အခန်း (၁၀၃)
Vol. 8 Ch. 103
"ဆရာသခင်ပေးတဲ့ သရေစာလေးတွေ အရမ်းအရသာရှိတာပဲ~"
ထိုအချိန်တွင် ပုရှောင်ရှီးသည် အစာ၏ အရသာတွင် နစ်မြောနေဆဲဖြစ်ပြီး ခဏအကြာမှ အသိပြန်ဝင်လာကာ သူမ၏ကျင့်ကြံဆင့်ပြောင်းလဲသွားကြောင်း သတိပြုမိလိုက်လေသည်။
တကယ်ကို ကာယကံရှင်တောင် မသိလိုက်ရဘဲ ဖြစ်ပျက်သွားတာ၊ အရမ်းကိုမြန်မြန်ကြီး ခုန်ကူးသွားတာပဲ!
"ဟင်၊ ရှုရှု ဘယ်လို အဆင့်တက်သွားတာလဲ?"
ပုရှောင်ရှီး မျက်လုံးပြူးသွားပြီး သူမရဲ့ ချစ်စရာ ကြွက်မျက်နှာလေးလည်း နည်းနည်းကြောင်အသွားရသည်။
ယဲ့ကျွင်းလင်ပင် အလွန်အံ့အားသင့်သွားရသည်။ အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာတစ်အိတ်က ဤမျှလောက် ကြီးကျယ်သော အကျိုးသက်ရောက်မှုကို ဖြစ်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ!
ဝိညာဉ်အဆင့်တက်ခြင်း အစောပိုင်းအဆင့်မှ အထွဋ်အထိပ်သို့တက်ရောက်ခြင်း အစောပိုင်းအဆင့်သို့ တစ်ဆက်တည်း ခုန်ကူးသွားခြင်းပေ!
နောက်ထပ် အစာအိတ်နည်းနည်းလောက် ထပ်စားလိုက်ရင် ဘယ်လိုဖြစ်လာလောက်မလဲ?
ဒီအတိုင်းဆို ချက်ချင်း မသေမျိုး ဖြစ်သွားမှာ မဟုတ်ဘူးလား!?
"ဆရာတူအစ်မရှောင်ရှီး၊ ဒါ ဒါက..." မူလက ဓားရေးလေ့ကျင့်နေသော လီဝူကျယ်သည် ဤမြင်ကွင်းကို သတိပြုမိပြီး လက်ထဲမှ ဓားပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။
"ဒါ အဲဒီ သရေစာအိတ်ကြောင့်ပဲ!" ဟုန်ချန်ယဲ့၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာက ပုရှောင်ရှီးလက်ထဲမှ မုန့်အိတ်လေးကိုလှမ်းကြည့်ရင်း နှလုံးခုန်သံများမှာ ပင်လယ်လှိုင်းလုံးကဲ့သို့ တက်လိုက်ကျလိုက်ပြင်းထန်လာတော့၏။
"ယဲ့ကျွင်းလင်မှာ ဘယ်လောက်တောင်အဆင့်မြင့်တဲ့ ရတနာသိုက်ကြီးရှိနေလဲဆိုတာ တကယ်ကို သိချင်မိတယ်၊ အမြဲတမ်း ဒီလို အံ့သြစရာကောင်းတဲ့ အရာတွေကို ဘယ်ကနေ ထုတ်ယူလာနိုင်တာလဲ?"
