ဓားပြဟေ့ ဓားပြ၊ ဓားပြ
Vol. 8 Ch. 107
ရုတ်တရက် လူအုပ်ထဲမှ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တွန့်ဆုတ်စွာဖြင့် ပြောလာသည်။ "ဒါပေမဲ့ သူ့ရဲ့ စီးတော်မြင်းက ရှေးဟောင်းနတ်သားရဲ ခွင်းဖန်းလို့လည်း ကောလာဟလတွေ ထွက်နေတယ်!"
"မင်း အဲဒါကို တကယ်ကြီးယုံနေတာလား?" နောက်ထပ် လူငယ်တစ်ဦးက ခပ်မဲ့မဲ့ပြုံးလျက် ဝင်ပြောလာသည်။ "အဲဒီလို နတ်သားရဲမျိုး ခွင်းလွင်နယ်မြေမှာ မျိုးတုံးသွားတာ ကြာရောပေါ့၊ သူ့စီးတော်မြင်းလုပ်ဖို့သက်သက်နဲ့ ဘယ်လိုလုပ်ပြန်ပေါ်လာနိုင်မှာလဲ?!"
"ဟုတ်တယ်၊ သက်သက် လူတွေချဲ့ထွင်ပြောကြတာပဲဖြစ်မှာပေါ့၊ ယဲ့ကျွင်းလင် ဘယ်လောက် အင်အားကြီးပါစေ ခွင်းဖန်းကိုတော့ စီးတော်မြင်းအဖြစ် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး!"
"အတုလို့ ထင်နေတဲ့သူတွေကို ငါအကြံတစ်ခုပေးလိုက်မယ်၊ ကိုယ့်ဘာသာသေကြ ဘေးလူတွေကို လာဆွဲမထည့်နဲ့! ဆံဖြူလူသတ်နတ်ဘုရားက မင်းတို့ထင်ထားတာထက် ပိုရက်စက်ကြမ်းကြုတ်တယ်နော်!"
"အိမ်ကထွက်မလာခင် ကံကြမ္မာလေးတွက်ချက်ကြည့်ခဲ့ရင် အကောင်းသား!"
… …
လူတိုင်း စိတ်ပျက်လက်ပျက် ညည်းညူနေမိကြသည်။ နှင်းမိုးရွာ၍ ညှိုးနွမ်းခြောက်ကပ်သွားသော ခရမ်းချဉ်သီးများအလား။
ယဲ့ကျွင်းလင်၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းသည် နေရာအနှံ့ကျော်ကြားပြီး ကောလဟလများ၏ အလွန်အကြူးချဲ့ထွင်မှုကြောင့် လူတိုင်းကသူနာမည်ကိုကြားသည်နှင့် မကောင်းဆိုးဝါးနာမည်ကြားသကဲ့သို့ တုန်လှုပ်ကုန်တတ်ကြတာပင်။
ထို့ကြောင့် ဤသို့ နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါ သင်္ဘောပေါ်ရှိ ကျင့်ကြံသူများသည် အစစ်လောအတုလော သံသယများ ရှိနေသော်ငြား ပြင်းထန်သောခြိမ်းခြောက်မှုနှင့် ဘေးမှအပေါင်းအဖော်များ၏ ဖိအားပေးမှုကြောင့် ဒေါသကို မြိုသိပ်ကာ လက်လျှော့ငြိမ်ခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဆုံးဖြတ်ချက် မှားယွင်းခဲ့ပါလျှင်လည်း ဤနေရာတွင်ပင် အသက်ဆုံးရှုံးမည် မဟုတ်ပါလား။
ကိုယ့်အသက်လေးကိုယ်တော့ လုံအောင်သိမ်းထုပ်ထားချင်သေးပါသည်။
တကယ်တမ်းအသက်ဘေးကြုံလာလျှင် မည်သူက စည်းစိမ်ချမ်းသာကို မက်မောနေနိုင်ပါ့မည်နည်း?
တစ်ယောက်တစ်ပေါက်များ ငြိမ်ကျသွားသောအခါတွင်..
ဆံပင်ဖြူဖွေးဖွေးနှင့် အဘိုးအိုသည် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် အနည်းငယ် ချောင်းဟန့်ပြီး တည်တည်တံ့တံ့ ခေါ်ဆိုလိုက်သည်။ "လီဝူကျယ်"
"ဆရာသခင်၊ တပည့် ရှိပါတယ်!" ဝါးခမောက်ဆောင်းထားသော လူက ရိုရိုသေသေ ပြန်ပြောလိုက်သည်။
"တာအိုရောင်းရင်းတွေရဲ့ သဒ္ဓါတရားတွေကို မြန်မြန်သွားပြီး လက်ခံလိုက်စမ်း?"
"ဟုတ်ကဲ့!"
