← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

"နောက်ဆုံးတစ်ခေါက်လုပ်ပြီးရင် တော်ကြတာပေါ့!"

ဆံပင်ဖြူဖွေးဖွေးနှင့် အဘိုးအို၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာပြီး တစ်ချက်ပြုံးကာ ဆက်ပြောသည်။ "ဒါပေမဲ့ နောက်ဆုံးတစ်ခေါက်ကိုတော့ အချီကြီးကြီးမိအောင် ကစားရမယ်!"

ရုတ်တရက်။

အဝေးကောင်းကင်ယံရှိ တိမ်တိုက်များသည် ရူးသွပ်စွာ ဘေးနှစ်ဖက်သို့ လွင့်ထွက်ပြန့်ကားသွားပြီး မီတာထောင်ပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်ကြီးတစ်ခုသည် လေစီးကြောင်းကြီးတစ်ခုကိုမျှောပါရင်း ဖြတ်သန်းသွားလေ၏။

ထိုကြောက်မက်ဖွယ် ဖိအားသည် မြင်မြင်သမျှလူအပေါင်းအား ရင်တုန်စေသည်။

"ဒါ၊ ဒါ ဘာကြီးလဲ?!" ဆံဖြူအဘိုးအို၏ ဦးရေပြားသည် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ထုံကျင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေခဲခန်းထဲသို့ ကျသွားသကဲ့သို့ ခံစားရကာ အံ့သြဘနန်းဖြင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်လို့နေသည်။

"အရမ်းကြောက်စရာကောင်းတယ်၊ ဘယ်ကမကောင်ဆိုးဝါးကြီးလဲ!" ဝါးခမောက်ဆောင်းထားသော လူသည် တံတွေးမျိုချလျက် တုန်တုန်ယင်ယင်ပြောလာပြီး သူ၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဆုတ်လျက်။'

"အမေရေ..." အနီရောင်ဝတ် အမျိုးသမီးသည် တုန်ယင်နေပြီး ကြောက်လန့်လွန်းသဖြင့် ဆီးထွက်ကျတော့မတတ်။

ထို ဧရာမအရိပ်ကြီး ပျောက်ကွယ်သွားမှသာ သူတို့တစ်ဖွဲ့လုံး သက်ပြင်းချလိုက်နိုင်ပြီး ကျောပြင်များသည် ချွေးအေးများဖြင့် စိုရွှဲလို့နေလေပြီ။

တစ်ချိန်တည်းမှာပင်။

ခွင်းဖန်းပေါ်တွင် ကြီးမားသော မှော်အတတ်ကာကွယ်ရေး အကာအရံတစ်ခု ရှိပြီး အတွင်းတွင် လူလုပ်တောင်များနှင့် စမ်းချောင်းရေတံခွန်ငယ်များ၊ အဆောင်ခန်းအစုံအလင်နှင့် မျှော်စင်များ ပြည့်ပြည့်စုံစုံ တည်ရှိနေကာ ရှုခင်းသည် နန်းတော်တမျှ ခမ်းနားထည်ဝါလျက် အပန်းဖြေကျွန်းတစ်ခုလိုလည်း စိတ်အေးချမ်းသာဖွယ်ကောင်း၏။

ယဲ့ကျွင်းလင်သည် လက်တင်ကုလားထိုင်တွင် ထိုင်ကာ စဉ်းစားဟန်ဖြင့် စစ်တုရင်ရုပ်တစ်ခုကို လက်ဆန့်ကာ ကောက်ယူလိုက်ပြီး ရှန်ချီ စစ်တုရင်ခုံပေါ်သို့ နေရာချလိုက်သည်။

"ဆရာသခင်၊ ဒီမှာ ဆရာလိုချင်တဲ့ လေပွေရေခဲမုန့်ရပြီ! ချောကလက်အရသာပါ!" ပုရှောင်ရှီးသည် ရေခဲမုန့်လှလှလေးကိုကိုင်ရင်း စိတ်လှုပ်ရှားစွာ ပြေးလာသည်။

"အေး၊ အဲဒီမှာ ထားခဲ့လိုက်။"

"ဟုတ်ကဲ့!"