ဟုန်ချန်ယဲ့၏ နှလုံးသားသည် တက်ကြွစွာဖြင့် သိချင်စိတ်များပြည့်နှက်နေသည်။
ဒီအချိန်မှာ အဲ့မြေနိုးကို ယှဥ်ချလို့မနိုင်သေးလို့သာပေါ့။ မဟုတ်ရင် အဲ့ဒီလူဆီမှာ ရှိရှိသမျှအရာအားလုံးကို ချက်ချင်းလုယူပစ်လိုက်မိမှာပဲ။
"ရှောင်ရှီး၊ မင်း နောက်ထပ် စားချင်သေးလား?" ယဲ့ကျွင်းလင် လှမ်းမေးလိုက်သည်။
ပုရှောင်ရှီး၏ မျက်လုံးလေးများ တောက်ပရွှန်းလက်လာကာ ပုတ်သင်ညိုမလေးကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်လျက် အမောတကောပြောလာသည်။ "စားမယ်၊ စားမယ်၊ ရှုရှု ထပ်စားချင်သေးတယ်!"
ယဲ့ကျွင်းလင်၏ လက်ထဲတွင် အိမ်မွေးတိရစ္ဆာန် အစာလေးအိတ် ထပ်ပေါ်လာသည်။ ပုရှောင်ရှီး တကယ်ပဲ ဆက်ပြီးအဆင့်တက်နိုင်မလား သူ သိချင်နေ၏။
သူဗိုက်ပြည့်စေဖို့ လုံလောက်သည့် သရေစာလေးအိတ်ကို မြင်လိုက်ရသောအခါ ပုရှောင်ရှီး အလွန်ပျော်ရွှင်သွားသည်!
သူမ ချက်ချင်း လှမ်းယူလိုက်ပြီး အိတ်တစ်လုံးကို ဖွင့်ကာ နို့နံ့သင်းသင်းလေးအား မက်မောစွာရှူရှိုက်လျက် ပျော်ရွှင်မြူးထူးလို့နေသည်။
ထို့နောက် ပုရှောင်ရှီးသည် အိတ်ထဲသို့လက်နှိုက်လျက် မုန့်များကို လက်ဖြင့် ဆုပ်ကာဆုပ်ကာ ပါးစပ်ထဲသို့ပစ်ထည့်၍ ပလုပ်ပလောင်း ဝါးလေတော့သည်။ ပါးနှစ်ဖက်လုံးဖောင်းကားနေသော ကြွက်မျက်နှာလေးမှာ လွန်စွာချစ်စဖွယ်ကောင်းလှသည်ပင်။
ယဲ့ကျွင်းလင်လည်း ပုရှောင်ရှီးကို အနီးကပ် စောင့်ကြည့်နေသည်။ တတိယအိတ်ကို စားပြီးနောက် သူမ၏ ကျင့်ကြံရေးအဆင့်သည် နှောင်းပိုင်းအဆင့်ထိသာ တက်ရောက်နိုင်တော့မှန်း တွေ့ရှိရလေသည်။
ယဲ့ကျွင်းလင် တစ်ခုနားလည်သွားသည့်အရာမှာ ထိုအားဖြည့်အစာကို ဆက်တိုက် ထပ်ခါထပ်ခါ စားခြင်းသည် အကျိုးသက်ရောက်မှုကို တဖြည်းဖြည်းနှင့် များစွာ လျော့နည်းလာစေပြီး နောက်ပိုင်းတွင် အဆင့်တက်ဖို့ ပိုခက်ခဲလာကာ အဆင့်ငယ်တစ်ဆင့်လောက်တက်ဖို့ကို အစာအိတ်များများစုပုံထိုးကျွေးရတော့မည့်ဟန်ပင်။
သို့သော် ယဲ့ကျွင်းလင် ဂရုမစိုက်ပါ၊ ဘာပဲဖြစ်ဖြစ် သူအတွက်တော့ အိမ်မွေးကြွက်လေးပျော်အောင်အစာကျွေးတာနဲ့ မခြားပါဘူး!
ထို့နောက် ယဲ့ကျွင်းလင်သည် အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာငါးအိတ် ထပ်ထုတ်ယူကာ အောက်က်တွင်ပျံသန်းနေသော ခွင်းဖန်းထံ လှမ်းအော်ပြောလိုက်သည်။ "အားခွင်း၊ မင်း ဒီရက်ပိုင်း အလုပ်တွေ အရမ်းများပြီး ပင်ပန်းနေမှာပေါ့၊ ဒီမှာမင်းကိုသရေစာတွေ ဆုချလိုက်တယ်!"
