ကျားရေခြုံသော မြေခွေးငယ်
Vol. 8 Ch. 108
"ရှင် ဘယ်သူ့ကို ကလေးမလေးလို့ ခေါ်နေတာလဲ?!" အဝါရောင်ဝတ် အမျိုးသမီးသည် ဒေါသပေါက်ကွဲကာ တောက်ပသော ကြယ်ရောင်များ ပြည့်နှက်နေသော သူမ၏ လက်သီးကို ဝါးခမောက်ဆောင်းထားသော လူထံသို့ ပစ်လွှတ်တော့မည့်ဆဲဆဲ။
ဝါးခမောက်ဆောင်းထားသော လူသည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ယခုတစ်ကြိမ်တော့ တကယ်ပဲ အမြစ်ကနေဆွဲနှုတ်ခံရတော့မည့်ပုံပဲဟု တိတ်တဆိတ် တွေးလိုက်မိသည်။
ထိုသို့ အရေးအကြီးဆုံးအချိန်၌။
လက်ကြီးတစ်ဖက်သည် အဝါရောင်ဝတ် အမျိုးသမီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်တားဆီးလိုက်ပြီး အနက်ရောင်နှင့် အဖြူရောင်ရော အဝတ်အစားများ ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်အမျိုးသားက လေးနက်သောအသံဖြင့် ပြောလာသည်။ "မမလေး၊ စိတ်မထိန်းနိုင် မဖြစ်ပါနဲ့! ဒီကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်ပါ!"
"ဦးလေးဖန်း!" အန်းမြောင်ယိက မကျေနပ်စွာ စောဒကတက်လိုက်သည်။
ဖန်းသယ်ကျန့်က ခေါင်းကိုအသာခါယမ်းပြီး ဝါးခမောက်ဆောင်းထားသော လူအား အရိုအသေပြုကာ ဖြန်ဖြေပေးလိုက်သည်။"တာအိုရောင်းရင်းခင်ဗျာ၊ ကျွန်တော်တို့က ကုန်းပြည်နယ်ကလာတဲ့ ဓားဆင့်ခေါ်ဂိုဏ်းကပါ။ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ကို ကူညီပေးနိုင်မလား၊ နောက်တစ်ရက်ရက်မှာ ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းကို သေချာပေါက် လာရောက်လည်ပတ်ပြီး ကျေးဇူးဆပ်ပါ့မယ်"
ဓားဆင့်ခေါ်ဂိုဏ်း!
ဝါးခမောက်ဆောင်းထားသော လူ၏ မျက်ခွံများ တုန်ယင်သွားသည်။ ၎င်းသည် အရှေ့ပိုင်းစီရင်စုရှိ ထိပ်တန်း မသေမျိုးဂိုဏ်း ဆယ်ဂိုဏ်းတွင် ပါဝင်နိုင်သော တည်ရှိမှုတစ်ခုဖြစ်၏။ ရှေးခေတ်က မသေမျိုးများစွာ ပေါ်ထွက်ခဲ့သည်ဟု ဆိုစမှတ်ပြုကြသည်!
ဘုရားရေ၊ ဒီတစ်ခါတော့ မြွေဟောက်ကိုမှနင်းမိပြီပဲ!
ခဏလေး၊ ငါ ဘာကို ကြောက်နေတာလဲ? ငါက အခု ဆံဖြူလူသတ်နတ်ဘုရား ယဲ့ကျွင်းလင်ရဲ့ တပည့် ဓားနတ်ဆိုး လီဝူကျယ်ပဲ!
ဓားဆင့်ခေါ်ဂိုဏ်းက ဘာများအဲ့လောက် အံ့သြစရာကောင်းနေလို့လဲ?
သူ၏ နှလုံးသားထဲရှိ တုန်လှုပ်မှုကို ဖုံးကွယ်ထားကာ ဝါးခမောက်ဆောင်းထားသော လူသည် အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။ "အလည်အပတ်ကိစ္စ နောက်မှ ပြောကြတာပေါ့၊ လောလောဆယ်တော့ တန်ဖိုးရှိတာမှန်သမျှ ထုတ်စမ်းပါ!"
