အခန်း (၁၀၁)
Vol. 8 Ch. 101
ဝှစ်၊ ဝှစ်၊ ဝှစ်!
မျက်လုံးအားလုံး ဟုန်ချန်ယဲ့ဆီသို့ ဆိုက်ရောက်သွားသည်။
ဟုန်ချန်ယဲ့ ခဏလောက် တုံ့ဆိုင်းနေပြီးမှ စကားစလာသည်။ "ဒီကြယ်တံခါးရဲ့ မူလအစနဲ့ ပတ်သက်ပြီး ကျွန်တော်က ကောလာဟလတွေပဲ ကြားဖူးပါတယ်၊ ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး"
"ရပါတယ်၊ လွတ်လွတ်လပ်လပ် ပြောပါ" လို့ ယဲ့ကျွင်းလင်က လက်ကို ဝှေ့ယမ်းလျက် တိုက်တွန်းလိုက်သည်။
"ကောလာဟလတွေအရ ဟိုးအရင် ရှေးခေတ်ကာလတွေတုန်းက ခွင်းလွင်နယ်မြေမှာ အထက်ကမ္ဘာကို တိုက်ရိုက်ကူးသန်းလို့ရနိုင်တဲ့ ဆုံမှတ်တွေ အများကြီး ရှိခဲ့ဖူးတယ်။
မရေမတွက်နိုင်တဲ့ ခွင်းလွင်နယ်မြေက ကျင့်ကြံသူတွေဟာ အဲ့ဒီဆုံမှတ်တွေကို သုံးပြီး စကြဝဠာထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့ကြတယ်။
နောက်ပိုင်းမှာ ပြဿနာတစ်ခုခုကြောင့် ဒီကူးသန်းဆုံမှတ်တွေကို ပညာရှင်တွေက ပိတ်ဆို့လိုက်ပြီး ဘယ်တော့မှ ပြန်ဖွင့်မပေးခဲ့တော့ဘူး လို့ ပြောကြတာပါပဲ"
ဟုန်ချန်ယဲ့၏စကားအဆုံးတွင် သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားရပြီး ထင်ယောင်ထင်မှားတံလျှပ်တစ်ခုလို ထိကိုင်၍မရသော ကြယ်တံခါးအား ငေး ကြည့်မိနေကြသည်။
ဒီတံခါးက တကယ်ပဲ ကမ္ဘာအချင်းချင်းကြားက ကူးသန်းဆုံမှတ်တစ်ခုတဲ့လား?
ခွင်းလွင်နယ်မြေဟာ ကြီးမားကျယ်ပြန့်သော ကျင့်ကြံရေးကမ္ဘာဂြိုဟ်ကြီးတစ်ခုဖြစ်ပြီး အဆုံးမရှိသည့် စကြဝဠာအနှံ့တွင် အလားတူဂြိုဟ်များ အများကြီး ပြန့်ကျဲတည်ရှိသည်ဟု ဆိုသော ဒဏ္ဍာရီတစ်ပုဒ် ရှိထားပါသည်။
အရင်တစ်ချိန်တုန်းကတော့ ကျင့်ကြံသူတွေဟာ ဘယ်ကမ္ဘာဂြိုဟ်ကိုမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့ကြသည်။
သူတို့ဟာ ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့် ကျင့်ကြံသူတွေ ဖြစ်နေသရွေ့ ခွင်းလွင်နယ်မြေကနေ ပျံသန်းထွက်ခွာပြီး စကြဝဠာထဲမှာ လှည့်လည်သွားလာနိုင်ဖို့ အခက်အခဲအတားအဆီး မရှိပါချေ။
သို့ပေမယ့် အတိအကျမသိနိုင်သော အချိန်ကာလတစ်ခုတွင် မမြင်နိုင်သည့် အင်အားတစ်ခုက ခွင်းလွင်နယ်မြေက ကျင့်ကြံသူတွေကို ကန့်သတ်တားဆီးထားလိုက်ပြီး စကြဝဠာထဲ ပျံသန်းထွက်ခွာခွင့် မပေးတော့ဘဲ ဒီကမ္ဘာမှာသာ သေသည်အထိ နေထိုင်ခေါင်းချဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရ၏။