ဝှစ်!
အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာငါးအိတ်သည် လေထဲတွင် ဝဲပျံလို့သွားပြီးပြီး တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ကာ ခွင်းဖန်းထံသို့ တည့်တည့် ပျံသန်းသွားသည်။
ခွင်းဖန်းသည် အလွန်ပျော်ရွှင်ပြီး သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ ကြိုဆိုလက်ခံလိုက်တော့၏။
ဤမုန့်လေးငါးအိတ်သည် ခွင်းဖန်း၏အရွယ်အစားနှင့်ယှဥ်လျှင် သွားကြားပင်မညပ်နိုင်လောက်သော်ငြား စနစ်မှ ချီးမြှင့်သော အစာဖြစ်တာကြောင့် အလွန်ထူးခြားပြီး အဓိကအနှစ်သာရမှာ ဆာလောင်ခြင်းကို မဟုတ်ဘဲ စွမ်းအင်ကိုသာဖြည့်တင်းပေးခြင်းဖြစ်သည်။ သို့သော် အစာစားလိုစိတ်ကိုလည်း လျော့ပါးကျေနပ်စေသည့် သက်ရောက်မှုတစ်မျိုး ပါရှိသေး၏။
အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာငါးအိတ် စားပြီးနောက် ခွင်းဖန်း၏ ခန္ဓာကိုယ်မှာ တောက်ပသော အပြာရောင် အလင်းတန်းများဖြင့် ဝန်းရံလာသည်။
အမြင့်မြတ်ဆုံး ထိပ်တန်းနတ်သားရဲမျိုးဆက်၏ သွေးသားစင်စစ်ဖြစ်သောကြောင့် အစာအိတ်၏အကျိုးကျေးဇူးက ပို၍သက်ရောက်မှုရှိကာ သူ၏ ကျင့်ကြံရေးအဆင့်သည် အထွဋ်အထိပ်သို့တက်ရောက်ခြင်း အစောပိုင်းအဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့တိုင် မြင့်တက်သွားသည်။
ခွင်းဖန်းသည် ပျော်ရွှင်သောအော်သံတစ်ခုကို ထုတ်လွှတ်လိုက်ကာ ယဲ့ကျွင်းလင်ထံသို့ သူစိတ်လှုပ်ရှားနေပါကြောင်း လှမ်း၍အသိပေးလာသည်။ မိဘထံမှ အရုပ်လက်ဆောင်ရသော ကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်နေသည်။
"အာ၊ ဒါကြီးက..." လီဝူကျယ်၏ နှလုံးသားလေးမှာ မတည်မငြိမ်ခုန်ပေါက်လျက် သူ၏ မျက်လုံးများသည် ပြုတ်ကျလုနီးပါး ပြူးကျယ်နေသည်။
သေစမ်း၊ အဲဒီမုန့်လေးတွေစားရုံနဲ့ ကျင့်ကြံဆင့်က ကလေးကစားသလို ဝုန်းခနဲထိုးတက်သွားရောလား?!
"ဆရာသခင်က တကယ်ကို ခန့်မှန်းရခက်တဲ့သူပဲ" လီဝူကျယ်က ချီးကျူးလိုက်ပြီး ငွေရောင်ဆံပင်ရှိသော လူငယ်ကို လှမ်းကြည့်လိုက်သောမျက်လုံးများတွင် လေးစားမှုများအပြည့်ဖြင့်။
ဟုန်ချန်ယဲ့လည်း ဦးစွာပထမ အံ့အားသင့်သွားပြီးမှ မကျေမနပ်ဖြင့် ပွစိပွစိပြောနေလိုက်သည်။ "ဒီလိုမျိုး ကျင့်ကြံရေးကို ဖြတ်လမ်းနည်းနဲ့ တိုးတက်အောင် လုပ်နေတာက ကြိုးစားပမ်းစား ကျင့်ကြံတဲ့ လူတွေအတွက် တရားမျှတရဲ့လား? ကိုယ်ကျင့်တရားပိုင်းကနေကြည့်ရင် လုံးဝကိုလက်မခံသင့်တဲ့ လုပ်ရပ်မျိုးပဲ! ဒီလောက်လွယ်နေမှတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိကိုရှိရမယ်! ငါ့ကိုလာပေးရင်တော့ လုံးဝကိုမစားဘူး!"