ဖန်းသယ်ကျန့်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ဝါးခမောက်ဆောင်းထားသော လူကို စိုက်ကြည့်လိုက်သည်။
ဓားဆင့်ခေါ်ဂိုဏ်း၏ အမည်ကို ထုတ်ပြောပြီးသည့်တိုင် သူ၏ရှေ့မှ ဤကောင်လေးကား ဆက်ခေါင်းမာနေလိမ့်မည်ဟု သူထင်မထားခဲ့။
မျှော်လင့်ထားသည့်အတိုင်း ထိုသူသည် မည်သည့် စိုးရိမ်ပူပန်မှုမှ မရှိဘဲ တဇွတ်ထိုးပြုမူတတ်သော ဓားနတ်ဆိုး လီဝူကျယ်သာဖြစ်သည်။
"သူ့ဆရာသခင် ယဲ့ကျွင်းလင်က သူ့ကို နောက်ကွယ်ကနေ လှမ်းပြီး ညွှန်ကြားနေတာဖြစ်မယ်"
အတွေးတစ်ခုဝင်လာသောအခါ ဖန်းသယ်ကျန့် ရုတ်တရက် ပြန်နားလည်သွားသည်။
ဒီလူတွေဟာ ယွီဟွားဂိုဏ်းကိုတောင် ပြောင်ပြောင်တင်းတင်းနဲ့ စော်ကားရဲသေးတာပဲ၊ သူတို့ရဲ့ ဓားဆင့်ခေါ်ဂိုဏ်းကိုဆို မျက်စိထဲတောင်ထည့်မယ်မထင်။
ဝါးခမောက်ဆောင်းထားသော လူသည် အင်အားကြီးကျင့်ကြံသူထံမှ စိုက်ကြည့်ခံရသောကြောင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ဆံပင်များ ထောင်ထသွားသော်လည်း ပရော်ဖက်ရှင်နယ် သရုပ်ဆောင်စကေးကို အကျမခံဘဲ သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးနှင့် ကြမ်းတမ်းသော မျက်လုံးများက ဆက်လက်တည်ရှိနေဆဲပင်။
အမှန်စင်စစ် သူ၏ စိတ်ထဲတွင် အလွန်နောင်တရနေခဲ့သည်။ ခုနက ဟိုလူလာတားတုန်း ဘာလို့မရပ်မိလိုက်တာလဲနော်။ တစ်ဖက်လူကသာ ဒီအချိန် အားကုန်ထုတ်တိုက်ခိုက်ခဲ့ရင် သူ့ရဲ့ အသက်ကလေး ဒီနေရာမှာတင် ဆုံးရှုံးဘဝကူးရလိမ့်မည်။
ဒုက္ခပဲ၊ ငါ သရုပ်ဆောင်တာ အရမ်းဈာန်ဝင်သွားတယ်ထင်တယ်၊ မလုပ်သင့်တာတွေ လုပ်မိကုန်ပြီ!
ထိုစဉ် ဖန်းသယ်ကျန့်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရပြီး စိတ်မချမ်းသာစွာဖြင့် သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူကာ အပြုံးတစ်ခုကို ညှစ်ထုတ်ပြီး ပြောလာသည်။ "ဒါက ကျွန်တော်နဲ့ အတူပါလာတဲ့ သိုလှောင်လက်စွပ်ပါ၊ အတွင်းမှာ အဆင့်မြင့် ဝိညာဉ်ကျောက်ငါးသန်းနဲ့ နည်းနည်းလေးလောက်ပဲ အသုံးပြုရသေးတဲ့ အသစ်ကျပ်ချွတ်နီးပါး ဝိညာဉ်လက်နက်တချို့ ပါရှိပါတယ်၊ ဒါတွေကို လက်ခံပြီး အရှင်ယဲ့ကို ဒါက ကျွန်တော်တို့ ဓားဆင့်ခေါ်ဂိုဏ်းရဲ့ ကျေးဇူးတင်ကြောင်းပြသတဲ့ သေးငယ်တဲ့ လက်ဆောင်လေးဖြစ်ကြောင်း တစ်ဆင့်ပြောပေးပါ"
အလင်းရောင် ထွက်နေသော သိုလှောင်လက်စွပ်တစ်ခု လွင့်စင်လာပြီး ဝါးခမောက်ဆောင်းထားသော လူ၏ လက်ထဲသို့ ရောက်သွားသည်။ ဝါးခမောက်ဆောင်းထားသော လူ၏ အသက်ရှူသံ အနည်းငယ် မြန်လာပြီး သူ၏ နှလုံးသားသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
ငါ ချမ်းသာပြီ! ဒီတစ်ခါတော့ တကယ် ချမ်းသာပြီ!
"ဦးလေးဖန်း! ဦးလေး ဘာလုပ်နေတာလဲ... ..." အန်မြောင်ယိသည် ဒေါသတကြီး ခြေထောက်ကို ဆောင့်လိုက်ပြီး ဦးလေးဖန်း၏အပြုအမူမှာ အလွန်ရှက်စရာကောင်းလှသည်ဟု ခံစားမိလိုက်၏။
ဖန်းသယ်ကျန့်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေးနက်စွာ ထပ်မေးလိုက်သည်။ "တာအိုရောင်းရင်း ဒီလောက်ဆို ကျေနပ်ပြီလား?"
