← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

ဖန်းသယ်ကျန့်က ခေါင်းကိုအသာခါယမ်းပြီး ကူကယ်ရာမဲ့စွာ ရှင်းပြလာသည်။ "သူ့ကျင့်ကြံဆင့်ကို ခန့်မှန်းလို့မရဘူးလို့ ဘယ်သူပြောတာလဲ၊ သူက လွန်ခဲ့တဲ့ လပိုင်းကမှ ယွီဟွားဂိုဏ်းရဲ့ မသေမျိုးအရိပ်တစ်ယောက်ကိုတောင် သတ်ခဲ့သေးတာလေ၊ တစ်ခုသိထားရမှာက အသတ်ခံရတဲ့ဂိုဏ်းသားရဲ့ တာအိုဘွဲ့နာမည်က ကျွီယန်း၊ ယွီဟွားဂိုဏ်း ဦးစားပေးခံသားတော်ရဲ့ ဆရာသခင်ပဲ! ကျွတ်ကျွတ်.. သူက ယဲ့ကျွင်းလင်ကို တစ်ယောက်တည်းသတ်နိုင်မယ်ထင်ပြီး မိုင်ထောင်ပေါင်းများစွာအဝေးကနေ အမြန်ရောက်လာခဲ့တာ၊ ဒါပေမဲ့ အဲဒီကောင်က သူ့ရဲ့ ကျင့်ကြံဆင့်ကို တမင်ဖုံးကွယ်ထားခဲ့မယ်လို့ ဘယ်သူထင်မှာလဲ၊ နောက်ဆုံးမှာတော့ ကျွီယန်းဟာ ကြေကွဲဖွယ်စွာ ဘဝအဆုံးသတ်ကိုပဲ တွေ့ကြုံခဲ့ရတယ်လေ!"

"ဒါ့အပြင် ယဲ့ကျွင်းလင်ဟာ သူ့တပည့်တွေကို အလွန်ကာကွယ်ပေးတတ်တယ်လို့ ဆိုကြတယ်၊ ဓားနတ်ဆိုး လီဝူကျယ်ကို သူ့တပည့်အဖြစ် ခန့်အပ်ပြီးတဲ့နောက် သူ့ကိုနှိပ်စက်ခဲ့တဲ့ ရွှယ်မျိုးရိုးသားအဖကိုသတ်ဖို့ ရွှယ်မိသားစုရဲ့ ဘိုးဘေးကို အတင်းအကျပ်ခိုင်းစေခဲ့တာတဲ့လေ၊ အဲဒီလို ရက်စက်ယုတ်မာတဲ့ လူကို ငါ ဘယ်လို မကြောက်ပဲနေရဲမှာလဲ? သူ့လို တရားမျှတမှုမရှိတဲ့ အရူးကောင်မျိုးက ရုတ်တရက် ဓားပြထတိုက်တာလည်း အံ့သြစရာတော့ဟုတ်မနေဘူး!"

ဓားဆင့်‌ခေါ်ဂိုဏ်းမှ အကြီးအကဲဖြစ်သူသည် ဂိုဏ်းတွင် အလွန်လေးစားခံရပြီး ရာထူးအဆင့်အတန်း မြင့်မားသူဖြစ်သော်ငြား ယဲ့ကျွင်းလင်၏ လုပ်ရပ်များအကြောင်း ပြန်လည်ဖောက်သည်ချသောအခါ သူ၏ စကားလုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

အန်မြောင်ယိသည် ဒေါသထွက်လွန်းသဖြင့် သူမ၏ ရင်ဘတ်မှာ အဆက်မပြတ် မြင့်လိုက်နိမ့်လိုက်ဖြင့် ။ သူမသည် အခန်းထဲတွင် ဟိုဟိုသည်သည် ပတ်လျှောက်ကာ အံကိုတင်းတင်းကြိတ်လျက် ပြောသည်။ "ချီးလိုပဲ၊ ဒီလောက်ထိ ဆိုးယုတ်တဲ့ လူမျိုး ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိနေတာလဲ!"

