အခန်း (၁၁၁)
Vol. 8 Ch. 111
"အိုး ဟိုး!" ယဲ့ကျွင်းလင် မေးစေ့ကို ဟန်ပါပါပွတ်ရင်း စဥ်းစားလိုက်သည်။ ရောက်နေပြီဆိုမှတော့ ဆေးဘုရင်တောင်ကြားကို တစ်ခေါက်လောက် သွားကြည့်သင့်သည်ပင်။ ဘာအကျိုးအမြတ်ရရ သူ့အိတ်ထဲအကုန်ရောက်မှာပဲ မဟုတ်လား?
"ဆရာသခင်၊ ဒီမှာ ဗန်နီလာရေခဲမုန့်!" ရှုရှုက ခြေထောက်တိုတိုလေးများဖြင့် တလှုပ်လှုပ်ပြေးလာသည်။
ယဲ့ကျွင်းလင် လှမ်းယူကာ တစ်ဇွန်းစာ ခပ်စားလိုက်ပြီး ကျေနပ်စွာ ချီးမွမ်းလိုက်သည်။ "ဒါပဲလေ၊ ကောင်းတယ်၊ ရှုရှု တိုးတက်လာပြီ။"
"ဟဲဟဲ!" ရှုရှုသည် ချီးကျူးခံလိုက်ရသောကြောင့် ကျေနပ်စွာဖြင့် ခေါင်လေးကုတ်လျက်ရယ်သည်။
"ဒါနဲ့ ဆရာသခင့်မှာ မင်းအတွက် တာဝန်တစ်ခု ရှိတယ်။" ယဲ့ကျွင်းလင်သည် "မုန့်လုပ်နည်းလမ်းညွှန်" ဟု ခေါင်းစဥ်တပ်ထားသော စာအုပ်တစ်အုပ်အား ထုတ်ယူလိုက်သည်။ စနစ်သို့ နေ့စဥ်မှန်မှန်ဝင်ကြည့်ရာမှ ရရှိသော အပိုဆုပစ္စည်းတစ်ခုဖြစ်ပြီး မုန့်အမျိုးမျိုး၏ ချက်ပြုတ်နည်းများကို အစုံထည့်သွင်းပေးထားသည်ပင်။
(ဂိမ်းတွေထဲ နေ့စဥ်မှန်မှန်ဝင်ရင် ဆုရသလိုပါပဲ၊ စနစ်ကလည်း နေ့စဥ်ဆုဆိုပြီး သိပ်အသုံးမဝင်တဲ့ အပိုဆာဒါလေးတွေ ပေးတာပါ)
ဤစာအုပ်ကို ယခင်ဘဝကသာရရှိခဲ့လျှင် လျှို့ဝှက်မုန့်လုပ်နည်းပေါင်းစုံဖြင့် မုန့်တိုက်တစ်တိုက်ထောင်လို့ရနိုင်သော အနေအထားပင်။
"ဆရာသခင်က မင်းကို ငါစားဖို့အတွက်တင်မဟုတ်ဘဲ မင်းကိုယ်တိုင်အတွက်ပါ ပိုအသုံးဝင်တဲ့ ဗဟုသုတပညာတွေ သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်" ယဲ့ကျွင်းလင်က လေးလေးနက်နက် မှာကြားလိုက်သည်။
စာအုပ်ထူကြီးကို ဖွင့်ကြည့်လိုက်သော ရောင်စုံ မုန့်ပုံဥပမာများစွာကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ တဖျတ်ဖျတ်တောက်ပလို့လာပြီး ပါးစပ်မှ သွားရည်ပင် ကျလုနီးပါး ဖြစ်သွား၏။
ရှုရှုကိုယ်တိုင်လုပ်ပြီး ရှုရှုဘာသာပြန်စားလို့လည်းရတာပဲ၊ ဒီ့ထက်ပိုပြီးပျော်စရာကောင်းတဲ့အရာ မရှိတော့ဘူး။
တကယ်ကို ဆရာသခင်က ရှုရှုအပေါ်မှာ အကောင်းဆုံးပဲ!
"သွား လေ့ကျင့်ရင်း အလုပ်ရှုပ်လိုက်ပါဦး။"
"ဟုတ်ကဲ့!"
ရှုရှုသည် စာအုပ်ထူကြီးကို အမြတ်တနိုးပွေ့ဖက်ကာ အားအင်အပြည့်ဖြင့် စားဖိုချောင်သို့ ပြေးထွက်သွားပြီး လေ့ကျင့်ရန် အဆင်သင့် ဖြစ်နေသည်။
ဤဆရာတပည့်ဩ အပြုအမူကို မြင်သောအခါ ဟုန်ချန်ယဲ့ နောက်တစ်ကြိမ်ဆွံ့အသွားရပြန်၏။ ဒီလူတွေကိုတော့ သူဘယ်တော့မှ အလုံးစုံနားလည်နိုင်တော့မည်မဟုတ်။
ကိုယ်စားချင်လို့ ချက်ခိုင်းတာပဲဟာကို ဆင်ခြေရှာနေရသေးတယ်!