ဟုန်ချန်ယဲ့ စိတ်ထဲတွင် ထိုသို့ တွေးနေသော်လည်း သူ၏ မျက်လုံးများကတော့ ပုရှောင်ရှီး၏ လက်ထဲမှ အစာအိတ်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ပုရှောင်ရှီးသည် တစ်ခါတည်း မျိုချမည့်အစား မုန့်တစ်ခုချင်း ပါးစပ်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း ဝါးပြီး အရသာခံ၍ လောကစည်းစိမ်ကို ခံစားနေလျက်။
ဟုန်ချန်ယဲ့သည် နန်းဆောင်အနီးရှိ လေညှင်းပင်၏ အနောက်သို့ လျင်မြန်စွာ နေရာရွှေ့လိုက်ကာ တီးတိုးလှမ်းခေါ်လိုက်သည်: "ရှောင်ရှီး၊ ခဏလောက် ဒီကို လာပါဦး။"
ပုရှောင်ရှီး အံ့အားသင့်သွားပြီး အသံလာရာနောက်သို့ လိုက်သွားရာ ဟုန်ချန်ယဲ့က သူ့ကို လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"ဆရာတူအစ်ကိုဟုန်က ရှုရှုကို ခေါ်နေတာပဲ!" ပုရှောင်ရှီး အလွန်ပျော်ရွှင်သွားသည်။ အကြောင်းမှာ အများအားဖြင့် ဒီဆရာတူအစ်ကိုဟုန်သည် သူ့ကို အလွန်အေးစက်စက်သာ ဆက်ဆံတတ်ပြီး ယခင်က သူသတ္တိမွေးလျက် အကြိမ်အနည်းငယ်မျှ စကားပြောရန် ချဉ်းကပ်ခဲ့သော်လည်း မနှစ်မြို့ဖွယ် အကြည့်ဖြင့်သာ မောင်းထုတ်ခံခဲ့ရပေသည်။
မိတ်ဖွဲ့ချင်လှတဲ့ ပုရှောင်ရှီးကတော့ စိတ်ပျက်အားငယ်မိတာပေါ့။
သို့သော် ယခု ဟုန်ချန်ယဲ့က ရှားရှားပါးပါး သူ့ကို ဦးစွာ လှမ်းခေါ်လိုက်သောကြောင့် ပုရှောင်ရှီးလည်း နောက်ဆုံးတော့အဖက်လုပ်ခံရပြီဟူသောအတွေးဖြင့် ပျော်ရွှင်သွားရ၏။
ပုရှောင်ရှီးသည် သူ၏ ခြေတိုတိုလေးများဖြင့် တက်ကြွစွာ လျှောက်သွားကာ မေးလိုက်သည်။ "ဆရာတူအစ်ကိုဟုန်၊ ရှုရှုကိုဘာများပြောချင်လို့လဲ၊ ဘာများလိုအပ်လို့လဲ ပြောပါ?"
ဟုန်ချန်ယဲ့သည် ရူးတူးပေါတောနှင့် မျက်နှာချိုသွေးနေသော ကြွက်မျက်နှာကို စိုက်ကြည့်ကာ စိတ်ထဲမှ မဲ့ပြုံးပြုံးလိုက်သည်:။ "ကြွက်ငပေါ"
သူ ချောင်းဟန့်လိုက်ပြီး တည်တည်ကြည်ကြည် ပြောလိုက်သည်။ "ငါပြောပြမယ်၊ ဆရာသခင် မင်းကို ပေးလိုက်တဲ့ မုန့်ထုပ်တွေက တကယ်တော့အဆိပ်ရှိတယ်။"
"အယ်?!"