ဝါးခမောက်ဆောင်းထားသော လူသည် တည်ငြိမ်ဟန်ဆောင်ကာ သိုလှောင်လက်စွပ်ကို သိမ်းလိုက်ပြီး အေးစက်စက် နှာမှုတ်၍ ပြန်ပြောလိုက်သည်။ "မင်းက အသိဉာဏ်ရှိတယ်လို့ မှတ်ယူရမှာပေါ့၊ ဆရာသခင့်ကိုတော့ အကုန်အမှန်အတိုင်း တင်လျှောက်ရမှာပါပဲ!"
ထိုသို့ပြောပြီး သူသည် ဓားကို ပခုံးပေါ်တွင် တင်ကာ မာနကြီးစွာဖြင့် တံခါးမှ ထွက်သွားလေသည်။
လှေကားမှ ဆင်းသောအခါ ဝါးခမောက်ဆောင်းထားသော လူ၏ ခြေထောက်များသည် အနည်းငယ် တုန်ယင်နေပြီး သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ရဲရဲနီစွေးနေကာ တိတ်တဆိတ်တွေးနေမိသည်။ "ဟဲဟဲ၊ လူကြီးလူကောင်းဟန်ဆောင်ပြီး ထွက်ပြေးရတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ!"
"မင်း မြင်လိုက်လား? ဓားဆင့်ခေါ်ဂိုဏ်းရဲ့ ထိပ်သီးကျင့်ကြံသူအရှင်တောင် ဒီလောက်နာနာခံခံ ထုတ်ပေးလိုက်ရတာ!"
"သူတို့က အဲ့အဖွဲ့အစစ်ပါလို့ ငါ ပြောခဲ့တယ်လေ၊ ခုနကတောင် မယုံတဲ့ လူမိုက်တချို့ ရှိသေးတယ်၊ ကံကောင်းထောက်လို့ ဘာဘေးအန္တရာယ်မှတော့ မဖြစ်ခဲ့ဘူး!"
"မတတ်နိုင်ဘူးလေ၊ တစ်ခါတလေကံဆိုးတာလို့ပဲ မှတ်ယူကြတာပေါ့!"
လူတိုင်း တီးတိုးပြောဆိုနေကြကာ အသက်နှင့်ခန္ဓာမြဲသည်ကိုပင် အလွန်ကံကောင်းသည်ဟု ခံစားနေကြရ၏။
အပေါ်ဆုံး အခန်းတွင် အန်မြောင်ယိသည် ခါးထောက်လျက် နူးညံ့သော မျက်နှာထက်တွင် အလွန်မကျေနပ်သော အမူအရာဖြင့် ဆူပူငေါက်ငမ်းလို့နေတော့သည်။ "ဦးလေးဖန်း၊ ဦးလေးက ကျွန်မကို အရမ်း စိတ်ပျက်စေခဲ့တယ်!"
ဖန်းသယ်ကျန့်၏ နှုတ်ခမ်းကို ခပ်တွန့်တွန့်မဲ့လိုက်ကာ စိတ်ဓာတ်ကျစွာဖြင့် ပြန်ပြော၏။ "မမလေး၊ ကျွန်တော်လည်း မမလေးကိုလုံခြုံအောင် ကာကွယ်နေတာပါ။ ဒီလောက်မှ မျက်နှာမလုပ်ရင် ယဲ့ကျွင်းလင်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတတ်တဲ့ စိတ်သဘောထားကြောင့် ကျုပ်တို့အားလုံး သေပွဲဝင်ရလိမ့်မယ်"
"ပြီးတော့ သူ့တပည့်က ကျုပ်တို့ ဓားဆင့်ခေါ်ဂိုဏ်းကို လုံးဝ အလေးမထားဘူးဆိုတာ မမလေးလည်း မြင်ပြီးသားပဲ၊ မမလေးသာတစ်ခုခုဖြစ်ရင် ကျုပ်ပဲအပြစ်တင်ခံရမှာဗျ!"
အန်မြောင်ယိသည် ဒေါသထွက်နေဆဲဖြစ်ပြီး ဒေါသတကြီး ထပ်အော်လိုက်သည်။ "ဆရာသခင်ကိုက ဒီလိုအစားဆိုတော့ တပည့်ကလည်း ရိုင်းစိုင်းမောက်မာနေတော့တာပေ့ါ၊ ဒီ ယဲ့ကျွင်းလင်ဆိုတဲ့လူ အရမ်းလွန်တယ်၊ ဘာလို့ သူက ဥပဒေမဲ့ လုပ်ချင်ရာ လုပ်လို့ရတာလဲ? အရှေ့ပိုင်းစီရင်စုကို သူပိုင်တယ်များထင်နေတာလား?"