← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

ယဲ့ကျွင်းလင်သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့သွားရ၏။

လေလေးတစ်ချက်လည်မိတာပဲလေ၊ ဘာလို့ ဒီလောက် ကြောက်နေရတာလဲ?

သူ့တပည့်တွေကို သူဆက်ဆံတဲ့ပုံစံ အရမ်းကြီးပြင်းထန်သွားခဲ့မိတာလား?

"အား၊ အာ့"

ရုတ်တရက် ဟုန်ချန်ယဲ့၏ နဖူးတွင် ချွေးစေးများ စီးကျလာပြီး မျက်နှာရှိ ကြွက်သားများ ခုန်လှုပ်နေကာ သူ၏ ခန္ဓာကိုယ်သည်လည်း မထိန်းချုပ်နိုင်စွာ တဆတ်ဆတ်တုန်လို့နေသည်။ တစ်စုံတစ်ခုကို အတင်းအကျပ် ထိန်းချုပ်ထားရန် ကြိုးစားနေသကဲ့သို့ ဖြစ်သော်လည်း အလွန်အမင်းခက်ခဲနေပုံပင်။

"မင်း၊ မင်း ဒါက..." ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်မိသည်။

အုန်း—!!!

ကျယ်လောင်သောလေလည်သံနှင့်အတူ လေပြင်းတစ်ချက် ရုတ်တရက် ပျံ့နှံ့သွားပြီး ယဲ့ကျွင်းလင်၏ ငွေဖြူရောင်ဆံပင်ရှည်ကိုပင် ရှုပ်ပွသွားစေကာ မျက်နှာထက်တွင်တော့ ရှားရှားပါးပါး အံ့အားသင့်ကာ ကြောင်အသွားရလျက်။

ဟုန်ချန်ယဲ့သည် နောက်တစ်ကြိမ် အဝေးလွင့်စင်သွားပြီး လေလည်သံနှင့်အတူ ကောင်းကင်သို့ ပစ်လွှတ်ခံလိုက်ရပြန်၏။

"ဆရာတူအစ်ကိုဟုန်!" လီဝူကျယ်က အံ့အားသင့်စွာ အော်လိုက်သည်။

ပုရှောင်ရှီးသည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်ပြီး ကြွက်မျက်နှာလေး ပါးစပ်အဟောင်းသားဖြစ်သွားကာ ပြောလာသည်။ "ဆရာတူအစ်ကိုဟုန်ရဲ့ အီအီးနံ့က အရမ်းမွှေးတာပဲရော်!"

ဒါအမှန်ပါပဲ။

ဟုန်ချန်ယဲ့ ထုတ်လွှတ်သော လေသည် အနံ့ဆိုးမပါဝင်ရုံသာမက ချိုမြိန်သော နို့ရနံ့သင်းသင်းလေးဖြင့် ပြည့်နှက်နေပြီး ရှူရှိုက်ပြီးနောက် လူကို လန်းဆန်းကြည်လင်သွားစေသည်။

ယဲ့ကျွင်းလင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တကယ်ပဲ ဘာတွေဖြစ်နေကြတာလဲ?

အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက အကြောင်းမဲ့ အီးပေါက်သံ အကျယ်ကြီးထွက်လာပြီး အဲ့ဒီအီအီးနံ့ကလည်း အရမ်းမွှေးကြိုင်လန်းဆန်းနေသေးတယ်ပေါ့?!

ရုတ်တရက် ယဲ့ကျွင်းလင် တစ်ခုခုကို တွေးမိပြီး ခေါင်းကို လှည့်ကာ ပုရှောင်ရှီးကို ကြည့်၍ "ဟိုကောင်လေး မင်းရဲ့ သရေစာမုန့်တွေကို ခိုးသွားတာလား?" ဟု မေးလိုက်သည်။

ပုရှောင်ရှီးက မျက်နှာတည်တည်ဖြင့် တစ်လုံးချင်းစီပြောလာသည်။ "ဟုတ်ကဲ့၊ ရှုရှုက သူ့ကို ပေးလိုက်တာပါ၊ ဆရာတူအစ်ကိုဟုန်က သူလည်း စမ်းစားကြည့်ချင်တယ် ပြောလို့"

"ဟဟ"

