ယဲ့ကျွင်းလင်ကိုမှ ဈေးသက်သာတဲ့အထဲကလိုချင်ရင် ဒီကိုကြွပါနော်
Vol. 8 Ch. 106
သုံးလကြာပြီးနောက်။
နေမင်း၏ အပူရှိန်နှင့်အလင်းရောင်သည် အထွဋ်အထိပ်သို့တိုင် ရောက်ရှိကာ တိမ်တိုက်များကား ဖြည်းညင်းပေါ့ပါးစွာ လွင့်ပျံနေသည်။
ခမ်းနားထည်ဝါသော ရတနာသင်္ဘောပျံတစ်စင်းသည် လေစီးကြောင်းကို စီး၍ ခရီးနှင်လာပြီး ပန်းတိုင်တစ်ခုဆီသို့ ဦးတည်ပျံသန်းနေ၏။
ထိုသင်္ဘောပျံသည် အမှန်စင်စစ် အပန်းဖြေတည်းခိုဆောင်ကြီးတစ်ခုဖြစ်ပြီး တိုင်းပြည်အနှံ့မှ ကျင့်ကြံသူများစွာကို နေရာချထားလျက် ခရီးနှင်နေခြင်းပင်။
သင်္ဘောထက်တွင် ခရီးသည်အချို့က သေရည်ဝိုင်းဖွဲ့သောက်ရင်း တာအိုကျင့်စဥ်များအကြောင်း ဆွေးနွေးနေကြသည်။ အချို့က ကောလဟာလများနှင့် ကြားလာသမျှသတင်းပေါင်းစုံကို တစ်ယောက်တစ်ပေါက် အတင်းချကြရင်း အချို့က ၎င်းတို့၏ နောက်ခံဆွေတော်မျိုးတော်တို့အကြောင်း ကြွားဝါနေကြသည်။ အချို့ကတော့ အစားအသောက်၊ အဖျော်ယမကာနှင့် ဖျော်ဖြေရေးအစီအစဥ်များတွင် ပျော်ဝင်ယစ်မူးကြလျက်။
"ဝူကျိုးကို မြန်မြန်ရောက်ချင်နေပြီကွာ! ဟိုမှာ ဆေးဘုရင်တောင်ကြား မကြာခင် ဖွင့်လှစ်တော့မယ်လို့ ကြားတယ်! ဒီလိုရှားပါးတဲ့ အခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး!"
"အလိုလေးလေး အဲဒီအချိန်ရောက်ရင် သေချာပေါက် အကြိတ်အနယ်ပြိုင်ဆိုင်ရတော့မှာ၊ ဒီသင်္ဘောတစ်ခုလုံးကို အရင်ကြည့်ပါဦး၊ လူတိုင်း ဝူကျိုးကို သွားနေကြတာလေ!"
"ဟုတ်ပါ့ကွာ၊ အထက်တန်းအခန်းတွေအားလုံး ဝိညာဉ်အဆင့်တက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ပြည့်နေတယ်လို့ ကြားတယ်! ငါတို့လို အခြေခံအုတ်မြစ် တည်ဆောက်ဆဲ ငှက်ပေါက်လေးတွေက အပြင်ကနေ အနံ့ရှူရုံပဲတတ်နိုင်မှာ!"
"ဒါလောက်က ဘာမှ မဟုတ်သေးဘူး၊ အဲ့အထက်က တာအိုအဆင့် အခန်းတွေမှာဆိုရင် မသေမျိုးမျိုးနွယ်တွေကနေ ဆင်းသက်လာတဲ့ ကောင်းကင်ဘုံအရှင်တွေ တစ်ဒါဇင်လောက်တောင် ရှိတယ်လို့ ကြားတယ်!"
"ဟ သေရော! ကောင်းကင်ဘုံအရှင်တွေ? အဲဒါ ခန္ဓာပေါင်းစည်းခြင်းအဆင့်က ဆရာ့ဆရာကြီးတွေပဲ!"
