← Chapters

အခန်း (၁၀၄)

Vol. 8 Ch. 104

အခန်း (၁၀၄)

Vol. 8 Ch. 104

ပုရှောင်ရှီးသည် ထိုနေရာတွင်ပင် မလှုပ်မယှက် ပါးစပ်အဟောင်းသားဖြင့် ရပ်နေပြီး သူမ၏ သရေစာများ လုယူခံလိုက်ရသည်ကို ငြိမ်ကြည့်ကာ မျက်ရည်များ အိုင်ထွန်းလာသည်။

ဟုန်ချန်ယဲ့သည် လက်ထဲမှ အစာအိတ်ကို အလေးချိန်ဆကြည့်လိုက်ပြီး အပြုံးက ပို၍ပင်တောက်ပလာသည်။။ ပုရှောင်ရှီး၏ ဝမ်းနည်းနေသော မျက်နှာကို သူမြင်သောအခါ "ဘာငိုနေတာလဲ? ရအောင်ထိန်းထား! ပြီးတော့ ဒီအကြောင်းကို ဆရာသခင်ကို လုံးဝ မပြောရဘူးနော်၊ နားလည်လား?!" ဟု ခြိမ်းခြောက်ထားလိုက်သည်။

ဟုန်ချန်ယဲ့၏ အရှိန်အဝါသည် ပုရှောင်ရှီးကို ကြောက်လန့်သွားစေပြီး ကြွက်လေးမှာ လည်ပင်းလေးပုကာ "ဟုတ်ကဲ့" ဟုသာ တိုးတိုးလေး ပြန်ပြောရှာ၏။

"ဒီမှာ ဘာရပ်လုပ်နေသေးလဲ? ငါ့မျက်စိရှေ့က ထွက်သွားစမ်း!" ဟု ဟုန်ချန်ယဲ့က စိတ်မရှည်စွာ ထပ်ငေါက်လိုက်သည်။

ဒီမျက်နှာရူးကြွက်ကို မျက်နှာမြင်တာနဲ့တင် ဒေါသထွက်လာပြီ!

ပုရှောင်ရှီးသည် ကျခါနီးဆဲဆဲ မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး လှည့်ထွက်ကာ ပြေးသွားသည်။

ဆရာတူအစ်ကိုက ရှုရှုရဲ့ သရေစာတွေကို လုယူသွားတယ်၊ ရှုရှုရဲ့ နှလုံးသားက အရမ်းကိုနာကျင်နေရပါပြီ!

ထိုထွက်ပြေးသွားသော ပုံရိပ်ကို ကြည့်ရင်း ဟုန်ချန်ယဲ့၏ နှုတ်ခမ်းတွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။

ကြွက်ပေါက်၊ မင်းကို ငါ့လက်အောက်မှာ လုံးဝ ထိန်းချုပ်ထားလိုက်ပြီ၊ မှတ်ထား!

ထို့နောက် လက်ထဲမှအစာအိတ်များကိုငုံ့ကြည့်လျက် မျက်လုံးများတဖျတ်ဖျတ်တောက်ပသွားသည်။

ဟမ့်၊ နောက်ဆုံးတော့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို တစ်ဟုန်ထိုး တက်လှမ်းဖို့ အချိန်ရောက်ပြီလေ။

ပုရှောင်ရှီးထဖောက်ပြီး သွားတိုင်လိုက်မှာစိုးရိမ်သည့်အတွက် ဟုန်ချန်ယဲ့ အလောတကြီးပင် မုန့်အိတ်တစ်အိတ်လုံးကို ပါးစပ်ထဲ မဆိုင်းမတွသွန်ထည့်လိုက်သည်။

အင်း၊ နို့ချိုရနံ့က အရမ်းပြင်းတာပဲ၊ ချိုမြိန်ပြီး အရသာရှိတယ်၊ ပါးစပ်ထဲမှာ ပျော်ဝင်သွားတာများ နူးညံ့နေတာပဲ၊ အရမ်းစားလို့ကောင်းတယ်!

စားပြီးနောက် ဟုန်ချန်ယဲ့၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏ မျက်လုံးများတွင် အံ့သြမှု၏ အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ဘာဖြစ်နေတာလဲ?

ဘာလို့ ငါ့ဗိုက်က အရမ်းဖောင်းပြီး မအီမသာဖြစ်နေရတာလဲ?