ဝါးခမောက်ဆောင်းထားသော လူသည် သင်္ဘောဘက်သို့ လှည့်ကြည့်လိုက်ကာ ကောက်ကျစ်သောအပြုံးတစ်ခုဖြင့် ဓားရှည်ကိုဆန့်တန်းလျက် ဝါရင့်ဓားပြတစ်ဦးကဲ့သို့ အော်ဟစ်ပျံသန်းလာသည်။ "အကျိုးအကြောင်း စဥ်းစားတတ်ရင် မင်းတို့လက်ထဲက တန်ဖိုးရှိသမျှတွေ အကုန်ထုတ်ထားလိုက်ကြတော့နော်၊ အရှင်လီ လူသတ်ချင်အောင် လာမဆွကြနဲ့"
သင်္ဘောကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူများသည် မှိုချိုးမျှစ်ချိုးအပြောခံရသည်အား ဒေါသထွက်သော်လည်း တစ်ခွန်းမှပြန်မပြောရဲငုဘဲ တစ်ဦးပြီးတစ်ဦး သိုလှောင်လက်စွပ်များကို ထုတ်ယူရုံသာ တတ်နိုင်ကြတော့၏။
ဝါးခမောက်ဆောင်းထားသော လူသည် ခေါင်းမော့ရင်ကော့လျက်ပင် သင်္ဘောထက်ရောက်လာပြီး ရက်စက်ကြမ်းကြုတ်လှသောမျက်လုံးများကြောင့် မည်သူမျှ မျက်လုံးချင်းတည့်တည့်ဆိုင်မကြည့်ရဲကြပေ။
ဓားနတ်ဆိုး လီဝူကျယ်သည် ရွှယ်မိသားစု၏ သခင်လေးကို ရွှယ်မိသားစု၏ ပွဲတော်တွင်ပင် ခုတ်ထစ်သတ်ပစ်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး အကျင့်စရိုက်မှာ တဇွတ်ထိုးဆန်ကာ ကျိုးကြောင်းမဆင်ခြင်တတ်သူပင်။
ယခု မောက်မာကြမ်းကြုတ်သောဟန်ဖြင့် ဝါးခမောက်ဆောင်းထားသည့် လူကို မြင်သောအခါ လူတိုင်း ကြားဖူးသမျှသတင်းဆိုးများကို ပို၍ပင် ယုံကြည်လာပြီး သူ့ကို စော်ကားမိပါက မဆိုင်းမတွ သတ်ဖြတ်ခံလိုက်ရမည်ကို ကြောက်ရွံ့နေကြသည်။
လီဝူကျယ်သည် ခရီးသွားကျင့်ကြံသူတို့၏ သိုလှောင်လက်စွပ်များကို သိမ်းကျုံးယူငင်ကာ အခန်းတစ်ခုစီသို့ တံခါးကို ကန်ကျောက်ဖွင့်ဝင်လျက် ဆဲဆိုအော်ဟစ်လိုက်သည်။ "ဒုက္ခပဲ၊ အထဲမှာ သေနေကြတာလား? မင်းတို့အားလုံး အရှင်လီဒေါသမထွက်ခင် ထွက်လာခဲ့ကြစမ်း!"
မကြာမီ ဝိညာဉ်အဆင့်တက်ခြင်းအဆင့် ကျင့်ကြံသူအုပ်စုတစ်စုသည် အထက်တန်းစား အခန်းများမှ ထွက်လာပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကတော့ တာအိုအဆင့် အခန်းများမှ ထွက်လာ၏။
ထို့နောက် မျက်နှာပျက်ပျက်ဖြင့်ပင် ၎င်းတို့၏ တန်ဖိုးရှိပစ္စည်းများကို နာခံစွာ ထုတ်ယူကမ်းပေးလိုက်ကြသည်။
ဝါးခမောက်ဆောင်းထားသော လူသည် ထိုပစ္စည်းများကို ကျွမ်းကျင်စွာ လက်ခံပြီးနောက် ရတနာသင်္ဘောပျံ၏ အခမ်းနားဆုံး အခန်းဆီသို့ ရောက်လာကာ ခြေထောက်ကို မြှောက်ပြီး ကန်တော့မည်အပြုတွင် သင်္ဘောပိုင်ရှင်သည် အလျင်အမြန် ပြေးလို့လာပြီး ချိုသာပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "သခင်လီ၊ မလုပ်ပါနဲ့၊ ကုန်းပြည်နယ်က အထူးဧည့်သည်နှစ်ဦး အတွင်းမှာ ရှိနေပါတယ်၊ သူတို့က အလွန်အရေးပါတဲ့ လူတွေပါ၊ ခင်ဗျား မြင်တဲ့အတိုင်း..."