ဒီအတားအဆီးကို ချိုးဖျက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာတော့ ဘေးဒုက္ခကို ကျော်လွှားခံယူပြီး စစ်မှန်သော မသေမျိုးတစ်ပါး ဖြစ်လာပြီးနောက် မသေမျိုးဘုံကို သဘာဝအတိုင်း တက်လှမ်းခြင်းပင် ဖြစ်သည်။
ဒီတော့ နောက်ပိုင်းကန့်သတ်ချက်တွေအရ မသေမျိုးဘုံကို ရောက်မှသာ စကြဝဠာကို လှည့်လည်ခြေဆန့်ဖို့ အရည်အချင်း ပြည့်မီမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘေးဒုက္ခကို ကျော်လွှားခံယူပြီး မသေမျိုး တစ်ပါး ဖြစ်လာဖို့က ဘယ်လောက် လွယ်ကူနိုင်ပါ့မလဲ။
ထို့ကြောင့် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ကျင့်ကြံသူများမှာတော့ တစ်သက်လုံး ခွင်းလွင်နယ်မြေတွင်သာ နေထိုင်သွားလာနိုင်စွမ်း ရှိကြသည်ပင်။
သို့ပေမယ့် သူတို့အားလုံး၏ မျက်စိရှေ့မှောက်မှ ဤကြယ်တံခါးက ထိုကန့်သတ်ချက်များကို လျစ်လျူရှုကာ စကြဝဠာ၏ နေရာအဖုံဖုံအား စိတ်ကျေနပ်သလို လှည့်လည်သွားလာနိုင်စွမ်း ရှိစေသည်။
တစ်ခုရှိတာက ဒီသတင်းသာ ပျံ့နှံ့သွားလျှင်တော့ ခွင်းလွင်နယ်မြေတစ်ခွင်လုံး ပွက်လောရိုက်ဆူညံကုန်ကြပေမည်။
အိမ်ရှေ့မင်းသားက စိတ်လှုပ်ရှားစွာ ပြောလာသည်။ "ခမည်းတော်၊ အဲဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ မဟာကျိုးပြည်ထောင်က ကမ္ဘာမြေအပြင်ဘက်ထိ ချဲ့ထွင်နိုင်ပြီပေါ့! ဒါက ရတောင့်ရခဲ အခွင့်အရေးကြီးပဲ!"
စကြဝဠာထဲတွင် သေချာပေါက် တန်ဖိုးရှိအရင်းအမြစ်တွေ ပေါများကြွယ်ဝလှပေမည်ဟု သူစိတ်ကူးဖြင့် တက်ကြွလာသည်။
မဟာကျိုးပြည်ထောင်က နယ်မြေပြင်ပကို စတင်ချဲ့ထွင်ရာတွင် ဦးဆောင်နိုင်ခဲ့လျှင် တိုင်းပြည်ရဲ့ အင်အားဟာ အဆမတန်တိုးတက်လာမှာ သေချာပြီး ကျင့်ကြံရေးပိုင်းကိုအားဖြည့်နိုင်ရင် သစ္စာခံလူစွမ်းကောင်းတွေလည်း မရေမတွက်နိုင်အောင် ပေါ်ထွက်လာမှာပါပဲ။
"ဟုတ်တယ်ကွ" ကျိုးဧကရာဇ်လည်း စိတ်ဝင်စားသွားရသည်။
ရေမြေ့ရှင် ဧကရာဇ်မင်းတရားတို့အတွက် နယ်မြေချဲ့ထွင်ခြင်းဆိုသည်မှာ ငြင်းဆန်ဖို့ ခက်ခဲလှပါသည့် ကြီးမားသော သွေးဆောင်မှုတစ်ခုပင်!
"အရူးတွေ! ဘာတွေ အိပ်မက်မက်နေကြတာလဲ!"
ယဲ့ကျွင်းလင်လှောင်ရင်း မဲ့ပြုံးပြုံးလိုက်သည်။
ထိုစကားကိုကြားသော် တော်ဝင်သားအဖမျက်နှာပျက်ယွင်းသွားပြီး တုန်တုန်ရီရီဖြင့် ပြန်မေးလာသည်။ "အရှင်ယဲ့ ဘာကိုဆိုလိုတာလဲခင်ဗျ?"