… …
ဆေးဘုရင်တောင်ကြား၏ ဂုဏ်သတင်းသည် အရှေ့ပိုင်းစီရင်စုတွင် အမြဲလိုလို မှော်ဆန်၍အဖိုးတန်သော အရောင်အသွေးများဖြင့် မွှေးပျံ့ကျော်ကြားတတ်လေ၏။
၎င်းသည် အခွင့်အလမ်း အရင်းအမြစ် လွန်စွာပေါများသော အတုမရှိ ရတနာမြေတစ်ခုဖြစ်သည်။
ဒဏ္ဍာရီအဆိုများအရ ဆေးဘုရင်တောင်ကြား၏ အစောဆုံး မူလပိုင်ရှင်ကို ဆေးဘုရင်ဟု ခေါ်ဆိုသည်။
ဆေးဘုရင်ဆိုသူသည် ဆေးပညာပိုင်းတွင် အလွန်အင်မတန်ထူးချွန်ပြီး ရှေးတစ်ချိန်က ကမ္ဘာအနှံ့မှ ကျင့်ကြံသူများက အလွန်လေးစားကြရသည့် ပါရမီရှင်တစ်ဦးပင်။
ဆေးဘုရင်တောင်ကြားတွင် နာမည်ကြီး ဆေးဖက်ဝင်အပင်မျိုးစုံကို စိုက်ပျိုးထားပြီး တောင်ကြားအတွင်းတွင် ဝူကျိုး၏ ဝိညာဉ်စွမ်းအင်အများစုကို တိုက်ရိုက်စုပ်ယူစုဆောင်းထားသော ကြီးမားလှသည့် ဝိညာဉ်စုစည်းခြင်းအစီအရင်တစ်ခုလည်း ရှိသည်။ ကျင့်ကြံသူများအတွက် လွန်စွာအကျိုးထူးစေသော မြေနေရာပင်။
တောင်ကြားအတွင်းရှိ သာမန် အဖိုးတန်ဆေးအမယ်တစ်ခုခုကို အပြင်သို့ ပစ်ချလိုက်လျှင် လုယက်တိုက်ခိုက်ကြသူများကြား သွေးထွက်သံယို မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ဆိုစမှတ်ရှိ၏။
ယုတ္တိကျကျဆိုရလျှင် ဤကဲ့သို့သော အဖိုးတန်မြေနေရာသည် အင်အားစုအားလုံး၏ တပ်မက်လုယက်ခြင်းကို ခံရမည်ဖြစ်သော်လည်း ဆေးဘုရင်တောင်ကြားသည် လူ့လောကအနှောင့်အယှက်နှင့် ကင်းရှင်းစွာ တည်ရှိနိုင်ခဲ့သည်။
ထိုသို့ မည်သူမှ မထိရဲရသည့်အကြောင်းရင်းမှာ ဆေးဘုရင်သည် ရောဂါအတော်များများကို ကုသပေးနိုင်ပြီး အသက်ပေါင်းများစွာကိုကယ်တင်ကာ ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရုံသာမက သူ၏ အင်အားသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ခန့်မှန်း၍မရနိုင်လောက်အောင် မြင့်မားသော ကျင့်ကြံဆင့်ကြောင့်ပင်။
နောက်ပိုင်းတွင် ဆေးဘုရင်သည် ဆေးပညာဖြင့် တာအို၏အနှစ်သာရကို ရှာဖွေတွေ့ရှိနိုင်ခဲ့ကာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ဖြတ်သန်း၍ မသေမျိုးဖြစ်လာပြီး ဆေးဘုရင်တောင်ကြားတွင် အင်အားကြီး မှော်စွမ်းအားများ အသုံးပြု၍ မှော်အစီအရင်အမျိုးမျိုးကို တည်ဆောက်ကာ ပို၍လုပ်ခြုံအောင် သိမ်းထုတ်ထားခဲ့တော့၏။