ယဲ့ကျွင်းလင် သိနားလည်စွာ ပြုံးလိုက်သည်။

ဟုန်ချန်ယဲ့သည် အဆင့်မြင့် အိမ်မွေးတိရစ္ဆာန် အစာ၏ အာနိသင်ကို မြင်ပြီး မသမာသော ရည်ရွယ်ချက်ဖြင့် ပုရှောင်ရှီး၏ လက်ထဲမှ ခပ်ပြောင်ပြောင် လုယူသွားခြင်းဖြစ်နိုင်ကြောင်း သူခန့်မှန်းလိုက်မိ၏။ ရလဒ်အနေဖြင့် အိမ်မွေးတိရစ္ဆာန် အစာသည် သားရဲတိရိစ္ဆာန်များအတွက်သာဖြစ်ပြီး လူသားများအတွက် အသုံးမဝင်သောကြောင့် ယခုလို ထူးထူးဆန်းဆန်းမြင်ကွင်း ဖြစ်ပေါ်လာခြင်းဖြစ်ရမည်။

သူသည် သူ၏ ဆရာတူညီမငယ်ထံမှ သရေစာမုန့်များကိုပင် မတရားလုယူခဲ့သည်။ အရိုးထဲတွင်စွဲနေသေးသော ထိုနတ်ဆိုးအရှင်တစ်ပါး၏ ကောက်ကျစ်သည့်အကျင့်စရိုက်များအား သေချာသွန်သင်ဖျောက်ဖျက်ပေးဖို့ လိုအပ်နေလေပြီ။

ပုရှောင်ရှီးက အသံပျော့ပျော့လေးဖြင့် မေးလိုက်သည်: "ဆရာသခင်၊ ကျွန်တော်တို့ ဆရာတူအစ်ကိုဟုန်ကို ကူညီမှာမလား?"

"ဂရုစိုက်မနေနဲ့၊ သူနဲ့ ထိုက်တန်တဲ့အပြစ်ပဲ၊ သူ အီးပေါက်ပြီးရင် ကောင်းသွားလိမ့်မယ်" ယဲ့ကျွင်းလင် အေးစက်စက် နှာမှုတ်လိုက်သည်။

ထို့နောက် ပျင်းရိစွာ ခုံပေါ်သို့ နောက်ပြန်မှီထိုင်ကာ လေထဲမှ နို့ချိုရနံ့ကို ရှူရှိုက်ရင်း ယဲ့ကျွင်းလင်၏ မျက်နှာသည် အနည်းငယ် မူးယစ်ရီဝေသွားဟန်ပေါ်ပြီးမှ ရုတ်တရက် သတိပြန်ဝင်လာကာ မျက်နှာကြီး မည်းမှောင်သွား၏။ "ချီးတဲ့မှ!"

ဘာတွေဖြစ်နေတာလဲ?

သူ့လို ဆရာသခင်က တကယ်ပဲ သူ့တပည့်ရဲ့ အီးစော်မွှေးမွှေးကို ရှူမိနေတာလား?

ယဲ့ကျွင်းလင်သည် အတွေးဖြင့် မျက်နှာကြီးမည်းကာ လက်ကိုတဖျတ်ဖျတ်ဝေ့ယမ်းလိုက်တော့မှ လေထဲမှ နို့ချိုရနံ့များ လွင့်စင်သွားပြီးမှ စိတ်အနည်းငယ် သက်သာသွားတော့သည်။

လီဝူကျယ်သည် ထိုနေရာတွင်ပင် ကြောင်တောင်တောင်ရပ်နေပြီး အစအဆုံး နားမလည်လိုက်ဟန်ဖြင့် ကြောင်ပျောက်လျက်။

ယနေ့ဖြစ်ပျက်ခဲ့သော အရာမှန်သမျှမှာ သူဉာဏ်မမီလောက်အောင်ထူးဆန်းသောကြောင့် အံ့အားသင့်ရုံမှတစ်ပါး တစ်ခြားမတတ်နိုင်တော့ပေ။

အာ၊ သွားကြစို့၊ သွားကြစို့၊ ဓားရေးပဲ လေ့ကျင့်ကြရအောင်ပါ။

ထိုအချိန်တွင်...

ဟုန်ချန်ယဲ့သည် သူ၏ ဝမ်းဗိုက်အတွင်းရှိ စွမ်းအင်စီးကြောင်းကို ဆက်လက် ချေဖျက်နေပြီး အခါအားလျော်စွာ အီးတစ်လုံးပြီးတစ်လုံး ထပ်ပေါက်ကာ တောင်များနှင့် ပင်လယ်များကို ဖြတ်သန်း၍ ခွင်းဖန်း ဦးတည်ရာခရီးသို့ မျှောလိုက်နေလိုက်သည်။

"အဲ့အီးတွေ ကုန်အောင်ပေါက်ပြီးရင် ပြန်လှည့်လာပြီး အပြစ်ဒဏ်ခံယူလိုက်!" အဝေးမှ အေးစက်စက် အသံတစ်ခု သူ၏ နားထဲသို့ ရောက်လာသည်။

"ဟုတ်ကဲ့၊ ဆရာသခင်..." ဟုန်ချန်ယဲ့၏ မျက်နှာသည် ခါးသီးနာကျင်နေဟန်ရှိကာ သူ၏ စိတ်ထဲတွင် အလွန်နောင်တရမိနေသည်။

ကံကောင်းထောက်မစွာ ဤမြင်ကွင်းကို သူ၏ ယခင်ရန်သူများ တစ်ယောက်မှမမြင်လိုက်ကြပါ။ မဟုတ်ပါက သူသည် ဤကမ္ဘာတွင် ဘယ်မျက်နှာဖြင့် ဆက်နေထိုင်ရရမည်ကိုပင် မသိတော့!