"ကြယ်တွေဂြိုဟ်တွေကြားအထိ နယ်မြေချဲ့ထွင်နိုင်လောက်အောင် ကျိုးပြည်ထောင်က စွမ်းရည်ပြည့်ဝနေပြီလား? ဒီလိုနဲ့ အဆန်းထွင်ရင်း နယ်မြေပြင်ပက ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို မခံရဘူးလို့ ဧကရာဇ်တို့ အာမခံနိုင်လား?"
"ဒီကြယ်တံခါးတွေက ခွင်းလွင်နယ်မြေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ်ပဲ အကျိုးရှိတယ်ဆိုရင် ပညာရှင်တွေက ဘာလို့ အကြောင်းမဲ့ပိတ်ဆို့ခဲ့တာလဲ?"
"ဥပမာအားဖြင့် ဘာလို့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့သူခိုးက ဒီပစ္စည်းကိုရဖို့အတွက်နဲ့ ဝိညာဥ်တပ်ပေါင်းမြောက်များစွာစေလွှတ်ပြီး ကျိုးပြည်ကိုအတင်းအကျပ်သိမ်းပိုက်စေတာလဲ?"
"ခေါင်းသုံးကြစမ်းပါ!"
ယဲ့ကျွင်းလင်၏ ဆူပူကြိမ်းမောင်းမှုတွေကြောင့် သားအဖနှစ်ဦး၏ ရည်မှန်းချက်မီးတောက်များ ရေခဲရေဖြင့်လောင်းချခံလိုက်ရသကဲ့သို့ အငွေ့ပင်မကျန် ငြှိမ်းသတ်ခံလိုက်ရတော့၏။
မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သော လူသတ်ပွဲများ ကျူးကျော်မှုများကို ပြန်လည်စဉ်းစားရင်း သူတို့ ရုတ်တရက် ကြောက်ရကောင်းမှန်း နားလည်သွားကြသည်။
ခွင်းလွင်နယ်မြေက ကျင့်ကြံသူအများအပြားဟာ ဒီကမ္ဘာမြေမှာ သူတို့၏အတောင်ပံများကို ချုပ်နှောင်တားဆီးထားသော လှောင်အိမ်တစ်ခုဖြစ်ပြီး ဒီတစ်သက်တော့ စကြဝဠာကြီး၏အလှတရားများကို ဘယ်တော့မှ မြင်တွေ့ခွင့်ရလိမ့်မည်မဟုတ်ဟု တစ်ချိန်လုံး အဆိုးမြင်လာခဲ့ကြသည်ပင်။
တွေးကြည့်တော့လည်း ဒီကန့်သတ်မှုတွေဟာ အချုပ်အနှောင်မဟုတ်ပါဘဲ အကာအကွယ်များလည်း ဖြစ်နိုင်ပေသည်။
"ဒါ့အပြင် ဒါကို ဘယ်လိုဖွင့်ရမလဲဆိုတာ ဧကရာဇ်တို့ သိလို့လား?" ယဲ့ကျွင်းလင်က ခပ်ရွဲ့ရွဲ့လေသံဖြင့် ထပ်မေးသည်။
သားအဖနှစ်ယောက် ရှက်စိတ်ကြောင့်ပူတက်လာသောပါးပြင်များဖြင့် ခေါင်းယမ်းပြလိုက်ကြသည်။
ဟုတ်တယ်လေ!
သူတို့က ကြယ်တံခါးကို ဘယ်လိုဖွင့်ရမှန်းတောင် မသိဘဲ စကြဝဠာအထိ နယ်မြေချဲ့ထွင်ဖို့ စိတ်ကူးယဉ်နေခဲ့ကြတာ။
ဘယ်လောက်တောင် လှောင်ရယ်ချင်စရာကောင်းလိုက်လဲ!