ဟုန်ချန်ယဲ့ မသိသည်မှာ ဤအစာသည် အိမ်မွေးတိရစ္ဆာန်များအတွက် အထူးပြုလုပ်ထားသော သရေစာဖြစ်သည်။ လူသားများ စားလျှင် ခန္ဓာကိုယ်က လက်မခံနိုင်သည့်အတွက် မူမမှန်သော တုံ့ပြန်မှုများသာ ဖြစ်ပေါ်ပြီး ကျင့်ကြံခြင်းကို လုံးဝ တိုးမြင့်‌စေမည် မဟုတ်ပေ။

ထိုအချိန်တွင် သန့်စင်သော စွမ်းအင်အစုအဝေးများသည် ဟုန်ချန်ယဲ့၏ ဝမ်းဗိုက်အတွင်း၌ လေဆင်နှာမောင်းကဲ့သို့ ရမ်းကားစွာ လှည့်ပတ်သောင်းကျန်းလာ၏။

"မကောင်းဘူး၊ ဒီတိုင်းဆက်ဖြစ်နေရင်..." ဟုန်ချန်ယဲ့ ရုတ်တရတ် မျက်နှာပျက်သွားရကာ နဖူးတွင် ချွေးစေးများ စီးကျလာသည်။

သူသည် စွမ်းအင်လှိုင်းများကို ဝမ်းဗိုက်အတွင် ဤမျှကြမ်းကြမ်းရမ်းရမ်း လှည့်လည်ခွင့်ပြုလိုက်ပါက ခန္ဓာကိုယ်သည် ပေါက်ကွဲပျက်စီးသွားပေလိမ့်မည်!

အရင်ဆုံး ဤကိစ္စကိုဖြေရှင်းရန် အမြန်နည်းလမ်းရှာရပေမည်!

ထိုစဥ် အတွေးတစ်ခု သူ့စိတ်ထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာသည်။

ဟုန်ချန်ယဲ့သည် စကွက်ထိုင်သကဲ့သို့ ခြေကိုကား ဒူးကိုကွေးလျက် လေပေါ်တွင် ကွတတထိုင်လိုက်ကာ ဝမ်းဗိုက်အတွင်းရှိ စွမ်းအင်ကို တစ်နေရာသို့ လမ်းညွှန်ပေးလိုက်သည်။ သူ၏ မူလက ဖြူဖွေးသော မျက်နှာသည် ပန်းသီးကဲ့သို့ နီရဲလာကာ ပဲစေ့လောက် ကြီးသော ချွေးစေးများ စီးကျလာပြီး အသက်ရှူနှုန်းသည်လည်း အမောတကောဖြင့် မြန်ဆန်လာ၏။

အုန်း—!

ကျယ်လောင်သော လေလည်သံနှင့်အတူ အားကောင်းသော စွမ်းအင်စီးကြောင်းကြီးတစ်ခုက နတ်သမီးဟုန်၏ မစင်ပေါက်မှ အုန်းခနဲ ထွက်ပေါ်လာသည်။

ယခု ခွင်းဖန်း၏ ကျောပေါ်တွင် ယဲ့ကျွင်းလင် ရွှေ့ပြောင်းထားသော နန်းဆောင်အပြင် တန်ဆောင်းများ၊ မျှော်စင်များ၊ ရင်ပြင်များ၊ တံတားငယ်များ၊ သဲသောင်ပြင်များအပြင် အပင်မျိုးစုံလည်း ရှိပြီး အဝေးမှ ကြည့်လျှင် အပန်းဖြေစခန်းငယ်တစ်ခုနှင့် သဏ္ဍာန်တူသည်။

ဤလေလည်မှုကြောင့် ဗုံးပေါက်ကွဲသကဲ့သို့ သဲနှင့် ဖုန်မှုန့်များ အများအပြား လွင့်စင်သွားကာ သစ်ပင်များလည်း လေပြင်းမုန်တိုင်းတိုက်သကဲ့သို့ တကျွီကျွီမြည်လျက် အပန်းဖြေစခန်းငယ်လေးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားရ၏။

