သွေးအတွက်သွေး ၄
Vol. 102 Ch. 1425
ကျုံကျန်းမျိုးနွယ်သည် ရင်ယန်နန်းတော်ကို မှီခိုနေရပြီး ရင်ယန် နန်းတော်သည် ပညာရှိစံအိမ်တော်ကို မှီခိုနေရသည်။ ပြောရလျှင် ကျုံကျန်း မျိုးနွယ်သည်လည်း ပညာရှိစံအိမ်တော်လက်အောက်ကပင်ဖြစ်သည်။
ဝူလင်းယူသည် ပညာရှိစံအိမ်တော်မှ မြင့်မြတ်သောသားတော်ြဖစ်သည်။ သီအိုရီအရဆိုလျှင် သူသည် ကျုံကျန်းမျိုးနွယ်ကို ကူညီသင့်သည်။
သူ ရှီမာယူယူဘေးတွင်ရပ်လိုက်သည်ကို ကြည့်ပြီး ကျုံကျန်းမျိုးနွယ် သည် ယုံကြည်ချက်များ ပျောက်ဆုံးသွားလေသည်။ အခုချိန်မှာတော့ နှစ်ဖက် လုံးကို မကူညီပါစေနှင့်ဟုသာ မျှော်လင့်နေကြတော့သည်။
သို့သော် ဝူလင်းယူသည် သူတို့လိုချင်သည့်အတိုင်း မလုပ်ပေ။ သူသည် ရှီမာယူယူ၏ ပခုံးကိုဆုပ်ကိုင်လိုက်သည် “မင်းတို့က ငါ့မိန်းကလေးကိုသတ်ချင် နေကြတယ် အဲဒါကိုဂရုမစိုက်ဘဲနေခိုင်းစေချင်တာလား အိပ်မက်မက်နေလိုက်”
ကျုံကျန်းဟုန်ဖန်၏ မျက်နှာမှာ မည်းနက်သွားလေသည် “သားတော်က ဂိုဏ်းကိုပြစ်မှားမိမှာကို မကြောက်ဘူးလား”
“ဟားဟား ဂိုဏ်းက မင်းတို့အတွက်နဲ့ ငါ့ကိုအပြစ်တင်မယ်ထင်နေလား မင်းတို့ကိုယ် မင်းတို့ အရမ်းအထင်ကြီးနေပြီ” ဝူလင်းယူသည် နှိမ့်ချမှု ကြင်နာမှု မရှိဘဲ မညှာမတာပြောလေသည်။
“ဟား”
ဘေးမှလူများသည် ကျယ်လောင်စွာရယ်မောကြလေသည်။ ဝူလင်းယူ သည် ညှာတာမှုမရှိပြောတတ်သည်။
ကျုံကျန်းဟုန်ဖန်သည် ဂိုဏ်းကိုအသုံးချပြီး သူ့ကိုခြိမ်းခြောက်ချင်သည်။ သို့သော် သူသည် ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။
ကျုံကျန်းမျိုးနွယ်သည် သူတို့အောက်မှ အင်အားစုတစ်ခုဖြစ်သည်မှာ အမှန်ပင်။ ပြီးခဲ့သည့် နှစ်များတွင် သူတို့သည် လျှို့ဝှက်ဆန်းကြယ်အင်အားစု နှင့် ရင်းနှီးလာပြီး ပညာရှိစံအိမ်တော်ကို သစ္စာရှိလှသည်မဟုတ်တော့ပေ။ အခု ချိန်တွင် သူတို့အနေအထားသည် အရင်ကထက်များစွာ ဆိုးရွားနေသည်။ ပညာရှိစံအိမ်တော်က သူတို့ကြောင့်နဲ့ ဘာလို့ဝူလင်းယူကို အပြစ်ပေးမှာလဲ။
သူတို့မျက်နှာသူတို့ ပြန်ရိုက်လိုက်တာပဲ။
“သားတော် မင်း….”