"ကောင်းပြီ၊ ဒါဆိုလည်း ဆက်ပြီး ကြိုးစားလိုက်ကြပါဦး၊ ဒီကြယ်တံခါး ဒီမှာတည်ရှိနေသရွေ့ မဟာကျိုးပြည်ထောင်ရဲ့ ကံကောင်းခြင်းတွေ အဆုံးမရှိဆက်ရောက်လာလိမ့်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်"
ယဲ့ကျွင်းလင် စကားကိုအဆုံးသတ်ပြောပြီးနောက် တော်ဝင်ဘိုးဘွားသင်္ချိုင်းမှ လှည့်ထွက်လာလိုက်တော့သည်။
သူက လျှို့ဝှက်ချက်တွေကို စူးစမ်းချင်ရုံသက်သက်ပါပဲ။ အခု သိချင်တာတွေလည်း အကုန်သိလိုက်ရပြီဆိုတော့ သူများမိသားစုသင်္ချိုင်းကြီးထဲ ဘာဆက်လုပ်ရဦးမှာလဲ။ ပျင်းစရာ။
"အိုး ဘာတတ်နိုင်မှာလဲ၊ ငါတို့ ဒီ့ထက်ပိုပြီးတင်းတင်းကြပ်ကြပ် ကာကွယ်ရုံပဲရှိတာပေါ့" ကျိုးဧကရာဇ်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ပြီး မဟာကျိုးပြည်ထောင်၏ အနာဂတ်လမ်းကို သူ့ဒီထက်ပိုဂရုစိုက်ရတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ပြည့်ရှင်မင်းက ယခု ဘေးဒုက္ခကျော်လွှားခြင်းအဆင့်မှ မသေမျိုးအရိပ်တစ်ပါးပင်။
အစဥ်အမြဲအားဖြည့်ပေးနေသော တိုင်းပြည်ကံကြမ္မာ၏ ကောင်းချီးမင်္ဂလာကို အားကိုးပြီး ထိုဝိညာဥ်တပ်များ မကုန်မခမ်းနိုင်သေးဘဲ ထပ်ပြီ;ကျူးကျော်ဝင်ရောက်လာရင်တောင် သူတို့သေချာပေါက် အနိုင်ယူနိုင်လောက်ပေသည်။
မည်သို့ပင်ဆိုစေ လက်ရှိ မဟာကျိုးမင်းဆက်ကတော့ အင်အားအရာမှ မကြုံစဖူး အထွဋ်အထိပ်သို့တိုင် ရောက်ရှိနေသည်ပင်။
ကျိုးဧကရာဇ်က သူကိုယ်တိုင်၏အင်အားကိုတော့ အတော်လေး ယုံကြည်မှုရှိထားသည်။
"ဆရာသခင်၊ ဆရာသခင် ပြောတာသာ အမှန်ဆိုရင် အဲ့ဒီမရဏချောက်နက်က အမှောင်သတ္တဝါတွေကတော့ တကယ်ကိုစွန့်စားရဲနေကြတာပဲ! သူတို့က ခွင်းလွင်နယ်မြေကို သစ္စာဖောက်ပြီး နယ်မြေပြင်ပက ဂြိုလ်သားတွေရဲ့ လက်ပါးစေတွေ ဖြစ်သွားကြတာကိုး!"
လီဝူကျယ်တစ်ယောက် အနောက်မှတကောက်ကောက်လိုက်ရင်း တွတ်ထိုးကာ လူသတ်ချင်စိတ်များလည်း တဖွားဖွားပေါ်ပေါက်လို့နေသည်။
ယဲ့ကျွင်းလင်၏ မျက်လုံးများလည်း လက်ခနဲဖြစ်သွားသည်။ "ငါ အခု အစိတ်ဝင်စားဆုံးက အဲဒီအချိန်တွေတုန်းက ခွင်းလွင်နယ်မြေမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာပဲ။ ငါ့အထင်တော့ မသေမျိုးဘုံကိုတက်လှမ်းနိုင်မှာ ဒီကိစ္စကိုအဖြေရှာနိုင်မယ်ထင်တယ်"
ဘယ်လိုပဲဖြစ်ဖြစ် မသေမျိုးဘုံကို တက်လှမ်းနိုင်မှသာ စကြဝဠာကို ဖြတ်သန်းဖို့ အရည်အချင်း ပြည့်မီမှာမဟုတ်လား?
ဒီလိုတွေးကြည့်တော့ ပြဿနာအရင်းအမြစ်က မသေမျိုးဘုံကိုတက်နိုင်ခဲ့တဲ့ ဆရာကြီးတွေနဲ့ ဆက်စပ်နေမယ်ထင်တယ်။
"မသေမျိုးဘုံ!"
လီဝူကျယ် သူ့ဆရာ၏ရည်မှန်းချက်ကြောင့် အံ့သြသွားရသည်။ ထိုအရာမှာ ခွင်းလွင်နယ်မြေတစ်လွှားက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ကူးအိပ်မက်ပင်။