ထိုသို့ အဆင့်မြှင့်သိမ်းထုပ်ပြီးစီးသော် လူတို့ကမ္ဘာ၌ ပြောမဆုံးလောက်အောင်ရှည်လျားသိပ်သည်းသည့် ဒဏ္ဍာရီအသွယ်သွယ်ချန်ရစ်ထားခဲ့ပြီး အထက်ကမ္ဘာသို့ တည်ငြိမ်စွာတက်လှမ်းသွားခဲ့တော့၏။
ထိုအချိန်မှစ၍ ဆေးဘုရင်တောင်ကြားသည် နှစ်ပေါင်း ၁၀၀,၀၀၀ တိုင်းတွင် တစ်ကြိမ်သာ ဖွင့်လှစ်ပြီး ဖွင့်လှစ်ချိန်နှင့် ဝင်ရောက်နိုင်သူဦးရေကိုလည်း တင်းကျပ်စွာကန့်သတ်ထားသည်။
ထို့အပြင် မည်သူပင်ဖြစ်စေ ဆေးဘုရင်တောင်ကြားရှိ ပတ်ဝန်းကျင်ကို ရမ်းကားစွာ ဖျက်ဆီးလိုပါက ဆေးဘုရင် ချန်ထားခဲ့သော အစီအရင်အမျိုးမျိုး၏ လက်စွမ်းပြဖျက်ဆီးချေမှုန်းခြင်းကို ခံစားရမည်ဖြစ်သည်။
ဆေးဘုရင် ဤသို့ စေ့စပ်သေချာစွာ စီစဥ်ထားခဲ့ခြင်း အကြောင်းရင်းမှာ တစ်ဖက်တွင် သာမန်လူများ အကျိုးခံစားရစေရန်နှင့် အနာဂတ်မျိုးဆက်များအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ခြယ်လှယ်ထိန်းချုပ်ခွင့်ရစေဖို့ အခွင့်အရေးတစ်ခု ပေးအပ်ထားခဲ့ဖြင်းဖြစ်၏။ အခြားတစ်ဖက်တွင် ဆေးဘုရင်တောင်ကြား၏ ပုံမှန်လည်ပတ်မှုကို မပျက်ပြားအောင် ထိန်းသိမ်းရန်နှင့် အတွင်းရှိ အဖိုးတန်ဆေးအမယ်ပင်များ မပျက်စီးစေရန်ဖြစ်သည်။
ဤရက်အနည်းငယ်အတွင်း ဆေးဘုရင်တောင်ကြား ပြန်လည်ဖွင့်လှစ်ပေတော့မည်။
ထို့ကြောင့် သတင်းကြားသည်နှင့် ကျင့်ကြံသူ အမြောက်အမြားသည် စိတ်မရှည်စွာ ဝူကျိုးသို့ အလျင်အမြန် သွားရောက်ကာ ဆေးဘုရင်တောင်ကြား ဖွင့်လှစ်မည့်အချိန်ကို ငုတ်တုတ်ထိုင်စောင့်ဆိုင်းကြတော့သည်။
သာမန် ကျင့်ကြံသူများအတွက် ဤသည်မှာ မိမိတို့၏ဘဝပေးအခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် အလွန်ကောင်းသော အခွင့်အရေးဖြစ်ပြီး ရာထူးဂုဏ်ရှိန်ရှိသော လူကြီးလူကောင်းမင်းများသည်လည်း နေရာကိုဆက်လက်ထိန်းသိမ်းရန် ကျင့်ကြံဆင့် တက်နိုင်သမျှတက်ဖို့ လိုအပ်ကြပေသည်။
ရတနာသင်္ဘောပျံပေါ်တွင်။
ဆူညံသံများ တွတ်ထိုးသံများက တိုးလိုက်ကျယ်လိုက်ဖြင့်။
ထိုစဉ် ရုတ်တရက် အေးစက်သော အဘိုးကြီးသံတစ်သံက မေးခွန်းပြန်မထုတ်ရဲလောက်သည့် အာဏာအရှိန်ဖြင့် ထွက်ပေါ်လာ၏။
"ဒီရှေ့မှာ သင်္ဘောကိုရပ်လိုက်စမ်း!"