ဟုန်ချန်ယဲ့ကတော့ သူ့တင်ပါးအောက်မှ မမြင်နိုင်သော အင်အားကြီးတစ်ခု ပေါက်ကွဲထွက်လာသည်ကိုသာ ခံစားလိုက်ရပြီး မြေပြင်မှ အရှိန်ဖြင့်ကြွတက်ကာ လေထဲသို့ ဝှီးခနဲ ပျံတက်သွားသည်။

သူမ၏ သရေစာများ လုယူခံလိုက်ရပြီးနောက် ပုရှောင်ရှီး စိတ်ဓာတ်ကျနေခဲ့သည်။

ယဲ့ကျွင်းလင်သည် အမြဲလိုလို သူ၏ ခုံပေါ်တွင် နေပူဆာလှုံနေတတ်သည်ပင်။ စိတ်ဓာတ်ကျနေသော မျက်နှာငယ်ဖြင့် ပုရှောင်ရှီး ချဉ်းကပ်လာသည်ကို သတိပြုမိသောကြောင့် သူသည် အံ့အားသင့်စွာ မေးလိုက်မိသည်။ "ရှောင်ရှီး၊ မင်း ဘာဖြစ်နေတာလဲ?"

ပုံမှန်အားဖြင့် ဤကြွက်သည် အလွန်လွတ်လပ်ပေါ့ပါးပြီး အချိန်တိုင်း အားအင်အပြည့်ရှိတတ်သည်၊ ယခု ဘာအကြောင်းကြောင့် ဤမျှ စိတ်မပါလက်မပါနှင့် ညှိုးငယ်နေရပါသနည်း?

ပုရှောင်ရှီး ဆရာသခင်ထံ ငိုကြွေးတိုင်တန်းလိုက်ချင်ပါသော်လည်း နောက်ဆက်တွဲ အကျိုးဆက်များကို တွေးမိသောအခါ လည်ချောင်းဝသို့ ရောက်လာသော စကားများကို ပြန်လည်မြိုချလိုက်ရသည်။

ရှုရှုရဲ့ နှလုံးသားက နာကျင်နေတယ်၊ ဒါပေမဲ့ ရှုရှု ပြောလို့မရဘူး။

ပုရှောင်ရှီးသာ ဆရာသခင်ကို ဤအကြောင်း ပြောပြလိုက်ပါက ဆရာသခင်သည် ဆရာတူအစ်ကိုဟုန်ကို အပြစ်ပေးလိမ့်မည်ဖြစ်ပြီး သူမသည်လည်း အစ်ကိုဟုန်ထံမှ ပိုလို့အမုန်းတီးခံရပေလိမ့်မည်။

ပုရှောင်ရှီးသည် တိတ်တဆိတ် ဘေးသို့ လျှောက်လာကာ စားပွဲပေါ်မှ နို့လက်ဖက်ရည်ကို ယူ၍ စုပ်သောက်လိုက်သည်။ စိတ်မကောင်းဖြစ်နေချိန်တွင် အချိုအရသာကို ခံစားခြင်းသည် နှလုံးသားအား အလွန်နှစ်သိမ့်မှု ရစေ၏။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်ပြီး မေးခွန်းထုတ်ရန် ပြင်နေစဉ် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး သူ၏ အပန်းဖြေကျွန်းတစ်ခုလုံး အနည်းငယ် လှုပ်ခတ်သွားသည်။

"ဘာဖြစ်နေတာလဲ?!"

ယဲ့ကျွင်းလင် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ခုံပေါ်မှ ရုတ်တရက် ထထိုင်လိုက်ရသည်။

ထိုအချိန်တွင် သူသည် အနီရောင်အရိပ်တစ်ခု ကောင်းကင်သို့ ဝှီးခနဲပျံတက်သွားကာ ခွင်းဖန်းပျံသန်းနေသည့်ဦးတည်ရာနှင့် ဆန့်ကျင့်ဘက်သို့ လွင့်ထွက်သွားသည်ကား တွေ့လိုက်ရသည်။

ယဲ့ကျွင်းလင် လက်ကို ဆန့်တန်းလိုက်သော် သူ၏ လက်ဖဝါးမှ ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု စီးထွက်လာကာ မီတာတစ်ထောင်ခန့် လွင့်ထွက်သွားသော တစ်ဖက်လူကို အမိအရ ဆွဲယူလိုက်သည်။

ဝှစ်။

ဟုန်ချန်ယဲ့သည် ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ နူးညံ့ပြီး အပြစ်ကင်းစင်သော မျက်နှာသည် သွေးထွက်လုနီးပါး နီရဲနေကာ ရှက်လွန်း၍ မြေကြီးထဲတွင်းတူးခေါင်းမြှုပ်နေလိုက်ချင်ပုံပင်။

မာနကြီးသော နတ်ဆိုးဂိုဏ်း၏ အရှင်သခင်ဟောင်းသည် ယခုလေးတင် လူသိရှင်ကြား လေလည်ခဲ့ရသည်တဲ့!?

