ရှေ့မင်းသားသည် ယဲ့ကျွင်းလင်ကို နဂိုလေးစားရင်းစွဲတွင် ပို၍ပင် လေးစားကြည်ညိုလာပြီး လက်သီးဆုပ်အရိုအသေပြုကာ ဦးညွှတ်လျက်ဆိုလိုက်သည်။ "အရှင်ယဲ့က စိတ်သဘောထားကြီးမားလိုက်တာဗျာ ကျွန်တော် လေးစားမိပါတယ်!"
သူသည် ကြမ်းပြင်ထက်ဒူးထောက်လျက် စိတ်ဆင်းရဲကြေကွဲနေသော အဘိုးအိုကို လှည့်ကြည့်ကာ သက်ပြင်းချပြီး "လာကြစမ်း၊ နန်ကုန်းချန်ဖုန်းကို ခေါ်သွားကြ!" ဟု အမိန့်ပေးလိုက်သည်။
ဓားကိုင်ထားသော အစောင့်နှစ်ဦး ပြေးဝင်လာပြီး ငိုကြွေးနေသော နန်ကုန်းချန်ဖုန်းကို ဆွဲခေါ်သွားကြသည်။
လီဝူကျယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။ "အိုနာကျကြီး ကံကောင်းလို့သာပေါ့! ဆရာသာလွှတ်မပေးရင် ငါသူ့ကို ခုတ်သတ်ပစ်လိုက်မှာ!"
ထို့နောက် သူသည် ယဲ့ကျွင်းလင်ကို လေးစားစွာ လှမ်းမျှော်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လာသည်။ "ဆရာသခင်၊ ခုနက ဆရာသခင်ရဲ့ တေးသံကြောင့် ဒီတပည့်တော်ဟာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို ရောက်သွားပါပြီ!"
"ကောင်းပြီ" ယဲ့ကျွင်းလင်က ခေါင်းညိတ်လိုက်သည်။
ဟုန်ချန်ယဲ့ဘက်သို့ မျက်စိထောင့်ကပ်လျက် လှမ်းကြည့်လိုက်ရာ ထိုသူသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယဲ့ကျွင်းလင်သည် စိတ်ထဲ၌ အနည်းငယ် ခံစားသွားပြီး ရေရွတ်လိုက်မိသည်။ "မသေမျိုးဖြစ်ဖူးတဲ့ နတ်ဆိုးအရှင်ဟောင်းဆိုတာ တကယ်ကိုသာမန်နဲ့မတူတာပဲ၊ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကိုတက်ဖို့ ဒီလောက်နီးနီးလေးပဲလိုတော့တယ်"
ဟုန်ချန်ယဲ့မှာ အပြင်ပိုင်းတွင်သာ တည်ငြိမ်ဟန်ဆောင်နေပေမယ့် သူ့နှလုံးသားကတော့ တုန်လှုပ်ခြောက်ခြားနေလေပြီ။
ယဲ့ကျွင်းလင်မှာ ဒီလိုစွမ်းရည်တွေပါ ရှိနေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။ နှစ်ထောင်ချီကြိုးစားကျင့်ကြံကာ တက်ရောက်ရမည့်အဆင့်အမျိုးမျိုးကို တေးတစ်ပုဒ်တီးခတ်လျက် ကျော်ဖြတ်တွန်းတင်ပေးခဲ့လေသည်။
ဒါကရော ကောင်းကင်ဘုံရဲ့သားတော်လို ကံတရားမျိုး ပိုင်ဆိုင်ထားလို့ပဲလား?
သူ့အစွမ်းတွေကလည်း ကြက်သီးထစရာကောင်းလွန်းတယ်!
"ခဏလေး၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား? ဒီအရှင်က သူ့ကို အသုံးချပြီး မသေမျိုးအဆင့်ကို ပိုမြန်မြန်တက်လှမ်းလို့ရသွားပြီလေ!"
ဟုန်ချန်ယဲ့ ခဏလောက် စဉ်းစားကြည့်လိုက်ပြီး ပြန်လည်ကိန်းအောင်းလာသော ယုံကြည်မှုဖြင့် တီးတိုးရေရွတ်လိုက်သည်။ "ယဲ့ကျွင်းလင်ရေ ခဏလေးပဲ စောင့်လိုက်ဦး၊ ဒီအရှင်က မကြာခင် မင်းကို ကျော်တက်သွားလိမ့်မယ်!"