အဆိုးဆုံးကတော့ ဟိုကြွက်ငပေါက သူပြောသမျှ တကယ်ယုံနေတာပဲ!
စားဖိုချောင်တွင် အလုပ်ရှုပ်နေသော ပုံရိပ်ငယ်လေးအားကြည့်ရင်း ဟုန်ချန်ယဲ့ အနည်းငယ်သနားစိတ်ဝင်သွားရသည်။
ထိုကြွက်ငပေါမှာ ဂုဏ်သိက္ခာရှိသော ဝိညာဉ်အဆင့်တက်ခြင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်အပြင် အထူးကိုယ်ခံအားစွမ်းရည်ကို ပိုင်ဆိုင်ရုံသာမက အရည်အချင်းရှိသော လက်အောက်ငယ်သား တစ်သိန်းကိုလည်း ပိုင်ဆိုင်ထားသေး၏။ ထိုသို့သော အခြေအနေမျိုးဖြင့် အလယ်ပိုင်းစီရင်စုတွင်ပင် နယ်မြေတစ်ခုကို သိမ်းပိုက်ကာ ဘုရင်အဖြစ်စိုးစံပြီး သမိုင်းတွင်မည့်လမ်းကြောင်းတစ်ခုကို အောင်အောင်မြင်မြင် ဖောက်လုပ်နိုင်ပေလိမ့်မည်။
ယခုတော့ ယဲ့ကျွင်းလင်လိုကောင်ကိုဝန်ဆောင်မှုအပြည့်ပေးရင်း ပင်တိုင်စားဖိုမှူးဖြစ်လာပြီး ထိုဘဝကိုလည်း သူက အထူးပျော်ရွှင်ကျေနပ်နေဆဲပင်။
ဟုန်ချန်ယဲ့တစ်ယောက် ရှုရှု၏ ကံကြမ္မာကို သနားစိတ်ဝင်နေမိစဉ် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တရားခံဖြစ်သူမှာ စစ်တုရင်ခုံကို ပြန်လည်စီရီလျက် အပြုံးတစ်ပွင့်ဖြင့် ဆိုသည်။ "တပည့်လိမ္မာလေး၊ ဆက်ကစားကြစို့။ မင်း နောက်တစ်ကြိမ် ရှုံးရင် အပြစ်ပေးခံရမယ်နော်"
ပြုံးရွှင်သော မျက်နှာနှင့် ငွေရောင်ဆံပင်ပိုင်ရှင်လူငယ်ကို ကြည့်ရင်း ဟုန်ချန်ယဲ့သည် ဒေါသတကြီး လက်သီးကို ဆုပ်ကာ အပိုင်းပိုင်းအစစကြေမွအောင် စိမ်ပြေနပြေထိုင်ဆော်ချင်စိတ် ပေါက်လာရသည်။
နှိပ်စက်ချင်ရင်လည်း ရိုးရိုးနှိပ်စက်ပါလား၊ ဘာကိစ္စ စစ်တုရင်ကိုဆွဲထည့်နေရတာလဲ?!
"ဘာလဲ၊ မင်းက ဆရာသခင်နဲ့ စစ်တုရင်ထပ်မကစားချင်တော့ဘူးပေါ့?" ယဲ့ကျွင်းလင်၏ အပြုံးသည် တဖြည်းဖြည်း အေးစက်လို့လာ၏။
"ဆရာသခင်ကလည်း နောက်နေပြန်ပြီဗျာ" ဟုန်ချန်ယဲ့ နှလုံးသားထဲတွင် ကြက်သီးထလျက် အေးစိမ့်သွားပြီး ခြောက်ကပ်သော အပြုံးဖြင့် "ဆရာသခင်နဲ့ စစ်တုရင်ကစားရတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ!" ဟု ထပ်ဖားလိုက်သည်။
ရှောင်လွှဲလို့ မရဘူး၊ မတရားဘူးလို့ ခံစားရရင်တောင် အပြင်ကိုတော့ ထုတ်မပြလိုက်မိစေနဲ့။
ထိုအခါ ဟုန်ချန်ယဲ့သည် ထိုကြွက်ငပေါနှင့် နှိုင်းယှဉ်လျှင် သူ၏ အခြေအနေမှာ ပို၍ပင် သနားစရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏...