ထို့ပြင် ၎င်းသည် တိုးတိုးတိတ်တိတ် ဘွတ်ခနဲမျှသာမဟုတ်၊ အလွန်ကြီးမားပြီး ကျယ်လောင်လှသော လေလည်သံကြီး ဖြစ်နေသေးသည်!

"ရန်သူ့တိုက်ခိုက်မှု! ဆရာသခင်၊ ရန်သူတွေတိုက်ခိုက်လာပြီ!" လီဝူကျယ်သည် ဓားကို ဆွဲကိုင်ကာ စိုးရိမ်တကြီး ပြေးလာပြီး ပျာလောင်ခတ်အောင် အော်ဟစ်လို့နေသည်။

ယဲ့ကျွင်းလင်: "..."

လေထုသည် အနည်းငယ် ထူးဆန်းနေကြောင်းကို ခံစားမိသောကြောင့် လီဝူကျယ်သည် ထိုနေရာတွင် တောင့်တင်းသွားပြီး နားမလည်ပါးမလည်ဟန်ဖြင့် မေးလာသည်။ "အာ၊ ဟုတ်ဘူးလား?"

ယဲ့ကျွင်းလင် ချောင်းဟန့်လိုက်ပြီး ဟုန်ချန်ယဲ့ကို တည်တည်တံ့တံ့ စိုက်ကြည့်ကာ "ရှောင်ဟုန်၊ ငါ့ကို ပြောစမ်းပါဦး၊ ဘာတွေဖြစ်နေတာလဲ?" ဟု မေးလိုက်သည်။

ဤငွေရောင်ဆံပင်ရှိသော လူငယ်ရှေ့မှောက်တွင် ဟုန်ချန်ယဲ့၏ ယခင်က တည်ငြိမ်သော အရှိန်အဝါသည် ပျောက်ကွယ်သွားပြီး စိုးရိမ်မှုနှင့် မအီမသာဖြစ်မှုတို့ဖြင့် အစားထိုးခံလိုက်ရကာ တုန်တုန်ယင်ယင်ဖြစ်လျက် စကားသံလည်းမထွက်နိုင်ပေ။

"နားပင်းနေတာလား? မင်းရဲ့ ဆရာသခင် မေးနေတယ်လေ!" ယဲ့ကျွင်းလင်၏ အကြည့်သည် လျှပ်စီးလက်သကဲ့သို့ ပြင်းထန်စူးရှလာပြီး တစ်ချက်ငေါက်လိုက်သည်။

အင်အားကြီးမားသော အရှိန်အဝါတစ်ခုလည်း ပေါက်ကွဲထွက်လာပြီး သူ့အဖြစ်မှာ နတ်ဘုရားတစ်ပါးကို ဒေါသသွားဆွမိလိုက်သကဲ့သို့ပင်။

"ဒီတပည့် မှားမှန်းသိပါတယ်! ဆရာသခင် ခွင့်လွှတ်တော်မူပါ!" ဟုန်ချန်ယဲ့၏ မာနတံတိုင်းကြီးနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတို့လည်း ပြိုလဲသွားရပြီး သူသည် မသိစိတ်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ချကာ ခေါင်းငုံ့၍ အော်ဟစ်လိုက်သည်။

ဆရာသခင်သည် ပုံမှန်အားဖြင့် ထိုကြွက်ငပေါလေးကို အလွန်ချစ်ခင်မြတ်နိုးမှန်း သူလည်းသိထားသည်ပင်။ အကယ်၍ တစ်ဖက်လူအား အနိုင်ကျင့်ကာ မုန့်အိတ်လုသည့်ကိစ္စကို သိသွားပါက သူ မသေရုံတမယ် အရေခွံဆုတ်ခံရလိမ့်မည်။

All Chapters