ဟုန်ချန်ယဲ့သည် စစ်တုရင်ရုပ်တစ်ခုကို ကောက်ယူကာ တည်ငြိမ်စွာ ချလိုက်ပြီး သူ၏ ပါးစပ်ထောင့်တွင် အနည်းငယ် ပြုံးတုံ့တုံ့လုပ်လိုက်ကာ ဒီတစ်ပွဲတော့နိုင်လေပြီဟု ခံစားလိုက်ရ၏။

ယဲ့ကျွင်းလင်နှင့်ဆိုလျှင် သူ၏ပြိုင်ဆိုင်ချင်စိတ်ကား အမြဲပြင်းထန်တက်ကြွနေတတ်သည်။ ယခုလည်း တစ်ဖက်လူ အနာတရ ရသွားဟန်ဖြင့် ဖြည်းဖြည်းချင်း နောက်ဆုတ်နေရသည်ကိုမြင်သော် စစ်တုရင်ကစားပွဲလေးတစ်ခုပင်ဖြစ်သော်ငြား သူ၏အနိုင်ယူလိုစိတ်ကား အထွဋ်အထိပ်သို့တိုင် ရောက်ရှိသွားလေပြီ။

ယဲ့ကျွင်းလင်သည် တုံ့ပြန်ခြင်းမရှိဘဲ တပ်သားရုပ်ကို ကောက်ယူကာ နယ်မြေစည်းကို ကျော်ဖြတ်ပြီး ပစ်မှတ်များစွာ၏ အတားအဆီးများကို ကျော်လွှား၍ ပြိုင်ဘက်၏ စစ်သူကြီးရုပ်အား တိုက်ချဖယ်ထုတ်လို့ နေရာယူလိုက်သည်။ "မင်းကို စားလိုက်ပြီ! မင်းမလည်း မပြီးနိုင်မစီးနိုင် ထပ်ရှုံးပြန်ပြီနော်!"

ဟုန်ချန်ယဲ့ ဆွံ့အသွားရပြီး လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်သံဖြင့် ပြောသည်။"ဆရာသခင်၊ တပ်သားက စစ်သူကြီးကို ဖယ်ထုတ်လို့မရပါဘူး"

"စိတ်မကောင်းပါဘူးကွာ၊ ဒါကို အထူးကွန်မန်ဒိုစပရှယ်တပ်သားလို့ခေါ်တယ်!" ယဲ့ကျွင်းလင်က ဖျောင်းဖျသောလေသံဖြင့် တည်တည်ကြည်ကြည် ပြန်ပြောသည်။

ဟုန်ချန်ယဲ့: "? ? ?"

ဘာအထူးကွန်မန်ဒိုစပရှယ်တပ်သားလဲ! ဒါ မင်းဖန်တီးလိုက်တဲ့ နောက်စကားလုံးအသစ်တစ်ခုလား?

ဟုန်ချန်ယဲ့သည် ဒေါသထွက်လွန်းသဖြင့် သွေးများဆူပွက်လျက်။ ထိုသို့သော လက်တွေ့မဆန်သည့် မျှော်လင့်ချက်များ သူမထားခဲ့သင့်ပေ။ အကြိမ်ရေဘယ်လောက်ထိ အညစ်ခံနေရပါစေ၊ တစ်ဖက်လူကို တစ်ခါတလေတော့ ဖြောင့်မတ်မှန်ကန်သောနည်းလမ်းဖြင့် အနိုင်ပေးတတ်ဖို့ သူမျှော်လင့်မိနေဆဲသာ။

စည်းမျဥ်းတွေကို ပေါက်တတ်ကရသဘောထားပြီး လုပ်ချင်ရာလုပ်နေတဲ့ပြိုင်ဘက်ရှေ့မှာ သူ့ရဲ့စစ်တုရင်ကျွမ်းကျင်မှုတွေလည်း ခွေးစားခံလိုက်ရပါပြီ။

"ကောင်းပြီလေ၊ ဒီတကြိမ်တော့ သနားသောအားဖြင့် သဘောကောင်းတဲ့ဆရာကပဲအရှုံးပေးလိုက်ပါ့မယ်" ယဲ့ကျွင်းလင်သည် စစ်တုရင်ရုပ်ကို ပစ်ချလိုက်ကာ ကောင်းကင်ထက်မော့လျက် သက်ပြင်းအရှည်ကြီးချလိုက်ပြီး မင်းသားရှုံးလောက်သောအိုက်တင်ဖြင့် အထီးကျန်စွာ ညည်းညူလာလေသည်။

ဟုန်ချန်ယဲ့၏ မျက်လုံးများသည် ပေါက်ထွက်တော့မတတ် မီးဝင်းဝင်းတောက်လာပြီး ကြိတ်ဆဲသည်။ "ချီး! မြေနိုးကြီး အရှက်မရှိတဲ့ကောင်!"