ဖန်းသယ်ကျန့်သည် ဒေါသတလူလူထွက်နေသော အဝါရောင်ဝတ် အမျိုးသမီးကို ကြည့်ကာ တစ်ခုခုကို တွေးမိပုံရသည်။ သူက စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ဖို့ ကြိုးစားလာ၏။ "မမလေးရယ်၊ ဒီလူ့ကိုမကျေနပ်ရင် ကြိုးစားပြီး ကျင့်ကြံပါ၊ မင်းရဲ့ အရည်အချင်းနဲ့ မကြာခင် ‌ဘေးဒုက္ခကျော်လွှားအဆင့်ကို ရောက်နိုင်ပြီး မသေမျိုးတောင် ဖြစ်နိုင်ပါတယ်၊ မမေ့ပါနဲ့၊ မင်းက ကြယ်တံခွန်မသေမျိုး ခန္ဓာကို ပိုင်ဆိုင်ထားတဲ့သူပါ၊ ဒီလို ခန္ဓာမျိုးက ယွီဟွားဂိုဏ်း ဦးစားပေးခံသားတော်ရဲ့ နေမင်းမသေမျိုး ခန္ဓာထက် သိပ်မညံ့ပါဘူး"

ဤစကားကို ကြားသောအခါ အန်မြောင်ယိ၏ မျက်လုံးများတွင် ခိုင်မာသော စိတ်ပိုင်းဖြတ်ချက်များ ထင်ဟပ်လာပြီး ပြန်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဦးလေးဖန်း၊ ကျွန်မ ပိုကြိုးစားပြီး ကျင့်ကြံပါ့မယ်။ ကျွန်မရဲ့ အင်အား လုံလောက်တဲ့အထိ တောင့်တင်းလာတဲ့အခါ ဒီလိုနတ်ဆိုးကောင်တွေကို သေချာပေါက် ချေမှုန်းပြီး တာအိုလောကကို ကာကွယ်ပါ့မယ်! ဒီလို အမှိုက်ကောင်မျိုးကို ကျွန်မလက်နဲ့ ကိုယ်တိုင် ရှင်းလင်းပစ်ပါ့မယ်!"

ဖန်းသယ်ကျန့်က ခါးသက်သက် ပြုံးလိုက်သည်။ ဂိုဏ်းချုပ်၏ သမီးသည် အလွန်စိတ်အားထက်သန်သော်လည်း သူမ၏ အယူအဆများသည် အနည်းငယ်တုံးအအနိုင်ကာ စိတ်ကလည်းအလွန်မြန်ပြီး ထစ်ခနဲရှိ စိတ်ထင်သလိုလုပ်လိုက်ရမှ ကျေနပ်သူဖြစ်၏။

ထားပါလေ၊ ဘာမှ လောနေစရာ မလိုပါဘူး၊ ဖြည်းဖြည်းချင်း သွားကြတာပေါ့။ ဆေးဘုရင်တောင်ကြားသို့ ဤခရီးစဉ်သည် မိန်းကလေး၏ရင့်ကျက်မှု အနည်းငယ်ဖြစ်ဖြစ် ပိုတိုးတက်ဖို့အတွက် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။

အဝေးရှိ တောင်ထိပ်တစ်ခုတွင် လူရိပ်အချို့ မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ကာ လုယက်ရရှိထားသော ပစ္စည်းများကို ခွဲဝေနေကြသည်။

"ဟဲဟဲ၊ ဒီ ယဲ့ကျွင်းလင်ဆိုတဲ့ နာမည်က တကယ်ကို အသုံးဝင်တာပဲ! ဒီရက်ပိုင်းမှာ ငါတို့ ဓားပြတိုက်တိုင်း တစ်ခုမှလွဲချော်တာကိုမရှိဘူး" လူပုလေးနှင့်တူသောတစ်ယောက်သည် သူ၏ ဦးခေါင်းပေါ်မှ ခမောက်ကို ဆွဲချွတ်လိုက်ပြီး လောဘစိတ်ဖြင့်တောက်ပနေသောမျက်လုံးအစုံကိုဖော်ထုတ်ကာ အားရပါးရပြောလာသည်။

"သေလိုက်လေ ခုနက ငါဆို သေလုမြောပါးလန့်သွားတာ၊ ရှေ့တင်ဒူး‌ထောက်ချပြီး ဝန်ခံလုနီးပါးပဲ။ ကံကောင်းလို့ ဓားဆင့်‌ခေါ်ဂိုဏ်းက ထိပ်သီးကျင့်ကြံသူအရှင်က ယဲ့ကျွင်းလင်ဆိုတဲ့ နာမည်ရဲ့ ဖိအားအောက်မှာ ပြန်တိုက်ဖို့တောင်မရဲတော့ဘူး နောက်ဆုံးတော့လက်နက်ချရတာပဲလေ"

ဝါးခမောက်ဆောင်းထားသော လူက စိတ်လှုပ်ရှားစွာဖြင့် ထပ်ပြောလာသည်။ "ဒါ ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါးနော်၊ ပုံမှန်အားဖြင့် ငါတို့ ကပ်တောင်မကပ်နိုင်တဲ့ ဆရာကြီးပိုင်းကလူတွေပဲ၊ အဲ့လိုလူတစ်ယောက်က ငါ့ကို ဒီလောက်ရိုရိုသေသေ ဆက်ဆံရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ ဟားဟား၊ ဒီခံစားချက်က အရမ်းအရသာရှိတာပဲ!!"