"ဟေ့၊ ကြည့်စမ်း၊ လှလိုက်တဲ့ နတ်သမီးလေး!" ဝေးလံသော ရွာတစ်ရွာတွင် ရွာသားများသည် တစ်ဦးပြီးတစ်ဦး ခေါင်းထောင်လာကာ ကောင်းကင်တွင် ပျံသန်းသွားသော ဟုန်ချန်ယဲ့ကို ကြည့်လျက် ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။

"ဟင်? ထူးဆန်းတဲ့ အသံတစ်ခု ကြားရတယ်။" တစ်ယောက်ယောက်က နားရွက်ကို ဆတ်ခနဲ ထောင်လိုက်ပြီး ပေါက်ကွဲသံကို ကြားကာ အံ့အားသင့်စွာ စူးစမ်းလိုက်သည်။

"ဘာလို့ ဒီအသံက အီးပေါက်သံနဲ့ တူတယ်လို့ ငါ ထင်နေတာလဲ!" နွားကျောင်းသားတစ်ဦးက အံ့သြတကြီးဖြင့် ဝင်ပြောလိုက်သည်။

"အဓိပ္ပါယ်မရှိတာ! ဒီလောက်လှတဲ့ နတ်သမီးလေးက ဘယ်လိုလုပ် အီးပေါက်နိုင်မှာလဲ?" အိုမင်းနေသော ရွာသူကြီးက လက်ထဲရှိတောင်ဝှေးဖြင့် နွားကျောင်းသား၏ ခေါင်းကို‌ ဒေါက်ခနဲ ခေါက်ပြီး ဆူလိုက်သည်။

ထို့နောက် သူသည် ကောင်းကင်ရှိ အတုမရှိသော အနီရောင်အရိပ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ဒါ နတ်သမီးဆီက ဆင်းသက်လာတဲ့ မသေမျိုး စွမ်းအင်အငွေ့အသက်ပဲ! ငါတို့ ကျီပါရွာကို ကောင်းချီးပေးတာ! မင်းတို့အားလုံး အမြန် မသေမျိုး စွမ်းအင်ကို ရှူရှိုက်ကြ! အမြန်ရှူရှိုက်ကြ!"

"မသေမျိုး စွမ်းအင်? ဒါဆို ဒါ မသေမျိုး စွမ်းအင်ရဲ့အနံ့ပဲ! ဘာလို့ ဒီလောက် မွှေးနေတာလဲ နားလည်သွားပြီ!"

"မြန်မြန်၊ မြန်မြန်၊ မသေမျိုး စွမ်းအင်ကို ရှူရှိုက်ကြ!"

ကျီပါရွာတစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး ဟုန်ချန်ယဲ့၏ ဦးတည်ရာသို့ အပြေးလိုက်ကာ နှာခေါင်းဖြင့် ရသမျှအနံ့အကုန် အားကုန် ရှူရှိုက်ကြတော့၏။ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် မြူးထူးခုန်ပေါက်နေပြီး များများရှူလေ အကျိုးကျေးဇူးများလေဟု ထင်နေကြသည်။

ဤအဖြစ်အပျက်သည်လည်း နောင်လာနောက်သားတို့အတွက် ဤရွာ၏ ဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မည်။ နေသာသော နံနက်ခင်းတစ်ခုတွင် လှပသော အနီရောင်ဝတ်နတ်သမီးသည် ကျီပါရွာကို ဖြတ်သွားခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ သူမသည် ဒေသခံရွာသားများ ရိုးသားပြီး ကြင်နာတတ်သည်ကို မြင်သောကြောင့် ကောင်းကျိုးချမ်းသာ မင်္ဂလာရှိစေသော မသေမျိုး စွမ်းအင်ကို အထူး ဖြန့်ကျက်ဆင်းသက်စေခဲ့သည်။ ထိုအချိန်က ရွာသားများသည် မသေမျိုးစွမ်းအင်၏တန်ခိုးကြောင့် ယခင်ထက် အဆပေါင်းများစွာ ကျန်းမာသန်စွမ်းကာ သွက်လက်တက်ကြွလာခဲ့ကြလေသတည်း... ဟူ၏။

All Chapters