"မင်းလို တစ်နေကုန် ပျင်းရိနေတဲ့လူက ဒီလောက်ကြီးမားတဲ့ ကံကောင်းခြင်းကို ခံစားဖို့ မထိုက်တန်ပါဘူး။ ဒီအရှင်ကို တမင်ပေးခဲ့တဲ့ အရှက်တရားတွေ မင်းအလှည့်ကျ နှစ်ဆပြန်ခံစားစေရမယ်!"
ထိုအချိန်တွင် ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်ကို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားပြီးနေပြီဖြစ်သည်။ ဥပမာအားဖြင့် ယဲ့ကျွင်းလင်ကို သူ့ခြေထောက်အား နေ့ရောညပါ မှန်မှန်ဆေးခိုင်းပြီးနောက် ခြေဆေးရေအားလုံးကို သောက်ခိုင်းကာ အပြီးတွင် ကျေးဇူးတင်ကြောင်း ပြောခိုင်းခြင်းမျိုး စသည်ဖြင့်ပေါ့…
ထိုကဲ့သို့ မြင်ကွင်းမျိုးကို စိတ်ကူးယဉ်ကြည့်ရုံနှင့်ပင် ဟုန်ချန်ယဲ့မှာ စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လာပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများ အလိုလို ကွေးတက်လာတော့၏။
ဝှစ်!
ထိုအချိန်တွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ခန်းမထဲသို့ ရောက်ရှိလာပြီး ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
"ခမည်းတော် အဆင့်တက်သွားပြီ!" ဟု အိမ်ရှေ့မင်းသားက ဝမ်းပန်းတသာရေရွတ်လိုက်သည်။
စစ်မှန်သော မသေမျိုးအရိပ် အဆင့် ကျင့်ကြံသူတစ်ဦး ဦးဆောင်မှုဖြင့် စန်းကျိုးပြည်နယ်တွင် မဟာကျိုးပြည်ထောင်၏ အနေအထားသည် ပို၍ ခိုင်မာလာလိမ့်မည်။ မယုံနိုင်လောက်အောင် အင်အားကြီးသော တိုင်းပြည်ကံကြမ္မာ၏ ကောင်းချီးကိုပါ ထပ်မံပေါင်းထည့်လျှင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်အတွင်းရှိ ပြိုင်ဘက်အများစုက ခမည်းတော်ကို စိန်ခေါ်ဖို့ပင်ဝံ့ရဲကြတော့မည်မဟုတ်။
သို့သော် အိမ်ရှေ့မင်းသားသတိမထားမိသည်ကတော့ ဧကရာဇ်ကျိုးမှာ စားသောက်ပွဲအလယ်ခုံထက် ဝင့်ထည်စွာထိုင်လျက်ရှိသော ဆံဖြူလူငယ်ကိုသာ စိုက်ကြည့်နေခဲ့ခြင်းပင်။ ထို့နောက် သူသည် အနည်းငယ်လေးမျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ မြေပေါ်သို့ ဦးချညွှတ်ကိုင်းကာ ကြွေးကြော်လိုက်သည်။ "ကောင်းချီးနတ်တေးသံကို တီးခတ်ပေးတဲ့အတွက် ဒီဘုရင်ဟာ မဟာကျိုးပြည်ထောင်၏ ပြည်သူများ၏ ကိုယ်စား အရှင်ယဲ့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်၊ ကျိုးပြည်ထောင်ရဲ့ တိုင်းသူပြည်သားတွေကို ကောင်းချီးပေးသနားတော်မူပါ!"
အိမ်ရှေ့မင်းသားမှာ အံ့သြမင်သက်သွားရလျက်။
တိုင်းပြည်၏ ဂုဏ်သိက္ခာမျက်နှာဖုံးဖြစ်သော ကျိုးဧကရာဇ်ကဲ့သို့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ထိုကဲ့သို့ အောက်ကျို့သော အပြုအမူဖြင့် အရိုအသေပေးရသည်အထိ ဘာတွေဖြစ်ပျက်သွားခဲ့ပါသနည်း?!
ဤ ရွှယ်ထျန်း ဂိုဏ်းမှ ပုဂ္ဂိုလ်သည်ကား ထိုမျှအထိ အစွမ်းထက်နေခဲ့ပါသလော?!