ပုရှောင်ရှီး အံ့အားသင့်သွားပြီးနောက် ခေါင်းကို ပြုတ်ထွက်မတတ် ခါယမ်းပြလိုက်သည်။ "မဖြစ်နိုင်ဘူး၊ ဆရာသခင်က ရှုရှုကို လုံးဝ ဒုက္ခပေးမယ့်သူမဟုတ်ဘူး! ပြီးတော့ ရှုရှုရဲ့ ကျင့်ကြံရေးအဆင့်က ဒါကို စားပြီးကတည်းက ဒီလောက်အမြန်ကြီးထိ မြင့်တက်လာတာ!"
"ဟမ့်၊ အရာအားလုံးမှာ အကျိုးနဲ့အပြစ် အမြဲနှစ်ဖက်ရှိတယ်ကွ၊ ကျင့်ကြံသူတွေ သောက်သုံးတဲ့ ကုသဆေးလုံးတွေမှာတောင် ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင် အကြွင်းအကျန်တွေ ချန်ထားခဲ့တတ်လို့ အဲဒီအကြွင်းအကျန်တွေကို နောက်ပိုင်းမှာ ပြန်သန့်စင်ရတတ်တယ်၊ မဟုတ်ရင် ကျင့်ကြံရေးအခြေကို ထိခိုက်စေမယ်၊ ဒါကြောင့် ဆေးလုံးတွေကို အားကိုးပြီး သူတို့ရဲ့ ကျင့်ကြံရေးအဆင့်တွေကို တိုးမြှင့်တဲ့ ကျင့်ကြံသူအများစုရဲ့ ကျင့်ကြံရေးအခြေဟာ အားနည်းယိုင်နဲ့နေတတ်တာပဲ!"
ဟုန်ချန်ယဲ့သည် လက်ကို ဟန်ပါပါပိုက်ကာ မေးစေ့ကို အနည်းငယ် မော့ပြီး အတွေ့အကြုံနုသေးသည့် တက်သစ်စလေးတစ်ယောက်ကို သင်ကြားပေးနေသည့် စီနီယာတစ်ဦး၏လေသံဖြင့် ပြောလာသည်။ "ပြီးတော့ မင်းစားတဲ့ ဒီမုန့်တွေက ကျင့်ကြံဆင့်ကျော်တက်ဖို့ ကူညီပေးပုံရတယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ ဒါက အဆင်သင့်မဖြစ်သေးတဲ့အရာကို အတင်းအကျပ် ကြီးထွားစေတာပဲ၊ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ အများကြီး စုပုံသွားနိုင်တယ်၊ ဒီ့ထက်ထပ်စားနေဦးမယ်ဆိုရင် ကိုယ့်ကိုယ်ကို မသေသေအောင် ဖြည်းဖြည်းချင်းညှင်းပန်းနှိပ်စက်နေတာပဲ"
ပုရှောင်ရှီးသည် ငေးငေးလေး နားထောင်နေပြီး တလှုပ်လှုပ်ဝါးနေသောပါးစပ်လေးလည်း ငြိမ်ကျသွားကာ ခက်ခက်ခဲခဲ မြိုချပြီးနောက် အားနည်းစွာ ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ ဆရာသခင်က ရှုရှုကို စားဖို့ ပေးခဲ့တာဆိုတော့ အဲဒီ သရေစာတွေက ကောင်းတယ်လို့ ဆိုလိုတာပဲလေ၊ ဆရာတူအစ်ကိုဟုန်က ဆရာသခင်ရဲ့စေတနာကို နားလည်မှုလွဲနေတာလား?"