“ပြီးတော့ မင်းတို့က လျှို့ဝှက်ဆန်းကြယ်အင်အားစုနဲ့ အကြာကြီး ပူးပေါင်းထားတာကို ဂိုဏ်းကသိရင် မင်းတို့ကို စောစာကတည်းက အပြတ်ဖြတ် ဖို့ အမိန့်ပေးလိုက်မှာတောင် စိုးတယ်၊ မင်းတို့က ဂိုဏ်းကိုအရင်သစ္စာဖောက် တာပဲ၊ အခု ဂိုဏ်းကိုအကာအကွယ်အနေနဲ့ သုံးချင်နေတယ်၊ ပညာရှိစံအိမ် တော်က အရူးတွေလား” ဝူလင်းယူသည် သူ ငတုံးမဟုတ်ဆိုသည့်မျက်နှာထား လုပ်နေရာ ရှီမာယူယူ ရယ်ချင်သွားသည်။
ကျုံကျန်းဟုန်ဖန်သည် တိတ်ဆိတ်မှုနှင့်သာ ရင်ဆိုင်နေရသည်။
သူတို့နှင့် လျှို့ဝှက်ဆန်းကြယ်အင်အားစုတို့ ပူးပေါင်းထားသည့်အချက်မှာ အမြဲတစေ လျှို့ဝှက်ချက်ဖြစ်ခဲ့သည်။ ဝူလင်းယူက ဘယ်လိုလုပ်သိတာလဲ။ ပညာရှိစံအိမ်တော်ကသာ ဒီအကြောင်းသိရင် သူတို့ကို ကူညီမှာမဟုတ်ဘူး။
“လင်းယူ ဒီကိုဘာလို့ရောက်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ကိုယ်နိုးလာတော့ မင်း အဲဒီမှာမရှိဘူးဆိုတာ မြင်လိုက်လို့ လာတာလေ” ဝူလင်းယူသည် ရှီမာယူယူကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များမှာ နူးညံ့ လွန်းသည်။
“ဒါပေမဲ့ အစ်ကိုက နွမ်းနယ်မှုဖြစ်နေတဲ့အချိန်မဟုတ်ဘူးလား ဒါက စစ် မြေပြင်နော်” ရှီမာယူယူသည် သူ့ကို ခွင့်မပြုသလိုကြည့်လိုက်သည်။
“မစိုးရိမ်ပါနဲ့ ကိုယ်မရှုပ်ပါဘူး၊ ကိုယ့်အားက အရမ်းမြင့်တဲ့အထိ ပြန်မကောင်းသေးပေမဲ့ ဒီစံတင်အဆင့်လောက်ကို ရှင်းဖို့တော့ လုံလောက်ပါ တယ်” ဝူလင်းယူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
“တကယ်ကြီးလား၊ အစ်ကိုမဖြေရှင်းနိုင်ရင် သူ့ကိုရှင်းပစ်ဖို့ ညီမမှာ နည်းလမ်းတွေ အများကြီးရှိတယ်” ရှီမာယူယူသည် ကျုံကျန်းဟုန်ဖန်ကို မျက်စိ ထဲတွင်မထည့်ပေ။
သူမ အရင်ဘဝတွင် ကျုံကျန်းဟုန်ဖန်သည် အဆင့်တက်တော့မည့်ဆဲဆဲ ဖြစ်သည်ကို သိသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူ အဆင့် တက်ခဲ့သည်။ ထို့ကြောင့် သူမ လူများခေါ်လာစဉ်က ထိုအကြောင်းကိုပါ ထည့်သွင်းစဉ်းစားပြီးသားဖြစ်သည်။
သူမ ပြင်ဆင်ပြီးမှ လာခြင်းဖြစ်သည်။
“ကိုယ်က ဘယ်တုန်းကလိမ်ဖူးလို့လဲ” ဝူလင်းယူသည် သေချာနေသည် “ပြီးတော့ မင်းလေးက သမားတော်မဟုတ်ဘူးလား”
ရှီမာယူယူသည် သူ့လက်ကိုဆုပ်ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက် သည်။ သူ့ခန္ဓာကိုယယ်သည် အမှန်တကယ်ပင် အရင်ကထက် အားပိုနည်းနေ သည်။ သူပြောသည့်အတိုင်းပင် ကျုံကျန်းဟုန်ဖန်ကို ရှင်းရာတွင်တော့ ပြဿနာမရှိပေ။
“အစ်ကိုတစ်ယောက်ပဲ သူနဲ့တိုက်ခိုက်နိုင်မှာ” သူမသည် သူ့ကိုလွှတ်ပေး လိုက်ပြီး တိုက်တွန်းလိုက်သည်။