"ပေါင်ကြားကထွက်နေတဲ့သေးစီးကြောင်းကိုလည်း ပြန်ငုံ့ကြည့်လိုက်ပါဦး၊ နင့်ကိုဘယ်သူက ရိုသေချင်မှာတဲ့လဲ? သူတို့က ဓားနတ်ဆိုး လီဝူကျယ်ကို ရိုသေနေတာ! ပြီးတော့ နင့်ကိုယ်နင်ပြန်ကြည့်ပါဦး၊ ဘယ်နားအရာရောက်ဖူးလို့လဲ?!" ထိုသူမှာ အနီရောင်ဝတ်ရုံဖြင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်ကာ သူမ၏ လှပသော မျက်လုံးများကို မျက်ဖြူလှန်၍ လီဝူကျယ်အတုအား ကဲ့ရဲ့ရှုတ်ချလိုက်သည်။

ဝါးခမောက်ဆောင်းထားသော လူသည် ရန်စခံလိုက်ရသောကြောင့် ရှူးရှူးရှားရှားဖြင့် ပြန်တုံ့ပြန်လာသည်။ "မင်း ဘယ်သူ့ကို လာစော်ကားနေတာလဲ? မင်းလည်း လူတစ်သောင်းလောက်ရဲ့အောက်ကို ရောက်ခဲ့ဖူးတဲ့ ပြည့်တန်ဆာမတစ်ယောက် မဟုတ်ဘူးလား? မင်း ဖီးနစ်နွေဦးစံအိမ်မှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား? မင်းကိုယ်မင်းရော တကယ်ကြီး နတ်သမီးဟုန်လို့ ထင်နေတာလား? ထွီ

"နင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်!" အနီရောင်ဝတ် အမျိုးသမီးသည် ဒေါသတကြီး ထရပ်ကာ အသက်ရှူသံပြင်းပြင်းကြောင့် ရင်ဘတ်မောက်မောက်များမှာ တက်လိုက်ကျလိုက်ဖြင့်။

"လာလေ၊ လာလေ၊ မင်းကို ခုတ်သတ်ပစ်မယ်၊ ကြက်မ!" ဝါးခမောက်ဆောင်းထားသော လူသည် ဓားရှည်ကို ကိုင်ကာ ကြမ်းကြုတ်စွာ ဆဲဆိုစိန်ခေါ်လိုက်၏။

"အားလုံး တိတ်တိတ်နေကြဟမ်း!!" ဆံပင်ဖြူဖွေးဖွေးနှင့် အဘိုးအို၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားကာ ပြင်းထန်စွာ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ပြီးပြည့်စုံသော ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ၏ အားကောင်းသော အရှိန်အဝါ ထွက်ပေါ်လာပြီး ရုတ်ရုတ်သဲသဲဖြစ်နေသူများကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

ထိုအတုအယောင်များနှင့် နှိုင်းယှဉ်ပါက ဆံပင်ဖြူဖွေးဖွေးနှင့် အဘိုးအို၏ အင်အားသည် အသိသာကြီးကို ယှဥ်နိုင်စရာမရှိပေ။

ထို့ပြင် သူသည် ဤဓားပြအဖွဲ့ကို ဖွဲ့စည်းခဲ့သူလည်း ဖြစ်သည်!

အရေးအကြီးဆုံးအချက်မှာ ဆံဖြူအဘိုးအိုသည် ကျင့်ကြံဆင့်ဖုံးကွယ်ခြင်း လျှို့ဝှက်နည်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသောကြောင့် ဘယ်အဖွဲ့ကိုဓားပြတိုက်ပါစေ တစ်ဖက်လူများက သူ့ကျင့်ကြံဆင့်ကိုမခန့်မှန်းနိုင်သောကြောင့် ပို၍ကျောစိမ့်ဖွယ်ရာခံစားချက်ကိုသာ ထင်ယောင်ထင်မှား ရရှိသွားတတ်ကြ၏။

ဆံဖြူအဘိုးအိုသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ပြောလာသည်။ "ဟင်းဟင်း၊ နည်းနည်းလောက်အောင်မြင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို အဆင့်မြင့်လှပြီထင်နေကြတယ်‌ပေါ့၊ ကိုယ့်ကိုယ်ကို သိပ်အရာရောက်နေကြပြီထင်တယ်ပေါ့၊ ငါပြောလိုက်မယ် မင်းတို့ကမရှိမဖြစ်အရေးပါနေတာမဟုတ်ဘူး၊ အဆင်မပြေတဲ့အဆုံး လက်စဖျောက်လိုက်ပြီး လူသစ်ရှာအစားထိုးလိုက်ဖို့အလွယ်လေးပဲ၊ ပါလာတဲ့ဦးနှောက်ကိုသုံးပြီး ပါးပါးနပ်နပ်နေကြစမ်း!"