မူလက အရှိန်အဟုန်ဖြင့် ရွေ့လျားနေသော ရတနာသင်္ဘောပျံသည် ရုတ်တရက် ဘရိတ်အုပ်လိုက်သောကြောင့် သင်္ဘောအတွင်းရှိ ထောင်နှင့်ချီသောကျင့်ကြံသူများမှာ ဟန်ချက်ပျက်ကာ ယိမ်းယိုင်သွားပြီး ဒေါသတကြီးဖြင့်မှောင်မည်းသွားသောမျက်နှာကြီးများမှာ မိုးရွာချမည့်ဆဲဆဲတိမ်တိုက်များကဲ့သို့ပင်။
"ဘယ်သူလုပ်တာလဲကွ? ဒီလောက် မောက်မာနေတာ ဘယ်ကကောင်လဲ?!"
တိရစ္ဆာန်အရေခွံများ ဝတ်ဆင်ထားသော ကြွက်သားအဖုဖု ထွားထွားကျိုင်းကျိုင်းဖြင့် လူတစ်ယောက်က အော်ဟစ်မေးမြန်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်သန္ဓေအဆင့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
"ဘာဖြစ်နေကြတာလဲ? ဘာလို့ သင်္ဘောက ရုတ်တရက်ကြီး ရပ်သွားတာလဲ?!"
ကျောက်စိမ်းကဲ့သို့ ချောမွတ်ဖြောင့်စင်းသော မျက်နှာအသွင်အပြင်ဖြင့် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးကလည်း ဝင်ပြောလာပြီး သူ၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ ချက်ချင်းကိန်းအောင်းလာသည်။
အလွန်အင်မတန် စိတ်ရှည်ပါသည်ဆိုသော လူသူတော်ကောင်းများပင် တစ်ကြိမ်တစ်ခါတော့ ဒေါသထွက်တတ်ကြသည်မဟုတ်လော။ လေကို ထိန်းချုပ်ပြီး မိုးကို ဆင့်ခေါ်နိုင်သော ကျင့်ကြံသူများ၏ ခရီးလမ်းကို ဤသို့ပိတ်ဆို့တားဆီးပြီးနောက် အကောင်းမြင်ခံရဖို့တော့ မမျှော်လင့်လေနှင့်။
ရတနာသင်္ဘောပျံကြီး ရုတ်တရတ် ရပ်တန့်ခံလိုက်ရသည့်အချိန်တွင် လူတိုင်းဒေါသတလူလူထွက်ကာ စိတ်ဖောက်ထုတ်ဖို့ မြင်မြင်ကရာမဲကြတော့လေ၏။
"တာအိုရောင်းရင်းတို့၊ ရှိတာအကုန်ထုတ်ပါ၊ လက်ထဲမှာတန်ဖိုးရှိသမျှပစ္စည်း အကုန်ထုတ်ကိုင်ထားပြီးသာစောင့်နေပါ၊ ဒီအဘိုးကြီးအတင်းအကျပ်တွန်းအားမပေးချင်ပါဘူး"
သင်္ဘောရှေ့မှ အဘိုးကြီးသံက ဆက်လက် ထွက်ပေါ်လာသည်။
"ဘာ? ဒင်းက ငါတို့ကိုလာပြီး ဓားပြတိုက်တာပေါ့?!"
သင်္ဘောပျံအတွင်းတွင် ဆူညံပွက်လောရိုက်လို့သွားသည်။
"ဘယ်သူက ဒီလောက် ရဲတင်းတာလဲ? နေ့ခင်းကြောင်တောင် လူမြင်ကွင်းကြီးမှာ ကျင့်ကြံသူသင်္ဘောကိုမှ ဖြတ်လုရတယ်လို့?"
"ဟွန့်၊ ငါတို့သင်္ဘောမှာ ကောင်းကင်ဘုံအရှင်တစ်ပါး ရှိနေတာကို၊ အဲ့ခွေးကောင် မျက်လုံးမပါဘူးလား? ဘယ်လိုလုပ် ငါတို့ကို လာစိန်ခေါ်ရဲတာလဲ!"