“ဟုတ်တာပေါ့”
သူမမှာ ဒီလောက်လူအများကြီးရှိတာ အကုန်လုံးနဲ့တိုက်ခိုက်ဖို့တော့ မလိုပါဘူး။
မူလအစက သူမတွင် အစီအစဉ်ရှိသည်။ သူ ဝင်ပါရန်မလိုပေ။ သို့သော် သူသည် သူမနှင့်ပတ်သတ်သည့် အရာတိုင်းတွင် ပါဝင်ချင်သည်။
အစကတည်းကပင် သူသည် သူမခံစားရသည့် နာကျင်မှုများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သူမနှင့် တည်ထောင်ထားသောစာချုပ်မှတစ်ဆင့် သူမ၏ ရင်နာမှုများ နောင်တများကို ခံစားသိခဲ့ရသည်။ ထို့ကြောင့် သူသည် လည်း သူတို့ကို မုန်းတီးသည်။
“အတိတ်က အမုန်းတရားတွေက ဒီနေ့အဆုံးသတ်ပြီ အခုကစပြီး မင်းက မင်းပဲ အတိတ်ကြောင့်နဲ့ ဘာဝန်ထုတ်ဝန်ပိုးမှဖြစ်စရာမလိုတော့ဘူး” သူ ရေရွတ်ပြီးသည်နှင့် ကျုံကျန်းဟုန်ဖန်ကို တိုက်ခိုက်လေသည်။
ကျုံကျန်းဟုန်ဖန်သည် ဝူလင်းယူနှင့် အရင်ကတွေ့ဖူးသည်။ သူ့အား သည် မမြင့်သည်ကို သိထားသည်။ သူရုတ်တရက် ပေါ်လာခြင်းသည်သူ့ကို ထိတ်လန့်သွားစေသော်လည်း အထင်မကြီးလှပေ။
သို့သော် သူ မသိသည်မှာ် ဝူလင်းယူ၏ ဝိညာဉ်ပေါင်းစပ်မှုသည် သူ၏ အလင်းအရည်အချင်းကို အဆပေါင်းများစွာ တိုးစေခဲ့သည်။ စံတင်တစ်ယောက် ၏ အားသည် ထိုအားနှင့်မယှဉ်နိုင်ပေ။
ဝူလင်းယူ လှုပ်ရှားချိန်ွင် တခြားသူများ လိုက်လှုပ်ရှားကြသည်။ တိုက်ပွဲ ပြန်စတင်လေပြီ။
ဘိုးအေကြီးပေါ်လာသည်နှင့် ကျုံကျန်းမျိုးနွယ်မှလူများ သည် မျှော်လင့်ချက်ကို မြင်လိုက်ရသည်။ သူတို့စိတ်ဓာတ်များတက်ကြွလာကြ သည်။ ကံကောင်းစွာပင် ထိပ်တန်းတောင်ကြားသည် သူ့ထက်သန်မာသည်ဆို သည့် အမှန်တရားမှာ ပြောင်းလဲခြင်းမရှိသေးပေ။
ထို့ကြောင့် နောက်ဆုံးရလဒ်မှာ အံ့ဩစရာမရှိပေ။ ကျုံကျန်းဟုန်ဖန်ကို ဝူလင်းယူ နှစ်ပိုင်းပိုင်းပြီးသည်နှင့် တခြားသောကျုံကျန်းမျိုးနွယ်ဝင်များလည်း အမြန်ပင် အသတ်ခံလိုက်ရတော့သည်။
သူတို့သည် ဖျက်သိမ်းလိုက်သည်ဖြစ်စေ အညံ့ခံလိုက်သည်ဖြစ်စေ ထိပ်တန်းတောင်ကြားမှ အဖွဲ့ဝင်များဂရုမစိုက်ကြပေ။ ကျုံကျန်းမျိုးနွယ်သည် ထိုစဉ်က ရှီမန်မိသားစုကဲ့သို့ တူညီသောကံကြမ္မာကို လက်ခံရတော့မည်ဖြစ် သည်။
သို့သော် နောက်ဆုံးတွင် ရှီမာယူယူ စိတ်ပျော့သွားသည်။ သူမသည် ဖြူစင်သော မိန်းကလေးများနှင့် ကလေးများကို မသတ်ရက်ပေ။
ဝူလင်းယူသည် သူမဘေးသို့ ပြန်လာသည်။ သူမ မျက်လုံးမှ ပူဆွေးမှုများ ကိုမြင်သောအခါ သူမလက်ကို ဆုပ်ကိုင်လေသည်။ သူသည် ရှီမန်ဖန်ကို ပြောလိုက်သည်။ “အမြစ်ကိုမရှင်းရင် နောက်ကို အဆုံးမရှိတဲ့ပြဿနာတွေ ဖြစ် မှာပဲ ငါ သူမကို အရင်ခေါ်သွားလိုက်မယ်”