"ပြီးတော့ ရှုရှုခန္ဓာကိုယ်မှာ ဘာမှ မသက်မသာ မခံစားရပါဘူး!"
ထိုစကားကိုကြားသော် ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်ကာ လက်ကို ဆန့်တန်းပြီး ပုရှောင်ရှီး၏ ခေါင်းပေါ်တွင် တင်၍ မျက်လုံးမှိတ် ခံစားကြည့်လိုက်သည်။
ပုရှောင်ရှီး၏ ခန္ဓာကိုယ်၊ အကြောအချဉ်အားလုံး မပျက်စီးဘဲ အခြေခံအုတ်မြစ်ကအစ အလွန်ခိုင်မာနေဆဲသည်ကို သူခံစားလိုက်မိ၏။ ခန္ဓာကိုယ်အနှံ့ စစ်မှန်သော မွေးရာပါ အနှစ်သာရစွမ်းအင်များပင် အဆက်မပြတ် လှည့်ပတ်လျက်ရှိသည်ကို တွေ့လိုက်ရသည်။
ဟုန်ချန်ယဲ့ အံ့အားသင့်သွားသည်!
ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး၊ ဒါက ဆေးသောက်တာထက် ပိုထိရောက်နေတယ်!
ယခင်က ခိုင်မာခဲ့သော ယုံကြည်မှုများ ပြိုလဲသွားရပြီးနောက် ဟုန်ချန်ယဲ့သည် ပုရှောင်ရှီး၏ လက်ထဲမှ အစာအိတ်ကို စူးစိုက်ကြည့်နေကာ မျက်လုံးများမှာ သူခိုးတစ်ယောက်မှ ရတနာပစ္စည်းကိုကြည့်နေသကဲ့သို့ လောဘစိတ်များ ရောယှက်တောက်ပလို့နေတော့၏။
ဤကဲ့သို့သော အကြည့်ဖြင့် စိုက်ကြည့်ခံရသောကြောင့် ပုရှောင်ရှီးတစ်ကိုယ်လုံး မသက်မသာ ခံစားရပြီး သတိကြီးကြီးထားလျက် ပြောလိုက်သည်။ "ဆရာတူအစ်ကိုဟုန်၊ တခြားဘာကိစ္စမှ မရှိတော့ရင် ရှုရှုအရင် သွားတော့မယ်..."
"အဲ့သရေစာတွေ ထားခဲ့။"
ဟုန်ချန်ယဲ့သည် အားကောင်းသောအရှိန်အဝါကိုထုတ်လွှတ်လျက် ပုရှောင်ရှီး၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်ကာ ခပ်ပြောင်ပြောင်ပင် ပြောလိုက်သည်။
ပုရှောင်ရှီးသည် သူ၏ လက်ထဲမှ သရေစာများကို ကြည့်ကာ အားမလိုအားမရ လေသံဖြင့် တိုးတိုးလေး ပြန်ပြောလာသည်။ "ဆရာတူအစ်ကိုဟုန်၊ ရှုရှု ဗိုက်မဝသေးဘူး"
"မြန်မြန်လုပ်၊ ငါ မင်းရဲ့ ဆရာတူအစ်ကိုပဲ၊ မင်း ငါ့စကားကို နားထောင်ရမယ်!"
"ဒါပေမဲ့ ဒါက ဆရာသခင်က ရှုရှုကို ပေးထားတာလေ။"
ဤကြွက်သည် သူ၏ အမိန့်ကို မနာခံသောကြောင့် ကျင့်ကြံဆင့်မြင့်တက်လိုသည့်စိတ်ကို ထိန်းချုပ်မရဖြစ်နေသော ဟုန်ချန်ယဲ့သည် မတတ်သာတော့ဟန်ဖြင့် ကောက်ကျစ်စွာပြုံးကာ မုန့်အိတ်အား ဆတ်ခနဲလုယူလိုက်သည်။
"ပေးဆိုပေးစမ်း!!"