"သင်္ဘောစီမံရေးအရာရှိရေ အဲ့ကောင်ကိုတစ်ခါတည်း အသေသတ်ပစ်လိုက်တော့!"
… …
နေရာအနှံ့မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်နေသည်။
အထက်တန်းအခန်းများနှင့် တာအိုအဆင့်အခန်းများမှလည်း မကျေနပ်ချက်ကို ဖော်ပြသည့်အနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့်အရှိန်အဝါများကို ထုတ်လွှတ်လာကြ၏။
ကောင်းကင်သည် မှောင်မိုက်သော တိမ်များဖြင့် ဖုံးလွှမ်းသွားပြီး လျှပ်စီးတဖျတ်ဖျတ်နှင့် မိုးခြိမ်းသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
အချိန်မရွေး ဝုန်းခနဲမိုးရွာချလာတော့မည့် အနေအထားပင်!
"သင်္ဘောပိုင်ရှင်ရေ၊ အစီအရင် ဖွင့်ပြီး ရှေ့က ဓားပြတွေကို တစ်ခါတည်းရှင်းပစ်ရမှာ ဘာတွေနှောင့်နှေးနေတာလဲ? အခု ဧည့်သည်တွေက ဆူပူပြစ်တင်ကုန်ကြပြီ!"
လက်အောက်ငယ်သားတစ်ဦးသည် အလျင်အမြန် ပြေးလာပြီး လောဆော်လိုက်သည်။
"မရဘူး၊ လုံးဝ အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး!"
သင်္ဘောပိုင်ရှင်၏ နဖူးတွင် ချွေးစေးများ စီးကျနေပြီး တီးတိုးပြောလာသည်။ "တကယ်လို့ မဆင်မခြင်ခုခံလိုက်မိရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်မှာ!"
"ဘာ ဘာလို့... ..."
လက်အောက်ငယ်သားလေး အံ့သြတုန်လှုပ်သွားရ၏။
ဤရတနာသင်္ဘောပျံကို ဝိညာဉ်အဆင့်လက်နက်များဖြင့် တပ်ဆင်ဖွဲ့စည်းထားပြီး အတွင်းရှိ ကာကွယ်ရေးအစီအရင်ကိုလည်း အစီအရင်ဆရာတစ်ဦးက သေချာပြင်ဆင်ပေးထားခြင်းပင်။
အရှိန်အဟုန်အပြည့်ဖြင့် အားကုန်သုံးတိုက်ခိုက်ပါက ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ကောင်းကင်ဘုံအရှင်သည်ပင် တောင့်ခံနိုင်တော့မည်မဟုတ်ပေသည့် ဧည့်သည်များကိုတော့ မှဲ့တစ်ပေါက်ပင်မစွန်းစေရအောင် ခွဲထုတ်ကာကွယ်ပေးနိုင်မည့် အဆင့်မြင့်လက်နက်မျိုးဖြစ်ပါသည်။
ထို့ပြင် သင်္ဘောပေါ်တွင် ကမ္ဘာအနှံ့မှ ကျင့်ကြံသူများစွာ ပါရှိနေပြီး အများစုမှာ သွားမထိဝံ့သော နောက်ခံအနွယ်တော်များ ရှိတတ်ကြ၏။
သူတို့အားလုံးကို သတ်ပစ်ဖို့ခြိမ်းခြောက်ရဲသော ဤသတ္တိခဲကျင့်ကြံသူကား မည်သူများဖြစ်မည်နည်း?
"တာအိုအရှင်ရဲ့ နာမည်ကိုများ သိခွင့်ရှိမလားခင်ဗျာ?"