ဝါးခမောက်ဆောင်းထားသော လူနှင့် အခြားသူများသည်လည်း မလုပ်ရဲတာမရှိဟန်တူသော စီမံကိန်းချသူကို ကြောက်ရွံ့စွာဖြင့် ငြင်းခုန်သံများ တိတ်ဆိတ်သွားကြသည်။

ဆံပင်ဖြူအဘိုးအိုသည် သူ၏ အရှိန်အဝါကို ပြန်လည်ထိန်းချုပ်လိုက်ပြီး နှုတ်ခမ်းထောင့်တစ်ဖက်က အပေါ်သို့ကွေးတက်သွား၏။

စားပို့နင့်ရင်လည်း သေတတ်သလို အငတ်ခံရင်လည်း သေရမှာပဲ၊ အလွန်အကျွံဆို ဘာမှမကောင်းဘူး။

ကျင့်ကြံဆင့်တိုးတက်ခြင်းသည် အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ ၎င်းကို ထောက်ပံ့ရန် ထိရောက်သော အရင်းအမြစ်များလည်း လိုအပ်သေးသည်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် အချိန်အတော်ကြာအောင် အမှီအခိုကင်းကင်း ရုန်းကန်ခဲ့ရသော်လည်း နှစ်ပေါင်းများစွာတိုင်အောင် ပြီးပြည့်စုံသော ဝိညာဥ်သန္ဓေအဆင့်တွင် ပိတ်မိနေဆဲဖြစ်၏။ ဤအခြေအနေတွင် တိုးတက်မှုတစ်ခုခု ရရှိလိုပါက စွန့်စားသင့်တာတော့ စွန့်စားရပေမည်။

ယခုတစ်ကြိမ် ဆေးဘုရင်တောင်ကြား ဖွင့်လှစ်ခြင်းသည် အသင့်တော်ဆုံးသော အခွင့်အရေးတစ်ခုဖြစ်၏။

ဆေးဘုရင်တောင်ကြား ဖွင့်လှစ်ခြင်းကို အခွင့်ကောင်းယူကာ ယဲ့ကျွင်းလင်၏ အမည်ကို အသုံးပြု၍ လိမ်လည်လှည့်ဖြားခြင်းသည် ငတုံးဖမ်းဖို့ အကောင်းဆုံးအခြေအနေပင်။

အကြောင်းမှာ ဤကာလသည် ဤနယ်တစ်ဝိုက်တွင် ခရီးသွားဦးရေ အများဆုံးဖြစ်ပြီး သူတို့လို အခွင့်အရေးသမားများအဖို့ အမြတ်အစွန်းအများဆုံးရရှိနိုင်သော အချိန်လည်းဖြစ်သည်။ သူကိုယ်တိုင်ပင်သွားစရာမလို၊ အရိပ်အယောင်ပြကာ ပိုက်ဆံထိုင်သိမ်းရုံပင်။

ကံကောင်းထောက်မစွာ ယဲ့ကျွင်းလင်၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းသည် အလွန်ကြီးမားပြီး သူ၏ အဖွဲ့အစည်းမှာလည်း အယောင်ဆောင်ဖို့အတွက် လွန်စွာပြည့်စုံလှသောကြောင့် ပစ်မှတ်တိုင်းမှာ စမ်းသပ်လှုပ်ရှားကြည့်ဖို့ပင် မဝံ့ရဲစွာ ငြိမ်ကုပ်သွားတတ်ကြသည်သာဖြစ်သည်။

ယခုအချိန်တွင် အတော်လေးစုမိဆောင်းမိရှိနေပြီဖြစ်သောကြောင့် ဆံဖြူအဘိုးအိုမှာ မိမိ၏ကိုယ်ပိုင်ဗျူဟာအား ဂုဏ်ယူလို့မဆုံးတော့ပေ။

ယဲ့ကျွင်းလင်အပေါ်များ မကောင်းသောသက်ရောက်မှုတွေ ရှိသွားနိုင်မလားဟု မလုံမလဲစိတ်မျိုး သူ့တွင် တစ်စိုးတစ်စိမှမရှိပါ။

ဤကဲ့သို့သော လုယက်မှုသည် ကျင့်ကြံသူ တပ်မတော်တစ်သန်းကို သတ်ဖြတ်ခြင်းနှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်သေးပါပေ။

All Chapters