အဝေးတွင် ကောင်းကင်ဘုံဓားကျင့်စဥ်ကို လေ့ကျင့်နေသော လီဝူကျယ်သည် သစ်ပင်အောက်တွင် သဟဇာတဖြစ်စွာ စစ်တုရင်ကစားနေသော လူရိပ်နှစ်ခုကို လှမ်းကြည့်လိုက်ရင်း သူ၏ မျက်လုံးများထဲတွင် မနာလိုစိတ် အနည်းငယ် ထင်ဟပ်လာလျက် သက်ပြင်းချလိုက်မိသည်။ "သေချာတာပေါ့၊ ဆရာသခင်က အစ်ကိုဟုန်ကို အချစ်ဆုံးပဲ"
ထျန်းလင်မြို့။
အနီးအနားရှိ ဆေးဘုရင်တောင်ကြားက ရက်အနည်းငယ်အတွင်း ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ကမ္ဘာအနှံ့မှ ကျင့်ကြံသူ အများအပြား ဤနေရာသို့ စုရုံးရောက်ရှိလာကြသည်။
ထျန်းလင်မြို့တွင်းမှ တည်းခိုခန်းပဲဖြစ်ဖြစ်၊ အရက်ဆိုင်ပဲဖြစ်ဖြစ် အပြည့်နီးပါး စည်ကားသိုက်မြိုက်လျက်။
မြို့ထဲ လမ်းပတ်လျှောက်နေနဲ့ ခြေလှမ်းငါးလှမ်းစာလောက်မှာ အခြေတည်ထောင်ခြင်းတစ်ယောက်လောင်တွေ့နိုင်ပြီး ဆယ်လှမ်းစာလောက်မှာ ရွှေအမြုတေအဆင့်တစ်ဦးကို မြင်တွေ့နေရတာက ဒီကာလမှာတော့ သာမန်အဖြစ်အပျက်တစ်ခုလိုပါပဲ။
ကျင့်ကြံသူများအကြား အခါအားလျော်စွာ ပဋိပက္ခများ ဖြစ်ပွားသော်လည်း ဤနေရာတွင် လျှို့ဝှက်သိုသပ်စွာ ရောက်ရှိလာတတ်ကြသော ဆရာကြီးသဘာကြီးများ ပေါများတတ်သဖြင့် မတော်တဆ တစ်စုံတစ်ဦးနှင့် တိုက်မိပြီး လမ်းမပေါ်တွင်ပင် အသက်ဆုံးရမည်ကို ကြောက်ရွံ့ကြသောကြောင့် အကျယ်အကျယ်တော့ မဖြစ်တတ်ကြပါ။
နဂါးဂိတ် တည်းခိုခန်း။
နေရာတွင် ဆူညံသံများနှင့် စိတ်လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။
ခေါင်းစွပ်ပါသော ဝတ်ရုံများကို ဝတ်ဆင်ထားသော လူရိပ်လေးခုသည် တံခါးရှေ့တွင် ရပ်ကာ ဆိုင်းဘုတ်ကို ရပ်ကြည့်နေကြသည်။
"ဆရာသခင်၊ ဒါက မိုင်တစ်ရာပတ်လည်မှာ အကြီးဆုံး တည်းခိုခန်းပါပဲ။"
လီဝူကျယ်က ရိုရိုသေသေ တင်လျှောက်လိုက်သည်။ "ကျွန်တော်တို့ ဒီမှာ ရက်အနည်းငယ် တည်းခိုပြီး ဆေးဘုရင်တောင်ကြား တရားဝင် ဖွင့်တဲ့အခါ ဝင်သွားလို့ရပါတယ်"
သူဦးတည်စကားပြောနေသော အရပ်ရှည်ရှည် ပုံရိပ်တွင် ခေါင်းစွပ်အတွင်း၌ ဖုံးကွယ်ထားသော ငွေရောင်ဆံပင်ထူထူရှိပြီး ခေါင်းစွပ်အနားသတ်တွင်တော့ ကြယ်စင်ကြယ်တန်းများကဲ့သို့ တောက်ပသော မျက်လုံးအစုံနှင့် ချောမောသန့်ပြန့်သော မျက်နှာတစ်ခုရှိသည်။
ယဲ့ကျွင်းလင်က ခေါင်းညိတ်ပြီး "အေး၊ ဒီမှာပဲတည်းကြတာပေါ့" ဟု ပြောလိုက်သည်။
ခွင်းဖန်းပေါ်တွင် တည်းခိုစောင့်ဆိုင်းနိုင်သော်လည်း ကြာလာသောအခါ အနည်းငယ် ငြီးငွေ့လာမည်ဖြစ်သည်။ ဤတည်းခိုခန်းတွင် တည်းခိုပါက ဒေသခံဓလေ့ထုံးစံများကိုလည်း ခံစားသိမြင်နိုင်ပြီး လတ်တလော စိတ်ဝင်စားဖွယ် အဖြစ်အပျက်များကိုလည်း ကြားသိနိုင်မည်ဖြစ်၏။