သင်္ဘောပိုင်ရှင်သည် သင်္ဘောဦးပိုင်းသို့ လျှောက်သွားကာ ခန့်မှန်းချက်ကို အတည်ပြုလိုဟန်ဖြင့် အရိုအသေပြု၍ အော်ဟစ်မေးခွန်းထုတ်လိုက်သည်။
အဝေးတွင် တိမ်နှင့်မြူများ ဝဲပျံနေပြီး ဆံပင်ဖြူဖွေးဖွေးတို့ လွင့်ခါလျက် ရွှေရောင်ပန်းထိုးထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် နတ်မျိုးနွယ်ဝင် ကြိုးကြာငှက်တစ်ကောင်ကို စီးနင်းလျက်ရပ်တည်နေကာ လက်နှစ်ဖက်ကို နောက်သို့ပစ်၍ လျှပ်စီးကြောင်းကဲ့သို့ စူးရှတောက်ပသော မျက်လုံးများနှင့် တည်ငြိမ်စွာ "ရွှယ်ထျန်းဂိုဏ်း၊ ယဲ့ကျွင်းလင်!" ဟု ပြန်ဖြေလိုက်သည်။
သူ့ဘေးတွင် လူသုံးဦး ဝန်းရံလို့ထား၏။
ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွတ်သော အသားအရေနှင့် တောက်ပြောင်သော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပါသည့် အရပ်ရှည်ရှည်၊ သွယ်လျလျ အမျိုးသမီးငယ်တစ်ဦး ပါရှိသည်။
သူမက လက်နှစ်ဖက်ကို ဟန်ပါပါချိတ်ထားသည်။ ရင်သား၏ အတိုင်းအတာမှာ တစ်ချက်ဝေ့ကြည့်ရုံဖြင့်ပင် အလွန်ထင်ရှားမော်ကြွားလှပြီး ကိုယ်ဟန်အနေအထားက လွန်စွာအထက်စီးဆန်၏။
ဝါးခမောက်ဆောင်းထားသော အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားတစ်ဦးလည်း ရှိနေပြီး ဓားကို ညာဘက်လက်ဖြင့် ခါးနားတွင် ဆုပ်ကိုင်ထားကာ မျက်လုံးအကြည့်များက ရက်စက်ကြမ်းကြုတ်လှသည်။ မျက်နှာထားအခြေအနေမှာ အနည်းအကျဥ်းမျှ အာခံတုံ့ပြန်လိုက်ပါလျှင် ဓားကိုဆွဲထုတ်လျက် ချက်ချင်းခုတ်သတ်တော့မည့်ဟန်ပင်။
ထို့အပြင် လူပုလေးကဲ့သို့ နောက်တစ်ယောက်လည်း ရှိနေပြီး အမျိုးသားဖြစ်ကြောင်းထင်ရှားသော်ငြား ပန်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားကာ မျက်နှာကိုလည်း အဝတ်ဖြူစတစ်ခုဖြင့် ဖုံးအုပ်လို့ထားသည်။
ခြုံကြည့်လိုက်လျှင် သူတို့နားဖြင့်သာကြားဖူးရုံရှိသော ထိုလေးဦးအဖွဲ့နှင့် ချွတ်စွပ်တူလှ၏။
အထူးသဖြင့် ဆံပင်ဖြူဖွေးဖွေးနှင့် အဘိုးအိုမှ ယုံကြည်မှုအပြည့်ဖြင့် သူ၏ အမည်ကို ထုတ်ဖော်ပြောကြားလာသောအခါ သင်္ဘောပိုင်ရှင်မှာ ဒူးမခိုင်တော့လောက်အောင် ကြောက်လန့်သွားရပြီး သူ၏ စိတ်ထဲရှိ ခန့်မှန်းချက်ကို ချက်ချင်းအတည်ပြုလိုက်တော့သည်။
"သူ၊ သူ တကယ် သူပဲ! ဆံဖြူလူသတ်နတ်ဘုရား ယဲ့ကျွင်းလင်!"