ဝါးခမောက်ဆောင်းထားသော လူသည် သင်္ဘောပိုင်ရှင်ကို စူးရှစွာစိုက်ကြည့်ကာ ပြန်အော်လိုက်သည်။ "သူတို့ ဘယ်လောက် အရေးကြီးပါစေ၊ ငါ့ဆရာသခင်ထက် ပိုပြီးအရေးကြီးနေဦးမှာတဲ့လား! မင်းတို့ကိုယ့်အကြောင်းကိုယ်သိရင် ပါးစပ်ပိတ်ပြီးရှောင်နေလိုက်ကြ၊ ဆရာသခင်တကယ်လုပ်ရင် မင်းတို့အားလုံး မျိုးပြုတ်ပြီသာမှတ်!"
ဤစကားကို ကြားသောအခါ သင်္ဘောပိုင်ရှင်သည် အလွန်ကြောက်လန့်သွားပြီး ဖြူဆုတ်သွားသောမျက်နှာဖြင့် အနောက်ဆုတ်သွားရတော့၏။
ထိုစဥ် အခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။
အတွင်းတွင် အနက်ရောင်နှင့် အဖြူရောင်ရောသော အဝတ်အစားများ ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တာအိုကျင့်ကြံသူတို့ထုံးလေ့ရှိသည့် ဆံထုံးဖြင့်နှင့် မုတ်ဆိတ်မွှေးပါးသိုင်းမွှေးတို့ဖြင့် ထူထပ်မည်းမှောင်သောအသွင်အပြင်ရှိကာ လက်နှစ်ဖက်ကို နောက်သို့ပစ်ရပ်ပြီး ဝိညာဉ်အဆင့်တက်ခြင်းအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ့ဘေးတွင် ထိုင်နေသည်မှာ ထောပတ်အဆီအနှစ်ကဲ့သို့ စိုဝင်းနုဖတ်သော အသားအရေနှင့် လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အဝါရောင်ဝတ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ ရှည်သွယ်သွယ် မျက်လုံးလေးများမှာ ပြူးကျယ်နေပြီး နူးညံ့သော မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်နေသည်ပင်။
ဝါးခမောက်ဆောင်းထားသော လူသည် ထိုနေရာတွင်ပင် တောင့်တင်းသွားရသည်။
ဒီမှာ တကယ်ကြီး ထိပ်သီးကျင့်ကြံသူအရှင် ရှိနေတာပဲ!
သူ၏ ဦးနှောက်တွင် ခဏတာ ဗလာဖြစ်သွားပြီးနောက် မူလအခြေအနေသို့ အလျင်အမြန် ပြန်ရောက်လာကာ လက်ထဲမှ ဓားရှည်ကို မြှောက်၍ သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ချိန်ရွယ်လျက် မာန်အပြည့်ဖြင့် စိန်ခေါ်လိုက်သည်။ "မင်းက ခံတိုက်ချင်တယ် မဟုတ်လား? ငါ့ဆရာသခင်က မင်းကို လက်ဖျောက်တစ်ချက်တီးနဲ့တင် သတ်ပစ်လိမ့်မယ်!"
ဘန်း!
အဝါရောင်ဝတ် အမျိုးသမီးသည် စိတ်မရှည်သော မိန်းကလေးငယ်တစ်ဦးမျှသာ ဖြစ်သည်။ သူမသည် ထရပ်လိုက်ကာ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ မသေမျိုးသစ်သားဖြင့် ပြုလုပ်ထားသော စားပွဲကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ကာ တိုက်ခိုက်ရင်ဆိုင်လိုသော စိတ်ဖြင့် ဒေါသတကြီး စိုက်ကြည့်နေသည်။
သူမ၏ နောက်တွင် မှေးမှိန်သော ကြယ်ရောင်အရိပ်များ ပေါ်လာကာ ကမ္ဘာတစ်ခုလုံးကို အလင်းပေးလိုက်တော့မလို ကျယ်ပြန့်ခမ်းနားလှပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
ငယ်ရွယ်စဉ်တွင်ပင် သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး အကန့်အသတ်မရှိသော အလားအလာရှိ အထူးကိုယ်ခံအားစွမ်းရည်တစ်မျိုးလည်း ရှိထားပုံရသည်။
ဝါးခမောက်ဆောင်းထားသော လူ၏ နှလုံးသားသည်လည်း ဖိအားအောက်တွင် တုန်လှုပ်သွားပြီး ထိုသူ့လက်မှလွတ်ရန် ထွက်ပြေးဖို့စဥ်းစားလိုက်မိသော်ငြား သူ၏ ကျွမ်းကျင်သော သရုပ်ဆောင်မှုဖြင့် စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေကာ မထီမဲ့မြင်တစ်ချက်ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။"ကလေးမလေး၊ မင်းက ငါ့လိုသခင် လီနဲ့ ရင်ဆိုင်ဖို့ ကြိုးစားနေတာလား?"