ရှီမန်ဖန်သည် သူတို့ကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည် “ကောင်းပြီ ဒီဘက်ကို ငါပဲရှင်းလိုက်တော့မယ်”
ဝူလင်းယူသည် လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး ရှီမာယူယူကို ခေါ်သွားလိုက် သည်။
ရှီမာယူယူသည် အစပိုင်းတွင် ရုန်းကန်သော်လည်း နောက်ဆုံးတော့ လိုက်သွားရသည်။
ဝူလင်းယူပြောသည်မှာ မှန်သည်။ အမြစ်ကိုပါ မရှင်းပါက နောင်တစ်ချိန် တွင် အဆုံးမရှိသော ပြဿနာများရှိလာမည်။ သူမ မကြောက်ရွံ့ပေ။ သို့သော် ရှီမန်ဖန်နှင့် ထိပ်တန်းတောင်ကြားကို ထည့်စဉ်းစားရမည်။
ဖြူစင်သောလူများ အသတ်ခံရသည်ကို သူမ မကြည့်နိုင်ပေ။ ထွက်သွား လိုက်သည်က ပိုကောင်းသည်။
ဝူလင်းယူသည် သူမကို သူ၏လောကအသေးသို့ ခေါ်သွားလိုက်သည်။ ထိုစဉ်က သူမမှတ်ဉာဏ်များပြန်ရစဉ် နာကျင်ခဲ့သည့်အချိန် သူ သူမကို ထိုနေရာသို့ခေါ်လာဖူးသည်။ အခုသူတို့ပြန်ရောက်လာကာ တစ်ကမ္ဘာခြားသွား သလိုခံစားရသည်။
ရှီမာယူယူသည် ဆေးကြောရန်သွားလိုက်သည်။ သူမ ခန္ဓာကိုယ်မှ သွေး များအားလုံးနှင့် အတိတ်မှအမုန်းတရားများကို ဆေးကြောလိုက်သည်။
သူမ ဝူလင်းယူရှေ့တွင် ပေါ်လာချိန်တွင် သူမဆီမှ ထွက်လာသော ရောင်ဝါသည် ကွဲပြားနေသည်။
ဝူလင်းယူသည် အရင်က သူမအိပ်ခဲ့သည့် ခုံတန်းတွင် လှဲလျောင်းနေ သည်။ သူသည် သူမကို ပေါ့ပါးစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
ရှီမာယူယူ လျှောက်သွားလိုက်သည်။ မည်သည့်ထိုင်ခုံမှမရှိသဖြင့် သူမ သည် ခုံတန်းဘေးတွင်ထိုင်လိုက်သည်။ လက်တစ်ဖက်သည် ရုတ်တရက် သူမကို ဖက်ပြီး ဆွဲသွင်းလိုက်သည်။
ရှီမာယူယူသည် ဝူလင်းယူ၏ ပခုံးပေါ်တွင်မှီပြီး မျက်လုံးမှိတ်ထားသည် “မစကားမပြောနဲ့ ခဏလောက်ပဲ မှီပါရစေ”
ဝူလင်းယူသည် နောက်လက်တစ်ဖက်ကို ခေါင်းအောက်တွင်ထားပြီး နောက်တစ်ဖက်သည် သူမ ခါးကိုသိုင်းဖက်ပြီး ဆွဲသွင်းလိုက်သည်။ သူသည် သူမ နဖူးကို အသာအယာအနမ်းပေးလိုက်သည် “နားလိုက်တော့ ကိုယ်ဒီမှာ ရှိ နေမယ်”
သူ့စကားများသည် သူမကို မထိန်းချုပ်နိုင်လောက်အောင် ငိုစေသည်။ သူမ မျက်ရည်များသည် သူ့ပခုံးမှအဝတ်များကို စိုရွဲသွားစေသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူတို့ လက်စားချေနိုင်သွားခဲ့သည်။ သူမသည် မျှော်လင့်ထားသလောက် မပျော်ရွှင်ပေ။ အကြောင်းမှာ မည်သို့ပင် ဖြစ်စေကာမူ သူမ၏ မိသားစုမှာပြန်မလာနိုင်တော့ပေ။
သူမသည် သူမကိုချစ်သော မိဘနှင့် ဆွေမျိုးသားချင်းများကို ဘယ်တော့ မှ ပြန်မတွေ့ရတော့ပေ။ သူမသည် သူတို့၏ အလိုလိုက်မှုကို မခံရတော့ပေ။
အဖေ အမေ ယူအာ လွမ်းတယ်….
***