ယဲ့ကျွင်းလင် ဘာမှမဖြစ်သလို ပခုံးတွန့်လိုက်ပြီး ပုရှောင်ရှီးပြုလုပ်ထားသော အချောသတ်ရေခဲမုန့်လေးကို ကောက်ယူကာ မြေအောက်ရထားပေါ်ရှိ အဘိုးအိုတစ်ဦး ဖုန်းကြည့်နေသကဲ့သို့ ပြူးပြဲစစ်ဆေးကြည့်လိုက်သည်။

အော့၊ သူ့ရေခဲမုန့်က အီးပုံကြီးနဲ့ တူတယ်! ပြီးတော့ မည်းမှောင်နေတာကြီး!

"ငါ့ရဲ့ တပည့်လိမ္မာလေး၊ မင်း ပင်ပန်းခဲ့ရှာပြီ။ ဆုလာဘ်အနေနဲ့ ဒါစားလိုက် ရော့"

"ရှောင်ရှီး၊ ဆရာ့အတွက် ဗန်နီလာအရသာ နောက်တစ်ခု ထပ်လုပ်ပေးပါ၊ အလုံးပုံလေးပြောင်းလုပ်ပေးနော်"

"ရမယ် ရမယ်!"

ရေခဲမုန့်ပုံမထွက်သော ရေခဲမုန့်ကို ဟုန်ချန်ယဲ့ စူးစူးစမ်းစမ်းကြည့်ရင်း မျက်နှာအမူအရာမှာ ဝမ်းချုပ်နေသကဲ့သို့။

ဒါက လူစားတဲ့မုန့်ရော ဟုတ်ရဲ့လား?

နောက်ဆုံးတော့လည်း ဟုန်ချန်ယဲ့သည် သူ၏ ထူးဆန်းပြီး သက်တောင့်သက်သာမရှိသော ခံစားချက်ကြီးကို သည်းခံကာ ဇွန်းတစ်ဇွန်း ခပ်ယူပြီး ဖြည်းဖြည်းချင်း ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဟုန်ချန်ယဲ့၏ မျက်လုံးလေးများ တဖျတ်ဖျတ်လက်လာသည်။ ဒါ ထင်သလောက်မဆိုးဘူးပဲ။

အေးစိမ့်မွှေးချိုပြီး ပါးစပ်ထဲမှာတင် အရည်ပျော်သွားတယ်။ ဒါ ရေခဲမုန့်ဆိုတာလား? တော်တော် အရသာရှိတာပဲ!

"ဆရာသခင်၊ ကျွန်တော်တို့ ဝူကျိုးကို ရောက်ပါပြီ။ ဆေးဘုရင်တောင်ကြား ရက်အနည်းငယ်အတွင်း ဖွင့်တော့မယ်လို့ ဆိုကြတယ်!" လီဝူကျယ်သည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူ၏ မျက်လုံးများမှာ အနက်ရောင်ရေခဲမုန့်ကို မြိန်ရည်ရှက်ရေစားနေသော ဟုန်ချန်ယဲ့ဆီရောက်သွားပြီးနောက် ထူးဆန်းသွားရ၏။

အယ်၊ အစ်ကိုဟုန် စားနေတာကြီးက တစ်ခုခုနဲ့တူသလိုလို...

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်ပြီး "ဆေးဘုရင်တောင်ကြားဆိုတာ ဘာလဲ?" ဟု ပြန်မေးလိုက်သည်။

【တင်၊ ပိုင်ရှင် ဝူကျိုးကိုရောက်နေတာ သိရတဲ့အတွက် ဆေးဘုရင်တောင်ကြားကိုဝင်ပြီး တာဝန်အစပြုမယ်ဆိုရင် ဆုလာဘ်အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ကြောင်း အသိပေးလိုက်ပါတယ်ရှင့်!】

သူ့စိတ်ထဲတွင် စနစ်၏ သတိပေးချက် ပေါ်လာသည်။

All Chapters