ဤမှတ်ချက် ထွက်ပေါ်လာသည်နှင့်အမျှ။
မူလက ဒေါသထွက်နေသော ဧည့်သည်များသည် ဆောင်းတွင်းချမ်းချမ်းစီးစီးတွင် ရေခဲရေဖြင့် ပက်ခံလိုက်ရသကဲ့သို့ တုန်ယင်ဖြူရော်လာကြကာ ရှေ့သို့ ကြည့်နေသော အကြည့်များတွင်လည်း ကြောက်စိတ်ဖြင့်သာ ဖုံးလွှမ်းလျက်ရှိတော့သည်။
ရတနာသင်္ဘောပျံပေါ်ရှိ အထက်တန်းအခန်းများနှင့် တာအိုအဆင့်အခန်းများပင်လျှင် ထုတ်လွှတ်ထားသော သတ်ဖြတ်လိုစိတ်အရှိန်အဝါများကို အဝတ်ရုပ်သကဲ့သို့ ဟုတ်ခနဲရုပ်သိမ်းသွားလိုက်ကြသည်မှာ ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့သလိုလို။
လူတိုင်း တုန်တုန်ယင်ယင်ဖြစ်နေပြီး အစောက ပြောခဲ့ကြသော စိန်ခေါ်စကားများကို နောင်တရနေကြသည်။
အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် ဂုဏ်သတင်းကျော်ကြားသော ဆံဖြူလူသတ်နတ်ဘုရားကား သူတို့ရှေ့မှောက်တွင် ကိုယ်ထင်ပြလာခဲ့လေပြီ။
လက်အစုံတွင် သိန်းနှင့်ချီသောကျင့်ကြံသူတပ်မတော်၏ သွေးပင်လယ်ကို စီးဆင်းစေခဲ့ပြီး ယွီဟွားဂိုဏ်း၏ မျက်နှာကို ရက်ရက်စက်စက် နင်းချေကြေမွစေခဲ့ပါသော ဆံဖြူလူသတ်နတ်ဘုရား!
တစ်နေ့ကပင် ရှဲ့မိသားစု၏ ပွဲတော်တွင်ပင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ချိုးဖျက်ကာ စာရင်းရှင်းရန် ရောက်ရှိလာသော ကျွီယန်း မသေမျိုးအရိပ်ကို ထိုနေရာတွင်ပင် ဇီဝိန်ချွေခဲ့လေသည်!
ထိုအချိန်တွင် ရွှယ်ထျန်းဂိုဏ်းမှ ယဲ့ကျွင်းလင်သည် ထိပ်သီးကျင့်ကြံသူအရှင်မဟုတ်ဘဲ စစ်မှန်သော မသေမျိုးအရိပ်ဖြစ်ကြောင်း သူတို့အားလုံး ကြားသိခဲ့ရ၏။
ယခု၊ ထိုသူသည် လူမြင်ကွင်းတွင် ဓားပြထတိုက်နေလေပြီ?!
"ယဲ့ကျွင်းလင် ဟုတ်ရောဟုတ်လိူ့လား? သူ့လိုစွမ်းအားရှင်မျိုးက ဘာလိုလို့ ဓားပြဆင်းတိုက်မှာလဲ၊ အတုပဲဖြစ်မှာပေါ့၊ ဟုတ်တယ်မလား?"
"မင်း မျက်စိကန်းနေတာလား? သူ့ဘေးမှာ ရပ်နေတဲ့ လူတွေကို မင်း မမြင်ဘူးလား? ကောလာဟလတွေထဲမှာ ကြားဖူးသမျှနဲ့ တစ်ထပ်တည်းပဲကွ!"
"ဟုတ်တယ်လေ၊ ဟိုမိန်းမက အနီရောင်နတ်သမီး၊ တစ်ဖက်ကယောက်ျားက ဓားနတ်ဆိုး လီဝူကျယ်၊ အရပ်အပုဆုံးက ဆံဖြူလူသတ်နတ်ဘုရားရဲ့ ကိုယ်ရေးကိုယ်တာ အစေခံကောင်လေး!"
"အရှင်လတ်လတ် မြင်နေရတာကို မင်းက အတုလို့ ထင်နေတုန်းလား? မင်းရဲ့ ဉာဏ်ရည်ကို ငါ တကယ်ကို လေးစားမိတယ်! မင်း သေချင်ရင်ကိုယ့်ဘာသာသေ၊ ငါတို့ကို ဆွဲမထည့်နဲ့!"